(ဆင်ဖြူမရှင်မိဖုရားကြီး၏ သမီးတော်ကြီး ) မြန်မာ့ သမိုင်းတွင် သီပေါမင်း၊ စုဖုရားလတ်တို့နှင့် တွဲကာ ထင်ရှားကျော် ကြားခဲ့သူ တစ်ဦးကား စုဖုရားကြီး(ခေါ် )ထိပ်စုဖုရားကြီး ပင်တည်း။
ထိပ်စုဖုရားကြီး သည်မင်းတုန်းမင်း တရားကြီးနှင့် အလယ် နန်းမတော် မိဖုရားကြီး ( သီရိတိလောကမဟာရတနာဒေဝီ ဘွဲ့ခံ ) ဆင်ဖြူမရှင် မိဖုရားကြီး၏ သမီးတော်ကြီး ဖြစ်သည်။
အလယ်နန်းမတော် ဆင်ဖြူမရှင် မိဖုရားကြီး မှ
(၁) သီရိသုရတနာ မင်္ဂလာ ဒေဝီဘွဲ့ခံ မိုင်းနောင်မြို့စား
စုဖုရားကြီး
(၂)သိရိသုပသာရတနာဒေဝီမြတောင်စုဖုရားလတ်
(၃) မောင်တော် ရန်အောင်မြင်မြို့စား။
( ၄) သားတော်တစ်ပါး (သက်တော် ( ၆ ) နှစ်၌ ကံကုန် )
( ၅ ) မောင်တော် ဗန့်ကျီ တိုက်စား မင်းသား
( ၆ ) နှမတော် ရမည်းသင်းမြို့စား စုဖုရားလေး
ဤသို့ အားဖြင့် သားတော် ၊ သမီးတော် ( ၆ ) ပါး
ဖွားမြင်တော် မူခဲ့ရာ သီရိ သုရတနာ မဂင်္လာဒေဝီ ဘွဲ့ခံ မိုင်းနောင် မြို့စား စုဖုရားကြီးသည် အကြီးဆုံးသမီးတော် ဖြစ်သည်။
စုဖုရားကြီးသည် သီပေါဘုရင် နန်းတက်စဉ်ကအဂ္ဂ မဟေသီ တောင်နန်းမတော်မိဖုရားကြီး အဖြစ်ဖြင့် မဟေသီ ဘိသိက်ခံခဲ့သူ ဖြစ်သည်။ သူသည် ဝိပဿနာကျမ်းကို ပြုစုခဲ့သော စာဆိုမိဖုရားကြီးလည်း ဖြစ်သည်။
သို့သော် မြန်မာ့သမိုင်း၌ စုဖုရားကြီး အကြောင်းကားမမှေးမှိန်သင့်ဘဲ မှေးမှိန်နေရသည်။ သီပေါဘုရင်ကား အခြားဘုရင်များထက် ထူးကဲစွာ မိဖုရား နှစ်ပါးကိ နန်းမတော် မိဖုရား များ အဖြစ် တစ်ချိန်တည်း တပြိုင်တည်း မဟေသီ ဘိသိက် ခံစေကာမိဖုရားမြှောက်ခဲ့သူ ဖြစ်သည်။
စုဖုရားကြီးကို တောင်နန်းမတော် အဖြစ်ဖြင့် လည်းကောင်း၊
စုဖုရားလတ်ကို နန်းမတော် အဖြစ်လည်းကောင်းထားကာ
တပြိုင်တည်း တစ်ချိန်တည်း မဟေသီ ဘိသိက်သဘင် ဆင်ယင် ကျင်းပခဲ့သည်။
ဘိသိက်ခံဆဲအခါမှာ တောင်နန်းတော်တွင် ရှင်ဘုရင်စံတော်မူသည်။ မိဖုရားကြီး နှစ်ပါး တင်ထား သေချာသည့်အတွက် နန်းမတော်ဝန်နှစ်ယောက် ခန့်ထားရသည်။ အဝမြို့တော် ဦးဖိုးရောက်ကို အဝမြို့ဝန်အရာနှင့်လဲ၍ တောင်နန်းမတော်ဝန် ခန့်သည်။
နန်းမတော် ဆိုသည်ကား ဘိသက်ခံစဉ်အခါက လက်ယာဘက်က နေရသော ထိပ်စုဖုရားကြီးကို တောင်နန်းမတော် မခေါ်ဝံ့ကြရုံမက နန်းမတော် အခြေအနေ ကွယ်ပျောက်၍ ဦးဖိုးရောက်မှာ
အဝမြို့ဝန်အရာလည်း လက်လွတ်၊ တောင်နန်းမတော်ဝန် အရာမှလည်း ဧးကျ ကျရှာတော့သည်။
