မြန်မာရိုးရာနှစ်သစ်ကူးသင်္ကြန်ရေပက်ကစားခြင်းက်ို မြန်မာရာဇဝင် ၌ ပုဂံခေတ် နရသီဟပတေ့မင်း(AD၁၂၅၆-၁၂၈၇) လက်ထက်တွင် စတင်ဖော်ပြခဲ့သည်ကိုတွေ့ရပြီး ယင်းမှစတင်ကာ ရေပက်ကစားခြင်းကိုအများပြည်သူတို့ ကျင်းပခဲ့ကြောင်း ယူဆခဲ့ကြပါသည်။
ပုဂံတွင် မင်းစဉ်မင်းဆက်အဖြစ် တစ်ဦးထဲက၃ ကြိမ် ၃ဘဝမင်းဖြစ်ခဲ့သည်ဟု ယူဆသောမင်း ၃ဆက်ရှိ၏။ မြတ်စွာဘုရားရှင် တန့်ကြည့်တောင်ဖျားထက် ဗျာဒိတ်ထားတော်မူသောအခါ အင်ဖက်၃ချပ်ကို ထီးပြု၍ ဘုရားရှင်အား နေကာပေးသောတောင်စောင့်ဘီလူးကို
“ဤပြည်တွင် မင်း၃ဆက်ဖြစ်လတံ့” ဟူ၍ ဗျာဒိတ်တော်နှင့်အညီ ‘စလေငခွေး’အဖြစ် တစ်ကြိမ်၊ ‘ကုလားကျခေါ်နရသူ’အဖြစ်တစ်ကြိမ်၊’တရုတ်ပြေးခေါ် နရသီဟပတေ့’ အဖြစ်တစ်ကြိမ် သုံးကြိမ်ဘဝကူးကာမင်းဖြစ်ခဲ့သည်ဟူ၍ ဖော်ပြခဲ့ပါသည်။
ထိုနည်းတူ ‘သမုဒ္ဒရာဇ်မင်း’ ၊ ‘အနော်ရထာမင်း”ကျစွာမင်း’တို့သည်လည်း နောင်ပွင့်မည့်ဘုရားအလောင်းတော် ရင့်မာတစ်ကျိပ်ဝင် ‘ပုလလဲဆင်မင်း’မှဖြစ်လာသောဟူ၏။ ထို့အတူ ‘ပြူ စောထီးမင်း”၊’သေလည်ကြောင်မင်း’ နှင့် ‘ကျန်စစ်သားမင်း’တို့သတ်လည်း တစ်ယောက်ထဲက သုံးဘဝမင်းဖြစ်ခဲ့သည်ဟု မဟာရာဇဝင်ကြီးတွင်ဖော်ပြခဲ့ပါသည်။
နရသီဟပတေ့မင်းလက်ထက်ရောက်မှ “ပုဂံ”ပြည်ဟုခေါ်တွင်ခဲ့၏။ ထိုမင်းသည် ဘုရားသခင်ဗျာဒိတ်ရသူဖြစ်၍ ဘုန်းကံကြီး၏ အမျက်စောင်မာန်ပြင်း၏အစားအသောက်ကျုး ၏။
မင်းကြီးသည် နွေလအခါကျသော် ရေဖျန်းကစားမြဲဖြစ်၍ နန်းတော်မှ မြစ်ဆိပ်တိုင်အောင် တလျှောက်တည်း တဲဆောက်စေပြီး လူမမြင်အောင် ကာရံမိုးစေသည်။ မြစ်ဆိပ်ရှိမင်းတဲကိုလည်း ကာရံထားပြီး မိဖုရား မောင်းမမိဿံတို့နှင့်တကွ တဲတန်းဥမင်တဲကိုကြွတော်မူ၍ ရေဆိပ်မှာရေကစားတော်မူ၏။
တစ်ရံရောအခါ မောင်းမငယ်တစ်ဦးကို ကြိုတင်တိုင်ပင်၍မိဖုရားစောလုံ၏ မျက်စိ နား မျက်နှာ ဦးဆံတို့ကိုရွှမ်းရွှမ်းစွတ်အောင် ရေပက်စေသည်။ စောလုံလည်းမင်းကြီးအကြံဟု အတပ်သိကာ မင်းကြီးအပေါ်နှလုံးနာတော်မူ၏။
မင်းကြီးစားတော်ပွဲကို အဆိပ်ခတ်ပြီးသော် မိဖုရားစောမောက်ကို “ငါ့ကိုယ်မကျန်းမာ၍ငါ့ကိုယ်စား မင်းကြီးကိုစားတော်တည်ပါ”ဟုဆို၍ပေးလျှင် စောမောက်လည်း အဖြောင့်မှတ်၍ စားတော်ပွဲတည်လေသည်။ မင်းကြီးစားတော်ခေါ်အံ့ဆဲဆဲတွင် အောက်မှ ခွေးက ‘ချေ’သဖြင့် ထိုစားတော်ကို ခွေးအားပေး၍စားစေ၏။
