29ရတနာဆိုင် ဆိုတာကတော့ ယခုနှစ်ပိုင်းတွေမှာ တနိုင်ငံလုံး မသိတဲ့သူ မရှိသလောက်ကို ကျော်ကြားလာတဲ့ ရတနာဆိုင်ကြီး တစ်ဆိုင်ပဲ ဖြစ်ပါတယ်နော်။
ရတနာဆိုင်ကြီးကြီး တစ်ဆိုင်ဖြစ်လို့ ကြော်ငြာအား ကောင်းလို့ လူသိများလာတာ ဆိုတာထက် ရတနာဆိုင်ပိုင်ရှင် မောင်နှံရဲ့ စိတ်သဘောထား ကောင်းမှု ဆက်ဆံရေးကောင်းမွန်မှုတို့ကြောင့်
လူပိုသိပြီး ပိုအောင်မြင်လာတာလို့လည်း ဆိုနိုင်မယ် ထင်ပါတယ်နော်။
ဒါ့အပြင် 29ရဲ့ဝန်ထမ်းတွေ သရုပ်ဆောင်ထားတဲ့ စိတ်ကူးကောင်းကောင်းနဲ့ Short Filmလေးတွေကလည်းသူတို့ရတနာဆိုင် ပေ့ချ်မှာ တင်လေတိုင်း ပရိသတ်ရဲ့ နှစ်သက် အားပေးမှုတွေကို အမြဲရလေ့ ရှိတာကိုလည်း တွေ့မြင် ရပါတယ်။
ယခုလည်း ဒီနိုင်ငံရဲ့ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းကြားမှာမြင်တွေ့ခွင့် ရနိုင်ခဲသော၊ တွေ့ရခဲသော ဆက်ဆံရေး၊ လုပ်ငန်းရှင် သူဌေးတို့ စံနမူနာ ယူသင့်သော လုပ်ရပ်တစ်ခုကို 29ပိုင်ရှင် ဇနီးမောင်နှံမှ စိတ်စေတနာ ကောင်းမွန်စွာဖြင့် ရှေ့ဆောင် ထမ်းရွက် ပြလိုက် ပြန်ပါတယ်။
“လွန်ခဲ့တဲ့ 5 နှစ်ကျော်က တအိမ်ဝင်တအိမ်ထွက် မြန်မာပြည်အနှံ့ စိန်ထည်တွေ ပတ်ရောင်းလာကတည်းက ကိုယ်ပိုင် ပန်းထိမ်ထောင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ သင်တပည့် မွေးဖို့ ရေစကြိုက ကလေးတွေ စခေါ်ဖြစ်ခဲ့တယ်ပေါ့။
ကိုယ်ခတ်တဲ့ စိန်ထည် ရွှေထည်တွေကို ရွှေရည်အပြည့်ရချင် စိတ်တစ်ခုတည်းနဲ့ ပန်းထိမ်သာ ထောင်ချင်တာ တကယ်တော့ ကျွန်တော်က ပန်းထိမ်မလုပ်တတ်ဘူးရယ်။
အဲ့ဒီတော့ တခြား ပန်းထိမ်ဖိုမှာ သင်တန်းကြေးပေး စပေါ်ငွေပါ စိုက်ပေး သင်တပည့် ကလေးတွေကို နေရေးထိုင်ရေး စားရေး သွားရေးကအစ အကုန်အကျခံ သင်တန်းအပ်ပေးခဲ့ရတာ ကုန်ကျစရိတ်အားလုံးပေါင်းရရင် နည်းတာမဟုတ်ဘူး။
အဲ့ဒီတော့ အရောင်းသမား သင်တပည့်ဆို တမျိုး၊ ပန်းထိမ် သင်တပည့်ဆို တစ်မျိုး စာချုပ်စာတန်းနဲ့ ကိုသေချာလုပ်ဖြစ်ခဲ့တာ ၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေကို ကိုယ့်လိုဘဲ အောင်မြင်စေ ချင်တယ်လေ။
အဓိက စည်းကမ်းက ဘာလဲဆိုတော့ အရက်မသောက်ရ၊ ကွမ်းမစားရ၊ ဆေးလိပ် မသောက်ရ၊ ရည်းစားမထားရ၊ ဖုန်းမသုံးရ ဆိုပြီး လူငယ်တွေကို လမ်းကြောင်းလွဲ ပျက်စီးစေတဲ့ ဒီအချက်တွေကိုသေသေချာလေး Train ပေးဖြစ်ခဲ့တယ်။
ဒီစည်းကမ်းကို ကလေးမိဘတွေက သဘောကျ ကြတယ်။ သူတို့ ကလေးတွေ မပျက်စီးဘူးပေါ့ ဒါပေမဲ့ ကိုယ့်မှာတော့ လူဆိုးထိန်းကြီးကို ဖြစ်လို့။
