အင်းဝ သို့မဟုတ် မြန်မာတို့၏ အမေ့ခံ မြို့တော်ဟောင်း

မြန်မာလူမျိုးတို့၏ ဂုဏ်ယူစရာ အတိပြီးသော မြို့ကို ပြပါဆိုလျှင် ပုဂံကို ပြကြပေလိမ့်မည်။ ပုဂံမြို့သည် မြန်မာတို့၏ ပထမဦးဆုံးသော ဧကရာဇ်နိုင်ငံတော်၏ မြို့တော်အဖြစ် အနှစ် ၃၀၀ နီးပါး တည်တံ့ခဲ့ပြီး ယနေ့ထက်တိုင် ကျန်ရှိနေသည့် အမျိုးသားရေး လက္ခဏာ ဖြစ်ပါသည်။

ပုဂံမင်းဆက်နောက်ပိုင်း ဆက်ခံသည့် မြန်မာမင်းဆက်များသည် မြို့တော်ကို အတည်တကျ မထားတော့ပဲ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့စိုးစံတဲ့ ဓလေ့ဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ဘုရင့်မြို့တော်များ အများအပြား ပေါ်ပေါက်လာခဲ့သည်။

ဥပမာအားဖြင့် ယိုးဒယားဘုရင်အဆက်ဆက်သည် အေဒီ ၁၃ ရာစုမှစ၍ ၁၇၆၇ ခုနှစ် မြန်မာတို့ ဖျက်ဆီးချိန်အထိ အယုဒ္ဓယကိုသာ မင်းနေပြည်တော် အဖြစ် ငါးရာစုနီးပါးအခြေစိုက်ခဲ့ကြသည်။

မြန်မာမင်းများ တည်ထောင်စိုးစံခဲ့သော နေပြည်တော်များအနက် အင်းဝမြို့သည် မြန်မာ့သမိုင်းတွင် အလွန်အရေးပါခဲ့သော်လည်း ယခုခေတ်တွင် အင်းဝမြို့၏ တည်နေရာကို မသိသည့် ပုဂ္ဂိုလ်များ အများအပြားရှိလာပါသည်။

အတိတ်ကာလများတွင် အင်းဝ၏ ဘုန်းတန်ခိုးသည် ”အထက်မှာ အင်းဝ၊ အောက်မှာ ဟံသာဝတီ” ဟု ဆိုရလောက်သည့်အထိ တောက်ပခဲ့သည်။ ဟံသာဝတီမှာ ယနေ့ခေတ်တွင် ပဲခူးမြို့အဖြစ် ဆက်လက်တည်ရှိနေသော်လည်း အင်းဝသည် မြို့ပျက်ကြီးအဖြစ်သာ ကျန်တော့သည်။

အင်းဝမြို့တော်ကို နန်းမြို့တော်အဖြစ် ၁၃၆၄ မှာ ၁၅၅၅ အထိ အင်းဝမင်းဆက်၏ မြို့တော်အဖြစ်လည်းကောင်း၊ ၁၆၀၀ ပြည့်နှစ်မှ ၁၇၅၂ အထိ ညောင်ရမ်းမင်းဆက်၏ မြို့တော်အဖြစ်လည်းကောင်း၊ ကုန်းဘောင်မင်းဆက် ဆင်ဖြူရှင်မင်းလက်ထက် နှင့် စစ်ကိုင်းမင်း လက်ထက်တို့၌ လည်းကောင်း နှစ်ပေါင်း ၃၅၀ ကျော် အကြိမ်ကြိမ် နန်းစိုက်ခဲ့ကြသည်။

အင်းဝမြို့သည် ဧရာဝတီမြစ်နဲ့ မြစ်ငယ်မြစ် ဆုံရာအရပ်မှာ တည်ရှိပြီး မြို့၏ အရှေ့ဖက်တွင် မြစ်ငယ်မြစ်၊ မြောက်ဖက်တွင် ဧရာဝတီမြစ် စသည့် မြစ်နှစ်စင်းက မြို့ကို သဘာဝကျုံးသဖွယ် အကာအကွယ်ပေးထားသည်။