ခွေးလည်းထိုထမင်းစားသောခဏ သေလေသည်။မင်းကြီးလည်းရှင်မောက်ကိုမေးမြန်းစစ်ဆေးရာ “စောလုံက စားတော်ပွဲကိုယ်စားတည်ခိုင်း၍ ပေးရပါသည်”ဟုလျှောက်၏။မင်းကြီးလည်း စောလုံကိုခေါ်၍ စစ်မေးတော်မူရာ မပြက်မကွယ်သာပဲ ဤသို့ဆို၏။
“ဟယ်…ပန်းပွတ်သည် မြေး! နင့်ကို ငါလုပ်ကျွေးမွေးမြူ ၍ နင်ငါ့ကိုသူကောင်းပြု သဖြင့် ဤသို့သောကိုယ်အဖြစ် အထင်အရှားဖြစ်ပြီးမှ မောင်းမငယ်ကိုနှုတ်ထည့်၍(ကြိုတင်ကြံစည်၍) အများတကာရှေ့တွင် အဝတ်အစား ဦးဆံစွတ်အောင် ရေနှင့်ပက်သောကြောင့် နင့်ကို နှလုံးနာ၍ ကြံသည်”ဟုဆို၏။ မင်းကြီးလည်း ပန်းပဲတစ်ထောင်ကိုခေါ်၍ သံကျပ်စင်လုပ်စေပြီး ကျပ်တင်လေဟု အမိန့်ပေးတော်မူသည်။
စောလုံလည်း သံကျပ်စင်မပြီးမချင်းခုရက်တိုင်တိုင်သီတင်းသီလဆောက်တည်၍ အဘိဓမ္မာတရားတော်ကိုနာယူ၏။ ခုနှစ်ရက် နေ့ညဉ့်မပြတ် “ဣတိပိသော”အစရှိသောရတနာသုံးပါးကျေးဇူးတော်ကို အောက်မေ့လျှက် ပီတိစိမ့်သတည်း။ခုနှစ်ရက်စေ့သော် စောလုံလည်း ပုတီးလက်စွဲလျှက်သံကျပ်ရဲရဲထက်သို့ တက်သည်။ မီးသုံးကြိမ်သေသောဟူ၏။
သုံးကြိမ်စေ့ပြီးသော် “ငါသည်ခဏချင်းမီးကျွမ်း၍ ပျောက်စေသော ငါတောင်းသောဆုအတိုင်းလည်းပြည့်စုံစေသော်ဟု ပတ္တနာပြု၍ သေလေသည်။မင်းကြီးလည်း စောလုံအနိစ္စရောက်ပြီးမကြာခင် စက်တော်ခေါ်ရာမှ “စောလုံစောင့်ပါခလှည့် စောလုံစောင့်ပါခလှည့်”ဟု တမ်းယမ်းဟစ်အော်တော်မူသည်။
ထိုအခါမိဖုရာဖွားစောက “အရှင်မင်းကြီး စောလုံကို မျက်တော်မူသည် မဟုတ်လော စောလုံကားအနိစ္စရောက်ရပြီ”ဟုလျှောက်ထားသည်။မင်းကြီးလည်းစက်တော်မခေါ်တော့ပဲ ကြေကွဲစွာ ဖြစ်တော်မူဘိ၏။
ထိုအကြောင်းကို မင်းကြီးဆရာတော်မဟာထေရ်ကြားတော်မူသော် နန်းတော်သို့ကြွလာ၍ “မင်းကြီး မျက်တော်မူလျှက်တဖန် ကြေကွဲခြင်းအမှု့သည်မသင့် ပြည်ထောင်ဘက်မင်းအချင်းချင်းကြားသော်ကဲ့ရဲ့ဖွယ်ဖြစ်၏။ နောင်အခါ လူတို့ကလည်း မင်းကြီးကိုမကျိုးနွံရာ ရှိပေအံ့။
သမ္မပ္ပဓာန်တရားတော်၌ ဖြစ်လေပြီးသောမကောင်းမှု့ကိုပယ်စေခြင်း ပယ်စေခြင်းလုံ့လဖြစ်လေပြီးသောကောင်းမှု့ကိုပွားစေခြင်းလုံ့လ မဖြစ်သေးသော ကောင်းမှု့ကိုပွားစေခြင်းလုံ့လ မဖြစ်သေးသောမကောင်းမှု့ကိုမဖြစ်စေခြင်းလုံ့လကိုအမြဲမပြတ်သတိပြုဆင်ခြင်ရာတည်းဟု ဘုရားရှင်ကဟောတော်မူခဲ့ရာ သတိပြုတော်မူရာ၏”ဟုဆုံးမတော်မူမှ ကြေကွဲနှလုံးမသာယာခြင်းမှ သက်သာရာရ၏။
ထိုနေ့မှစ၍ဦးရီးတော် သိမ္မစည်းကို”ငါအမျက်ရှိတော်မူသော်လည်း အချင်းခပ်သိမ်းကိုမေးမြန်းစီစစ်ကာ ဆယ်ရက် လခွဲခန့်ထားပြီးမှ သေကောင်းသူကိုသေစေမသေကောင်းသူကို လွတ်စေ”ဟု၍ မိန့်တော်မူသည်။
