သီပေါမင်းနှင့်သူ၏မိဖုရားများ

သီပေါမင်း၏ မိဖုရား(၃)ပါးလုံးမှာ မင်းတုန်းမင်းနှင့် အလယ်နန်းမိဖုရား ဆင်ဖြူမရှင်တို့မှ မွေးဖွားသော သမီးများသာ ဖြစ်ကြသည်။

(၁)- (သီရိသုရတနာ မင်္ဂလာဒေဝီဘွဲ့ခံ) မိုင်းနောင်စုဖုရားကြီး – ၂၆-၂-၁၈၅၄ နေ့ တွင် မွေးဖွားသည်။ သီပေါမင်းပါတော်မူပြီးနောက် မိခင် ဆင်ဖြူမရှင် နှင့်အတူ ထား၀ယ်မြို့သို့
လိုက်ပါနေထိုင်ခဲ့ရသည်။

ထို့နောက် ၁၈၈၈ ခုတွင် မိခင်နှင့်အတူ သီပေါမင်းရှိရာ ရတနာဂီရိသို့ အပို့ခံရပြီး (၁)နှစ်ခန့်အကြာတွင် ရန်ကုန်သို့ ပြန်လည်နေထိုင်ခွင့် ရခဲ့သည်။

ဆင်ဖြူမရှင်သည် ရန်ကုန်မြို့၊ စမ်းချောင်းရပ်၊ ရှင်စောပုလမ်းတွင်ပင် သေသည် အထိ နေထိုင်ခဲ့ပြီး မိုင်းနောင် စုဖုရားကြီးမှာမူ သီလရှင်၀တ်ကာ မင်းကွန်းချောင်တွင် တရားအားထုတ် နေခဲ့သည်။

၂၅-၁၁-၁၈၉၈ နေ့ (၁၉၀၀-ပြည့်နှစ်ဟုလည်းဆိုသည်) တွင် သီလရှင်၀တ်ဖြင့် ကွယ်လွန် ခဲ့သည်။ (သားသမီးမထွန်းကားပေ)

(၂) -(သီရိသုပသာရတနာဒေဝီဘွဲ့ခံ) မြတောင် စုဖုရားလတ် – ၁၃-၁၂-၁၈၅၉ နေ့ တွင် မွေးဖွားသည်။ ပါတော်မူစဉ် သီပေါမင်းနှင့်အတူ အိန္ဒိယနိုင်ငံ၊ ရတနာဂီရီသို့ လိုက်ပါခဲ့ရပြီး သီပေါမင်း နတ်ရွာစံပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ချာချီလမ်း (ကိုယ့်မင်းကိုယ်ချင်းလမ်း) အမှတ်(၂၃) စံအိမ်တွင် နေထိုင်ခဲ့ရာမှ ၂၄-၁၁-၁၉၂၅ နေ့တွင် ကွယ်လွန်သည်။
(သား ၁ ဦး သမီး ၆ ဦး မွေးဖွားခဲ့ပြီး သား ၁ ဦးနှင့်
သမီး ၂ ဦးတို့ ငယ်စဉ်က ကွယ်လွန်သည်။)

(၃) -ရမည်းသင်းစုဖုရားလေး – ၁၈၆၂ ခုနှစ်တွင် မွေးဖွားပြီး သီပေါမင်း ပါတော်မူခါနီး၌ မိဖုရားဖြစ်လာခဲ့သည်။ အိန္ဒိယနိုင်ငံ ရတနာဂီရိ၌ သီပေါမင်းနှင့်အတူ လိုက်ပါနေထိုင်ရင်း ၂၅-၁-၁၉၁၂ နေ့တွင် ကွယ်လွန်သည်။ (သားသမီး မထွန်းကားပေ။)