ရှေးယခင်က အင်းဝမြို့ရဲ့ တည်နေရာသည် မိုးရာသီတွင် ရေများဖုံးလွှမ်းနေတတ်ပြီး ရေပြန်ကျချိန်၌ မညီမညာဖြစ်နေသည့် မြေသားများပေါ်ထွက်လာတတ်သည်။

အင်းဝနေရာတွင် ပထမဦးဆုံးမြို့တည်ရန်ကြိုးစားခဲ့သူမှာ တစ်စီးရှင် သီဟသူ ဖြစ်ပြီး မြို့တည်တိုင်းရေဖျက်သည့် အတွက် မအောင်မြင်သည့်နောက်ပိုင်း ပင်းယကို ပြောင်းရွှေ့စိုးစံခဲ့သည်။

၁၃၆၄ တွင် သတိုးမင်းဖျားသည် လက်ရှိအင်းဝ တည်နေရာ၌ အင်းများကို မြေဖို့ခြင်း၊ မြေညှိခြင်းများပြုလုပ်ပြီး အင်းဝမြို့ကို စတင် တည်ထောင်ခဲ့ပါသည်။

အင်းများတည်ရှိရာ အရပ်ဖြစ်ခြင်း၊ မြစ်နှစ်ခု၏ အဝတွင် တည်ရှိခြင်းကြောင့် အင်းဝမြို့ဟု ခေါ်တွင်ပြီး အမည်အပြည့်အစုံမှာ အင်းဝရတနပူရ ဖြစ်ကာ အင်း ကိုးအင်းကို မြေဖို့ပြီး မြို့တည်ခဲ့သောကြောင့် အင်းနဝ ဟုလည်းခေါ်သည်။

ညောင်ရမ်းခေတ်အရောက်တွင် အဝ၊ ရွှေဝ စသဖြင့် ခေါ်ဆိုကြပြီး နိုင်ငံခြားသားများ၏ မှတ်တမ်းများတွင် ”Ava” ဟု ဖော်ပြခဲ့ကြသည်။

၁၃၆၄ တွင် သတိုးမင်းဖျားသည် အင်းဝမြို့နှင့်အတူ အင်းဝမင်းဆက်ကို တည်ထောင်သည်။ ပင်းယနှင့် စစ်ကိုင်းမြို့များကို အောင်မြင်ပြီး အင်းဝ၏ ဩဇာအာဏာ ပိုမိုကြီးမားလာခဲ့သည်။

အောက်မြန်မာပြည်တွင်လည်း ဗညားဝါရူး တည်ထောင်တဲ့ မွန်လူမျိုးများ၏ ဟံသာဝတီအခြေပြု မဂဒူးမင်းဆက်သည် ဘုန်းတန်ခိုး ကြီးမားလာပြီး အင်းဝနဲ့ စစ်ပြိုင် တိုက်ခိုက်တဲ့အထိ ဖြစ်လာသည်။

အင်းဝမင်းဆက် ဒုတိယမြောက်မင်း ​မင်းကြီးစွာစော်ကဲ လက်ထက်မှစ၍ ဘုရင်မင်းခေါင် လက်ထက်အထိ ဟံသာဝတီဘုရင် ရာဇာဓိရာဇ်နှင့် အနှစ်လေးဆယ်ကြာ အင်းဝ – ဟံသာဝတီစစ်ပွဲကို ဆင်နွှဲခဲ့ကြပြီးအင်းဝမင်းဆက်၏ နောက်ဆုံးမင်း ရွှေနန်းကျော့ရှင် နရပတိလက်ထက်တွင် အင်းဝရဲ့ ဩဇာအာဏာ မှေးမှိန်လာကာ နောက်ဆုံး မိုးညှင်းစလုံနဲ့ သိုဟန်ဘွားတို့က အင်းဝကို သိမ်းပိုက်လိုက်ကြသည်။

သိုဟန်ဘွားကို အမတ်ကြီးတစ်ဦး ဖြစ်သူ မင်းကြီးရန်နောင်က လုပ်ကြံသတ်ဖြတ်လိုက်ပြီး အုံ့ဘောင်ခုံမှိုင်းက အင်းဝဘုရင် ဖြစ်လာပြန်သည်။ ထိုကာလတွင် အင်းဝထီးနန်းကို ရှမ်းနှင့် မြန်မာများ လွှမ်းမိုးခဲ့သည်။

