“ဒီမြန်မာကောင်ကို အသေထိုး အလောင်းကို မြန်မာပြည် ပြန်ပို့လိုက်” ဆိုတဲ့ အသံတွေ ဟိန်း နေပါတယ်။ မောင်သောင်းလည်း ဝင်လာရော အားနာပါးနာ လက်ခုပ်တီး သူတောင် မရှိခဲ့ပါဘူး။
မောင်သောင်းကို အဖဦးဖိုးခင်၊ အမိဒေါ်စိန်တို့မှ ၁၉၁၇ခုနှစ် ဒီဇင်ဘာ ၁၆ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားခဲ့သည်။
ငယ်စဉ်ထဲက အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို စစ် ( ၃ ) ကြိမ်တိုက်၍ သိမ်းပိုက်သွားခြင်းကို များစွာ ခံပြင်း ဒေါသထွက်ခဲ့သည်။
“လက်နက်အင်အား မမျှ၍ ငါတို့လူမျိုး သူများ လက်အောက် ရောက်ရပေသည်” ဟု အမြဲ အံကြိတ်၍ တောက်ခေါက်ခဲ့သည်။
အသက် ၁၀နှစ် မှစ၍ လက်ဝှေ့ထိုး လေ့ကျင့်ခဲ့သည်။ ၉တန်းနှစ်၌ မြန်မာကျောင်းသားတစ်ယောက်ကို အင်္ဂလိပ် ကပြား ၃ယောက်က ဝိုင်းထိုးနေသည်ကို ဝင်ရောက် ကူညီပြီးထိုကပြား ၃ယောက်ကို မေ့မြောပြီး သွားတွေ ကျွတ်ထွက်အောင် လက်သီးစွမ်း ပြခဲ့သောကြောင့် ၉ တန်းနှင့် ကျောင်းထွက်ခဲ့ရသည်။
ထိုစဉ်က မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများ စစ်မှုထမ်းခွင့်၊ လက်ဝှေ့ထိုးသတ်ခွင့် မရှိပေ။ ထို့ကြောင့် အိန္ဒိယသို့ သွားရောက်နိုင်ရန် ကြိုးစားရတော့သည်။
ငွေကြေး မတတ်နိုင်သဖြင့် ၁၉၄၁ခုနှစ်တွင် SS BUIMR အမည်ရှိသင်္ဘော၌ မီးထိုးသမား ဘဝဖြင့်အိန္ဒိယနိုင်ငံ ဘုံဘေသို့ လိုက်သွားခဲ့သည်။ ဘုံဘေရှိ ကြေးစားလက်ဝှေ့သမားများကို အနိုင် ထိုးသတ်ခဲ့သည်။
အလဲထိုးသည်သာ များလေသည်။ သို့သော်မောင်သောင်း၏ ရည်ရွယ်ချက်မှာ အင်္ဂလိပ်လူမျိုးများကို အလဲထိုးရန်သာ ဖြစ်သည်။ ထို့ကြောင့် အကွက်ကောင်းကို ရှာနေခဲ့သည်။
လက်သီးပြင်းရန် သဲအိတ်များကို သဲကြီးမဲကြီး ထိုးသတ်လေ့ကျင့်သလို၊ အထိုးခံနိုင်ရန် သံတုံးများ ထည့်ထားသော ပုံးကို ပါးစပ်နှင့်ကိုက်မ၍ ပါးစောင်ရှိ ကြွက်သားများ သန်မာစေရန် လေ့ကျင့်ခဲ့သည်။
နောက်ဆုံးတွင် အိန္ဒိယနိုင်ငံရှိ ကြေးစား အလဲထိုး ချန်ပီယံ အင်္ဂလိပ်လူမျိုး ဟယ်ရီဘလူး ဖြင့် ထိုးသတ်ခွင့် ရခဲ့သည်။ ၃မိနစ် ၈ချီ ထိုးသတ်ပွဲ ဖြစ်သည်။
မောင်သောင်းက ဖယ်သာဝိတ် ၁၂၆ ပေါင်၊ အင်္ဂလိပ် လက်ဝှေ့သမား ဟယ်ရီဘလူးက လိုက်ဝိတ် ၁၃၂ ပေါင် ရှိသည်။ ဒိုင်လူကြီး အင်္ဂလိပ်လူမျိုးများက ဘက်လိုက်ခဲ့သော်လည်း