သီပေါမင်းသည် ရတနာပုံထီးနန်းကို ဆက်ခံပြီးနောက်
မကြာမီပင် ဆင်ဖြူမရှင်မိဖုရားကြီး ကြိုတင်စီစဉ်ထားသည့်အတိုင်း မိုင်းနောင် စုဖုရားကြီးကို မိဖုရားခေါင်ကြီးအရာထားလျက် မဟေသီဘိသေကသဘင် ပြုလုပ် ကျင်းပခဲ့သည်။

ထိုအခမ်းအနားသို့ သီပေါမင်း မင်းသား ဘ၀ကချစ်ကြိုက်ခဲ့သော မြတောင်စုဖုရားလတ်သည်မိမိသဘောအလျောက် ကြွချီလာခဲ့ပြီး ဘိသိက်ခံရာ ဘမရာသနပလ္လင်ထက်သို့တက်၍ သီပေါမင်းနှင့် စုဖုရားကြီး တို့အကြား ၀င်ထိုင်ကာ ဘိသိက်ခံယူခဲ့သည်။

ထို့ကြောင့် သီပေါမင်းသည် သမိုင်းတလျောက် မိဖုရားခေါင်ကြီး (၂)ပါးဖြင့် ဘိသိက်ခံယူခဲ့သော ပထမဆုံးနှင့် နောက်ဆုံးမင်း ဖြစ်လာခဲ့သည်။

မိုင်းနောင် စုဖုရားကြီးသည် မိဖုရားခေါင်ကြီးအဖြစ် ကြိုတင်သတ်မှတ်ထားပြီး ဖြစ် သည့်အတွက် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးစံရာ နန်းမတော်ဆောင်တွင် နေထိုင်ရသည်။

မိဖုရားခေါင်ကြီး အဖြစ် ဘိသိက် ခံယူပြီးဖြစ်သည့်
မြတောင် စုဖုရားလတ် မှာမူ နေစရာအဆောင် မရှိသဖြင့်
သီပေါမင်းစံရာ ဘမရာသန မှန်နန်းဆောင်သို့ တက်ရောက်နေထိုင်ခဲ့သည်။

ထို့ကြောင့် စုဖုရားလတ်အတွက် မှန်နန်းဆောင်အနီးတွင် ရွှေဆောင်တော် အသစ်ကို အလျှင်အမြန် ဆောက်လုပ်ပေးခဲ့ရသည်။

ပဒေသရာဇ် မင်းဧကရာဇ်တို့မည်သည် တောင်ညာစံ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး (နန်းမတော်)၊ မြောက်နန်းမိဖုရား၊ အနောက်နန်းမိဖုရား၊ အလယ်နန်းမိဖုရား ဟူသော နန်းရ မိဖုရားကြီး(၄)ပါးနှင့် တောင်ဆောင်တော်၊ မြောက်ဆောင်တော်၊ တောင်ရွှေရေးဆောင်၊ မြောက်ရွှေရေးဆောင် ဟူသောအဆောင်ရ မိဖုရား (၄)ပါး စသည့် မိဖုရားကြီး(၈)ပါးကို ထားမြဲဖြစ်သည်။

ထို့အပြင် မြို့စားနယ်စား၊ စော်ဘွား၊ အခြားသော တိုင်းပြည် မင်းဧကရာဇ်တို့မှ ဆက်သလာသည့် သမီးကညာတို့အားလည်း မိဖုရား ကိုယ်လုပ်မောင်းမမိဿံ အဖြစ်ထားရှိ၍ မြို့စား ရွာစားအဆောင်အယောင်များ သင့်လျော်သလို ပေးကမ်းချီးမြှင့်ခြင်း ပြုမြဲ ဖြစ်သည်။

သို့သော် စုဖုရားလတ် အနေဖြင့် သီပေါမင်းအား မိဖုရားအများအပြား ထားခွင့်မပြုခဲ့သည့်အပြင် အစ်မရင်းဖြစ်သူ မိုင်းနောင်စုဖုရားကြီးထံသို့ပင် ဆောင်တော်ကူးခွင့် မပြုခဲ့ကြောင်း သိရသည်။