ဟံသာဝတီတွင် ဘုရင့်နောင် နန်းတက်လာပြီး အင်းဝကို တိုက်ခိုက်သိမ်းပိုက်ပြန်ကာ ညီတော်မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့နှင့် အင်းဝဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။

အင်းဝဘုရင်ခံ သတိုးမင်းစော၏ သမီး နတ်ရှင်မယ်တော်နှင့် ဘုရင့်နောင်၏ မြေးတော်ကြီးတ​ဖြစ်လည်း၊ နန္ဒဘုရင်ရဲ့ သားတော်ကြီး မင်းကြီးစွာနဲ့ လက်ဆက်ခဲ့ကြသည်။

ဘုရင့်နောင် လွန်ပြီး နန္ဒဘုရင်နန်းတက်လာချိန်တွင် မင်းကြီးစွာနဲ့ နတ်ရှင်မယ်တော်တို့ အိမ်ထောင်ရေးမသင့်မမြတ် ဖြစ်ကြရာမှတဆင့် အင်းဝဘုရင်ခံ သတိုးမင်းစောက နန္ဒဘုရင်ကို ပုန်ကန်ပြီး တူတော်နန္ဒဘုရင်နှင့် ဦးရီးတော် သတိုးမင်းစောတို့အကြား စစ်ခင်းကြသည်။

သတိုးမင်းစောကျဆုံးပြီးနောက် အင်းဝကို နန္ဒဘုရင်က သားတော် မင်းရဲကျော်စွာကို အုပ်ချုပ်စေခဲ့သော်လည်း ဟံသာဝတီ ကျဆုံးသွားချိန်၌ အင်းဝလည်း အုပ်ချုပ်သူ လစ်လပ်သွားကာ မြို့ပျက်ကြီး ဖြစ်သွားပါတော့သည်။

ဘုရင့်နောင် တည်ထောင်ခဲ့သော တောင်ငူအင်ပါယာသည် သားတော် နန္ဒဘုရင် လက်ထက်တွင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့ပြီးနောက် ဘုရင့်နောင်၏ သားတော်တစ်ပါးဖြစ်သူ ရှင်သစ္စာ ( ခေါ် ) ညောင်ရမ်းမင်းတရားကြီးက အင်းဝကို ဗဟိုပြုပြီး နိုင်ငံကို ပြန်လည်ထူထောင်ခဲ့သည်။

ညောင်ရမ်းမင်းကို ဆက်ခံသူ သားတော် အနောက်ဖက်လွန်မင်းလက်ထက်တွင် ဟံသာဝတီကို ပြောင်းရွှေ့ စိုးစံခဲ့သော်လည်း နန်းတော်တည်ဆောက်မှု မပြီးစီးသေးခင်၌ သားတော်မင်းရဲဒိဗ္ဗ လုပ်ကြံသည့်အတွက် နတ်ရွာစံခဲ့သည်။

ညီတော် သာလွန်မင်းသည် မင်းရဲဒိဗ္ဗကို ဖမ်းဆီး ကွပ်မျက်ပြီး အင်းဝ၌သာ​ဆက်လက် စိုးစံခဲ့သည်။ ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်း မဟာဓမ္မရာဇာဓိပတိ လက်ထက်၌ ဘုရင်ဖြစ်သူ၏ အရည်အချင်း ညံ့ဖျင်းခြင်း၊ ရာသီဥတု ဖောက်ပြန်ပြီး အစာရေစာ ရှားပါးခြင်းတို့ကြောင့် အောက်မြန်မာပြည်တွင် မွန်တို့သည် သမိန်ထောဗုဒ္ဓကိတ္ထိကို မင်းမြှောက်ကာ ဟံသာဝတီကို ဗဟိုပြု၍ တိုင်းပြည်သစ် ခွဲထွက်လေသည်။

