အရပ် (၈) ပေရှည်တဲ့ တစ်ချိန်က နိုင်ငံကျော် ဇီးကွက်စိန်အကြောင်း

ဇီးကွက်စိန်သည် တစ်ချိန်က မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ရှိ ထူးထူးခြားခြား အရပ်အရှည်ဆုံး ပုဂံမြို့သူ ဖြစ်သည်။

ဇီးကွက်စိန်ကို ၁၃၁၈−ခုနှစ်၊ (၁၉၅၆)ခုနှစ်တွင် ပုဂံမြို့ဟောင်းတောင်ဘက် သီရိပစ္စယာရွာတွင် အဖ ဦးထွန်းသိန်း၊ ဒေါ်ငြိမ်းတို့မှ မွေးဖွားသည်။ မွေး ချင်း လေးယောက်အနက် အငယ်ဆုံးသမီးဖြစ်ပြီး ကျန်သုံးယောက်မှာ ယောက်ျားလေးများဖြစ်ကြသည်။

ငယ်နာမည်မှာ မခင်စိန် ဖြစ် သည်။ ငယ်ရွယ်စဉ်ကပင် သက်တူရွယ်တူများကြားတွင် ထူးထူးခြားခြား အရပ်မြင့်မားနေသူဖြစ်သည်။

ထူးခြားမှု – အမေဖြစ်သူ ဒေါ်ငြိမ်း သည် ဇီးကွက်စိန်အား ကိုယ်ဝန်မရှိခင် ထူးခြားအိပ်မက် မက်ဖူးသည်။ အိမ်ဦးခန်း ခေါင်တိုင်တွင် ဆင်ဖြူတော် ဝပ်နေသည်ဟု မက်ခဲ့သည်။ ဇီးကွက်စိန် ကွယ်လွန်သောနေ့၌လည်း ဆင်တစ်ကောင်နှင့် ဆင်ဦးစီးတစ်ယောက် လာရောက်ကာ ရုပ်အလောင်းကို သေချာ ကြည့်သွားဘူးသည်။

ဇီးကွက်စိန်ဟု ဘာကြောင့်ခေါ် – ဇီးကွက်စိန်ကို မွေးပြီး ၇-ရက်ပြည့် ကင်ပွန်းတပ်နေ့တွင် သူအိပ်သော ပုခက်၏ ရင်တားကြိုးတန်းပေါ်၌ ဇီးကွက်တစ်ကောင် လာရောက်နားသည့်အတွက် ဇီးကွက်စိန်ဟု ခေါ်ကြခြင်း ဖြစ်သည်။

ဖြစ်စဉ် – ဇီးကွက်စိန်ကို မွေးဖွားချိန်၌ သာမန်ကလေးတစ်ယောက်လိုပင် မွေးဖွားကြီးပြင်းလာပြီး ငါးနှစ်သမီးအရွယ်မှ စ၍ တဖြေးဖြေး ကြီးထွားလာသည်။ ၁၂-နှစ်သမီးအရွယ်တွင် သူ၏ အရပ်ရှည်သည့် သတင်းကို တစ်နိုင်ငံလုံးထိ သိရှိသွားကြလေသည်။

၁၂အရွယ်တုန်းက သူမ၏အရပ်မှာ ၆ပေ၆လက်မဖြစ်သည်။ မျိုးရိုးဗီဇဖောက်ပြန်သော ထူးခြားရှားပါးသောရောဂါကြောင့် ဇီးကွက်စိန်သည် အရပ်ဆက်လက်မြင့်မားလာခဲ့ပြီး အသက် ၂၀အရွယ်ခန့်တွင် သူမ၏ အရပ်သည် ၈ပေခန့် ရှိလာကာ သူမစီးရန် ဖိနပ်ကို မြင်းခြံမြို့မှ အော်ဒါမှာယူရသည်။