အပယ်ခံ မိဖုရားခေါင်ကြီးသဖွယ် ဖြစ်နေသော စုဖုရားကြီးလည်း နန်းမတော်ဆောင်ကို စွန့်ခွာ၍ မယ်တော် ဆင်ဖြူမရှင်၏ အဆောင်သို့ ပြောင်းရွှေ့နေထိုင်ကာ ရက်ရှည်ဥပုသ်စောင့်နေခဲ့ရသည်။

နောက်ပိုင်းတွင် နန်းမတော်ဆောင်အား စုဖုရားလတ် ပြောင်းရွှေ့ နေထိုင် ခဲ့သည်ကို တွေ့ရသည်။ (ဤအချက်ကြောင့် သီပေါမင်းသည် ဖော်ပြပါ မိဖုရား (၃)ပါးမှလွဲ၍ အခြားသော မိဖုရား ကိုယ်လုပ်မောင်းမ မရှိခဲ့ခြင်း ဖြစ်ပေမည်။)

ထိုသို့ အရာရာချုပ်ကိုင်လိုသော မြတောင်စုဖုရားလတ်၏ သဘောကို မနှစ်သက်သော သီပေါမင်း၏ လက်သုံးတော် ငယ်ကျွန်ကြီးများ ဖြစ်ကြသည့် (ဘုရင့်နောင်ဘွဲ့ခံ၊
မင်းသား အဆောင်ရ၊ ရနောင်မြို့စား၊ မြောက်ဒ၀ယ်ဗိုလ်)
မောင်မောင်တုတ်၊

(စီးတော်မြင်း၀န်၊ ရွှေ တိုက်စိုး၊ တောင်သမန်လယ်စား၊
ဖိနပ်တော်ခေါင်း၊ ဘုရင့်စာဆိုတော်) မောင်ဖေငယ် (မောင်မောင်ဖေ) တို့သည် သီပေါမင်းအား မိဖုရားများရရှိအောင် ကြိုးပမ်းပေးခဲ့ကြသည်။

မြတောင်စုဖုရားလတ်၏ ပထမသားတော် ကွယ်လွန်ပြီးနောက် ဒုတိယသမီးတော် ကို မွေးဖွားပြီးစ အချိန်ခန့်တွင် သီပေါမင်းသည် ၎င်းနှစ်သက် သဘောကျနေသော ဒိုင်းအတွင်း၀န် ဦးဘိုးကြီး ၏သမီး (မွေးစား သမီး-တူမ) ဒိုင်းခင်ခင် (ခင်ခင်ကြီး) အား (မြောက်ရွှေရေးဆောင်မိဖုရား) အဖြစ်လည်းကောင်း၊ ပင်းအတွင်း၀န် ဦးစံငြိမ်း ၏သမီး ပင်းခင်ခင်ကြီး အား (တောင်ရွှေရေးဆောင်မိဖုရား) အဖြစ်လည်းကောင်းမြှောက်စားရန် ရည်ရွယ်ခဲ့သည်။

ထိုသို့ သီပေါမင်း၏ အကြံအစည်အား အချိန်မီ သိရှိခဲ့သော
စုဖုရားလတ်သည် ရနောင်မြို့စား မောင်မောင်တုတ်၊ ၎င်း၏ညီ ပင်းသာမြို့စား မောင်မောင်ဗြောင်း၊ တောင် သမန်လယ်စား မောင်ဖေငယ်၊ ခန်းပတ်မင်းကြီး(ဒိုင်း၀န်၏ဖခင်)လည်းကောင်း၊

ရေနံချောင်း မင်းကြီး၊ ရွှေမြို့တော်၀န်၊ ပဌနဂိုရ်မြို့စား ၀န်ထောက်၊ မကွေးမြို့စား ၀န်ထောက်၊ ဒိုင်းအတွင်း၀န်နှင့် ၀န်ကတော်၊ သမီး ဒိုင်းခင်ခင်ကြီး စသည့် ပတ်သက်သမျှ လူအားလုံးအပြင် လက်သုံးတော်ကိုင်များ၊ ၀င်းမှူးများ၊ စာရေးစာချီများ၊ သံတော်ဆင့် များပါမကျန် အားလုံးကိုဥပါယ်ဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ထီးနန်းစည်းစိမ်ကို ကြံစည်သည် ဟူသော စွဲချက်ဖြင့် ရာထူးမှထုတ်ပယ်၍ အကျဉ်းစီရင်သည်။

