မြန်မာနိုင်ငံက ဘာမြူဒါ (သို့) မြန်မာ့ပြန်လမ်းမဲ့ရေကန်

ဘာမြူဒါ ဆိုရင် အဖြေရှာဖို့ခက်ခဲတဲ့ ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ နေရာလို့ အားလုံးသိပြီးဖြစ်မှာပါ။ အဓိကကတော့ အဲဒီနေရာကို ဖြတ်၊သန်းသွားတဲ့ သင်္ဘောတွေလေယာဉ်တွေ အစအနမကျန်ပဲ ပျောက်ပျောက်သွားတတ်လို့ပါပဲ။

ဘာမြူဒါတြိဂံလိုပဲ နေရာတစ်ခုမြန်မာနိုင်ငံမှာ ရှိတယ်လို့ ဆိုရင် မသိသေးသူများ အံသြသွားနိုင်ပါတယ်။ဟုတ်ပါတယ်။ ဘာမြူဒါနဲ့ခပ်ဆင်ဆင်တူတဲ့ ပြန်လမ်းမဲ့ရေကန်လို့ အမည်ပေးထားတဲ့ ရေကန်တစ်ခုဟာ အိန္ဒိယမြန်မာနယ်စပ် နာဂဒေသ မြန်မာ့မြေပေါ်မှာ တည်ရှိနေပါတယ်။

ဒေသခံတွေကတော့ ဒီကန်ကို သူတို့ဘာသာစကားနဲ့ နောင်ယန်းအင်း လို့ ခေါ်ပြီး အများဆုံးသိကြတဲ့နာမည်ကတော့ The Lake Of No Return (ပြန်လမ်းမဲ့ရေကန်) ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက လက်နက်ခဲယမ်း နဲ့ အသုံးအဆောင်ပစ္စည်းတွေသယ်ဆောင်ဖို့ ဖောက်လုပ်ထားတဲ့ လီဒိုလမ်းမကြီး (သို့) အိန္ဒိယ-တရုတ်-မြန်မာ လမ်း ရဲ့ဘေး ပန်ဆောင်ကျေးရွာ အနီးမှာ တည်ရှိနေတဲ့ကန်ဖြစ်ပါတယ်။ မှတ်တမ်းများအရ ဒီကန်ကို ဖြတ်သန်းသွားခဲ့။

တဲ့ မဟာမိတ် အမေရိကန်လေယာဉ်ပေါင်းများစွာ ဟာ ပျောက်ဆုံးခဲ့ဖူးပါတယ်။တကယ်တော့ လေယာဉ်တွေဟာ ရေကန်ထဲကို ပျက်ကျခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခါကတော့ ဒါဇင်ပေါင်းများစွာပါတဲ့ ဂျပန်စစ်တပ်တစ်တပ်ဖြစ်ပါတယ်။

စစ်ရှုံးနိမ့်ပြီးထွက်ပြေးလာတဲ့ ဂျပန်စစ်တပ်ဟာ မျက်စိလည်ပြီး ဒီနေရာကိုရောက်တဲ့အခါ စခန်းချခဲ့ပါတယ်။ အဲဒီစခန်းချစဉ်ရက်ပိုင်းအတွင်းမှာပဲ ငှက်ဖျားရောဂါအပြင်းအထန်ကူးစက်ခံရပြီး အားလုံးသေဆုံးကုန်ကြပါတယ်။

ဒီကန်ရဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့် မဟာမိတ်အမေရိကန်စစ်ခေါင်းဆောင်တွေဟာ ဒီကန်ကို စစ်ဆေးဖို့ စစ်သားတချို့ကိုစေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီစစ်သားတွေအားလုံးလည်း ထူးဆန်းစွာသေဆုံးကုန်ကြပြန်ပါတယ်။

၁၉၄၂တုန်းကလည်း ဗြိတိန်စစ်သားတွေဟာ ထွက်ပြေးရင်း ဒီကန်နေရာမှာ နုံးတွေကျွံပြီး ပျောက်ဆုံးကုန်ကြပြန်ပါတယ်။ စာရေးသူတစ်ယောက်ကလည်း ဒီနေရာမှာ ပျောက်ဆုံးသွားတဲ့ အစ္စရေးလူမျိုးတစ်မျိုးစု တစ်စု ပုန်းအောင်းနေတယ်လို့ ဆိုပါတယ်။

ရှေးဒေသခံတွေအနေနဲ့တော့ ဒီကန်ဟာ နတ်ဘီလူးတွေရှိနေတဲ့ကန်လို့ ယုံကြည်နေကြပြီး ဒီကန်ထဲကငါးတွေကိုဘေးမဲ့ပေးထားကြပါတယ်။ ဒီကန်ဟာ နဂါးတွေနဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ ပုံပြင်ဒဏ္ဍာရီတွေလည်း ရှိပါတယ်။

