ဘုရင်ကို ပုန်ကန်ခဲ့တဲ့သားဖြစ်သူကို ကိုယ်တိုင်စီရင်ခဲ့တဲ့ မြန်မာရာဇဝင်ထဲက မွန်သူရဲကောင်း

မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် (၇)ရက်၊ ခရစ်နှစ် ၁၈၈၆ ခု ဩဂုတ်လ(၂)ရက်၊ ကြာသာပတေးနေ့တွင် ရှေးမြန်မာနိုင်ငံတွင်ဆုံးရှုံးမှုအကြီးဆုံး ပုန်ကုန်မှုကြီးတစ်ခု ဖြစ်သွားခဲ့သည်။

၎င်းမှာ မြင်ကွန်းမြင်းခုန်တိုင်အရေးတော်ပုံဟု အသိများသည့် ပုန်ကန်မှုကြီးပင်ဖြစ်သည်။

ထိုပုန်ကန်မှုကြီးတွင် အိမ်ရှေ့စံကနောင်မင်းသားကြီး ကျဆုံးခဲ့ပြီးနောက် ကနောင်မင်းသား၏သားတော် ပတိမ်းမင်းသားသည် ကနောင်မင်းသားကြီးအား လုပ်ကြံရန် မင်းတုန်းမင်းကြီးက မြင်ကွန်းနှင့် မြင်းခုန်တိုင်တို့အား မြောက်ပင့်၍စေခိုင်းခြင်းဖြစ်သည်ဟု ထင်မှတ် ပြီး မင်းတုန်းမင်းကြီးအားပုန်ကန်ရန် ရွှေဘိုသို့ အပေါင်းအပါများနှင့် ထွက်ခွာသွားလေသည်။

ပတိမ်းမင်းသားရွှေဘိုသို့ ထွက်သွားခြင်းမှာ ၎င်းရွှေဘိုသည် အလောင်းမင်းတရားကြီး၏ အောင်မြေဖြစ်ခြင်းကြောင့်လည်း တစ်ကြောင်းအပါအဝင် ဖြစ်လေသည်။

ပတိမ်းမင်းသား ရွှေဘိုအရောက်တွင် မင်းတုန်းမင်းအား ပုန်ကန်ရန် သူပုန်တပ်ကြီးအား ဖွဲ့စည်းလေတော့သည်။

ထိုသူပုန်တပ်ကြီးတွင် ကုန်းဘောင်မင်းဆက်တွင် လူသန်ကြီး၏ နာမည်ကျော်သူ မင်းတုန်းမင်းကြီး၏ လူယုံတော် မြန်မာရာဇဝင်တွင် မင်းလက်ဝါးဟုနာမည်ကြီးသူ အမြင့်ငါးမြို့ဝန် မဟာသမိန်ဗရမ်း၏ သားဖြစ်သူလည်း ပါဝင်လေသည်။

မင်းလက်ဝါးသည် သမိန်ထောရာဇာဘွဲ့ခံ ပုသိမ်မြို့ဝန်၏ သားဖြစ်၍ ငယ်အမည်မှာ မောင်လတ်ဖြစ်၍ မွန်လူမျိုးဖြစ်သည်။

မင်းလက်ဝါးငယ်စဉ်ကပင် ဖခင်ဖြစ်သူပုသိမ်မြို့ဝန်ကွယ်လွန်သွားသဖြင့် ရေကင်းဘုန်းတော်ကြီးမှ ခေါ်ယူမွေးစား၍ စာပေများ သင်ကြားပြသ ပေးခဲ့လေသည်။

ဤတွင်ပင် မင်းလက်ဝါးလေးသည် ၎င်း၏ မိခင်နှင့်အစ်မများနှင့်ကွဲကွာသွားလေသည်။ လူပျိုအရွယ်ရောက်သောအခါ တောထဲတွင် သစ်ခုတ်ရင်းသစ်ငုတ်တိုစူးသဖြင့် မျက်စိတစ်ဖက်ကွယ်သွားလေသည်။

မင်းလက်ဝါးသည် လယ်ယာအလုပ်ကို ဝါသနာပါသူမဟုတ် အိမ်ထောင်ကျပြီးသောအခါ လယ်ယာအလုပ်ကို စိတ်မဝင်စားပဲရှိသဖြင့် ဇနီးလုပ်သူက ငြူစူလာကာ ယောက္ခမများကအမြင်မကြည်သဖြင့်မင်းနေပြည်တော်တွင် သူရဲဝန်ကတော်ဖြစ်နေသည့် အစ်မကြီးထံ ၁၈၄၄ ခုနှစ်တွင်ဇနီးကို စွန့်၍ ထွက်ခွာလာခဲ့လေသည်။