ပုဂံရှိ ယွန်းအကြမ်းထည်လုပ်ငန်းကို လုပ်ကိုင်သည်။အစားအစာကို ပုံမှန်လူများ စားသလောက်ပဲ စားသည်။တစ်နေ့ကို သုံးလေးကြိမ်လောက်စားသည်။ အဝတ်အစားများ ဆိုလျှင်လည်း ပိတ်စ တစ်ကိုက်ကို အင်္ကျီချုပ်ဝတ်မရပေ။ သုံးတောင်ပိတ်စမှ လက်စက အင်္ကျီရသည်။

လက်ရှည်အင်္ကျီ တစ်ထည်ကို ပိတ်စ ငါးတောင်ခန့် ချုပ်၍ ဝတ်ရသည်။ လုံချည်တစ်ထည်ကို ခြောက်တောင် ချုပ်ရသည်။
မိန်းမလုံချည် သုံးကွင်းကို သူ့အတွက် နှစ်ကွင်းသာရသည်။

လောကနန္ဒာဘုရားကို ဘုရားဖူးလာရင်း ဧည့်သည်များက ဇီးကွက်စိန်ကို အထူးအဆန်းသဖွယ် လာရောက်ကြည့်ကြသည်။ လာကြည့်သူများက သူ့ကို စကားပြောကြသည်။ ဇီးကွက်စိန်ကလည်း ပြန်လည်စကားပြောသည်။ မတ်တတ်ရပ်ခိုင်းလျှင် မတ်တတ်ရပ်ပြသည်။

အသက်(၁၃)နှစ်အရွယ်တွင် မျက်စိကွယ်သွားသည်။ (၁၄)နှစ်အရွယ်တွင် ရန်ကုန်၌ မျက်စိကုသွားသောအခါ ဆရာဝန်က ဟော်မုန်းဓာတ်များ၍ ဖြစ်သည်ဟုဆိုသည်။အိမ်အပြင် လမ်းလျှောက်ရန် အိမ်ရှေ့ရှိ မန်ကျည်းပင်နှစ်ပင်ကို ကြိုးတန်းထားပြီး ကြိုးတန်းကိုင်၍ လမ်းလျှောက်ရသည်။ မျက်စိကွယ်ပြီးနောက် ခါးပါကိုင်းလာလေသည်။

နောက်ပိုင်း၌ သွားလာမှုသိပ်မလုပ်နိုင်တော့ပေ။ ကောင်းမှုကုသိုလ် – လောကနန္ဒာစေတီအပါအဝင် ဘုရားများကို ထီးတော်များလှူခဲ့သည်။ ရွာထဲက ကလေးများကိုလည်းတစ်လတစ်ကြိမ်၊ နှစ်ကြိမ် ဆန်ပြုတ်အမြဲ တိုက်ကျွေးသည်။

ဘဝနိဂုံး – မြန်မာသက္ကရာဇ် ၁၃၄၁-ခုနှစ် (၁၉၇၉)ခုနှစ်တွင် ရေချိုးမှား၍ ကျန်းမာရေး မကောင်းရာမှ ကွယ်လွန်သွားလေသည်။

ကွယ်လွန်ချိန်တွင် အသက် (၂၃)နှစ် ရှိပြီဖြစ်သည်။ သေဆုံးပြီးနောက် သူ၏ ရုပ်အလောင်းကို မန္တလေးဆေးတက္ကသိုလ်သို့ လှူဒါန်းခဲ့သည်။နေထိုင်မကောင်းသော အချိန်၌ နေခဲ့သည့် အိမ်ခြံဝင်းနေရာတွင် အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူထားသည်။

ကျောက်တိုင်၏ ဘေးပတ်လည် တစ်ဖက်တစ်ချက်စီတွင် မဇီးကွက်စိန် အထိမ်းအမှတ် ကျောက်တိုင်၊ ၁၃၁၈-ခု မွေး၊ ၁၃၄၁-ခု ဆုံး၊ အရပ် ၈ ပေ ဟု ကမ္ပည်းထိုးထားသည်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။

Credit – ဝီကီပီးဒီးယား