နန်းတွင်း နှင့် ပြင်သစ်မီးစက်
မန္တလေးတွင် လျှပ်စစ်ဓာတ်မီးကို စတင်အသုံးပြုခဲ့သည်မှာ သက္ကရာဇ် ၁၂၄၆ (၁၈၈၅) ခု သီတင်းကျွတ်လတွင် ခမ်းနားကြီးကျယ်စွာ ဆင်ယင်ကျင်းပခဲ့သော သီပေါဘုရင်၏ သမီးတော် နားထွင်းမင်္ဂလာပွဲမှ စတင်ခဲ့သည်ဟု မှတ်သားဖူးသည်။
ထိုစဉ်က မန္တလေးမြို့တွင်း အသီးသီးသော ရပ်ကွက်များ၌ ဆီမီး၊ ကညင်မီးတို့သာ သုံးစွဲနေချိန်၌ ကျုံးမြို့ရိုးကာရံထားသော နန်းတွင်း၊ နန်းမြို့တော်တွင် “အလိုမဲ့ထွန်းလင်းစေနိုင်သည့် လျှပ်စစ်ဓာတ်မီး” ကို ထိန်ထိန်လင်းလင်းမျှ သုံးစွဲခေတ်မီနေချေပြီ။
အလိုမဲ့ထွန်းလင်းစေနိုင်သော လျှပ်စစ်ဓာတ်မီး
သီပေါမင်းလက်ထက်၊ သမီးတော် နားထွင်းမင်္ဂလာမှ အစပြု၍ သုံးစွဲသော လျှပ်စစ်ဓာတ်မီးကား မီးစက်မီးဖြစ်၏။ ယခုကဲ့သို့ တရုတ် အင်ဂျင်တော့ ဟုတ်ဟန်မတူ။
အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသို့ ၁၈၇၅ ခုနှစ်ကတည်းက ရောက်ရှိကာ မြန်မာဘုရင်ထံ အမှုထမ်းနေသော ပြင်သစ်အင်ဂျင်နီယာ ဘွန်ဘီလိန်းက ပါတော်မူပြီးနောက် မြန်မာအစိုးရ ရှင်ဘုရင်ထံမှ ရလိုကြောင်းတောင်းခံခဲ့သည့် “အကြွေးတော်” စာရင်းတွင် ၁၈၈၁ ခုနှစ် ကန်ထရိုက်စာချုပ်အရ တင်သွင်းသည့် မီးစက် ၅ လုံးတန်ဖိုး (၆၀၇၅)ကျပ် ဟူသော “ရရန်”စာရင်းတစ်ခု ပါရှိသည်။
ထို့ကြောင့် သီပေါမင်း သုံးစွဲသော “အလိုမဲ့ထွန်းလင်းစေနိုင်သော လျှပ်စစ်ဓာတ်မီး” ဟူသည် ပြင်သစ်မီးစက်မှ ထွန်းညှိသော လျှပ်စစ်မီး ဖြစ်နိုင်သည်။
ကျောက်ဖယောင်းတိုင်များ ပိုမိုသုံးစွဲခဲ့
သို့ရာတွင် နန်းတွင်း၌ ထိုမီးစက်ကို ၂၄ နာရီ မီးလင်းရေး အစီအစဉ်ဖြင့် ထွန်းညှိသလော၊ မဟုတ်တန်ရာ။
အဘယ့်ကြောင့် ဆိုသော် လျှပ်စစ်မီးကို သက္ကရာဇ် ၁၂၄၆ ခုနှစ် သီတင်းကျွတ်လမှ စတင်ခဲ့သည်ဟု ဆိုသော်လည်း ဘုရင့်အမိန့်တော်နှင့် ဆရာတော်သံဃာတော်များကို လှူဒါန်းရာတွင်လည်းကောင်း၊ နန်းတွင်း၌ အသုံးပြုရန် သက်ဆိုင်ရာ ဝန်ကြီးများကို ပေးအပ်ရာ၌လည်းကောင်း၊
တောင်ပန်းခုံအုတ်တိုက်တော်ကဲ့သို့ အဆောက်အဦးများ မီးလင်းရေး အတွက်လည်းကောင်း စသည့် အသုံးစရိတ် စာရင်းရှင်းတမ်းများတွင် ထိုသူအသီးသီးကို ပေးအပ်သည့် ကျောက်ဖယောင်းတိုင် သေတ္တာအရေအတွက် နှင့် ကုန်ကျစရိတ်ဟု ပါရှိနေခြင်းကြောင့် ဖြစ်၏။
အရေးကြီးသော အခမ်းအနားများအတွက်သာ
ထို့ကြောင့် သီပေါဘုရင်သည် ပြင်သစ်ထံမှ မီးစက်ဝယ်ထားသော်လည်း သမီးတော်နားထွင်းမင်္ဂလာကဲ့သို့ အရေးတကြီး အခမ်းအနားများ၌သာ သုံးပုံရသည်။
ကျန်အချိန်များ၌ မိဖုရားခေါင်ကြီးကပင် စံပြနမူနာအဖြစ် ကျောက်ဖယောင်းတိုင်ကိုပဲ သုံးစွဲနေလိမ့်မည်။ ကျောက်ဖယောင်းတိုင်သတ္တာ ၂၀၀ မှာ ငွေဒင်္ဂါး ၉၀၀ ဟူသောကြောင့် ဖယောင်းတိုင် တစ်သေတ္တာမှာ ၄ ကျပ်ခွဲပဲ ကျသင့်ပေမည်။
အဆိုပါ လျှပ်စစ်မီးအတွက် ၁၈၈၁ ခုနှစ်တွင် ကန်ထရိုက်စာချုပ်အရ ငွေကျပ် ၆၀၇၅ တန်ဖိုးရှိ ပြင်သစ်မီးစက် ၅ လုံးသာ ဝယ်ယူ တင်သွင်းသည် ဆိုသည်မှာ ရွှေမြို့တော်ကြီးတွင် နန်းဆောင်ပေါင်း ၅၀ နီးပါးအတွက် ထိုအရေအတွက်မှာ လိုသည့်နေရာ အရေးပေါ် သုံးရန်နှင့် သမီးတော် နားထွင်းမင်္ဂလာစသော ပွဲကြီးလမ်းကြီးများအတွက်ပဲ ဖြစ်ပုံရသည်။
သို့မဟုတ် စက်ရုံတော်များအတွက် အသုံးပြုရန်လည်း ဖြစ်နိုင်ပေသည်။ ကျန်အချိန်များတွင် အမှောင်ထဲ၌ လျှပ်စစ်မီးမရှိဘဲ နေခဲ့ကြတာ ရတနာပုံခေတ်ကတည်းက အသားကျခဲ့ကြပြီ။
crd, ဆူးငှက်