နန်းတွင်းသူခိုးနှင့် မိန်းမစိုး

သီပေါရွှေနန်းရှင်နှင့် မိဘုရားခေါင်ကြီးစုဖုရားလတ်တို့၏ ပထမသမီးတော်ကြီး(အသျှင်ထိပ်စုမြတ်ဘုရားကြီး)အနှီးတွင်းအရွယ်တုန်းကဖြစ်သည်။

သူခိုးဟူသည်ကျေးလက်ဇနပုဒ်မှအစ မြို့ကြီးနန်းတွင်းအထိ ရှိစမြဲပင်ဖြစ်သည်။သို့ရာတွင်နေရာဒေသမရွေးသူခိုးရှိသဖြင့်ကာကွယ်စောင့်ရှောက်သူများလည်းရှိသည်ချည်းပင်။

ယခုကိစ္စမှဘုရင့်စံနန်းအတွင်းဖြစ်သည့်အပြင်အစောင့်အကြပ်များတင်းကြပ်စွာချထားသော အနောက်ဆောင်တွင်ဖြစ်သည်။

မြန်မာ့ပဒေသရာဇ်ခေတ်တွင် နန်းရ၊ဆောင်ရ၊မိဘုရားကြီး၊မိဘုရားလတ်၊မိဘုရားငယ်၊ထိပ်ခေါင်တင်မင်းသမီးများတို့သည် အပျိုတော်များ၊အပျိုများ၊မောင်းမမိသံများနေ့ညဉ့်မပြတ်ခစားနေကြသည်။

ယင်းအဆောင်များတွင် အဆင့်အတန်းအသီးသီးမှ အမျိုးသမီးပေါင်းများစွာရှိကြသည်။၎င်းမိန်းမများကို ကြီးကြပ်ကွပ်ကဲရန်မှာ မိန်းမစိုးများစွာရှိကြသည်။

(မိန်းမစိုးအကြောင်းကိုနောက်ထပ်ရှင်းပြပါမည်)မိန်းမစိုးများသည် ထားဝယ်ကြိမ်ကိုကိုင်ဆောင်ပြီး ၊မိန်းမစိုးချုပ်သည် ငလိပ်ကျောက်မြီးကိုင်ပြီး ရိုက်နှက်ဆုံးမခွင့်ရှိသည်။

ဆုံးမခွင့်ရှိသူများမှာ သန့်ရှင်းရေးအလုပ်သမားများ၊အ‌ေစတော်ကျေးကျွန်များ၊ ဗိုင်းတာမများဖြစ်သည်။မိန်းမများချည်းသက်သက်နေသော ဌါနဖြစ်စည့်အလျောက် အချစ်တော်ဖွဲ့သည့်ကိစ္စမျိူးလည်းဖြစ်ပွါးတတ်သေးသည်။ထိုကိစ္စမျိုးပေါ်ပေါက်လျှင်ကား မိဘုရားကြီးစုဖုရားလတ်ကိုယ်တိုင်က စက်စုပ်သဖြင့် ရိုက်နှက်ဆုံးမခွင့်ပေးထားသည်။

မိန်းမစိုးအကြောင်းကိုဒီမျှနှင့်ပင်ရပ်ထားပါဦးမည်။

သူခိုးမအကြောင်းဆက်ကြစို့…

သီပေါမင်းတြားနန်းတက်ပြီး (၂)နှစ်ခန့်အကြာတွင်ဖြစ်သည်။
အနောက်ဆောင်မှာ ရွှေထည် ၊ငွေထည်များ အပျောက်အရှများလာသည်။

အထူးသဖြင့် သီပေါမင်း၏ပထမသမီးတော်နှင့်အထိန်းတော်နို့စံရာ အဆောင်တစ်ဝိုက်တွင်အဖြစ်များသည်။မိဘုရားတို့သည်မိမိရင်သွေးကို ဝမ်းမှထွက်ကတည်းက အတူအိပ်ခြင်း၊နို့ချိုတိုက်ခြင်း၊ပြုလုပ်လေ့မရှိပေ။

အထိန်းတော်ကိုလည်း အဆင့်မြင့်သောကတော်မယားထဲမှ အဂ်ါရုပ်ကောင်း၊ကျန်းမာသန့်ရှင်းသူကိုခန့်အပ်ထားသည်။ပထမသမီးတော်၏အထိန်းတော်မှာယက္ကန်းတော်အုပ်မင်းသားကြီး၏မယား
သုံးဆယ်မြို့စားဖြစ်သည်။အနောက်ဆောင်မှာက သူခိုးကလည်းပူပူဆူဆူနှင့်မို့ စစ်ဆေးသော်လည်း သူခိုးမပေါ်။

ထိုရက်ပိုင်းညတသ်ညတွင်ဖြစ်သည်..

သုံးဆယ်စားသည် ပထမသမီးတော်ကလေးအားရင်ခွင်တွင်ပိုက်တာညောင်စောင်းပေါ်တွင်သတိဖြင့်မှေးနေသည်။လုံးဝအိပ်မပျော်သေးပေ။အနီးနားတွင်အဆောင်ကိုင် အစေတော်များအစီအရီအိပ်ပျော်နေကြသည်။ရွှေတိုင်တော်ကလည်း မှိန်သည်လည်းမဆိုသာ၊လင်းသည်လင်းမမည်၊ဝိုးတိုးဝါးတားပေါ့လေ။

သန်းခေါင်ကျော်အချိန်ခန့်တွင် ခေါင်းရင်းလေသာပြတင်းပေါက်မှ ခပ်မည်းမည်းလူသဏ္ဍာန် ဝင်လာသည်ကို သုံးဆယ်မြို့စားရုတ်တရက်သိလိုက်သည်။သို့သော်အသံမပြုဘဲခပ်မှေးမှေးကြည့်နေသေးသည်။