ဆဌမ အချီတွင်တော့ ဒိုင်ပွဲရပ်ဖြင့် မောင်သောင်း အနိုင်ရရှိခဲ့သည်။ ဟယ်ရီဘလူး ဆေးရုံ၌ ရက် ၂၀ခန့် ကုသမှု ခံယူခဲ့ရသည်။ မောင်သောင်း ပထမအဆင့် အောင်မြင်ခဲ့ပါပြီ။
ဒုတိယအဆင့် အနေဖြင့် အင်္ဂလန်မြေ၌ အင်္ဂလိပ်ချန်ပီယံကို ထိုးသတ် ရပါဦးမည်။ မောင်သောင်းအမေရိကန်၊ စကော့တလန်၊ ထိုင်း၊ ကနေဒါ၊ အင်္ဂလန်၊ စင်္ကာပူ၊ အိန္ဒိယတို့မှ ကြေးစား လက်ဝှေ့သမားများကို အနိုင်ယူခဲ့သည်။
ထိုအချိန်တုန်းက အင်္ဂလန်မှာ ကမ္ဘာကျော်ကြေးစား လက်ဝှေ့သမားတစ်ဦး ပေါ်ထွန်းနေပါသည်။ သူ့နာမည်က ဒေါက်ဂလပ်စမင် ဖြစ်သည်။ပွဲ ၄၀ထိုး ရှုံးပွဲ လုံးဝမရှိပဲ ပွဲ ၃၀ အလဲထိုးထားသူ အင်္ဂလန်ရဲ့ သူရဲကောင်းဖြစ်သည်။
၁၉၄၇ မှာတော့ ကမ္ဘာကျော် အင်္ဂလန် လက်ဝှေ့သမား ဒေါက်ဂလပ်စမင်ကို မောင်သောင်းက လန်ဒန်သို့ သွားရောက် စိန်ခေါ်ခဲ့လေသည်။အင်္ဂလန်မြေမှာ အင်္ဂလိပ်လူမျိုး ဒေါက်ဂလပ်စမင်သာ အသာလေး နိုင်သွားမည်ဟု ကမ္ဘာ့မီဒီယာများက ရေးသားနေကြသည်။
ဧပြီလ ၁၇ ရက်နေ့တွင် လက်ဝှေ့သမား နှစ်ယောက် ကိုယ်အလေးချိန်စစ်၊ ဆေးစစ် လက်မှတ်ထိုးပြီးနောက် ပြဿနာ တက်ကြလေသည်။
ကိစ္စအားလုံးပြီး၍ လက်ဝှေ့သမား နှစ်ယောက် လက်ဆွဲနှုတ်ဆက်သောအခါ ဒေါက်ဂလပ်စမင်က ကျွန်လူမျိုး မြန်မာတစ်ယောက်ကို လက်ဆွဲ နှုတ်မဆက်နိုင်ဘူး။ငါက အင်္ဂလိပ် သခင်လူမျိုး ဖြစ်တယ် ဆိုပြီး မောင်သောင်းလက်ကို ပုတ်ချခဲ့ပါသည်။
မြန်မာ မောင်သောင်းလည်း အံကိုကြိတ်ပြီး…
“ငါကလည်း လက်နက်မမျှလို့ စစ်ရှုံးခဲ့ရတဲ့ ငါ့လူမျိုးတွေကိုယ်စား အင်္ဂလန်မြေမှာ အင်္ဂလိပ်ချန်ပီယံကို အသေသတ်ဖို့ ငယ်ငယ်ထဲက လေ့ကျင့်ခဲ့တာပဲ။ အင်္ဂလိပ်ကောင် ကြိုးဝိုင်းထဲမှာ မင်းသေပေတော့” လို့ တစ်ခွန်းချင်း ပြန်ပြောခဲ့ပါတယ်။
အရပ် ၅ပေ ၆လက်မပဲ ရှိတဲ့ လူပုလေး မြန်မာမောင်သောင်းက အရပ် ၆ ပေ ရှိတဲ့ အင်္ဂလန် လိုက်ဝိတ်တန်း ချန်ပီယံကို အသေသတ်မယ်ဆိုတော့ ၁၉၄၇ ဧပြီ ၁၇ရက်နေ့မှာလန်ဒန်မြို့ တိုရန်တို လက်ဝှေ့ရုံကြီး လူ ၃၀၀၀၀ (သုံးသောင်း) ကျော်ဖြင့် ပြည့်ညက်ပြီး လန်ဒန်မြို့သားတွေ အလုပ်တွေပစ် လက်ဝှေ့ရုံထဲ စိတ်ရောက်နေကြပါတယ်။
ကြိုးဝိုင်းဆီ ဒေါက်ကလပ်စမင် လမ်းလျှောက် ဝင်လာတာနဲ့ အင်္ဂလိပ်ပရိတ်သတ် ၃၀၀၀၀ရဲ့ အားပေးသံက ကွင်းပွင့်လု မတတ်ပါ။ ဆလိုက်မီးတွေကလည်း လမ်းတလျှောက် ထိုးပေးနေပါတယ်။
