သီလရှင်အစ မယ်ကင်းက လို့ အဆိုရှိတယ် -”သီလရှင်တို့၏အစ ပထမ ဦးစီးခေါင်ဆောင် တည်ထောင်သူမိခင်ကြီး၏ ဘဝပုံရိပ်” မီးရှူ့သန့်စင် ဖွားမြင်တော်မူခြင်း – သီလရှင် သာသနာကို ဦးစီးအစတည်ထောင်သူဆရာကြီးမယ်ကင်းသည်။
အိန္ဒိယနိုင်ငံ မဏိပူရမြို့ ရှမ်းမျိုးရှမ်းနွယ် ကသည်းလူမျိုး မိဘနှစ်ပါးတို့မှ သက္ကရာဇ် ၁၁၆၇ ခုနှစ်တနင်္လာနေ့တွင် ဖွားမြင်သောသမီးရတနာဖြစ်သည်။
မွေးချင်းနှစ်ယောက်ရှိရာ အကြီးက နောင်အခါ မင်းအကိုးကွယ်ခံ ရှမ်းကလေးကျွန်းဆရာတော် ဦးနန္ဒဖြစ်ပြီး အငယ်က နောင်အခါသီလရှင်သာသနာမှာ” ရှေ့သွားခေါင်းဆောင်စံပြဖြစ်လာသူ ”မင်း မိဖုရားမှစ၍ ဆွေတော်မျိုးတော်အားလုံးတို့၏ အထူးအပူဇော်ခံအကြည်ညိုခံရသူဖြစ်ပြီး သီလရှင် ဆရာ ကြီး ဆရာလေးတို့၏ သာသနာ့မိခင်ကြီးအရာ၌ တည်ရှိသူ နာမည်ကျော် မယ်ခေမာ( ခ)မယ်ကင်းဖြစ်လာသည်။
မြန်မာပြည်သို့ ရောက်ခါစ ထိုစဉ်က မယ်ကင်းသည် ခြောက်နှစ်အရွယ်သာရှိသေး၏ ။သီလရှင်သာသနာတော်ဘောင်သို့ ဝင်ရောက်ခြင်း – မယ်ကင်းသည် မိဘများနှင့်အတူ အင်းဝမြို့မှာ နေထိုင်သည်။သူမ (၁၂) နှစ်လောက် ရောက်သောအခါ အမည်နာမ မကျော်ကြားသေးသော သီလရှင်ဆရာကြီးထံ အပ် နှံကာ ထိုဆရာကြီးကိုဥပဇ္ဈယ်ပြုလျှက် သာသနာတော်ဘောင်သို့ သီလရှင်အဖြစ်ဖြင့်ဝင်ရောက်တော်မူသည်။
ဘွဲ့တော်ကို” မယ်ခေမာ ” ဟုပေးတော်မူသည်။ဗုဒ္ဓသာသနာတော်သည် ပျူခေတ် ပုဂံခေတ် မှစပြီး အားကောင်းကောင်းဖြင့် ထွန်းလင်းနေခဲ့သော်လည်း သီလရှင် ဟူ သော အမည်ဖြင့် အသုံးမပြုသေး။သောပ္ပယို သောပ္ပယာသီတင်းသုံးစသော အမည်များဖြင့်သာခေါ်ဝေါ်သုံးစွဲကြသေးသည်။
ကုန်းဘောင် ခေတ် အလောင်းမင်းတရားကြီးတို့ လက်ထက်တော်မှစပြီး သီလရှင်ဟူသော အမည်စတင်သုံးစွဲလာကြပေသည်။ ထို့ကြောင့် သီလရှင်အစ ထွဋ်ခေါင်ဟူ၍လည်းကောင်းသီလရှင်အစ မယ်ကင်းကဟူ၍ လည်းကောင်း ဥဒါန်းတွင်နေခြင်းဖြစ်သည်။
သို့သော် သီလရှင်ဝတ်စုံ ( ၆) မျိုးလုံးမှာ အဖြူရောင်ချည်းဖြစ်၍ရှေ့က ပရဗိုဇ်များလို အဖြူရောင်ချည်းချုပ်ဝတ်ကြရသည်။နောက်မှ ခါးဝတ်နဲ့ အပေါ်ရုံကို မြေနီရောင်ဆိုး အကျီင်္ကိုတော့ အဖြူရောင် ဝတ်ဆင်ကြရသည်။