ထိုလူတွင်ခါးတွင်လည်းကြိုးတန်းလန်းနှင့်ကိုလည်းသတိထားမိလေသည်။သူခိုးသည်ခြေဖွနင်းကာအဆောင်အတွင်းရှိ ရွှေဖလား၊ရွှေကလပ်များကို ဖြတ်လတ်စွာကောက်ယူပြီးဘေးလွယ်အိတ်အတွင်းထည့်လိုက်သည်။

(ထိုစဉ်သုံးဆယ်မြို့စားကသူခိုးသည် မိန်းမဖြစ်သည်ဟုသိရှိသွားပုံရသည်)သုံးတယ်မြို့စားသည်ငေါက်ခနဲထပြီး”ဟဲ့..သူခိုးမနင်မပြေးနဲ့” ဟုပြောပြောဆိုဆို ညောင်စောင်းပေါ်မှကပြာကသီဆင်းလာသည်။

သူခိုးမကား အချဉ်မဟုတါပါလား။ခေါင်းမှဆံပင်များကိုရှေ့ကိုဖားယားချလိုက်ပြီး ခုန်သွခုန်စွလုပ်ကာ တစ္ဆေလိုပင်ခြောက်လှန့်လိုက်သည်။သုံးဆယ်မြို့စားမှာသူထင်ထားသလိုမကြောက်သွားဘဲ

“အမယ်….ငါ့များခြောက်လို့ လာစမ်း”ဟုဆိုကာ

သူခိုးမ၏ဆံပင်ကိုလက်ဖြင့်ဆွဲလိမ်ရစ်လိုက်ပြီး
နှုတ်မှလည်း “ဟဲ့ အစေတော်တွေထကြစမ်း..ထကြစမ်း”ဟု နှိုးလေသော်တစ်ဆောင်လုံးရုတ်ရုတ်သဲသဲဖြစ်ကာတစ်ချို့က သူခိုးမကိုဝင်ဖမ်းသည်။တစ်ချို့ကမိန်းမစိုးများကို‌ေပြးခေါ်ကြသည်။

ထားဝယ်ကြိမ်အသီးသီးနှင့်မိန်းမစိုးများ၊ ငါးလိပ်ကျော်မြီးကြီးကိုင် မိန်းမစိူးချုပ်ပါ ရောက်ရှိလာကာ သူခိုးမကိုဝိုင်းထားလိုက်ပြီး သုံးဆ။်မြို့စား၏အမိန့်တော်ကို စောင့်နေကြသည်။

ထိုအခါ သုံးဆယ်မြို့က သူခိုးမှဆံပင်ကိူလွှတ်ဖြေကာ စစ်မေးသော် လွယ်အိတ်တွင်းမှရွှေထည်များကိုထုတ်ပေးရင်း
“ဘုရာ့ ကျွန်တော်မ ဘာမှမသုံးရသေးပါဘူး ဘုရား၊ဒီတစ်ကြိမ်သာစွန့်မှားမိုက်မိခြင်းပါဘုရား၊လွှတ်တော်မူရင် နေပြည်တော်ကနေဝေးရာကိုပြေးပါတော့မယ်ဘုရား”စသဖြင့်ခြေဖက်တောင်းပန်လေ၏။

စစ်စစ်အားဖြင့်သူခိုးမသည် အပျိုတော်တစ်ဦး၏နောက် လိုက်နောက်ပါအဖြစ် အနောက်ဆောင်သို့ဝင်ဖူးထွက်ဖူးပြီး ဝင်လမ်းထွက်လမ်းကျွမ်းကျင်သူဖြစ်သည်။ထိုကာလက အပျိုတော်တစ်ဦးလျှင် နောက်လိုက် ငါးဦးမှဆယ်ဦးအထိ လိုက်ပါကြစမြဲဖြစ်၏။

သူခိုးမသည်လေသာဆောင်ပေါ်သို့ကိုင်းညွတ်နေသောမန်ကျည်းကိုင်းကို ခါးမှကျု့းနှင့်ခိုကာ လျောဆင်းလာပြီး လူမမိသော် ထိုကြိုးကိုပင် ခို၍ပြန်တက်သွားပေမည်။စသဖြင့် သူခိုးမကိုစစ်မေးပြီးသော် မိန်းမစိုးချုပ်သည်ငါးလိပ် ကျောက်မြီးကိုကိုင်ကာ ရှေ့သို့တိုးလာလေ၏။

“ဟဲ့. ဟဲ့ ..အဲ့ဟာကြီးနဲ့တော့မလုပ်နဲ့၊ ငါ့ရှေ့ကခေါ်သွား၊ရိုးရိုးကြိမ်နဲ့ဘဲ ရိုက်ပြီးဆိုင်ရာကိုပို့လိုက်ကြပေတော့”ဟုသုံးဆယ်မြို့စားကအမိန့်ပေးလိုက်လေ၏။

ထိုသုံးဆယ်မြို့စားမှာ ပါတော်မူသည်တွင်အိန္ဒိယသို့ လိုက်ပါသွားပြီး အရှင်နှစ်ပါးခွင့်ပြုချက်ဖြင့်မြန်မာပြည်သို့ပြန်လာကာ မိသားစုနှင့်အတူနေထိုင်သွားခဲ့လေ၏။

ကိုးကား-ရွှေဘိုမိမိကြီး(နန်းတွင်းသူခိုးနှင့်မိန်းမစိုး)

crd,