မန္တလေးသားတွေ သတိမမူခဲ့ကြတဲ့ ဈေးချိုအနောက်နားက ဆင်နဲ့ မိကျောင်းတံတား တို့ရာဇဝင်အကြောင်း

ဈေးချိုအနောက်နားက ဆင်နဲ့ မိကျောင်း

မန္တလေး ဈေးချိုတော်ကြီး အနောက်နားတွင် ဆင်နှစ်ကောင် နှင့် မိကျောင်း နှစ်ကောင်ရှိတာ နှောင်းခေတ် မန္တလေးသားတွေ သတိမမူခဲ့ကြပေ။

တကယ်တော့ ထိုဆင်နှင့် မိကျောင်းကြီးတွေက မန္တလေးမြို့ မတည်ခင်ကတည်းက ရှိနေခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ သူတို့ိ သက်တမ်းက နှစ် ၁၇၀ကျော်ပြီပေါ့။

ဆင်တံတား

ဆင်တံတားဟူသည် ဈေးချိုတော်ကြီး အနောက်ဘက် ၈၆လမ်း ၂၇လမ်းနှင့် ၂၈လမ်းကြားရှိ အုတ်အင်္ဂတေဖြင့် တည်ဆောက်ထားသော ဆင်ရုပ်ကြီး နှစ်ကောင်ရှိရာ အုတ်တံတားကြီးဖြစ်သည်။

အဆိုပါအုတ်တံတားကြီးက အိမ်တော်ရာဘုရား အရှေ့မုခ်အထိ ရှည်လျားသည်။ အိမ်တော်ရာဘုရားကို မန္တလေးမြို့တည်၊ နန်းတည်နှစ်မတိုင်မီ ၁၂ဝ၉ ခုနှစ်တွင် ပုဂံမင်းက သူ၏အိမ်တော်နေရာတွင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။

ဆင်တံတားမှာ အိမ်တော်ရာ စေတီတော်ကြီးပြီးမှ တည်ဆောက်ခြင်း ဖြစ်ပြီး တံတားဒါယကာမှာ ”နိဗ္ဗာနပစ္စယနာဂဆဒ္ဒန် ဆင်မင်း” ကြီးဖြစ်သည်။

ထိုဆင်မင်းမှာ ဘိုးတော်ဘုရားလက်ထပ်တွင် ဟံသာဝတီတောင်ဘက် နိဗ္ဗာန်ရွာ၏ အရှေ့ဘက် ကုန်းသာယာအမည်ရှိ တောတွင်းမှ ဖမ်းယူရရှိပြီး တစ် ကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဆင်ဖြူတော်ဖြစ်သည်။

၁၁၆၈ ခုနှစ်တွင် ကြန်အင်နှင့်ပြည့်စုံသော ဆင်ဖြူ တော်ဖြစ်သဖြင့် ဘိုးတော်ဘုရားက ဟံသာဝတီမှ ခေတ္တစံရာ မင်းကွန်းသို့ ဆင်ဖြူတော်ကို တင်ဆောင် ခေါ်ယူခဲ့သည်။ ထို့နောက် အမရပူရတွင် ဆင်မင်း နန်းတော်ဆောက်ပေးပြီး အထိန်းအသိမ်း၊ အယုအယ များနှင့် ထားခဲ့၏။

ဆင်ကြီးအတွက် ရွှေအင်၊ ငွေအင် များအပြင် ဆင်ကြီးအတွက် အားလုံးက ဝိုင်း၍လက်ဖွဲ့ သော ပစ္စည်းများကလည်း ဆင်ကြီးပိုင်အဖြစ် အများ အပြားရှိခဲ့သည်။

ဆင်ကြီးသည် လူကဲ့သို့ သိတတ်ကာ လူစကားကို နားလည်သဖြင့် လူချစ်လူခင်ပေးသကဲ့သို့ လူအများအကျိုးအတွက်လည်း ဆင်ကြီးကဆောင်ရွက် ခဲ့ရာ နာမည်ကြီးလှသည်။

