ရေအောက်နန်းတော်ကြီးတွင် ခိုလှုံလျက်ရှိသည့် ပဟေဠိဆန်စွာ ပျောက်ဆုံးနေသော “ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး”

ဓမ္မစေတီခေါင်းလောင်းရဲ့သမိုင်းကတော့ ဓမ္မစေတီမင်းကြီးက အမတ်လေးဦးကို အိမ်ဦးရေစာရင်းကောက်ဖို့ တာဝန်ပေးခဲ့တာက စတာပါ။

အမတ်တွေက အိမ်စာရင်းသာမကဘူး အိမ်တိုင်းမှာရှိနေတဲ့ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင်တစ်သိန်းနှင့်ရှစ်သောင်းရရှိခဲ့ပါတယ်။မင်းကြီးက ကြေးပါကောက်ယူခဲ့တာကြောင့် အမတ်လေးဦးကို ပြစ်ဒဏ်ပေးပြီး ကြေးများကိုကာယကံရှင်တွေဆီ ပြန်ပေးစေခဲ့ပါတယ်။

ပိုင်ရှင်တွေက ပြန်မယူပဲ မင်းကြီးသင့်တော်သလိုသာအသုံးပြုပါဆိုပြီး လျှောက်ထားကြတာကြောင့် ဓမ္မစေတီမင်းကြီးလည်း ရရှိထားတဲ့ကြေးများဖြင့် အမတ်ကြီးဗညားအိမ်ကို အကြီးအမှူးခန့်ပြီး ခေါင်းလောင်းကိုသွန်းလုပ်စေခဲ့ပါတယ်။

တပေါင်းလဆန်း(၈)ရက် ကြာသာပတေးနေ့မှာ ပွဲကြီးသဘင်ပြုပြီးခေါင်းလောင်းကြီးကို ပြုလုပ်တော်မူပါတယ်။ ဒါပေမယ့် ခေါင်းလောင်းကြီးက အသံမမြည်ပဲရှိခဲ့တယ်လို့ဆိုပါတယ်။

ခေါင်းလောင်းသွန်းလုပ်တော့ လောကဉာဏအမည်ရှိတဲ့ ဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမောလိမ့်မည်။

သို့သော် အသံကားမြည်မည်မဟုတ်ဟု မင်းကြီးကိုလျှောက်ထားတာကြောင့် မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။

ခြောက်လုံးမှာမိကျောင်း နက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည်နိုင်ချေလို့ ပြန်လည်ဖြေကြားတာကြောင့် မင်းကြီးလည်း ခေါင်းလောင်းကို ‘အပိန္နသော်’လို့ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်မှာ ချိတ်ဆွဲထားစေပါတယ်။

စာကိုလိုကောခေါင်းလောင်းက(၁၈)ရာစုမှာ သွန်းလုပ်တဲ့ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းက (အေဒီ၁၅) ရာစုမှာသွန်းလုပ်ခဲ့တဲ့ ခေါင်းလောင်းဖြစ်တာကြောင့် နှစ်ပေါင်း(၃၀၀) ပိုပြီးစောနေတာကို သိရှိနိုင်ပါတယ်။

ဒါကြောင့်လည်း ဓမ္မစေတီခေါင်းလောင်းက ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းများအနက် ရှေးအကျဆုံးခေါင်းလောင်း ဖြစ်ပါတယ်။

အကြောင်းမလှပုံ

၁၆၀၈ ခု (မြန်မာသက္ကရာဇ် ၉၇၄ခု တန်ဆောင်မုန်းလပြည့်နေ့ တနင်္ဂနွေနေ့) နေ့လယ် ၁၂ နာရီတွင် သန်လျင်မြို့စား ပေါ်တူဂီလူမျိုး ဒီဘရစ်တိုသည် ရွှေတိဂုံစေတီတော်မှ ဓမ္မစေတီခေါင်းလောင်းကြီးကို တောင်ပေါ်မှ လှိမ့်ချ၍ မြစ်တွင် ဆင်များဖြင့်ဆွဲကာ ပုဇွန်တောင် ရေလက်ကြားတွင် ဖေါင်ပေါ်သို့ တင်ခဲ့တယ်။

ခေါင်းလောင်းကြီး နှင့် ဖောင်သည် သန်လျင်မှစ၍ မြစ်ကြောင်းတစ်လျှောက် ခရီးနှင်ခဲ့၏။ သို့သော် ရန်ကုန်မြို့နှင့် သန်လျင်မြို့ကြား ပဲခူးမြစ် နှင့် ရန်ကုန်မြစ်ဆုံရာ မြစ်ဆုံ ခေါ် နေရာတွင် ဖောင်ပျက်ပြီး ခေါင်းလောင်းကြီး မှာ ရေအောက်သို့ ကျသွားခဲ့ပါတယ်။ ပေါ်တူဂီတို့လည်း ၎င်းကိုခိုးယူခြင်းကြောင့် အတော်အထိနာခဲ့ကြတယ်။