မောင်းသောင်းလည်း ဝင်လာရော အားနာပါးနာ လက်ခုပ်တီးသူတောင် မရှိခဲ့ပါဘူး။ “ ဒီမြန်မာကောင်ကို အသေထိုး အလောင်းကို မြန်မာပြည်ပြန်ပို့လိုက်” ဆိုတဲ့ အသံတွေ ဟိန်းနေပါတယ်။
မောင်သောင်းက ကြက်သွေးရောင် ကတ္တီပါ ဝတ်ရုံကြီး ခြုံပြီး ဝင်လာပါတယ်။ ဝတ်ရုံပေါ်မှာ မြန်မာမောင်သောင်းလို့ အင်္ဂလိပ်လို ရေးထိုးပြီး မြန်မာ့ဒေါင်းအလံကို အစိမ်းရင့်ရောင် အဝါရောင်တို့ဖြင့် ပုံဖော်ထားပါတယ်။
ဒေါက်ကလပ်စမင်က “မင်းကို ငါအသေသတ်မယ်”ဟု ပွဲမစခင် ပြောခဲ့ပါတယ်။ မောင်သောင်းကတော့ အံကို ကြိတ်ထားပါတယ်။ပွဲစတာနဲ့ အရပ်ရှည်တဲ့ ဒေါက်ဂလပ်စမင်ရဲ့ ထောက်လက်သီးတွေကို ရှောင်ရင်း မောင်သောင်း အတင်းဝင်လုံး ဒေါက်ဂလပ်ရဲ့ အသည်းနေရာကို ဖိထိုးပါတယ်။
ဒုတိယအချီတွင် ဒေါက်ဂလပ်၏ အသည်းနေရာကို ညာပင့် လက်သီးတစ်လုံး မောင်သောင်းက ထိုးလိုက်ရာ ဒေါက်ဂလပ် လဲကျသွားသည်။ အမှတ်စဉ် (၈) မှ ပြန်ထလာပါသည်။
ပုံမှန်ဆို ဒေါက်ကလပ် အရှုံးပေးပါပြီ။ နံရိုးတွေ ကျိုးမတတ်ဖြစ်နေပါပြီ။ဒါပေမယ့် လူပုလေး ကျွန်မျိုး မြန်မာမောင်သောင်းကို အင်္ဂလန်မြေ၊ ကိုယ့်လူမျိုး အင်္ဂလိပ်တွေရှေ့မှာ အရှုံးမပေးဘူးဆိုပြီး ရအောင် အားတင်း ဆက်ထိုးပါတယ်။
မောင်သောင်းလည်း ဘယ်လောက် အရှောင်ကောင်းကောင်း လူသန်ကြီး ဒေါက်ကလပ်ရဲ့ ထိုးချက်တစ်ချို့ကို ပြင်းပြင်းထန်ထန် ထိထားတော့ မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းနဲ့ပါ။
စတုတ္ထအချီနဲ့ ပဉ္စမအချီမှာတော့ ဒေါက်ကလပ်က နံကြားနဲ့ အသည်းနေရာကို တံတောင်နဲ့ ကာထားတော့ လွတ်နေတဲ့ မျက်နှာနဲ့ နားထင်ကိုမောင်သောင်း အတင်းဝင် လုံးပြီး ထိုးတာ ဒေါက်ကလပ်နားထင်ကွဲပြီး သွေးတွေ ယိုစီးကျလာပါတယ်။
အဲဒီအချိန်မှာပဲ အင်္ဂလိပ်ဒိုင်တွေက သူတို့လူ နာလို့၃မိနစ် မပြည့်ပဲ ၂မိနစ်နဲ့ ဆဉ္စမအချီ ပွဲပြီး ခေါင်းလောင်းတီးပြီး သူတို့လူ ဒေါက်ကလပ် မရှုံးအောင် နားရအောင် ဝိုင်းညစ်ကြပါတယ်။
မောင်သောင်းလည်း မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းနဲ့ ဖူးယောင် မူးဝေနေပါပြီ။ ဒါပေမယ့် အားတင်းထားပါတယ်။သူငယ်ငယ်ထဲက လက်ဝှေ့ လေ့ကျင့်လာတာ အင်္ဂလိပ်တွေကို အလဲထိုးဖို့ မှတ်လား။
နဝမအချီတွင်တော့ ဒေါက်ကလပ်၏ လက်သီးနှစ်ချက်ကို အနာခံ တိုးဝင်ပြီး လွတ်သွားတဲ့ ဒေါက်ကလပ်ရဲ့ နံဘေးနှစ်ဖက်ကို အားကုန်သုံး ဘယ်ညာဆင့် ထိုးလိုက်ရာဒေါက်ကလပ် ပြန်မထလာတော့ပါဘူး။ ပရိတ်သတ် အင်္ဂလိပ်တွေ အကုန် ဟာခနဲ ဖြစ်သွားပါတယ်။ အမှတ်စဉ် ၁၀ အထိ ဖြည်း ဖြည်းချင်း ရေလည်း ထမလာတော့ပါဘူး။