‘ဧးကျ’ ဆိုသည်မှာ အရာနုတ်သည်ဟု အမိန့်တော် မပြန်ဘဲ ဆောင်ရွက်မြဲ ဝတ္တရား မဆောင်ရွက်ရ လက်လွတ်ရသည်ကို ဆိုလိုသည်။ ထိပ်စုဖုရားကြီး မှာလည်း နန်းမတော်ဆောင်မှ မယ်တော် ဆင်ဖြူမရှင် အဆောင်သို့ ပြန်၍ စံနေတော်မူရသည်။
စုဖုရားကြီးမှာ အဂ္ဂမဟေသီ တောင်နန်းမတော် မိဖုရားခေါင်ကြီး အဖြစ် တင်မြောက်ခြင်းခံရသော်လည်း မိဖုရားခေါင်ကြီး ဖြစ်ဖို့ မဆိုထားဘိ၊ သာမန်မိဖုရားပင် ဖြစ်ခွင့် မရခဲ့ပေ။ စုဖုရားလတ်သည်သာ သီပေါမင်း၏ မိဖုရားခေါင်ကြီး ဖြစ်ခဲ့လေသည်။
စုဖုရားကြီး ကို မိဖုရားခေါင်ကြီး မဖြစ်အောင် ၊ ယုတ်စွအဆုံး နန်းမတော် အဆောင်၌ပင် စုဖုရားကြီး မနေနိုင်အောင် စုဖုရားလတ်သည် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သည်။ နောက်ဆုံး စုဖုရားလတ်သည် အောက်လမ်း ဆရာများ၏ အကူအညီကိုယူကာ ကြိုးစားခဲ့သည်ဟု သမိုင်းမှတ်တမ်းအချို့က ဆိုသည်။
သို့ ဖြစ်ရာ နန်းမတော် အဆောင်တွင် ရှေ့ဆက်လက် နေထိုင်ပါက ဘေးအန္တရာယ် ပိုမိုများပြားလာမည်ဖြစ်သဖြင့် စုဖုရားကြီးသည် နန်းမတော်အဆောင်မှ မယ်တော် ဆင်ဖြူမရှင် မိဖုရားကြီး အဆောင်တော်သို့ ပြောင်းရွှေ့စံနေတော်မူခဲ့ရလေသည်။
၁၂၄၀ ပြည့်နှစ်က သီပေါမင်း၏ မိဖုရားခေါင်ကြီး မဖြစ်ခဲ့ရသော်လည်း စုဖုရားကြီးအဖို့ ၁၂၄၅ ခုနှစ်တွင် နောက်တကြိမ် မိဖုရားခေါင်ကြီးဖြစ်ရန် အခွင့် ကြုံလာပြန်သည်။
သီပေါမင်းနှင့် စုဖုရားကြီး၊ စုဘုရားလတ် တို့ကို မင်းမိဖုရားများအဖြစ် တင်မြောက်ခဲ့ခြင်းမှာ ဆင်ဖြူမရှင် မိဖုရားကြီးနှင့် ကင်းဝန်မင်းကြီးတို့၏ အစီအမံ ဖြစ်သည်။ ယင်းအစီအမံမှာ အောင်မြင်လည်း အောင်မြင်သည်။
သို့သော် ရာဇဘိသေက သဘင်၊ မဟေသီ ဘိသေက သဘင်များ ကျင်းပြပီးသည့်နောက်တွင် သမီးတော်နှစ်ပါးလုံးနန်းမတော် မိဖုရားများ မဖြစ်တော့ဘဲ စုဖုရားလတ် တဦးတည်းသာ နန်းမတော် မိဖုရားခေါင်ကြီးဖြစ်နေသဖြင့်မယ်တော် ဆင်ဖြူမရှင်မိဖုရားကြီးမှာ ပထမဆုံးအကြိမ် စိတ်ပျက်ခဲ့ရသည်။
ထို့နောက် ဆင်ဖြူမရှင် မိဖုရားကြီးနှင့် ကင်းဝန်မင်းကြီး တို့ အဖို့ မင်းမိဖုရား နှစ်ပါးအပေါ် စိတ်ပျက်စရာများနှင့် ဆက်ကာ ဆက်ကာ တွေ့ခဲ့ကြရသည်။ ထို့နောက်မယ်တော် ဖြစ်သော မင်းတုန်းမင်းတရားကြီး၏ အလယ်နန်းမတော် ဆင်ဖြူမရှင် မိဖုရားကြီးသည် ဤသို့အကြံဖြစ်လေသည်။