အရိယာကြီးကျော်ကြားတော်မူသော စစ်ကိုင်းတောင် မဟာဂန္ဓာရုံဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရမဟာထေရ်လက်ထက်တော်သို့ရောက်သောအခါ သာသနာတော်မှာ ကျက်သရေတိုးစေရန် ရည်ရွယ်ချက်ဖြင့် အဝတ်အထည်အားလုံး မြေနီရောင်ဆိုးပြီး သုံးစွဲဝတ်ဆင်ကြရမယ်ဟူသော သြဝါဒလမ်းညွှန်ချက်အတိုင်း ယနေ့တိုင်ဝတ်ဆင်နေကြသည်။
ပညာသင်ကြားခြင်း – သီလရှင်ဆရာလေး မယ်ကင်းသည် အင်းဝမြို့မှာ ဆက်လက်နေထိုင်ပြီး စာချဆရာတော်ကြီး တစ်ပါးထံ သဒ္ဒါ သဂြိုလ် ဋီကာကျော်စသော ပိဋက စာပေများကို စေ့စေ့စပ်စပ်သင်ယူသည် ။
အခြေခံအုဋ်မြစ်ကောင်းမှ အဆောက်အဦး ခိုင်ခန့်ကောင်းမွန်သည့် သဘောကို မယ်ကင်းသည်အသက်ပင်ငယ်သော်လည်း ထက်မြက်လျှင်မြန်သည့် ပါရမီဓာတ်ခံကောင်းရှိသူပီပီ အခြေခံကောင်းဘို့ အရေးကြီးတယ်ဆိုတာ သဘောပေါက်နားလည်ပြီးသာဖြစ်သည်။ထိုကြောင့် ဆရာထံ ဃဂဏနကွဲပြားအောင် တရိုတသေသင်ယူသည်။
ပညာလိုလားမှန်သိ၍ ဆရာကလည်း အထူးဂရုစိုက်သင်ပေးသည်။ထိုမျှမကသေး ရဟန်းလူထွက်လူပညာရှိကြီး တစ်ဦးထံ ပါဠိတော်များ ဓမ္မသင်္ဂဏီ အဋ္ဌကထာ သမ္မေဟ ဝိနောဒနီ အဋ္ဌကထာစသော ကျမ်းကြီး ကျမ်းခိုင်များကိုလည်း သင်ယူသည်။
ထိုမျှဖြင့် အားရတင်တိမ်မှုမရှိသေး၍ စစ်ကိုင်းတောင် ဂူတစ်လုံးချောင်ဘက်သို့ပြောင်းရွှေ့လာပြီး ထွဋ်ခေါင်ဆရာတော်ကြီးထံ အထက်တန်း ပိဋကတ်စာပေမျာကို ဆရာနည်းကျကျရအောင် သင်ယူပြန်သည် ။အကိုကြီးဖြစ်သူ စာတတ်ပေတတ်အကျော်ရှမ်းကလေးကျွန်းဆရာတော်ထံ စာတက်ဖူးသည်လို့ မကြားရ ဆရာတောက ဝိနည်းဓိုရ် ဆရာတော်ကြီးဖြစ်၍ နှမဖြစ်သူကို စာသင်ပေးဟန်မတူ ။
ပဋိပတ်မကင်းသည့် စာသင်တိုက် တည်ထောင်ခြင်း – ဂူတစ်လုံးချောင်မယ်ကင်းက ပရိယတ်အားသန်သည်။မင်းကွန်းနေဆရာမယ်နတ်ပေးက ပဋိပတ်အားသန်သည်။သူမတို့က သူငယ် ချင်းဖြစ်၍ ရင်းနှီးကြသည် ။ဆရာမယ်နတ်ပေးက မကြာမကြာ ဆရာမယ်ကင်းထံ အလည်လာပြီး အတူတရားထိုင်လေ့ရှိကြသည်။ဆရာ လေးနှစ်ပါး မင်းကိုးကွယ်ခံပုဂ္ဂိုလ်တွေ ဖြစ်ပေါ်ဘို့ အကြောင်းကဤသို့ ဖန်လာသည်။
