အင်းလေးကန်ထဲမှာ ရေမြှုပ်နေတဲ့မြို့နဲ့ စေတီပုထိုးတွေရှိတယ်ဆိုတာသိကြလား
ပုံစံအမျိုးမျိုးရှိတဲ့ ရှေးဟောင်းစေတီတွေ အင်းလေးရေပြင်ထဲ မြှုပ်နေတာ သိပ်ကိုထူးဆန်းတဲ့မြင်ကွင်းပေါ့၊ အဲ့ဒီမြို့လေးကတော့ စံကားဆိုတဲ့မြို့လေးပါ။
အင်္ဂလိပ်လိုဆိုရင်တော့ Sam Kar လို့ပေါင်းပါတယ်။ စံကားလို့ပေါင်းပေမဲ့ စကားလို့အသံထွက်ပါတယ်။စံကားမြို့လေးက အင်းလေးကန်တောင်ဖက်ပိုင်း အင်းလေးကန်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။
လူဦးရေ ၁၅၀၀ လောက်ပဲရှိတဲ့ မြို့သေးလေးတစ်မြို့ဖြစ်ပြီး ရှမ်း၊ ပအိုဝ့်၊ အင်းသားလူမျိုးတွေနေထိုင်ကြပါတယ်။ဟိုးတစ်ချိန်တုန်းကတော့ ရှမ်းပြည်တောင်ပိုင်းမှာ အချမ်းသာဆုံးဖြစ်ခဲ့ဖူးတယ်တဲ့လေ။
ဘာလို့ရေမြှုပ်နေရသလဲ ။ ၁၉၇၀ ခုနှစ်လောက်တုန်းက လောပိတ ရေအားလျှပ်စစ်စက်ရုံအတွက် မိုးဗြဲဆည်ကို တည်ဆောက်ချိန်မှာ ရေမြှုပ်သွားခဲ့တာပါ။
စံကား၊ ဖယ်ခုံအပြင် အင်းလေးတောင်ပိုင်းက ရွာပေါင်းများစွာရယ် ဘီလူးချောင်းတလျှောက်က ရွာတွေရယ် ရေမြုပ်သွားတယ်လို့ သိရပါတယ်။
ရွာမှာနေထိုင်သူတွေဟာ မိမိအိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ပြီး ရေလွတ်ရာကို ပြောင်းရွှေ့ကာ ရွာတည်နေထိုင်ခဲ့ကြရတယ်တဲ့။
အခုလက်ရှိ စံကားမြို့ကတော့ အသစ်တည်ထားတဲ့ မြို့ကြီးပေါ့။ မြန်မာတစ်နိုင်ငံလုံးက မြို့ကြီးတွေလျှပ်စစ်မီးရအောင်
ရွာအမြှုပ်ခံကာ စတေးခဲ့ရပေမဲ့ သူတို့ကိုယ်တိုင်မှာတော့ အခုထက်ထိ လျှပ်စစ်မီးမရရှိသေးဘူးတဲ့လေ။ စိတ်မကောင်းစရာပဲနော်။
ဘာတွေ လည်စရာရှိလဲ
စံကားလှေဆိပ်ရှိရာ ဘုန်းကြီးကျောင်းဝင်းမှာတင် ရှေးဟောင်းဘုရားတွေရယ်၊ ရေထဲမြှုပ်နေတဲ့ဘုရားတွေရယ် တွေ့နေရပါပြီ။
လှေဆိပ်မှာ စားသောက်ဆိုင်ငယ်တွေရှိသလို ကမ်းနားက စားသောက်ဆိုင်ကနေ အင်းလေးကန်ရှုခင်းကြည့်ပြီးလည်း စားသောက်နိုင်ပါတယ်။
ကိုယ်တွေကတော့ လှေဆိပ်ကနေ လှေစီးလုံးငါးခ ၂၀၀၀၀ ကျပ်ပေးပြီး အင်းထဲက တာခေါင်မွေတော်ဘုရားနဲ့ နတ်တာရိုးတို့ကို လည်ပတ်ခဲ့ကြပါတယ်။
တာခေါင်မွေတော်ဘုရား
တာခေါင်မွေတော်ဘုရားက မွေတော်ကက္ကူဘုရားတွေလို၊ ရွှေအင်းတိမ်ဘုရားတွေလို ပုံသဏ္ဏာန်အမျိုးမျိုးရှိတဲ့ ရှေးဟောင်းဘုရားတွေ အများကြီး စီစီရီရီရှိနေတဲ့ စေတီစုပါ။
စေတီနားသို့ လှေကပ်လာတဲ့အခါမှာတော့ ရေထဲမြှုပ်နေတဲ့ စေတီတချို့က စီးကြိုလို့နေပါတယ်။ ကန်စပ်မှာရှိတဲ့စေတီမုခ်ဦးဝက ခြင်္သေ့ကြီး ၂ ကောင်ကလည်း အင်းလေးကန်ကြီးကို လှမ်းမျှော်နေသယောင် မြင်ကွင်းက ဆွေးစရာပါ။
ရဲရဲနီအောင်ပွင့်နေတဲ့ ပန်းခင်းတွေ နောက်မှာတော့ စေတီတွေ၊ စေတီတွေ အများကြီးလှမ်းမြင်နေရပါတယ်။စေတီပေါင်း ၂၃၆ ဆူတောင်ရှိပြီး စေတီအများစုက လွန်ခဲ့တဲ့ နှစ် ၆၀၀ ကျော် က တည်ထားခဲ့တာတဲ့လေ။
