သမိုင်းဝင် သွေးဆေးကန် ဖြစ်ပေါ်လာပုံ (သို့) သွေးဆေးကန် ဆိုသည်မှာ

အလောင်းမင်းတရား၏ စတုတ္ထသားတော် ဗဒုံမင်း (ဘိုးတော်ဘုရား) သည် ၁၇၈၂-ခုနှစ်တွင် ထီးနန်းရသောအခါ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်အနီးတွင် တည်ရှိသော သွေးဆေးကန်နှင့်ပတ်သက်၍ သမိုင်းအထောက်အထားများ မှတ်တမ်းများ ရှိခဲ့သည်။

ပဒုံမင်း(ခေါ်) ဘိုးတော်ဘုရား၏ အမိန့်ပြန်တမ်းတွင်သွေးဆေးကန်အကြောင်းတွေ့ရှိရသည်။ ပဒုံမင်း၏ အမိန့်တော်မှာ ရန်ကုန်မြို့ ရွေတိဂုံစေတီတော် မြောက်ဖက်မုတ်နား သွေးဆေးကန်က ရွှေဘိုစဉ့်အိုးနဲ့ ရေလုံးရေ ၁၀ ကို ဟံသာဝတီ မြို့ဝန်က ရွှေဖဝါးတော်အောက် အရောက် ဆက်သ ရမယ် လို့ပါရှိသည်။

ထိုအမိန့်တော်အရ သွေးဆေးကန်သည် ဘိုးတော်ဘုရားလက် ထက် ကတည်းက ရှိနေပြီဖြစ်ပါသည်။ ဆေးဖက်ဝင်သော သွေးဆေးကန်ကရေကို ဘိုးတော်ဘုရားက အမရပူရနေပြည်တော်သို့ ပေးပို့ဖို့ အမိန့်ထုတ်ခဲ့ခြင်း ဖြစ်ပါသည်။

သွေးဆေးကန်ရှေ့တွင် “ဤကန် ၌ မြန်မာသူရဲကောင်းများသည် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ နှင့် ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲ တွင်မိမိ၏တိုက်ပွဲဝင်သွေးစွန်းသောဓားများကိုဆေးကြောခဲ့ကြသည်” ဟု ရေးထိုးထားသည်။

၁၈၅၂ ခုနှစ် ဧပြီလ၅ရက်နေ့တွင်အင်္ဂလိပ်မှမြန်မာနိုင်ငံကိုစစ်ကြေငြာကာအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဗိုလ်ချုပ် ဂျင်နရယ်ဂေါ်ဒွင်ဦးစီးတဲ့ ကြည်ကြောင်း၊ ရေကြောင်း ၂ ခုပေါင်း စစ်သည် အင်အား ၉ ထောင်ကျော်ဖြင့် မုတ္တမကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

မုတ္တမ ခံတပ်တွင် မြန်မာစစ်သည် ၄ ထောင်ကျော် ကခုခံတိုက်ခိုက်သောလည်း လူအင်အားမမျှခြင်း၊လက်နက်အင်အားမမျှခြင်း၊ အင်္ဂလိပ်တို့က အလစ်ဝင်ရောက်တိုက်ခိုက်သဖြင့် နေပြည်တော်မှ တပ်များမရောက်လာနိုင်ခြင်း၊ ခဲယမ်းမီးကျောက်များ ကုန်သွားခြင်းတို့ကြောင့် ဧပြီလ ၇ ရက်နေ့တွင် မုတ္တမမြို့ခံတပ်ဟာ ကျ ဆုံးခဲ့ရပါတယ်။

ဧပြီလ ၁၀ ရက်နေ့မှာ ရန်ကုန်ကို ကြည်ကြောင်း၊ ရေကြောင်း ၂ ခု ဖြင့် ထပ်မံ ထိုးစစ် ဆင်ခဲ့ သည်။ ရန်ကုန်မြို့ရဲ့ ရှေ့ပြေးခံတပ် ဒလ ခံတပ် ကျဆုံးခဲ့ရသဖြင့် ဧပြီလ၁၂ ရက်နေ့မှာ အင်္ဂလိပ်တပ်များ ရန်ကုန်မြေကို စတင်ခြေချကာ တိုက်ခိုက်လာနိုင်ခဲ့ ပါတယ်။