သုတေသနပညာရှင်တွေကတော့ လေယာဉ်တွေပျက်ကျခဲ့တဲ့အကြောင်းဟာ လေယာဉ်မှူးတွေဟာ ဒီနေရာက နုန်းမြေပေါ်ကို အရေးပေါ် ဆင်းသက်ခဲ့တာကြောင့် အန္တရယ်ထဲကျရောက်ပြီး ပျက်ကြခဲ့ခြင်းဖြစ်တယ် လို့ ဆိုပါတယ်။

ဒီလိုထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတာကြောင့် ဒီကန်ကို ပြန်လမ်းမဲ့ရေကန် ( The Lake Of No Return) လို့ အမည်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီကန်ရဲ့အကျယ်ကတော့ အလျှား ၁.၄ကီလိုမီတာ အနံ ဝ.၈ကီလိုမီတာဖြစ်ပါတယ်။ လီဒိုလမ်းမကြီးနဲ့ ၂.၅ကီလိုမီတာ အကွာမှာ တည်ရှိတာပဲဖြစ်ပါတယ်။

ဒီနေရာကို မြန်မာနိုင်ငံဘက်ကနေ သွားလာရအနည်းငယ်ခက်ပြီး အိန္ဒိယဘက်ကတော့ လွယ်ကူပြီး မြန်မာ့ပိုင်နက်ထဲမှာပါဝင်နေပေမယ့်ကမ္ဘာလှည့်ခရီးသွားတွေမကြာခဏလာလေ့ရှိကာ အိန္ဒိယရဲ့ ဘာမြူဒါလို့ နာမည်ကြီးပါတယ်။

နောင်ယန်းအင်း (ပြန်လမ်းမဲ့ရေကန်)

(အင်္ဂလိပ်: Lake of No Return) သည် မြန်မာနိုင်ငံ​တွင်တည်ရှိသည့် ထူးခြားသည့် ရေကန်တစ်ခု ဖြစ်၏။ ထိုကန်ကြီးသို့ နိုင်ငံရပ်ခြားမှ ခရီးသွားများသည် လာရောက်လည်ပတ်ကြည့်ရှုလေ့လာကြ၏။ ကန်ကြီးသည် ထူးခြားအံ့ဩဖွယ် ဖြစ်ရပ်ဆန်းတို့ဖြင့် ပြည့်နှက်နေ၏။​

နောင်ယန်းအင်း

ကိုဩဒိနိတ်
27°13′9″N 96°8′37.9″E
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ မြန်မာနိုင်ငံ
အကျယ်ဆုံး အလျား ၁.၄ km (၀.၈၇ mi)
အကျယ်ဆုံး အနံ ၀.၈ km (၀.၅၀ mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့် ၈၆၅ m (၂,၈၃၈ ft)
ကျွန်းများ မရှိ

တည်နေရာ

ကန်ကြီးသည် အိန္ဒိယ − မြန်မာနပ်စပ်တွင် တည်ရှိ၏။ စစ်ကိုင်းတိုင်းဒေသကြီး​ရှိ နာဂလူမျိုး​များ နေထိုင်ကြသည့် ပန်ဆောင်မြို့​နားတွင် တည်ရှိ၏။

ကန်ကြီးသည် ၁.၄ ကီလိုမီတာ အလျားရှိပြီး အကျယ်ဆုံးနေရရာတွင် ၀.၈ ကီလိုမီတာ တည်ရှိသည်။ လီဒိုလမ်းမကြီးမှ အနောက်တောင်ဘက် ၂.၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။

အမည်

ပြန်လမ်းမဲ့ရေကန်သည် ဒုတိယကမ္ဘာစစ်​အတွင်းက အင်္ဂလိပ်တို့က ပေးခဲ့သည့် အမည်ဖြစ်၏။ ဒေသခံတို့ကမူ နောင်ယန်းအင်းဟု ခေါ်ဆိုကြ၏။

ထူးခြားသည့် ဖြစ်ရပ်များ

ထူးခြားဆန်းကြယ်သော ဖြစ်ရပ်တို့သည် ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သည်။​

အမေရိကန်

အမေရိကန်တို့၏ စစ်လေယာဉ်တစ်စီးသည် ကန်းအနီးပျံသန်းနေစဉ် ရုတ်တရက် ပျောက်ဆုံးသွား၏။ ထို့ပြင် လီဒိုလမ်းမကြီး ဖောက်လုပ်စဉ်က အမေရိကန်စစ်သားများသည် လေ့လာစူးစမ်းရန် ကန်ကြီးဆီသို့ သွားကြ၏။ ထိုသို့ သွားရောက်စူးစမ်းခဲ့ကြသည့် တစ်ဖွဲ့လုံး ပျောက်ဆုံးသွား၏။​