ငါသည် သီပေါဘုရင် နှင့် သမီးဖြစ်သော တောင်ညာစံ မိဖုရားကြီး ကို ကြီးကျယ်မြင့်မြတ်သော မင်း၏အဖြစ်သို့ ရောက်စြေခင်းငှာ မင်းကြီးများနှင့် တိုင်ပင်ညှိနိုင်း၍ ကြံဖန် အားထုတ်သောကြောင့် မင်းမိဖုရား အဖြစ်သို့ ရောက်ကြသည်။
ယခု မင်းမိဖုရားအ ဖြစ်သို့ ရောက်ကြလျှင် ငါ၏ စကားလည်း နားမထောင်၊ ဆယ်ပေါ် ငါးကျော်ဆိုသကဲ့သို့ သဘောရှိတိုင်းကိုသာ ပြောဆိုနေထိုင် လုပ်ကိုင်ကြသည်။ ဤကဲ့သို့ လုပ်ကိုင် နေထိုင် ခံစားကြလျှင် ငါ အားထုတ်ရသော အကျိုး မရှိချေ။
ငါ၏ စကားကိုနာယူ၍ ငါ၏ ဩဇာရှိမှသာလျှင်ငါကြံစည်အားထုတ်သော အကျိုးရှိချေမည်ဟု သဘောထားပြီးလျှင် အဂင်္လိပ်မင်းတို့၏ တိုင်းနိုင်ငံတွင်း၌ရှိနေသော ညောင်ရမ်းမင်းသားကို ဆောင်ယူ၍ သမီး အကြီးဖြစ်သော စုဖုရားကြီးနှင့် လက်ထပ်ပြီးလျှင် ထီးနန်းတင်ရသော် ငါ၏ ဩဇာကို နာခံယူဖွယ်ရာ အကြောင်းရှိ၏ ဟု မင်းကြီးများနှင့် တိုင်ပင်ညှိနှိုင်းလေသည်။
တိုင်ပင်ညှိနှိုင်းသည့် အတိုင်းဆက်သွယ်ဆောင်ရွကာသောအခါ၌အခါရပ်ခြားတွင်ရှိသော ညောင်ရမ်းမင်းသားကြီးသည် မကျန်းမမာ ရောဂါဝေဒနာ ကပ်ရောက်ပြီးလျှင်
စုတိကျ၍ ဘဝပြောင်းသွားလေ၏ ။
ညောင်ရမ်းမင်းသားကြီး မရှိလျှင် ညီတော်ဖြစ်သော ညောင်အုပ်မင်းသားကို ဆောင်ယူပြီးလျှင် သမီးအကြီး ဖြစ်သော စုဖုရားကြီး ကို တောင်ညာတင်၍ ညောင်အုပ်မင်းသားကို နန်းတင်ရလျှင် ကောင်း၏ ဟု အကြံဖြစ်၍ မင်းကြီးများနှင့် တိုင်ပင်ပြန်လေသည်။
မင်းကြီးများကလည်း အရှင်သဘောတော်ကျလျှင် ကောင်းပါ၏ ဟု တင်လျောက်ကြသောအခါ ဆင်ဖြူရှင်မိဖုရားကြီးက ညောင်အုပ်မင်းသားထံ တင်လျောက်ရန် စာနှင့်တကွ တမန်စေလွှတ်လိုက်၏။
ထိုအချိန်က ညောင်အုပ်မင်းသားမှာ ကာလကတ္တားမြို့တွင်
စံနေတော်မူသည်။ သို့သော် ဆင်ဖြူမရှင် မိဖုရားကြီး ပေးလိုက်သောစာသည် ညောင်အုပ်မင်းသားထံသို့ မရောက်ဘဲ စလေဒင်လက်ထဲသို့ ရောက်သွားသည်။
ဆင်ဖြူမရှင်နှင့် ကင်းဝန်မင်းကြီးတို့၏ နန်းတွင်း နိုင်ငံရေး လှည့်ကွက်ကို စလေဒင် သိရှိသွားခြင်းမှ ‘ဗမာအခက်သည် အင်္ဂလိပ်အချက်’ ဖြစ်ဖို့ အကွက်ကောင်း ဝင်သွားခြင်းပင် ဖြစ်၏။
ထို့ကြောင့် တတိယအင်္ဂလိပ် – မြန်မာစစ်ပွဲတွင်အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ဝန်ထောက် ဦးအုန်း၏သား မောင်ဘသန်းဆိုသူကို ညောင်အုပ်မင်းသား အသွင်ဝတ်ဆင်စေကာ အဂင်္လိပ်တို့၏ သင်္ဘောပေါ်၌ တင်ဆောင်ခေါ်ငင်လာခဲ့သည်။