ပေါ်တူဂီ ဂတ်ရုံးအား ဒေါသထွက်သော ဗမာများက တိုက်ခိုက်ခဲ့ပြီး မှတ်တမ်းများအရ ပေါ်တူဂီခေါင်းဆောင်ကို ဝါးရင်းတုတ်ဖြင့် တစ်ချက်ခြင်း ရိုက်၍ တဖြည်းဖြည်းခြင်း သေစေသည်ဟု ဆိုတယ်။

ခေါင်းလောင်းကြီးနှင့်အတူ ဘုရင်မကြီး ရှင်စောပုမှ ကျိုက္ခမီရေလယ်ဘုရားသို့ လှူဒါန်းရန်အတွက် ဦးသာဆွေ ခေါင်းဆောင်သောအဖွဲ့မှ သွန်းလုပ်ထားသော ဉာဏ်တော် ၇ တောင် ရွှေသားစင်စစ် အလေးချိန် (၃) တန်ရှိသည့် ရပ်တော်မူ ဘုရားတစ်ဆူ၊

လုံအိုးကွဲသွားသောကြောင့် ဉာဏ်တော် ၇ တောင်တွင် တစ်မိုက်လျော့သော ရွှေသားအလေးချိန် (၃) တန်ရှိသည့် ရပ်တော်မူ ဘုရားတစ်ဆူ စုစုပေါင်း ရွှေ (၆)တန်နှင့် တန်ချိန် ၆၀ ခန့် ရှိသည့် အခြားခေါင်းလောင်း အသေးတစ်လုံးတို့လည်း အတူတ ကွ နစ်မြုပ်သွားခဲ့သည်ဟု မှတ်သားရတယ်။

နစ်မြုပ်နေ သော နေရာမှာ ရေအနက် (၂၇)ပေ မြေကြီးအောက် (၂၅) ပေ စုစုပေါင်း (၅၂) ပေ တွင် ရှိသည်ဟု ခန့်မှန်းရပါတယ်။

ဆယ်ယူရန်ကြိုးပမ်းမှုများ

-ရန်ကုန်ရှိ သမိုင်းအထောက်အထားများအရ ၁၈၀ဝ ခုတွင် ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှတပါး ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိချေ။ ယခုခေတ် လူကြီးများပင် ၎င်း ဝဲကတော့ကို မျက်မြင် ကိုယ်တွေ့ရှိသည်ဟု ဆိုကြတယ်။

မြစ်ကတော့ သိပ်မနက်လှပါ။ ပေ ၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထက် ပေ၄၀ လောက် ရှိမည်ဖြစ်ပြီး ၎င်းရွှံညွှန်များထဲတွင် ခေါင်းလောင်းတော်ကြီး ရှိပေမည်။ ဗြိတိသျှတို့ ခေါင်းလောင်းကြီးအား ဆယ်ယူရန်အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

မြန်မာတို့က ခေါင်းလောင်းကြီးအား မူလ တည်ရှိရာ စေတီတော်သို့ ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့် ဗြိတိသျှတို့လည်း မစဉ်းစားပဲ ခေါင်းညိတ်ခဲ့ကြတယ်။ မြန်မာတို့တွင် ဉာဏ်နီ ဉာဏ်နက် ရှိ၏။ ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်းသယ်ယူထည့်ပြီးစုပေါင်းတွဲချည်ကာ ရေပေါ်ပေါ် စေတယ်။ ၎င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေးရစေခဲ့ပါတယ်။

-ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီး၍ ရှာဖွေခွင့်လျှောက်ထားသူ ဦးကြိုင်၊ ဦးတင်ရွှေ၊ ဦးစိုးလွင်တို့ပါဝင်သော ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့က ၁၉၈၇-ခုနှစ်တွင်၎င်း၊ ၁၉၈၉-ခုနှစ် ဇူလိုင်လတွင်၎င်း၊ ဓမ္မစေတီခေါင်းလောင်း ရှာဖွေရန် ဒေါပုံမြစ်ဝ မြစ်သုံးဆိုင် ရေပြင်ကျယ်၌ ကွင်းဆင်းဆည်ယူမှုလုပ်ငန်း ဆောင်ရွက်ခဲ့တယ်။

ခေတ်မီကိရိယာပစ္စည်းများ မပြည့်စုံ၍၎င်း၊ မြစ်ရေ၊ ဒီရေ အဟန့်အတားများကြောင့် ဩဂုတ်လတွင် ဆယ်ယူမှုလုပ်ငန်း ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။

-(ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် ၁၉၈၇ ခုနှစ်တွင် ဦးကျော်ဦးဆောင်သော အဖွဲ့မှ လည်းကောင်း၊ ၁၉၈၉ တွင် ဦးသိန်းထွန်းနှင့် အဖွဲ့ကလည်းကောင်း ကြိုးစားခဲ့သည်ဟု သိရပါတယ်။)