ထိုနှစ်များတွင် မဏိပူရ ကသည်းများနှင့် အာသံနယ်မှ ကချာများသည် အင်းဝကို အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ပြီး အင်းဝကို မနိုင်လျှင် လူသူမိန်းမတို့ကို ဖမ်းဆီးသွားကာ စစ်ကိုင်းမြို့ကို ဖျက်ဆီးခဲ့သည်။

အင်းဝတပ်များသည် ကသည်းတို့ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သော်လည်း ဟံသာဝတီတပ်များကို အင်းဝသို့ မချီတက်လာစေရန်သာ တားဆီးနိုင်ရုံသာ ရှိတော့သည်။

သမိန်ထော၏ ထီးနန်းကို ယောက္ခမ ဖြစ်သူ ဗညားဒလက ဆက်ခံပြီးနောက် ၁၇၅၁ တွင် ဟံသာဝတီသည် အင်းဝကို အပြီး တိုက်ခိုက်သိမ်းပိုက်လေသည်။ အင်းဝဘုရင် မဟာဓမ္မရာဇာ ဓိပတိနှင့် မင်းဆွေမင်းမျိုးများကို ဟံသာဝတီသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အင်းဝမြို့ကို မီးတိုက်ခဲ့သဖြင့် အင်းဝထီးနန်းပျက်ကာ မြို့လည်း ပျက်စီးသွားသည်။

ဟံသာဝတီသည် အင်းဝနှင့်ကိစ္စပြတ်သွားသော်လည်း ယိုးဒယားတို့နှင့် တဖန် စစ်ဖြစ်ပြန်သည်။ထိုအခြေအနေတွင် မုဆိုးဖို ရွာသူကြီး ဦးအောင်ဇေယျမှ မြန်မာတို့ကို အင်အားစုစည်းပြီး ပြန်လည်တိုက်ခိုက်သဖြင့် ၁၇၅၇ တွင် ဟံသာဝတီ ကျဆုံးပြီး ဗညားဒလလည်း ရွှေဘိုသို့ ပါပြန်သည်။

ဦးအောင်ဇေယျ ခေါ် အလောင်းမင်းတရားကြီး ၏ သားတော် နောင်တော်ကြီးမင်းလက်ထက်တွင် ရဲဘော်ရဲဖက်ဟောင်း မုဆိုးခြုံဦးတွန်မှ အင်းဝမြို့ဟောင်းကို အခြေပြုပြီး ပုန်ကန်သဖြင့် အင်းဝကိုတိုက်ခိုက် ဖျက်ဆီးရပြန်သည်။

ညီတော် ဆင်ဖြူရှင်မင်းလက်ထက်တွင် နန်းတော်ကို ရွှေဘိုမှ အင်းဝသို့ ပြန်လည် ပြောင်းရွှေ့ပြန်သည်။ ထိုနှစ်များတွင် မြန်မာတပ်များသည် ယိုးဒယားသို့ ချီတက် တိုက်ခိုက်ပြီး အယုဒ္ဓယကို အပြီးတိုင် ဖျက်ဆီးခဲ့သည်။ တရုတ်မန်ချူးတပ်များသည်လည်း ဗန်းမော်နှင့် ကောင်းတုံမှတဆင့် မြန်မာနိုင်ငံသို့ လေးကြိမ်တိုင်တိုင် ဝင်ရောက်ကျူးကျော်တိုက်ခိုက်သည်။

သုံးကြိမ်မြောက်တွင် တရုတ်တပ်များအင်းဝ နှင့် မိုင်သုံးဆယ်သာ ဝေးသည့် စဥ့်ကိုင်မြို့ အထိ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ကံကြမ္မာသည် အင်းဝနှင့် ဆင်ဖြူရှင်ဘုရင် အပေါ်တွင် များစွာ မူတည်ခဲ့သည်။

ဆင်ဖြူရှင်မင်းသည် အင်းဝကို မစွန့်ခွာပဲ တည်ငြိမ်ရင့်ကျက်စွာ ကိုယ်တိုင် ကာကွယ်ရန်ပြင်ဆင်ခဲ့ပြီး မြို့သူမြို့သားများအား နေမြဲအတိုင်း နေစေခဲ့သည်။