အင်္ဂလိပ်တပ်ဟာ စစ်ကြောင်း ၂ ကြောင်း ခွဲပြီးရွှေတိဂုံကုန်တော်ကိုထိုးစစ်ဆင်ရန် အပြင်းချီ တက်လာခဲ့ကြသည်။ ရွှေတိဂုံခံတပ်မရောက်မီ သိမ်ဖြူခံတပ်(ယခု သိမ်ဖြူ ဒေဝသာဂရကုန်း) မှ အပြင်းအထန် ခုခံသဖြင့် ၂ ဖက်စလုံး အကျ အဆုံးများစွာ ရှိခဲ့ကြသည်။ ၂ ဖက်လုံးမှ စစ်သည် များသည် ဘီလူးသမျှ တိုက်ခိုက်ကြသဖြင့် အလွန်ကြောက်စရာကောင်းသော စစ်မျက်နှာပြင် ဖြစ်ခဲ့ သည်။

မြန်မာများ များစွာ ကျဆုံးခဲ့သလို အင်္ဂလိပ်တပ်မှ မျက်နှာဖြူ အရာရှိ ၂ ဦး အပါအဝင် တပ်သားများစွာ ကျဆုံးခဲ့သည်။ နောက်ဆုံး လက်နက်အင်အား မမျှသဖြင့် မြန်မာတပ်များဧပြီလ ၁၄ ရက်နေ့တွင် ရွှေတိဂုံခံတပ်သို့ နောက်ဆုတ်ပေး ခဲ့ရသည်။ ရွှေတိဂုံခံတပ်စီသို့ နောက်ဆုတ်လာသော တပ်များအားလုံး ပေါင်းစည်းကာ ခံစစ်ပြန်ပြင်ကြသည်။

စစ်ဦးတွင်အောင်ပွဲရနေသောအင်္ဂလိပ်စစ်တပ်သည်ဧပြီလ၁၄ရက်နေ့တွင်ပင်ရွှေတိဂုံကုန်းတော်ခံတပ်ကိုအတင်းဝင်ရောက် တိုက်ခိုက်ကြသည် ခံတပ်ရှိမြန်မာများက အသေခံ ဓါးနဲ့ဝင်ခုတ်သဖြင့် ထိုနေ့ တစ်နေ့ထဲတွင် အင်္ဂလိပ် စစ်သည် ၂၀၀ ကျော် ကျဆုံးခဲ့သည်။

ဓါးဖြင့် အနီးကပ်ဝင်ပိုင်းရသဖြင့် အင်္ဂလိပ်တို့၏ သွေးများက မြန်မာစစ်သည်များ၏ လက်များတွင် စေးကပ်နေကြသည်။ ထိုသို့သွေးများကို ဆေးသည့်ကန်ဖြစ်သည့်အတွက် သွေးဆေးကန် ဟုခေါ်ခြင်းဖြစ်သည် ဟု ဆိုကြလေ့ရှိသည်။

သို့သော် သွေးဆေးကန်သည် ထိုမတိုင်မီ ဘိုးတော်ဘုရားလက်ထက်ကတည်းက သွေးဆေးကန်အမည်နှင့် ရှိနေပြီဖြစ်ကြောင်း ၊ သွေးဆေးကဲ့သို့ ဆေးဘက်ဝင်မှုကြောင့် သွေးဆေးကန်ဟုခေါ်ကြောင်း ပညာရှင်အချို့ကဆိုကြသည်။

ဗဒုံမင်းလက်ထက် ၁၇၉၆-ခုနှစ်တွင် အင်္ဂလိပ်ကုန်သွယ်ရေးကို ချုပ်ကိုင်ရန်အတွက် ရန်ကုန်သို့ရောက်လာခဲ့သည့် ဗြိတိသျှလူမျိုး သံကိုယ်စားလှယ် ကပ္ပတိန်ဟီရမ်ကောက်စ်သည် သွေးဆေးကန်၏ ဆေးဖက်ဝင်သည့် အကြောင်းကို သတိပြုမိခဲ့သည်။

ဟီရမ်ကောက်စ်၏ Journal of A Risidence in the Burmhan Empire တွင် ကောက်စ်က ရွှေတိဂုံဘုရား မြောက်ဘက်မုခ်အနီးတွင် ကန်တကန်ရှိကြောင်း၊ ယင်းကန်တွင်းရှိ ရေများသည် ဆေးဖက်ဝင်ကြောင်း၊ ဆေးဖက်ဝင်သည့်အချက်ကို ဒေသခံတိုင်းရင်းသားများနှင့် ဥရောပ တိုက်သားတို့ သိရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။

ကောက်စ်သည် သွေးဆေးကန်၏ ဆေးဖက်ဝင်မှုနှင့် စပ်လျဉ်း၍ သူကိုယ်တိုင် စူစမ်းလေ့လာခဲ့သည်။ ကောက်စ်ရေးသားခဲ့သော မှတ်တမ်းစာအုပ်တွင် သွေးဆေးကန်တည်ရှိရာ အနီပတ်ဝန်းကျင်ရှိ မြေသားနှင့် ကျောက်များ၏ သဘောသဘာဝကိုလည်း လေ့လာမှတ်တမ်းတင်ခဲ့သည်။