ကင်းဝန်မင်းကြီးထံသို့လည်း ‘ညောင်အုပ်မင်းသားကြီး
ချီတက်လာပြီ ဖြစ်ကြောင်း’ အကြောင်းကြားထားသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း မန္တလေးဆိပ်ကမ်းသို့ အဂင်္လိပ်စစ်တပ်များ ဆိုက်ရောက်လာသောအခါ ၌ ကင်းဝန်မင်းကြီးက
သူ၏ လူယုံတစ်ယောက်အား ကမ်းနားသို့ စေလွှတ်ကာ
‘ညောင်အုပ်ကိုယ်တော်ကြီး တကယ်ပါ၊ မပါ’ အကြည့်ခိုင်းလိုက်သည်။
ယင်းလူယုံတော်အား နောင်ဗြိတိသျှ တို့လက်ထက်၌ ပုဂံဝန်ထောက် ဦးတင်ဟု ထင်ရှားလာမည့် လွှတ်စာရေး မောင်တင် ဖြစ်ကြောင်း စတုတ္ထသမီးတော်က သူ၏ ‘အရေးတော်ပုံစာတမ်း’ ၌ ဖော်ပြထားသည်။ ထိုအချိန်က ညောင်ရမ်းမင်းသား သို့မဟုတ် ညောင်အုပ်မင်းသားသည် အင်္ဂလိပ်စစ်တပ်များနှင့်အတူ မန္တလေးရွှေမြို့တော်သို့ ပါလာသည်ဟူသောသတင်းမှာ ထိပ်တန်းလျှို့ဝှက် နိုင်ငံ ရေးသတင်းအဖြစ်ဖြင့်
နန်းတော်တွင်း၌ ပျံ့နှံ့နေဟန်တူသည်။
အင်္ဂလိပ်တို့၏ လက်သို့ သီပေါဘုရင် ပါတော်မူ၍ သင်္ဘောပေါ်သို့ ရောက်ရှိနေသည့်တိုင်အောင် ထိုသတင်းသည် အချို့နန်းတွင်းသူ၊ နန်းတွင်းသားများအဖို့ ဇဝေဇဝါ ဖြစ်နေတုန်းပင် ရှိသေးသည်ဟု ယူဆရသည်။
အဘယ့်ကြောင့် ဆိုသော်… သီပေါဘုရင်သည် ရေဆိပ်သင်္ဘောပေါ်တွင် ရှိနေစဉ် ပင်းယ မင်းသမီးကအခြားသင်္ဘောတစ်စင်းဦးတွင် ရှိသူမှာ ညောင်ရမ်းမင်းသား ဟု ပြောကြကြောင်း၊ သီပေါဘုရင်ကို နန်းချပြီး ညောင်ရမ်းမင်းသားနှင့် ထိပ်စုဘုရားကြီးကို
လက်ဆက်ပြီး နန်းတင်မည် ဟု ပြောကြပါကြောင်း လျောက်ထားလေ၏။
ထိုအခါ သီပေါဘုရင် သည် ကိုယ်တော်တိုင် ထ၍ သင်္ဘောခန်း တရုတ်ကပ်ကို လှန်၍ ကြည့်ရှုတော်မူပြီး ‘နောင်တော် ညောင်ရမ်းမင်း မဟုတ်ပါဘူး။ ငါ့နောင်တော် ငါသိပါတယ်။ ဘယ်က လူမှန်းမသိ’ ဟူ၍ ‘ပါတော်မူ အရေးတော်ပုံ’ ၌ ဖော်ပြထားသောကြောင့် ဖြစ်သည်။
ဤတကြိမ်၌လည်း စုဘုရားကြီးမှာ မိဖုရားခေါင်ကြီး မဖြစ်ရဘဲ ကံခေခဲ့ရပြန်သည်။ စုဘုရားကြီးသည် မယ်တော် ဆင်ဖြူမရှင် ကံကုန်ပြီးနောက် ဝင်ဆာလမ်း( ယခု ရှင်စောပုလမ်း ) စံအိမ်တော်မှ မင်းကွန်းသို့ ပြောင်းရွှေ့၍ သီလရှင်ဘဝဖြင့် ၁၉၁၂ ခု၊
ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကံကုန်ခဲ့လေသည်။
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်