ကဗျာလွတ်အကကို တီထွင်ခဲ့သူ ဝဏ္ဏကျော်ထင်ဘွဲ့ရ အဆိုတော် အငြိမ့်မင်းသမီးကြီး ဒေါ်သြဘာသောင်း

ဒေါ်ဩဘာသောင်း (၁၁ ဧပြီ ၁၈၉၈–၁၃ ဇန်နဝါရီ ၁၉၇၁) သည် အငြိမ့်မင်းသမီးနှင့် အဆိုတော်တစ်ဦးဖြစ်ပြီး ကဗျာလွတ်အကကို တီထွင်ခဲ့သူ ဖြစ်သည်။

ဒေါ်ဩဘာသောင်းကို ၁၈၉၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ အဘ အင်ဂျင်နီယာ ဦးစံဒွန်း၊ အမိဒေါ်သာလိတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မသောင်းတင် ဖြစ်သည်။

ဩဘာသောင်း ငယ်စဉ်ကပင် အဆိုအကဝါသနာထုံခဲ့သည်။ သဘင်မျိုးရိုးမဟုတ်သော်လည်း အတီးအမှုတ် ဝါသနာပါသော ဖခင်ဖြစ်သူက အားပေးသဖြင့် အငြိမ့်သဘင်လောကသို့ ရောက်၍လာခဲ့ခြင်း ဖြစ်သည်။

ကလေးဘဝကပင် ရန်ကုန်၊ ကြက်တန်း၊ ဘုရားဖြူဆရာတော်ပျံတော်မူရာ ရေကျော်ဆီဆုံတန်း၊ ယိမ်းတွင် ပါဝင် ကပြရာမှ အကကောင်းသူအဖြစ် ချီးမွမ်းခြင်းခံရသည်။ ဩဘာသောင်း ၁၃ နှစ် သမီးအရွယ်တွင် မိခင်ကွယ်လွန်သွားသဖြင့် ဖခင်ဖြစ်သူနှင့်အတူ မန္တလေး သို့ ပြောင်းရွေ့လာကြသည်။

အကအခုန် ဝါသနာကြီးသည့် သမီးဖြစ်သူကိုလည်းအဆိုအကတွင် ထွန်းထွန်း ပေါက်⁠ပေါက်ဖြစ်စေရန် ထိုခေတ်က ပန်တျာကျောင်းကဲ့သို့ သင်ကြားပေးနေသော ပေါက်⁠ပေါက်တန်း ဇာတ်စာရေးဆရာ ဦးထွန်းရထံ အဆိုအကပညာများ သင်ကြားခဲ့ရသည်။

ငါးလခန့်အကြာတွင် အငြိမ့်တစ်ငြိမ့်မှသဘောကျသဖြင့် ခေါ်ယူခဲ့ရာ ၁၄ နှစ် သမီးအရွယ်မှာပင် အငြိမ့်မင်းသမီးဖြစ်လာခဲ့သည်။ ဆရာဖြစ်သူ ရွေး ချယ်ပေးသည့်အမည်မှာ ဩဘာသောင်းတင်ဖြစ်သော်လည်း နောက်တွင် ဩဘာသောင်း အမည်ဖြင့်သာ ထင်ရှားကျော်ကြားခဲ့လေသည်။

ဩဘာသောင်း အငြိမ့်လောကသို့ မဝင်ရောက်မီက အငြိမ့်မင်းသမီးကြီးများမှ သီချင်းကြီး၊ သီချင်းခန့်၊ မြိုင်ထ၊ ဘောလယ်များ သီဆိုရ၍ ငြိမ့်ညောင်းသာယာသော တေးသံဖြင့် ညက်ညက်ညောညော ကကြသော်လည်း ဩဘာသောင်း အငြိမ့်စင်ပေါ်သို့ ရောက်ရှိလာသောအခါ တေးထပ် မြိုင်ထတို့ကို ပစ်ပယ်ပြီး