သူရဲဝန်ကြီးလည်း ၎င်း၏ယောက်ဖအသွင်အပြင်ကိုကြည့်၍ အားကိုးရမည့်သူဖြစ်ကြောင်း သိသောအခါ အနီး အနားတွင်ခေါ်ထား၍ နန်းတွင်းရေးရာများသင်ကြားပေးသည်။

တစ်ခါတစ်ရံ ဆင်စီးမြင်းစီး ဓားလှံ လေးမြားအတတ်များ သင်ကြားပေးလေသည်။ သူရဲဝန်သည် အခွင့်အရေးရသည့်အခါ မင်းတုန်းမင်းကြီး၏အနီးအပါးတွင် ခေါ်ယူ၍ခစားစေသည်။

မင်းတုန်းမင်းကြီးလည်း မင်းလက်ဝါးလေး၏အရည်အချင်းကို သဘောကျသဖြင့် ချောင်းဦးရွာစားအဖြစ်ခန့်အပ်လေသည်။

ထို့နောက် အမြင့်မြို့စားအဖြစ် တိုးမြှင့် ခန့်အပ်လေသည်။ အမြင့်မြို့ဝန်ဖြစ်လာသည့် ဦးလတ်သည် ထိုစဉ်ကမင်းလက်ဝါးအဖြစ်နာမည်မကျော်သေး၊နာမည်ကျော်လာသည့်အကြောင်းမှာ ၎င်းအပိုင်စားရသည့် နယ်မြေအတွင်း သူပုန်သူကန်၊ သူခိုးသူဝှက်များရှိပါက ၎င်းကိုတိုင်လက်ဝါးဖြင့်ရိုက်၍ ဆုံးမလေသည်။

သို့သော် ဦးလတ်ဆုံးမခံရသူတိုင်းသည် ဦးလတ်၏လက်ဝါးဒဏ်ကိုမခံနိုင်သဖြင့် သေသောသူက များသည်။ထို့ကြောင့် မူလဦးလတ်ဟူသောအမည်ပျောက်၍ အမြင့်မြို့စားမင်းလက်ဝါးဟုသာ လူအများက ခေါ်တွင်လေတော့သည်။

အမြင့်မြို့အတွင်းတွင် သူခိုးသူဝှက်များအထူးကင်းစင်ကြောင်း သတင်းသည် နေပြည်တော်ရှိ မင်းတုန်းမင်းထံ ရောက်ရှိသွားသောအခါ မင်းတုန်းမင်းမှ ခေါ်ယူမေးမြန်းရာဖြစ်ကြောင်းကုန်စင်ကိုသိသည့်အပြင် နဂိုသူကောင်းမျိုးရိုးဖြစ်သဖြင့် ၁၈၆၅ ခုနှစ်တွင် ဖခင်၏ဘွဲ့အမည်ဖြစ်သော မဟာသမိန်ဗရမ်းဟူသော ဘွဲ့ကို ချီးမြှင့်လေသည်။

ပတိမ်းမင်းသားအရေးအခင်းဖြစ်သောအခါ မင်းနေပြည်တော်သို့ အဝင်အထွက်ရှိသော မင်းလက်ဝါး၏သားသည် ပတိမ်းမင်းသားတို့၏ သူပုန်တပ်ဖြင့် လိုက်ပါသွားလေတော့သည်။

ပတိမ်းမင်းသား ရွှေဘိုတွင် အင်အားစုဆောင်းနေစဉ် မင်းတုန်းမင်းကြီး၏ ဘုရင့်တပ်တော်မှာ မြင်းကွန်းမြင်းခုန်တိုင်အရေးအခင်းအပြီးတွင် အင်အားချိနဲ့နေချိန် ဖြစ်သည်။

ထို့ ကြောင့် ပတိမ်းမင်းသားလည်း ရွှေဘိုမှ ရတနာပုံနေပြည်တော်သို့ စစ်ကြီးပြင်၍ ထွက်ခွာလာလေသည်။ ပတိမ်းမင်းသား၏သူပုန်တပ်တော်အားဘုရင့်တပ်တော်မှ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသား၊ သုံးဆယ်မင်းသားနှင့်အတူ မင်းလက်ဝါးအားခုခံတိုက်ခိုက်ရန် တာဝန်ပေးအပ်လေသည်။

