“အောင်ဖေတော့ ညောင်းသွားပြီ”စကားဖြစ်ပေါ်လာပုံ(သို့) တစ်ချိန်က ရွှေမန္တလေးရဲ့ ယမကာလုလင်ကြီးများအကြောင်း

“အောင်ဖေတော့ ညောင်းသွားပြီ”

ငယ်ငယ်တုန်းက ခဏခဏ ကြားဖူးတဲ့စကား အခုမှဘဲအဓိပ္ပါယ်သေချာသိရတော့တယ်။ မန္တလေးဆိုတာဂန္တဝင် ယမကာသမား များပေါ်ထွန်းရာမြို့(Since –1886) Mandalay Rum ဆိုတာ ကျုံးရေနဲ့ ချက်မှ ရတဲ့ ကမ္ဘာ့ No. 1ဖြစ်ခဲ့တဲ့ Firstclass….ဗျ။

အိမ်ရှေ့မင်းထန်းတောဆိုတာ ပြည်တွင်းစစ်ကြီး ဖြစ်တဲ့အချိန်မှာ ဗ.က.ပ ရော ၊ ဗမာ့ တပ်မတော်ရော ဒီနေရာ မှာ စခန်းမချဖို့ နဲ့ မီးမရှို့ဖို့ နှစ်ဖက်နားလည်မှု့ ယူပြီး ထန်းရေသောက်ရာနေရာ။ ငြိမ်ချမ်းရေး ဖိုရမ် စစ်ကင်းမဲ့ဇုန်ကြီးပေါ့။

ထန်းနောင်းခေါက် သဘာဝစိမ်ရည်နဲ့ ချက်တဲ့ တောင်ကုန်းကြီး တောအရက်ဆိုတာ မသောက်ဖူး သမျှ၊ အောင်ပင်လယ် မုယောစပါးနဲ့ချက်တဲ့ ဆန်အရက် မသောက်ဘူးသမျှ ကိုယ့်ကိုကိုယ် ဂန္တဝင်ဆန်တဲ့ အရက်သမားပါလို့ မန္တလေးမှာ လာပြောခွင့်မရှိဘူး။

BEDC လို့ခေါ်တဲ့ 3 in 1 Degree Of Alchol ကို လူတန်းစားမခွဲခြားဘဲ တစ်ယောက်တစ်ပိုင်း လစ်မစ်နဲ့ရောင်းတဲ့ ကလေးသူငယ်တွေ ဝယ်ခွင့်မရှိတဲ့ Cs2a အရက်ဖြူဆိုင် စစ်စစ်တွေသာ ရှိတဲ့မြို့။

ဒါးတန်းက ဘိလပ်ရည် စိမ်းစိမ်းလေးနဲ့ရောသောက်ရင် မင်း ယောကျာ်းမဟုတ်ဘူးလားလို့ အမေးခံရတဲ့မြို့ ။ဒီမြို့က အရက်သမားတွေက စည်းကမ်းရှိတယ်။

ဂန္တဝင်ဆန်တယ်။ညနေ နေညို လို့ လေပြိုလာတဲ့အခါ ဘုံဆိုင်ကိုလာကြတယ်။ ခွက်​ကျော်၊လက်ကျော် ၊အလှည့်ကျော် ကြားဖြတ်ပြီး တန်းမစီဘူး။

အရှိန်လေး နည်းနည်း ရလာတဲ့အခါ ကဗျာရွတ်ကြတယ်။သီချင်းရေးကြတယ်။ ရှင်သန်ခြင်းကို ငြင်းခုန်ရာ နေရာဖြစ်တယ်။ ပစ္စည်းမဲ့ လူတန်းစားတို့ရဲ့ သမဆိုင် စစ်စစ်ဖြစ်လို့ ဘုံဆိုင် လို့ ချစ်စနိုးနဲ့ ခေါ်တယ်။

ပရဟိတ အရက်သမားအောင်ဖေ

ထို ဘုံဆိုင်ထဲ ကို ရောက်လာတဲ့ အခါ ပိုက်ဆံမပါဘူးလား ? ဖန်ခွက် တစ်လုံးယူပြီး အောင်ဖေလို့သာ အော်လိုက် .. ဘေးဝိုင်းက အရက်သမားတွေ က နည်းနည်းစီ ဒါနပါရမီ လာဖြည့်ပေးကြလိမ့်မယ်။

ကိုယ့် မသောက်နိုင်တော့ရင်တော့ စားပွဲပေါ်မှာ သောက်လက်စ ခွက်ကိုမှောက်ထား ။ ”တယောက်တော့ ညောင်းသွားရှာပြီလို့ “ကျန်တဲ့ အရက်သမားတွေက နားလည်ပေးပြီး ကိုယ့်အလှည့်ကို ကျော်ပြီး သောက်ပေးရှာတယ်။

စားပွဲပေါ်မှာမူးပြီး မှောက်သွားရှာပြီ ဆိုရင်တော့ အိမ်အထိရောက်အောင် ထမ်းပို့ ၊တွဲခေါ်ပေးကြရှာတယ်။အောင်ဖေ ဆိုတာ အမှတ် (၅)ကားကို မောင်းတဲ့ ကားဆရာလူပျိုကြီး တစ်ယောက် ပေါ့။ ပရဟိတ အရက်သမား။

ကားသိမ်းပြီးလျှင် နေ့စဥ်မပြတ် ဘုံဆိုင်မှာလာလာသောက်တတ်ပြီး မရှိဆင်းရဲသား အရက်သမားများအတွက် တစ်လုံး လှူတတ်သူ .ဆိုင်မန်နေဂျာ ပက်ချိန် ထံမှာ ပိုက်ဆံရှင်းပေးထားသူ

ကိုအောင်ဖေ ကို လေးစားတဲ့ အရက်သမားတွေဟာ ကိုယ်တတ်နိူင်ရာ တစ်ပက်ပဲဖြစ်ဖြစ် ၊တစ်ပိုင်းပဲဖြစ်ဖြစ် သောက်လို့ ပိုတဲ့ အရက်ပဲဖြစ်ဖြစ် ဒါနကုသိုလ်ယူဖို့ အောင်ချိန် ခရား လို့ ခေါ်တဲ့ ရေနွေးအိုးထဲမှာ ထည့်ပေးကြတယ်။

ဒီနေ့ သောက်စရာမရှိတဲ့ အရက်သမားဟာ အောင်​ဖေခရားထဲက အရက်ကို ဖရီးသောက်ခွင့်ရှိတယ်။

ကိုအောင်ဖေ သေတော့အသုဘလိုက်ပို့တဲ့ အရက်သမားတွေ ၊ သောက်ဖော်သောက်ဖက်တွေဟာ မကြုံဖူးအောင် စည်ကားခဲ့တယ်တဲ့…။

ဒါဟာ တကယ်အဖြစ်အပျက်ပါ…။ငါမမူးသေးဘူး…ငါမမူးသေးဘူးဆိုပြီး …”မန္တလေးကျုံးရေ မခမ်းသမျှ ပေါ့ ”

ဆရာစိုင်းခမ်းလိတ် သီချင်းကို သူတို့ ဆိုတတ်ကြတယ်….။

လေးစားစွာဖြင့်crd,ပေးပါသည် (အဏ္ဏဝါလင်းဟန်)