ပုဂံမင်းက အိမ်တော်ရာ စေတီတော် တည်ထားပြီးနောက် ၁၂၁ဝခုနှစ်တွင် ဆင်မင်းပိုင် ငွေတော်များဖြင့် အုတ်တံတားကြီး တည်ဆောက်ကာ တံတားဦးတွင် အုတ်ဆင်ရုပ်ကြီး ၂ရုပ် တည်ဆောက်ပြီး အလှူတော်ပြုလုပ်ပေးခဲ့၏။

ထိုဆင်တံတားပေါ်တွင် ယခင်က မန္တလေးမြို့၏ နာမည်ကြီး အိမ်တော်ရာထီးများကို ထုတ်လုပ်ရောင်း ချခဲ့သည်။

အိမ်တော်ရာထီးသည် ရဟန်းဆောင်း၊ လူဆောင်းသာမက မိန်းမပျိုကလေးများပင် နှစ်သက်စွာ ဆောင်းကြသည်။အိမ်တော် ရာထီးကို တစ်ပြည်လုံး ကျယ်ပြန့်စွာ ရောင်းချရသဖြင့် ထီးရိုးပြုလုပ်သော လုပ်ငန်းအစုအဝေးကြီးပင် ရှိခဲ့ဖူးသည်။ ထိုနေရာကို ထီးရိုးဝင်းဟု ခေါ်တွင်ခဲ့၏။ ယခု အိမ်တော်ရာထီး ပျောက်ကွယ်ခဲ့သည်မှာ ကြာပေပြီ။

မိကျောင်းတံတား

လူကြီးသူမတွေပြောသကဲ့သို့ ဒေါင်းရိုးသင်္ဘောတန်းတို့၊ ဆိုင်းတန်းသင်္ဘောတန်းတို့ နေရာမှာ သင်္ဘောတွေ လှေတွေ ဆိုက် ကပ်တာ သေချာမသေချာ မသိသော်လည်း ထိုနေရာတစ်ဝိုက်သည် ထိုစဉ်က မြေနိမ့်ပိုင်းဖြစ်ပြီး အမြဲတစေရွှံနွံများဖြင့် ထူထပ်နေမှာတော့ သေချာသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့ထက်တိုင် ဆိုင်းတန်း သင်္ဘောတန်းရပ်ရှိ နေရာအချို့တွင် မြစ်ရေတက်သည့်ကာလ၌ စိမ့်ရေများ ဒူးဆစ်ပေါင်လည်ထိ ဝင်လာဆဲ ဖြစ်သည်။

ဒေါင်းရိုးသင်္ဘောတန်းဟု ခေါ်ဆိုသည့်နေရာတွင် မန္တလေးမြို့မတည်မီ ပုဂံမင်းလက်ထက် အိမ်တော်ရာစေတီ တည်ထားကိုးကွယ်ရာတွင် အမရပူရနေပြည်တော်မှ အိမ်တော်ရာသို့ ဘုရားဖူးလာသည့် မင်းပြည်သူတို့ ရေစပ်စပ်နှင့် ရွှံထဲဗွက်ထဲ ခက်ခက်ခဲခဲ မဖြတ်သန်းရလေအောင် ၃၅လမ်းထိပ်မှ

အိမ်တော်ရာစေတီအနောက်မုခ်ထိ အုတ်တံတားကြီး ခင်းလုပ်ခဲ့သည်။ မိကျောင်းတံတားဟု ယနေ့ထက်တိုင်ခေါ်တွင်ဆဲဖြစ်ပါ၏။

၃၄လမ်းဘက် တံတားထိပ်တွင် ကြီးမားခံ့ထည် လက်ရာမြောက်သည့် အုတ်ခြင်္သေ့ကြီး ၂စီးရှိပြီး အိမ်တော်ရာဘုရားအနောက်မုခ်အနီး တံတားထိပ်တွင် မိကျောင်း၂ကောင်နှင့် ရေသူမရုပ်များရှိသည်။

အမရပူရခေတ်က ဗိသုကာလက်ရာနှင့် အုတ်တံတိုင်း လက်ရန်း အကြွင်းအကျန် များကို လွန်ခဲ့သောနှစ်သုံးဆယ်လောက်ကအထိ သိသာထင်ရှားစွာ မြင်တွေ့ ခဲ့ရသည်။

Credit