၁၂၀၉ ခု သီတင်းကျွတ်သောအခါ အမရပူရနေပြည် တော်မှ ပုံဂံမင်းခေါင်းဆောင်သည့် မင်းညီမင်းသားဆွေတော်မျိုးတော်များ စုံစုံညီညီ ကောင်းမှုတော်ဘုရားသို့ ဘုရားဖူး လာကြသည်။သို့ သော် မင်းတုန်းမင်း ကနောင်မင်းတို့ကား ဟိုဟိုဒီဒီ လှည့်လည်ကြည့်ရှု့ရာမှ တောတန်းတစ်နေရာ သစ်ပင်အောက် တရားထိုင်နေကြသော သီလရှင် ဆရာလေး မယ်ကင်းတို့နှစ်ပါးကို မြင်တွေ့သွား၍ကြည်ညိုသွား ကြသည်။
မူလရည်ရွယ်ချက်အတိုင်း မင်းတုန်းမင်းတို့ အထွဋ်အထိပ်သို့ ရောက်သောအခါ မယ်ကင်းတို့နှစ်ပါး ကို မင်း နေပြည်တော်ပင့်၍ကိုကွယ်ခံရလေသည်။ဆရာမယ်ကင်းကို နန်းတော်တွင် မြောက် ဥယျာဉ်တော်တောရကျောင်း၌နေထိုင်စေပြီး မိဖုရားများ သမီးတော်များနှင့် နန်းတွင်သူတို့အား စာပေသင်ကြားခြင်း တရားဓမ္မဟောပြောပြသခြင်း ယဉ်ကျေးမှုဆိုင်ရာစာပေသင်ကြားခြင်း စသည်ဖြင့် သာသနာ့အလုပ်တွေကို အားကြိုးမာန်တက်ဆောင်ရွက်နေသည်။
မင်းတရားကြီး ချီးမြောက်ထား၍ အားလုံးကချစ်ကြောက်ရိုသေကိုင်းရှိုင်းလေးစားကြသည်။ဆရာကင်းကား စာလည်တတ် အနေအထိုင်ကကောင်း အပြောကချိုသာ မေတ္တာနှလုံးသားပိုင်ရှင်ဖြစ်သည့်အတွက် ဆရာကင်းထံ သီလရှင်သာသနာဝင်ရောက်ကြသော အမျိုးသမီးတွေ တစ်နေ့တခြားများပြားလာနေသည်။
အမျိုးသားများ ရှင်ပြုပွဲလုပ်သည့်အခါ ကြီးကြီးကျယ်ကျယ်လုပ်ကြသလို အမျိုးသမီးလေးများ သီလရှင်ပြုပွဲ လုပ်သောအခါမှာလည်းကြီးကြီးကျယ်ကျယ်လုပ်ပေးကြလေသည်။ဂူတစ်လုံးချောင်ဆရာကြီး ဒေါ်မယ်ကင်း အသက်ကြီးလာသောအခါ စာပေတာဝန်များကို တပည့်ကြီးများအား လွဲအပ်ထားပြီး ကိုယ်တိုင်ကမူ ကမ္မဋ္ဌာန်း အာရုံ၌သာ မွေ့လျော်ထုံနေပေတော့သည်။
ဝိပဿနာ ကမ္မဋ္ဌာန်းအလုပ်ပွားများ အားထုတ်ရင်း ဆရာကြီးဒေါ်မယ်ကင်းသည် သက္ကရာဇ် ၁၂၄၄ခုနှစ် ပြာသိုလဆန်း (၅) ရက်ဗုဒ္ဓဟူးနေ့ည သက်တော်( ၆၈ ) နှစ်အရ ဂူတစ်လုံး တစ်ဘဝတစ်ခန္ဓာ ဇာတ်သိမ်းသွားတော်မူသည်။ကျမ်းကိုး ပုံရိပ်-၃၁
Credit : ဓမ္မရတနာ