ဤ ရာဇဝင်ပါအဖြစ်အပျက်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ‘မိဖုရားစောလုံ’လေးချိုးဖြင့်မှတ်တမ်းတင်ကာ သင်္ကြန်ရေကစားရင်းအချင်းချင်းနောက်ပြောင်ကျီစယ်ရာမလွန်ကျုးစေရန်သတိပေးရေးဖွဲ့ထားခဲ့ပါသည်။
” မိ ဖု ရား စော လုံ “ပြန်လှန်ဆပြန်တော့ သင်္ကြန်ကျချိန်ပေါ့
ယမန်သမယဆီက ပုဂံသမ္မတရှင်ဘုရင်သားမြွှာဘပါတဲ့ ဆောင်းမှနွေအလယ်ဘုန်းရောင်တော်ပြနေကြမောင်းမရွေညီ မဟေသီ သုံးထောင်ကျော်မျှရယ်နဲ့သည်လနွေရာသီမဖြင့် ဆွေလျာမဒီတွေကိုချစ်စိတ်စမ်းလိုအားရယ်နဲ့
ဧရာဝတီမြစ်ဆိပ်ကမ်းတခို သွားပါလို့ရွှေနန်းအစဉ်အလာ ရေဖြန်းမင်္ဂလာကစားစဉ်ကချစ်အားတော်ဗလောင်ဆန်လို့တစ်ဆောင်စံ စောလုံပက်စဉ်ဝယ်သွက်သွက်လည် ကြမ္မာငင်ဖို့ ရက်စက်တယ်ခမျာထင်လို့ မို့အစာတွင် အဆိပ်သေမယ့်ဆေးရယ်နဲ့
မဟာဘုရင်ကို တိတ်တဆိတ်သေဟဲ့လို့ကျွေးလေတော့ဖြစ်ရေးတော်ရာဇဝတ်ကယ်နှင့်ကွပ်ညှပ်ပုံ တစ်အာဏာကြောင့် ခမျာမှာခန္ဓာတောင်ဆုံးရှာတဲ့တိတ်ထုံးရာဇဝင်မှာဖြင့်ဆရာရှင် ပြန်လှန်လို့ဟောရတော့တောကြီးအလယ်မှာနော်ကွယ် မနောသတိသဘောမချိအောင်ပါ့ မောမိသကွယ်။
သေလမ်းအဝင် နှောင့်ရှာတဲ့ တမိရယ်ကြောင့်ရွှေနန်းရှင် မောင့်မှာမချိပြီမို့”စောင့်ပါခလှဲ့”ရယ်လို့ တ,ရလေရှာသကွယ်သမ္မတနေလာအနွယ်မှာဖြင့် ပိုဗျာပါအများဘဝသေပါဟယ်လို့ ဆိုငိုကာ မနား…
ညချမ်းခါတွင် ပလျှမ်းကာအသာဝင်တဲ့လဆန်းရတနာအသွင်သို့ ဘမရာသခင်မဟေသက်လျာတစ်ပါးကိုလ ငါဘုရင်ရေပက်တာမှားပေါ့ဟဲ့ လို့ တရားသံဝေမဖြေဖျောက်နိုင်တဲ့ရွှေပေါက္ကံမြန်မာမင်းလိုပါ့ခါသင်္ကြန်နွေကပဲ ရယ်လို့ရေပွဲမှာ အပျော်အမော်စည်မှဖြင့်ကတော်ဒေဝီတွေ အရှက်ကွဲအောင်ပမျက်နှာမည်းမျက်နှာဖြူ ပက်သူတွေကလည်းပေါပေသမို့
မန်းစက်ရတနာပလ္လင်မလေဘန်းစကြာရှင်တွေ စော စေဖို့က မ္မဌာန်းပြဆရာမှာဝမ်းမသာ့တသာနှင့်ဟောလိုက်ပါရဲ့ဒေါပုံအလှည့် သံသရာရေအပြင်မှာ ကြွားသူတို့ကဖြင့်သဘောမဆုံသနဲ့ မခံချင်ပါလျင်လည်းမကစားကြလေနှင့် (အို… မယ်ကုမ္မာရဲ့)
ချောရက်နဲ့ နွဲ့ရှာတဲ့စောလုံရဲ့ ပုဂံရာဇဝင် တရား…။
သခင် ကိုယ်တော်မှိုင်း
စာကိုး။ ဦးကုလား၏ မဟာရာဇဝင်ကြီးပထမတွဲ
“မိဘုရားစောလုံကို ကွပ်မျက်ခြင်း”အခန်း
နှင့် တိုက်စိုး-မင်းယုဝေရေး မြန်မာစာ
မိတ်ဖွဲ့ တို့မှ ကောက်နှုတ်ဖော်ပြပါသည်
Crd,မူရင်း