ယောက်ျားများ စိတ်လှုပ်ရှားစေသည့် စန်ကွေထူး၊ ဘာဂီတင်၊ ကာတစ်စသည့် သီချင်းများ သီဆိုကပြခဲ့ရာ အဆိုအတီး မြူး⁠မြူးကြွကြွ၊ အက ကလည်း သွက်သွက်လက်လက်ဖြင့် အငြိမ့်ခေတ်တစ်ခေတ်ပြောင်းခဲ့သည်။

ဩဘာသောင်းအငြိမ့် ကလေရာတွင် ကျောင်းသားများ၊ ကာလသားများ ဝိုင်း⁠ဝိုင်းလည်ခဲ့သည်အထိ စန်းထခဲ့သည်။ သို့ကြောင့်ပင် ဇာတ်မင်းသား ဖိုးစိန်ကြီးက မင်းသမီးကို အရူးအမူးဖြစ်နေကြသည့် လူငယ် များကို သတိပေးသောအနေဖြင့်ဇာတ်သမကို မခင်တွယ်ကြနဲ့ သဘင်သည် ဝေးရာကကြည့်ဆိုသည့် သီချင်း သီဆို၍ ဥက္ကာသေနမယ် ရူပဇာတ်ကို ကပြခဲ့ရသည်ဟု အဆိုရှိခဲ့သည်။

အဆစ်ကျဲကျဲ ကရာမှာ လေဘာတီမြရင် အကောင်းဆုံး၊ ဆစ်စိပ်စိပ် ကရာမှာ ဩဘာသောင်း အကောင်းဆုံးဟု အငြိမ့်သဘင်လောကတွင် ပြောစမှတ်ပြုခဲ့ရသည်။

မင်းသမီးမထွေးလေး၊ မင်္ဂလာ သိန်းညွန့်၊ မစံထား၊ မစံရှား၊ ဇာတ်မင်းသား ဦးစိန်အုပ် စသည် ထင်ရှားသောမင်းသား မင်းသမီးများ ရွာစားကြီး စိန်ဗေဒါ၊ အဆိုတော်ဆရာမှန် စသည့် ဂီတပညာရှင်များထံမှ အဆိုအကပညာများ သင်ယူခဲ့သည်။

ဩဘာသောင်း ကိုယ်တိုင် စန္ဒယား၊ ပတ္တလား၊ ဟွန်းတယောဂီတတူရိယာများ တီးနိုင်သူဖြစ်သည်။

ဖခင်ကြီးက ရုပ်သေးမင်းသမီးကြိုးဆွဲဆရာ ဆရာမှန်ကို အိမ်သို့ပင့်ဖိတ်ခေါ်ယူ သင်ကြားပေးသည်။ ဆရာမှန်၏ မင်းသမီးရုပ်ကို အတုယူကပြရာမှ ခြေလက်ခေါင်းခါး မင်းသမီးဂွင်အနေအထားတွင် လှပညက်ညောသူအဖြစ် နာမည်ကျော်ကြားခဲ့သည်။

အသက် ၃၈ နှစ်တွင် ခင်ပွန်းသည်၏ ဆန္ဒအရ အငြိမ့်လောကမှ အနားယူခဲ့ရသည်။

၁၉၅၃ ခုနှစ် မန္တလေးပန်တျာကျောင်း စတင်ဖွင့်လှစ်သည့်အခါ အကနည်းပြဆရာအဖြစ် တာဝန်ယူသင်ကြားခဲ့ရသည်။

ဒေါ်ဩဘာသောင်းသည် ကဗျာလွတ်အကကိုလည်း မင်းသား ရွှေဒေါင်းညို၊ စိန်လှမောင် တို့နှင့် ညှိနှိုင်းတိုင်ပင် တီထွင့်ခဲ့ရာ မြန်မာအကသမိုင်းတွင် မှတ်တမ်းတင်ခြင်း ခံရသည်အထိ အောင်မြင်ကျော်ကြားခဲ့သည်။

ကဗျာလွတ်မိခင်ကြီး ဝဏ္ဏကျော်ထင် ဒေါ်ဩဘာသောင်းသည် ၁၉၇၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန်သည်။

Crd,ဝီကီပီးဒီးယား