အဲဒီမှာ ပရိတ်သတ်တွေက မောင်သောင်းကို သတ်မယ်ဆိုပြီး လက်ဝှေ့စင်ပေါ် တက်ဖို့ ကြိုးစားကြလို့ ရဲတွေက လက်ချင်းချိတ် တားထားရပါတယ်။
မောင်သောင်းကတော့ အောင်နိုင်သူ အပြုံးနဲ့ အင်္ဂလိပ်တွေကို ကြည့်နေလိုက်ပါတယ်။ အင်္ဂလိပ် သူရဲကောင်းကြီး မြန်မာမောင်သောင်းရှေ့ ဒူးထောက်ခဲ့ရပြီ မဟုတ်ပါလား။
နောက်တစ်နေ့ လန်ဒန်မြို့ The Evening News နဲ့ Sports News သတင်းစာတွေမှာ မြန်မာလက်ဝှေ့သမား မောင်သောင်းသတ်လို့ ချန်ပီယံ ဒေါက်ဂလပ်စမင် သေတဲ့သတင်း ပါလာပါတယ်။
ဒေါက်ဂလပ်စမင်ကို လန်ဒန်ဆေးရုံက အရေးပေါ် ခွဲစိတ် ကုသခဲ့သော်လည်း နံရိုးနှစ်ချောင်း ကျွံဝင်သွားပြီး အဆုတ်ကွဲသွားသဖြင့် ည ၁၀ နာရီ ၄၅ မိနစ်မှာ ဆုံးသွားကြောင်း ပါလာသဖြင့် အင်္ဂလန် တစ်နိုင်ငံလုံး ဝမ်းနည်း ပူဆွေးခဲ့ရလေသည်။မြန်မာမောင်သောင်းကတော့သတင်းထောက်တွေရဲ့ အင်တာဗျူးမှာ ဒီလို ဖြေခဲ့ပါတယ်။
” နယ်ချဲ့အင်္ဂလိပ်ကို တို့မြန်မာတွေ လက်နက်ချင်း မတူမျှလို့ စစ်ရှုံးခဲ့ရပေမယ့် နယ်ချဲ့အင်္ဂလိပ်နဲ့ငါ တစ်ယောက်ချင်း တူညီတဲ့ လက်အိတ်ကို စွပ်ပြီး ပေ ၂၀ ကြိုးဝိုင်း စစ်တလင်းမှာ စစ်ခင်းရာမှာတော့ အင်္ဂလိပ်တွေ ငါ့ကို ဒူးထောက်စမြဲပါ။
ငါ့ လူမျိုးနဲ့ ငါ့တိုင်းပြည်ကို ကျွန်လုပ်ထားတဲ့ အင်္ဂလိပ်တွေနဲ့ ကြိုးဝိုင်းထဲမှာ တွေ့ရလေတိုင်း ငါ့အရိုးတွေ ကွဲကွဲ၊ ငါ့အသားတွေ ကြွေလို့ ငါအသက်ပင် သေပါစေတစ်လက်မမှ မဆုတ်တမ်း ငါတိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတယ်။ အဲဒီဆုံးဖြတ်ချက်ကို သေသည်အထိ ငါမပြင်..”
(မောင်သောင်း)
မြန်မာလက်ဝှေ့သမား မောင်သောင်းဟာ အာရှနဲ့ အနောက်တိုင်း တစ်ခွင် ပွဲပေါင်း ၂၀၀ ကျော် ထိုးသတ်ခဲ့ရာဝယ် ၁၈၈ပွဲ အနိုင်ရခဲ့ပြီး အနားယူခဲ့လေသည်။
(မြန်မာလက်ဝှေ့ ဝါသနာရှင် မျိုးချစ်လူငယ်တို့ လူကောင်သေးလို့ အားမငယ်နဲ့။ အထိုးခံနိုင်ဖို့ လေ့ကျင့်။ လက်သီးက သံမဏိလို မာကျောပါစေ။
ခြေကို မသုံးဘဲ ကမ္ဘာကို ဝင်တိုးဖို့ လက်ချည်းသက်သက် လေ့ကျင့်ကြမယ်။ မြန်မာမောင်သောင်းတို့ အမျိုး ညံ့ရိုးလား။ အသည်းကောင်းလို့ ပွဲမတောင်းနဲ့ မြန်မာတဲ့ဟေ့။)
Credit,မူရင်းရေးသားသူအားလေးစားစွာဖြင့်