အဲ့ဒီထဲကမှ နှစ်ပေါင်း ၂၀၀၀ကျော်က တည်ထားခဲ့တဲ့ စေတီကြီးကတော့ ဗိသုကာလက်ရာကအစ ဆန်းကြယ်လို့နေပါတယ်။
အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ ရွှေရောင်စေတီကြီးကလည်း ရှေးဟောင်းစေတီတွေအကြား သပ္ပါယ်စွာရှိလို့နေပါတယ်။
နတ်တာရိုး
နတ်တာရိုးကတော့ အင်းလေးကန်အရှေ့နဲ့ အနောက်ကို ကန့်လန့်ဖြတ်ထားတဲ့ သဘာဝကျောက်တံတိုင်းကြီးပါ။
လှေဆိပ်ကနေ မိနစ်၂၀လောက်လှေစီးရပါတယ် ။ဒီတာရိုးကြီးမှာ ပါးစပ်ရာဇဝင်တစ်ခုရှိပါတယ်။ ဒေသခံတွေကတော့ နတ်တို့ ဖန်ဆင်းထားတယ်လို့ ပြောစမှတ်ပြုကြတာပေါ့။
ဟိုးရှေးရှေးတုန်းက အင်းလေးကန်ရဲ့ အရှေ့ ရေထွက်ပေါက်နဲ့ အနောက် ရေထွက်ပေါက်ကို နတ်သား ၂ပါးနဲ့ နတ်သမီး ၁ပါးတို့က ကိုယ်စီစောင့်ရှောက်ထားကြပါတယ်တဲ့။
နတ်သားထဲကတစ်ပါးက နတ်သမီးကို ချစ်ခင်စုံမက်လို့ သွားကမ်းလှမ်းတဲ့အခါ မိုးမလင်းခင် ရေထွက်ပေါက် ၂ခုကို တံတားတစ်စင်း အပြီးဆောက်ပေးရင် လက်ခံမယ်လို့ပြန်ပြောပါသတဲ့။
နတ်သားလည်း အားကြိုးမာန်တက်နဲ့ အပြီးဆောက်တာပေါ့။ ဒါပေမဲ့ နတ်သမီးလေးက လက်မဆက်ချင်တာကြောင့် ကြက်တစ်ကောင်ကို မိုးမလင်းခင်တွန်ဖို့ စေခိုင်းခဲ့သတဲ့လေ။
ကြက်တွန်သံလည်းကြားရော မိုးလင်းပြီအမှတ်နဲ့ နတ်သားလေး လက်လျှော့သွားတာကြောင့် တံတားက မပြီးမပြတ်ဖြစ်နေတာတဲ့လေ။ဒါကြောင့်လည်း တာရိုးက အနောက်ဘက်ကမ်းအထိမရောက်ဘဲ အင်းလေးကန်အလည်မှာ ပြတ်သွားတာကို တွေ့ခဲ့ရပါတယ်။
ကိုယ်တွေရောက်တဲ့အချိန်က ရေတက်နေတဲ့အချိန်မို့လို့ ရေပေါ်ပေါ်နေတဲ့ တာရိုးပေါ်ထိ တက်ကြည့်လို့ရပါတယ်။နောက်ပိုင်းမှာ အသစ်အဆန်းအနေနဲ့ တာရိုးတလျှောက် ဝါးဖောင်နဲ့နီးတော့ တောင်ကြီးက လာမယ်ဆိုရင် ညောင်ရွှေဖြတ်စရာမလိုဘဲ တောင်ကြီး-ကက္ကူ-ကျောက်တစ်လုံးလမ်းအတိုင်း လာလို့ရပါတယ်။
တောင်ကြီးကနေတော့ စံကားအထိ ၂နာရီကျော်လောက် မောင်းရမှာပါ။ အင်းလေးဟိုတယ်တွေကနေ ကားနဲ့သွားရင် အသွားတစ်နာရီ၊ အပြန်တစ်နာရီ၊ စံကားမှာ လှေနဲ့သွားလည်တဲ့ ၂နာရီဆိုစုစုပေါင်း ၄နာရီကျော် ၅နာရီလောက်ပဲကြာတဲ့ အတွက် နေ့ချင်းပြန်သွားလို့ရပါတယ်။
အင်းလေ းမကြာမကြာရောက်ဖူးသူတွေအနေနဲ့ အသစ်အဆန်းနေရာအဖြစ် သွားလည်နိုင်ပါတယ်။သမိုင်းဝင် ရှေးဟောင်းစေတီတွေ ရေထဲမြှုပ်နေတဲ့ တကယ်ထူးခြားလှတဲ့မြင်ကွင်းပါ။ ဒါကြောင့်မို့လို့ စံကားမြို့က ရှေးဟောင်းသမိုင်းဝင်စေတီတွေကို
အင်းလေးရောက်ရင် သွားရောက်ဖူးမြော်နိုင်အောင် ဖော်ပြလိုက်ပါတယ်နော်။ အေးချမ်းလှတဲ့ ဒီဇင်ဘာလလေးဖြစ်ပါစေ ချစ်ခင်လျှက်။
အချိန်ပေးပြီး ဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်