မင်းလက်ဝါးလည်း စစ်သည်များကိုရသမျှ စုဆောင်းပြီး ပတိမ်းမင်းသား၏တပ်များအား ဖြည်းဖြည်းချင်း အချိန်ဆွဲ၍တိုက်ခိုက်လေသည်။ စင်စစ်ထိုတိုက်ပွဲများသည် အဖေနှင့်သားတို့တိုက်ခိုက်သောတိုက်ပွဲများဖြစ်လေသည်။

ကာလကြာရှည်သောအခါ ပတိမ်းမင်းသားတပ်များတွင် လက်နက်ခဲယမ်းရှားပါးလာခြင်းကြောင့် ပတိမ်းမင်းသားနှင့်ခေါင်းဆောင်များသည် ဧရာဝတီမြစ်အတိုင်း ကျောက်မြောင်းကိုပြန်လည်ဆုတ်ခွာရလေသည်။

မက္ခရာမင်းသားနှင့် မင်းလက်ဝါးတို့၏တပ်များမှ နောက်မှလိုက်သဖြင့် ကျောက်မြောင်းတွင် မင်းသားတစ်စုနှင့်အတူ သူပုန်ဗိုလ်ဖြစ်နေသည့် မင်းလက်ဝါး၏သားကိုဖမ်းမိလေသည်။

ပတိမ်းမင်းသားနှင့်ကျန်မင်းသားများမှာ ဘုရင့်သားတော် ဖြစ်သဖြင့်‌ နေပြည်တော်တွင်အကျဉ်းချထားခြင်းခံရပြီး လက်အောက်ခံတပ်ဗိုလ်၊ တပ်မှူးများ တားနေသည့်ကြားမှပင် သူပုန်ဗိုလ်ဖြစ်နေသည့် မိမိ၏သားအား မင်းလက်ဝါးမှ သစ္စာဖောက်အဖြစ်သတ်မှတ်ကာ ကိုယ်တိုင်ကွပ်မျက်လိုက်လေသည်။

မင်းလက်ဝါး ၏သစ္စာရှိပုံအား မင်းတုန်းမင်းကြီးမှကြားသိရသောအခါ မင်းကြီးမင်းခေါင်သူရိန်ဟူသော ဘွဲ့ကို ထပ်မံချီးမြှင့်၍ ရတနာကိုးပါးစီချယ်သောရွှေဓားကိုပေးအပ်ကာ မင်းကြီးမဟာ သက်တော်ရှည်ဘွဲ့ကို ၁၈၇၄ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။

တစ်ခါသော် အင်္ဂလိပ်လူမျိုးများသည် မင်းတုန်းမင်းကြီးရှေ့တွင်ခစား၍ မိမိတို့လူမျိုးသည် ကမ္ဘာပေါ်တွင် နေမဝင်အင်ပါယာကို ပိုင်ဆိုင်၍ ခွန်အားအလွန်ကြီးသူများဖြစ်ရာ ကမ္ဘာပေါ်တွင် မိမိတို့ကို မည်သူမျှမနိုင်ဟုကြွားလုံး ထုတ်သောအခါ သက်တော်ရှည်ဘွဲ့ရ မင်းလက်ဝါးသည် မခံမရပ်နိုင်ဖြစ်၍ အင်္ဂလိပ်ကြီးနှင့်ခွန်အားချင်း ယှဉ်ပြိုင်ရာမင်းလက်ဝါးက အနိုင်ရခဲ့သည်ဟူ၏။

မင်းတုန်းမင်းကြီးလွန်ပြီးနောက် သီပေါမင်းတရားလက်ထက်တွင် အမြင့်မြို့စားအဖြစ်ခန့်အပ်ပြီး မင်းကြီးသူရမဟာ မင်းခေါင်သမိန်ဗရမ်းဟူသော ဘွဲ့အမည်ဖြင့် လက်ဝဲဝင်းမှူး(ဘုရင့်ကိုယ်ရံတော်တပ်အကြီးအမှူး) ဖြစ်လာခဲ့လေသည်။

၁၈၈၅ ခုနှစ်တွင် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ အောက်မြစ်စဉ်တိုက်ပွဲများတွင် မင်းလှခံတပ်ကြီးကျဆုံးပြီးနောက် မဟာသက်တော်ရှည်မင်းလက်ဝါးသည် အင်္ဂလိပ်တို့အားပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်သည်ကို မြန်မာလွှတ်တော်မှ မေတ္တာရပ်ခံခဲ့သဖြင့် လက်နက် ချခဲ့ရလေသည်။

မင်းလက်ဝါးကွယ်လွန်ချိန်တွင် အသက် ၈၀ ရှိ၍ ဇနီး ၁၀ ဦး၊ သား ၂၀၊ မြေး ၁၀ ဦးကျန်ရစ်ခဲ့လေသည်။

crd,