ကပ္ပတိန်ကောက်စ်၏ မှတ်တမ်းတွင် သွေးဆေးကန်အနီးရှိ တောင်ကုန်း၏ အပေါ်ဆုံးမြေလွှာတွင် စီလီကာကြွယ်ဝသော မြေလွှာပါးရှိကြောင်း၊ ဒုတိယမြေလွှာမှာ သံဓာတ်ကြွယ်ဝပြီး ဂဝံမြေဖြစ်ကြောင်း၊ တတိယမြေလွှာမှာ သံဓာတ်ကြွယ်ဝသော မြေနီနှင့် စီလီကာကြွယ်ဝသော မြေရောတွင် အနီ အဝါ၊

အပြာရောင်ရှိသော သံသတ္တုရိုင်များ ပိုမိုပါဝင်ကြောင်း၊ စတုတ္ထမြေလွှာတွင် မြေစေးဖြူလွှာပါဝင်ကြောင်း၊ ပဉ္စမမြေလွှာတွင် သံသတ္တုရိုင်းပမာဏများပြားပြီး ဆာလဖြူရစ်အက်ဆစ်ဓာတ် ကြွယ်ဝကြောင်း၊ ဆဋ္ဌမမြေလွှာမှာ စရစ်ပြုန်းကျောက်လွှာဖြစ်ကြောင်း၊ သံသတ္ထုရိုင်းပမာဏနှင့် ဆာလဖြူရစ်အက်ဆစ်ဓာတ် ပမာဏ ပိုများကြောင်း ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။

ကပ္ပတိန်ကောက်စ်၏ မှတ်တမ်းတွင် မုတ်သုံမိုး၏ ရေစီးကြောင်းအောက်ခြေအထိ တိုက်စားရာမှ ထွက်ပေါ်လာသည့် ဆဋ္ဌမအလွှာရှိ အပြာရောင်ကျောက်စရစ်ဖြုန်းတို့သည် နေရောင်နှင့်ထိတွေ့ သောအခါ သဘာဝကြေးနီးရိုင်းကို ဖြစ်ပေါ်စေကြောင်း၊ ရေကန်ကြီးအနီးတဝိုက်ရှိ ကျောက်များသည် သဲကျောက် ဆန်ကြောင်း၊

နေရာအတော်များများရှိ ကျောက်မျက်နှာပေါ်တွင် အနီရောင် သံသတ္တုရိုင်း အလွှာပါး အုပ်ထားကြောင်း၊ ၎င်းတို့ လေထုနှင့် ထိတွေ့သောအခါ ဝါကျင့်သောအဖြူရောင် ပေါင်ဒါမှုန့်များအဖြစ် ပြောင်းလဲသွားကြောင်း၊ ရေကန်တွင်းရှိ အနည်ကျခဲ့သော ရွှံ့များ၊ ရေခန်းသွားသောအခါ ရွှံ့မျက်နှာပြင် ပေါ်တွင် အဝါရောင်ကြေး ကပ်လျက်ကျန်ခဲ့ကြောင်း၊ ကျောက်ကြို ကျောက်ကြား အခေါင်းပေါက်များ တွင်လည်း ကန့်ဓာတ်ပါဝင်မှုကို အထင်အရှား မြင်တွေ့ရကြောင်းကိုလည်း မှတ်တမ်းတင်ခဲ့သည်။

ကပ္ပတိန်ကောက်စ်သည် ရေကန်တွင်းရှိ ရေကိုပါ စမ်းသပ်စစ်ဆေးပါသည်။ ၎င်း၏ စစ်ဆေးတွေ့ရှိချက်နှင့် ပတ်သက်၍ ကောက်စ်က ဤရေတွင် သံသတ္ထုသည် ဆာလဖြူရစ်အက်ဆစ်နှင့် ဓာတ်ပြု၍ သံသတ္ထုဆား ပျော်ဝင်နေသော ရေဖြစ်သည်။ ထို့အပြင် မဂ္ဂနီဆီယမ်အောက်ဆိုဒ် အနည်းငယ်နှင့် ပိုတက်ဆီယမ် ကလိုရိုဒ်ဓာတ်ဆားများပါ ပျော်ဝင်နေကြောင်း၊ သတ္တုများပျော်ဝင်သောရေ (Mineral Water)ဖြစ်ကြောင်း ဖော်ထုတ်မှတ်တမ်းတင်ခဲ့သည်။