ဂျပန်

ဂျပန်ခေတ်ကာလတွင် ဖြစ်၏။ ဂျပန်စစ်သားများသည် ကန်အနားတွင် ရောဂါဝေဒနာဖြစ်ပွားကာ သေဆုံးခဲ့၏။

အင်္ဂလိပ်

အင်္ဂလိပ်တို့၏ တင့်ကားများ၊ လေယာဉ်များ၊ လူများ ပျောက်ဆုံးခဲ့ပြန်သည်။ အင်္ဂလိပ်တို့သည် သူတို့၏ ထိုကဲ့သို့ ထူးခြားဆန်းကြယ်သည့် အတွေ့အကြုံများကြောင့် ကန်ကြီးကို Lake of No Return ဟု အမည်ပေးခဲ့သည်။​

ဒေသခံတို့၏ ယုံကြည်ချက်

ကန်ကြီးနှင့် ပတ်သက်၍ မြန်မာဒေသခံတို့က ထိုဒေသနှင့် အင်းသည် နတ်ကြီးသည်ဟု ယုံကြည်ကြ၏။ ဘီလူးများ ကျက်စားရဒေသဖြစ်သည်ဟု ယုံကြည်ကာ သားငါးရှာဖွေမှုများ မပြုလုပ်ကြပေ။

ထို့ပြင် ကန်ကြီးတွင် အရွယ်အစားကြီးမားသည့် ရေနဂါများကို တွေ့ရတတ်သည်ဟု ရှေးလူကြီးတို့က ဆိုခဲ့ကြ၏။ ကန်၏ ရေမျက်နှာပြင်အောက်ခြေတွင် နဂါးများ နေထိုင်ရာ နဂါးတိုင်းပြည်ရှိသည်ဟု ဒေသခံတို့သည် ယုံကြည်ကြသည်။​

အိန္ဒိယ

အိန္ဒိယနိုင်ငံသားတို့သည်လည်း ထိုရေကန်သည် နတ်ဒေဝါတို့နှင့် ပတ်သက်သလို နတ်နဂါးများ စောင့်ရှောက်သည်ဟု ယုံကြည်ကြ၏။ စောင့်ရှောက်သည့် နဂါးသည် အဖြူရောင်ဖြစ်၏။ ထိုဒေသအား ထိခိုက်ပျက်စီးအောင် ပြုသူများကို နဂါးက ဒုက္ခရောက်အောင် လုပ်ခြင်းဖြစ်သည်ဟု အိန္ဒိယဒေသခံတို့က ယုံကြည်ကြ၏။

ထို့ပြင် ယုံကြည်ျက်အရ တစ်နှစ်တစ်ခါ နတ်နဂါးကြီးဆီသို့ လာရောက်ပူဇော်ပသကြ၏။ အိန္ဒိယနိုင်ငံသားတို့သည် နောင်ယန်းအင်းကို “အိန္ဒိယ၏ ဘာမြူဒါလေး” လို့ပင် တင်စားခေါ်ဝေါ်ကြသည်။​

လမ်းပန်းဆက်သွယ်ရေး

ကန်ကြီးသို့ သွားရောက်လည်ပတ်ရန် ခက်ခဲ၏။ မိုးရာသီတွင် သွားရောက်လည်ပတ်ရန် အင်မတန် ခက်ခဲလွန်း၏။

နွေရာသီရောက်မှ မြစ်ကြီးနားမှတစ်ဆင့် တနိုင်း၊ နန်းယွန်း၊ ပန်းဆောင်အထိ နှစ်ရက်ကြာ ကားတစ်တန် ဆိုင်ကယ်တစ်တန်ဖြင့် သွားကြရ၏။ လမ်းပန်းခက်ခဲပင် ခက်ခဲငြားသော်လည်း ကန်ကြီးဆီသို့ သွားရောက်လည်ပတ်သူများ ရှိ၏။

ရေကန်ကြီးဆီသို့ သွားရောက်ရာ တစ်ခုတည်းသောလမ်းမှာ စတီးဝဲလမ်းခေါ် လီဒိုလမ်းမကြီးပင် ဖြစ်၏။ သို့သော် မြန်မာနိုင်ငံဘက်မှ သွားရောက်မည်ဆိုပါက လမ်းပန်းခရီး ခက်ခဲသဖြင့် နိုင်ငံခြားသား ခရီးသည်တို့သည် အိန္ဒိယနိုင်ငံဘက်မှ ရေကန်ကြီးဆီသို့ သွားလာကြ၏။

ကိုးကား
↑ “​မနောမယဂမ္ဘီရဂျာနယ်၊ မြန်မာ့နယ်နိမိတ်ထဲက ပြန်လမ်းမဲ့ရေကန်​” (၁၅ ဇူလိုင် ၂၀၁၈). မနောမယဂမ္ဘီရဂျာနယ်.​

ခရက်ဒစ်…ဝီကီပီးဒီးယား