ခေတ်မီနည်းပညာ မဖွံ့ဖြိုးသေးသည့် (၁၄) ရာစု တောင်ငူဘုရင် တပင်ရွှေထီး လက်ထက်ကပင် မော်လမြိုင်နှင့် မုတ္တမကြား အပြောကျယ်လှသော သံလွင်မြစ်ကို ပထမဆုံး တံတားထိုးနိုင်ခဲ့သူ မွန်သူရဲကောင်းတစ်ဦး ရှိခဲ့ဖူးပါသည်။
ကောဇာသက္ကရာဇ် (၉၀၉) ခုနှစ်၊ (ခရစ်နှစ် – ၁၅၄၇)တွင် ဖြစ်သည်။ တပင်ရွှေထီးမင်းတရား ကြီး ယိုးဒယားသို့ စစ်ချီရန် စီစဉ်သည်။
မင်းတရားရွှေထီး၏ ရှေ့ချီတပ်များတွင် မြန်မာနှင့် မွန်များအပြင် ပေါ်တူဂီကြေးစား အမြောက်တပ်သား (၄၀၀)၊ မြင်းတပ် (၄) တပ်၊ ဆင်တပ် (၈) တပ်၊ စုစုပေါင်း တပ် (၁၂) တပ် ပါဝင်ပြီး တိုက်ဆင် (၂၀၀)၊ မြင်း (၈၀၀၀)၊ စစ်သည် (၄၀၀၀၀) ပါဝင်သည်။
နောက်ချီ တပ်များတွင် မြင်းတပ် (၄) တပ်၊ ဆင်တပ် (၈) တပ်၊ စုစုပေါင်း (၁၂) တပ် ဖြစ်၍ တိုက်ဆင် (၂၀၀)၊ မြင်း (၈၀၀၀)၊ စစ်သည် (၄၀၀၀၀) ပါဝင် သည်။
ထိုအချိန်က မုတ္တမမြို့စားမှာ မွန်ဘုရင် သုရှင်တကာရွတ်ပိ၏ ယောက်ဖတော် စောလကွန်းအိမ် ဖြစ်၍ မင်းတရားရွှေထီး၏ အမိန့်အရ တပ်များ ဖြတ်ကူးရန် မုတ္တမ မှ မော်လမြိုင်အထိ လှေဖောင်များဖြင့် တံတားကို ဦးဆောင် တည်ဆောက်ခဲ့သည်။
တံတားပြီးသည့်အခါ မင်းတရားရွှေထီး မကူးမီ အခြားသူများ ကူးဖြတ် မသွား စေရန် ရာဇမတ်ကာရံ၍ အစောင့်ချထားသည်။ တံတား ဆောက်လုပ်ပြီးကြောင်း မင်းကြီးထံ တင်လျှောက်သည့်အခါ မင်းတရားရွှေထီးမှ မြင်းသည်တော်များ စေလွှတ်၍ တံတား အခြေအနေကို ကြည့်ရှုခိုင်းသည်။
၎င်းမြင်းသည်တော်များထဲမှ တစ်ဦးက ကာရံထားသော ရာဇမတ်ကို ဖယ်ကာ မော်လမြိုင်ဘက်သို့ ကူးသွားကူးလာ လုပ်သည်ကို စောလကွန်းအိမ် မြင်လျှင် ကိုယ့် အရှင် မကူးခင် ကြိုကူးသည်ကို ဒေါသထွက်၍ ဓားဖြင့် စီရင်လိုက်သည်။
ကျန်ခဲ့သည့် မြင်းသည်တော်များက ထိုအဖြစ်အပျက်ကို မင်းတရားထံ ပြန်သတင်းပို့ကြ သည်။ ယိုးဒယားစစ်အတွက် လိုအပ်သည်များ ပြင်ဆင်ပြီးသည့်အခါ ကောဇာသက္ကရာဇ် (၉၁၀) ပြည့်နှစ် နတ်တော်လဆန်း (၁၄) ရက် (ခရစ်နှစ် ၁၃ နိုဝင်ဘာ ၁၅၄၈ ) တွင် ဟံသာဝတီမှ စတင် စစ်ချီသည်။
မုတ္တမသို့ ရောက်လျှင် မိမိ၏ မြင်းသည်တော်ကို သတ်သည့် ကိစ္စနှင့် ပတ်သက်၍ စောလကွန်းအိမ်ဆီ ကြွချီလာ သည်။ စောလကွန်းအိမ်ကလည်း အဖြစ်အပျက်အမှန်ကို တင်လျှောက်ရာ နှစ်သက်တော်မူ၍ မုတ္တမမြို့အပြင် မုတ္တမ (၃၂) မြို့ကိုပါ အပိုင်စား ပေးတော်မူသည်။
တံတားသို့ ရောက်သောအခါ မြင်းနှင့်စစ်သည်တော်များ ကူးသွားနိုင်အောင် စီရင်ထားသည်ကို တွေ့ရသဖြင့် ဆင်စွယ်တွင် တပ်ထားသော လက်စွပ်နှင့် ဆင်အတွက် ကကြိုးတစ်စုံကို ဆုအဖြစ် ထပ်ချီးမြင့်လေသည်။
မော်လမြိုင်ဘက်သို့ ကူးရာတွင် မင်းကြီး၏ စီးတော်ဆင်နှင့် အခြားဆင်များကို ဖောင်ပေါ်တင်၍ ကူးခိုင်းပြီး အချို့ ဆင်များကို မြစ်ကျဉ်းရာ မြစ်ညာပိုင်းမှရေကူးသွားစေသည်။
စစ်သည်တော်များ၊ မြင်းများနှင့်ရိက္ခာ၊ ခဲယမ်းမီးကျောက်များ သယ်လာသည့် ဝန်တင်နွားများကို တံတား ပေါ်မှ ကူးစေ၍ မြင်းများ၊ နွားများသဘာဝမြေပြင်တွင် သွားရသကဲ့သို့ဖြစ်အောင် တံတားပျဉ်ချပ်များပေါ်တွင် မြက်ခြောက်နှင့် မြေကြီးများ ခင်းထားသည်။
စစ်သည် အားလုံး ကူးဖြတ်ပြီးသည်အထိ တံတားကြီးမှာ ခိုင်ခန့်နေသေးသဖြင့် မွန်ဗိသုကာပညာရှင်များ၏ လက်စွမ်းကို မှန်းဆနိုင်မည်ဖြစ်သလို သံလွင်မြစ်ပေါ်တွင် ပထမဆုံး တံတားထိုးနိုင်ခဲ့သူ မုတ္တမမြို့စား စောလကွန်းအိမ် အကြောင်းကို မျိုးဆက်သစ်များ သိရှိနိုင်ပါရန် တင်ပြလိုက်ပါသည်။
အောင်မြို့ (ကိုးကား- အံ့ကျော် (မော်လမြိုင်)၏ ဒီပဲယင်းနယ်ဇာတိ ကျော်လေးကျော် တောင်လေးလုံး ဆရာတော် ဘဒ္ဒန္နာဂသေနာဘိဝံသ၏ တစ်ဘဝသာသနာနှင့် တောင်လေးလုံး ကျောင်းတိုက်များသမိုင်း၊ ဓမ္မဒါန၊ ၂၀၁၀၊ မော်လမြိုင်)
Credit