(ခန်းပတ်မင်းကြီးနှင့် ရေနံချောင်းမင်းကြီးတို့ကို ရာထူးချ၍ အကျဉ်းမှ ပြန်လွှတ်သည်။ ကျန်အကျဉ်းသားများမှာ
သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်အုပ်ချုပ်သော
အချိန်ရောက်မှ လွတ်မြောက်ကြသည်။ )

သို့သော် ဒိုင်းအတွင်း၀န်၊ ၀န်ကတော်၊ သမီး ဒိုင်းခင်ခင်ကြီးတို့
နှင့် တောင်သမန် လယ်စား မောင်ဖေငယ် တို့ကို သေဒဏ်စီရင်ခဲ့သည်။(သေဒဏ်စီရင်ခံရစဉ်က ဒိုင်းခင်ခင်ကြီးတွင်
သီပေါမင်းနှင့် ရသော ရင်သွေး ရှိနေကြောင်း သိရသည်။)

သီပေါမင်း နန်းတက်စအချိန်က မင်းညီမင်းသားများကို လုပ်ကြံရာတွင် အဓိကနေရာမှ ပါ၀င်ခဲ့သူ ရနောင်မြို့စား မောင်မောင်တုတ် မှာမူ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံ ရသော်လည်း ထောင်အတွင်းမှာပင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။(လုပ်ကြံခံရ၍ သေဆုံးသည် ဟုလည်း ဆိုသည်။)

ပင်းအတွင်း၀န်မှာ ရှေ့ရေးကိုကြိုတွေးမိ၍ ၎င်း၏သမီးဖြစ်သူ ပင်းခင်ခင်ကြီးအား မောင်မောင်ဖြူ ဟူသော အမျိုးကောင်းသားတစ်ဦးနှင့် အလျှင်အမြန် အိမ်ထောင်ချထား ပေးခဲ့သောကြောင့် ဒိုင်းခင်ခင်ကြီး အရေး ပေါ်ပေါက်ချိန်တွင် အပြစ်မဖြစ်တော့ပဲ ကင်းလွတ်ခဲ့ရသည်။

ထိုသို့ ဒိုင်းခင်ခင်ကြီး အရေးပေါ်ပေါက်ပြီးသည့် အချိန်မှစ၍ မိဖုရားခေါင်ကြီး စုဖုရားလတ်သည် ၎င်း၏ ကိုယ်စား သီပေါမင်းအား အချိန်ပြည့် အနီးကပ်ပြုစု နိုင်ရန်အတွက် ညီမငယ် ရမည်းသင်းစုဖုရားလေး အား တာ၀န်ပေးအပ်ခဲ့ရာမှ နောက်ပိုင်းတွင် သီပေါမင်း၏ တတိယမြောက် မိဖုရားဖြစ်လာသည်။

ကိုးကား-မြန်မာ့သမိုင်းစာမျက်နှာများမှကောက်နှုတ်ဖေါ်ပြပါသည်။ မြင့်ဆွေ ‘မိဖုရားခေါင်ကြီး ဖြစ်ခွင့် မရရှာသော မိဖုရားခေါင်ကြီး’ မြဝတီ မဂ္ဂဇင်း၊ တွဲ ၃၀၊ အမှတ် ၃ ( ၁၉၈၂ ခု၊ ဇန်နဝါရီလ ) စာ ၂၉၊ ၃၃။ ‘မြတောင်သာသနာနှစ် ၁၀၀’ ၊ မန္တလေးမြတောင်တိုက်၊ ၁၉၈၃ ခု၊ ဇန်နဝါရီလ။

Crd,မူရင်း