စည်းကမ်းချိုးဖောက်လို့ မလိုက်နာနိုင်လို့ ပြန်လွှတ်၊ ပြန်သွားရတဲ့သူ တချို့ရဲ့ မိဘတွေက သူတို့သားသမီး အပြစ်မမြင်ဘဲ ကိုယ့်အပေါ် မကောင်း ပြောဆို အပြစ်တင် လက်ညှိုးထိုး ခံခဲ့ရတာတွေ ရှိသလိုကိုယ့်စည်းကမ်းထဲ ဘောင်ဝင်အောင် နေနိင်တဲ့သူတွေ ကျတော့လည်း ရလာဒ်ကောင်း တွေနဲ့ ပီတိဖြစ်ရတာတွေလည်း မနည်းဘူးပေါ့ဗျာ။
ဒီအထဲမှာ အခုလို အတန်းပညာအားဖြင့် ၃တန်းနဲ့ ကျောင်းထွက်ကိုရင်ဝတ်ပြီး ၁၆နှစ် ကိုရင်ထွက်တော့မှ ကျွန်တော့်ဆီ ရောက်လာတဲ့ ကိုရင်လူထွက် နိင်လင်းတို့လို့ တကယ် ရိုးသား ကြိုးစား ဘဝနာ အောက်ခြေပါတဲ့ ကလေးမျိုးကျကိုယ်မမွေးထားပေမဲ့ ကိုယ်မွေးထားတဲ့ သားသမီးလို သံယောဇဉ်တွေကိုဖြစ်လို့။
နေစားငြိမ်း လစာ 14 သိန်းလောက် ရနေတာကို စာချုပ် 5 နှစ်ပြည့်ပြီဆိုတော့ ကိုယ်ပိုင်ခွဲလုပ်ချင်တယ်ဆိုတော့ကိုယ့်မှာ ဝမ်းနည်း ဝမ်းသာ ဖြစ်ရတာပေါ့ဗျာ၊ ဝမ်းနည်းတာက ညာလက်ရုံး ပြုတ်သွားရုံမက ကိုယ်ချစ်တဲ့ သူတွေနဲ့ ခွဲခွါရလို့ ဝမ်းသာတာကတော့
ကျွန်တော်ဖြစ်စေချင်တဲ့ ကိုယ်ပိုင် လုပ်ငန်းရှင် ဖြစ်ချင်တဲ့ သူ့ရဲ့ ဇွဲလုံ့လနဲ့ ကြိုးစားမှုတွေနဲ့ အောင်မြင်မယ်လို့ မြင်လို့၊ အဲ့ဒီတော့ ကိုယ့်တပည့်တွေထဲက ကိုယ့်လို အောင်မြင်တဲ့ လုပ်ငန်းရှင် ၃ဦး
အနည်းဆုံး မွေးထုတ်နိင်ရမယ် ဆိုတဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်အရ သူထွက်သွားပေမယ့်
သူအောင်မြင်ဖို့ ကိုယ့်မှာ တာဝန်မကင်းသေးဘူးလို့ ကိုယ့်ဘာသာ ခံယူထားတာမို့သူ့ကို ခွန်အားဖြစ်စေဖို့ ဒီ သိန်း ၁၀၀ ကို အစပြုပေးခဲ့ တာပေါ့ဗျာ” လို့ ၂၉ ရတနာပိုင်ရှင်က သူ့ရဲ့လူမူ့ကွန်ရက်စာမျက်နှာမှာ ရေးသားလာ ခဲ့တာကို တွေ့မြင်ရသလို၂၉ပေချ့်မှာလည်း တကယ်တော်ပြီး တကယ်ထက်မြက်တဲ့ တပည့်ကျော်အတွက် နှုတ်ဆက်ချီးမြှင့်ငွေ သိန်း၁၀၀ Surprise လုပ်ခဲ့တာကို Liveလွှင့်ပြီး ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။
မြင်သူတိုင်းကလည်း မျက်ရည်ကျတဲ့ အထိ ဝမ်းသာ ကြည်နူး ပီတိဖြစ်မှုတွေ ခံစားရပြီး 29ရတနာ ဆိုင်ကြီး ယခုထက်ပိုမို အောင်မြင်စေဖို့ ဆုတောင်း ပေးနေကြတာလည်း ဖြစ် ပါတယ်။
ဖတ်ရှု့အားပေးနေတဲ့ ပရိသတ်ကြီးတွေလည်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သူများ အောင်မြင်သူများ ဖြစ်ကြပါစေ။ လုပ်ငန်းရှင်ကောင်း တွဲဖက်ကောင်းများနဲ့ တွေ့ဆုံ နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်နော်။