တရုတ်တပ်များလည်း အင်းဝကို တိုက်ခိုက်ရန် အင်အား မလုံလောက်ဟု ယူဆပြီး စောင့်ဆိုင်းရာမှ မြန်မာတို့၏ တန်ပြန်တိုက်ခိုက်ခြင်းကို ခံရသည်။

ရိက္ခာပြတ်တောက်မှုနှင့် မြန်မာတို့၏ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် တရုတ်တပ်များအားလုံး စဥ့်ကိုင်မှတဆင့် တရုတ်ပြည်သို့ ပြန်လည်ဆုတ်ခွာသွားပြီး တရုတ်စစ်သူကြီး မင်းယွီလည်း မိမိကိုယ်ကို အဆုံးစီရင်လိုက်သည်။

အင်းဝသည်လည်း ပြည်ပရန်မှ ကင်းဝေးခဲ့ပြန်သည်။ ဗဒုံမင်းလက်ထက်တွင် နန်းတော်ကို အင်းဝမှ အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။

ဗဒုံမင်း ( ဘိုးတော်ဘုရား) ကို ဆက်ခံသော စစ်ကိုင်းမင်း ( ဘကြီးတော်ဘုရား) လက်ထက်တွင် အင်းဝသည် နေပြည်တော် ပြန်ဖြစ်လာပြန်သည်။ ၁၈၂၄ တွင် ရှင်မဖြူကျွန်း အရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် အင်္ဂလိပ်တို့ စစ်ဖြစ်ကြရာ အင်္ဂလိပ်များ အင်းဝအထိ စစ်သင်္ဘောများနှင့် ချီတက်လာသဖြင့် ရန္တပိုရွာ၌ စစ်ပြေငြိမ်းခဲ့ရသည်။

ထိုအချိန်တွင် အင်းဝသည် မြန်မာဘုရင်တို့၏ နေပြည်တော်အဖြစ် နောက်ဆုံး တည်ရှိခဲ့ချိန်လည်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် စစ်ကိုင်းမင်း နန်းချခံရပြီးနောက် ဆက်ခံသူ ညီတော်သာယာဝတီမင်းသည် အမရပူရသို့ မြို့တော်ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး မင်းဆက်သုံးဆက်မြောက်တွင် မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်လက်အောက်ကျရောက်သွားခဲ့လေသည်။

အင်းဝမြို့သည်လည်း၁၈၃၉ တွင် လှုပ်ခတ်ခဲ့သော အင်းဝငလျင်ကြီးကြောင့် မြို့ဟောင်းတစ်ခုလုံး စိစိညက်ညက် ကြေသွားခဲ့လေသည်။

ကိုလိုနီခေတ်တွင် အင်းဝ သည် မှေးမှိန်လျက်ရှိသော မြို့ပျက်ကြီး အဖြစ်သာ ရှိပြီး လူနေကျဲပါးခဲ့သည်။ လက်ရှိတွင် အင်းဝမြို့သည် ရှေးဟောင်းမြို့ကြီး တစ်ခုအဖြစ် တည်ရှိနေပြီး မြို့ရိုး၊ ကျုံးနှင့် နန်းမြင့်မျှော်စင်ဟောင်းတို့ကို ယနေ့ထက်တိုင် တွေ့မြင်နိုင်ပါသည်။

ကုန်းဘောင်ခေတ် လက်ရာများဖြစ်ကြတဲ့ ဗားဂရာဘုန်းကြီးကျောင်း၊ မယ်နုအုတ်ကျောင်း၊ လေးထပ်ကြီးကျောင်း၊ အတွင်းမြို့ရိုး၊ အပြင်မြို့ရိုး၊ ရတနာဆီမီးဘုရား၊ နန်းမြင့်မျှော်စင် တို့ကို အခုချိန်ထိ အကောင်းအတိုင်း နီးပါး တွေ့မြင်နိုင်ပါသေးသည်။ 

မြန်မာမှန်ရင် ပုဂံရောက်ရမယ် ဆိုသလို အင်းဝသည်လည်း ပုဂံနီးပါး ဂုဏ်ရောင် တောက်ပြောင်ခဲ့ကြောင်း သတိပြုကြရမည် ဖြစ်ပါသည်။

crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်