သွေးဆေးကန်မှရေသည် ဆေးဖက်ဝင်ကြောင်း ကပ္ပတိန်ကောက်စ်၏ တွေ့ရှိချက်ကို မြန်မာအထောက်အထားများကလည်း ထောက်ခံထားသည်။ ယင်းအထောက်အထားမှာ ၁၈၁၁-ခုနှစ် နိုဝင်ဘာလ ၅-ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ပဒုံမင်း၏ အမိန့်တော်တွင် ရန်ကုန်မြို့ သွေးဆေးကန်က ရေ-လုံးရေ ၁ဝကို ဟံသာဝတီမြို့ဝန်က ရွှေဖဝါးတော်အောက်ကောင်းမှန်အောင် ဆောင်ယူဆက်သလာစေ-ဟူ၍ ပါရှိသည်။

အမိန့်တော်အရ သွေးဆေးကန်သည် ပဒုံမင်းလက်ထက်ကပင် ရှိနေပြီဖြစ်ကြောင်း ဆေးဖက်ဝင်သည့် သွေးဆေးကန်မှရေကို ပဒုံမင်းက အမရပူရ နေပြည်တော်သို့ ပေးပို့ရန် အမိန့်ထုတ်ပြန်ကြောင်း သိရှိရ ပါသည်။

သွေးဆေးကန်မှရေသည် မည်သည့်ရောဂါတို့ကို ပျော်ကင်းကြောင်း အထောက်အထားမတွေ့ရ။ ဆေးဖက်ဝင်သည်ဟု မှတ်တမ်းများတွင် တွေ့ရသည်။ အားဆေး၊ ရောဂါပျောက်ဆေး စသည် မှတ်တမ်းများကို မတွေ့ရ။

အချို့က ဤသွေးဆေးကန်သည် ရန်သူများနှင့် တိုက်ခိုက်ရာတွင် အောင်ပွဲရပြီး လက်နှင့်ဓား၊ လှံများတွင် သွေးများလိမ်းကျံနေသဖြင့် ၎င်းသွေးများကို ဆေးကြောသော ကန် ဖြစ်၍ သွေးဆေးကန်ဟု ခေါ်ကြသည်။

ဤကန်သည် သွေးဆေးရန် ချက်ချင်းတူးဖော်ခြင်း ဟုတ်-မဟုတ်နှင့် မည်သူက တူးဖော်ခဲ့သည်ကိုလည်း မှတ်တမ်းများမတွေ့ရပါ။ မည်သို့ပင်ဖြစ်စေ ခေတ်ပြိုင်အထောက်အထား သမိုင်းမှတ်တမ်းများအရ သွေးဆေးကန်တည်ရှိခဲ့သည့် သက်တမ်းနှင့် ဆေးဖက်ဝင်သည့် ထူးခြားမှုကို လေ့လာ၍ တင်ပြလိုက် ပါသည်။

ဒေါက်တာမြင့်စော(သမိုင်းပါမောက္ခ ၊ ပုသိမ်တက္ကသိုလ်)

(ရွှေတိဂုံဘုရားမြောက်ဘက်မုခ် ခြင်္သေ့ရုပ်ဘေးတွင်ရှိသည့် ကန်ကိုလည်း သွေးဆေးကန်ဟု ခေါ်ကြကြောင်းသိရသည်။

ရွှေတိဂုံဘုရားကြီးကို စတင်တည်ချိန် ဥကလာပမင်းကြီးနှင်တကွ လုပ်အားပေး ပြည်သူပြည်သားများမှာ ပင်ပမ်း၍ အားအင်ကုန်ခန်း မူးဝေ ကြသည်ကို မြင်သော သိကြားမင်း က သောက်ရေကန်အတွင်းသို့ တန်ခို့ဖြင့် ဆေးထည့်ပေးလိုက်သောအခါ ကန်အတွင်းရှိရေများသည် သွေးဆေးကဲ့ သို့ နီမြန်းပြီး သောက်သုံးသူ လူအများကို အားအင်ပြန်လည်ပြည့်ဖြိုးစေသည်ဟု ဒဏ္ဍာရီများကဆိုသည်။

၁၉၉၅ ခုနှစ်ရွှေတိဂုံ ဘုရားကြီးဘက်စုံပြုပြင်မွန်းမံချိန် ၎င်းသွေးဆေးကန်ကို ပြန်လည်တူးဖော်ရာ သွေးဆေးကဲ့သို့ နီမြန်းသော ကျောက်တုံးတစ်တုံး ရရှိခဲ့ သဖြင့် ရွှေတိဂုံဘုရားပြတိုက်အောက်ထပ်မှာ ယနေ့တိုင် သိမ်းဆည်းထားသည် ဟု သိရသည်)

Crd,မူရင်း