-၁၉၉၅-ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၉၇-ခုနှစ်၊ ဇွန်လအတွင်း အမေရိကန်လူမျိုး ရေငုပ်သမား ဂျင်ဘလန့် (Jim Blunt)က ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးကို ဆောင်ရွက်ခဲ့ပါတယ်။(သုံးလအတွင်း ခေါင်းလောင်းရှာဖွေရန် ၁၁၅ ကြိမ် ရေငုပ်ခဲ့ဖူးသည်။

ခေါင်းလောင်းကြီးကို လက်ဖြင့် ထိတွေ့ခဲ့ပြီး ခေါင်းလောင်းအနီးတွင် သင်္ဘောပျက် ရှိကြောင်း ၁၆ ဒီဂရီ ၄၆ ဒသမ ဝ၀ဝ မိနစ်မြောက်နှင့် ၉၆ ဒီဂရီ ၁၂ ဒသမ ၁၃၀ အရှေ့တွင် တည်ရှိသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။)

-၁၉၉၆-ခုနှစ်၊ ဧပြီလတွင် နိုင်ငံခြား အဖွဲ့အစည်းက ကမ်းလှမ်းချက်ကို လက်ခံပြီး ခေါင်းလောင်းကြီးကို ရှာဖွေခွင့်ပြုခဲ့ရာ ခေါင်းလောင်းတည်နေရာကို ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့တယ်။ သို့သော် ခေါင်းလောင်းကြီး အပေါ်သို့ တင်ယူရေးအတွက် အခက်အခဲများရှိကြောင်း တင်ပြခဲ့တယ်။

-ဦးစံလင်း(ကော့သောင်း)မြို့ ဦးဆောင်သော အဖွဲ့က မြန်မာနည်း၊ မြန်မာ့ဟန် မြန်မာ့အဆင့်မြင့် နည်းပညာဖြင့် အကြိမ်ကြိမ် ဆယ်ယူရန် ကြိုးပမ်းခဲ့ကြပါတယ်။ ပထမအကြိမ်မှာ ၁၉၉၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှ ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အထိ ၃၂ ရက်ကြာခဲ့တယ်။

ရေငုပ်သမား အခက်အခဲကြောင့် ပထမအကြိမ် ဆယ်ယူခြင်း ကို လက်လျှော့ခဲ့တယ်။ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် သောင်တူးစက် (၁၅၀၂) ဖြင့် ရှာဖွေရန် ကြိုးပမ်း ခဲ့ရာ ၁၉၉၈ ခုနှစ် ဩဂုတ် ၁၁ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် ခေါင်းလောင်းကြီးရှိသော နေရာကို တွေ့ရှိခဲ့ ကြတယ်။

၁၉၉၈ ခုနှစ် အောက်တိုဘာလတွင် သောင်တူးစက် (၁၀၀၀) ဖြင့် ဆယ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လုပ်အား မနိုင်သဖြင့် ရပ်တန့်ခဲ့သည်။ ထိုအဖွဲ့မှာ ယခုတိုင် ဆယ်ယူရန် ကြိုးပမ်းဆဲ ဖြစ်၏။

-(အလားတူ ၁၉၉၇၊ ၉၈၊ ၉၉ ခုနှစ်များ ဦးစံလင်းမှလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ လည်းကောင်း၊ ၁၉၉၈ တွင် ဒေါ်အေးသိန်းနှင့် အဖွဲ့မှလည်းကောင်း ခေါင်းလောင်းကို ရှာဖွေဆယ်ယူရန် ကြိုးပမ်းခဲ့ကြပါတယ်။)

ထူးခြားဖြစ်ရပ်များ

-ရေငုပ်သူအချို့၏ ပြောပြချက်များအရ ဓမ္မစေတီခေါင်း လောင်း ကြီးရှိသော သင်္ဘောပျက်ကြီးနားတွင် ပရလောက သားများကဲ့သို့ မဲမဲသတ္တဝါကြီးများကိုတွေ့ရှိရသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ သင်္ဘောနစ်မြှပ်ရာတွင် ဓမ္မစေတီခေါင်းလောင်းကြီးနှင့်အတူ ရတနာပစ္စည်းများလည်းပါသည့်အတွက် ဒီဘရစ်တိုတို့အဖွဲ့မှ မကျွတ်မလွတ် ပဲအစောင့်ဖြစ်နေပုံပေါ်ကြောင်း ယုံကြည်ကြသူများလည်းရှိပါတယ်။

-ရှေးလူကြီးသူမများ၏ပြောပြချက်အရ လပြည့်လကွယ်ညများတွင် ဒေါပုံမြစ်အတွင်း ခေါင်းလောင်းကြီးပေါ်လာ သည်ကို သင်္ဘောသမားများမှ တွေ့မြင်ဖူးကြောင်း မှတ်သားရပါတယ်။

-၂၀၁၂ခုနှစ်က ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူဖို့ကြိုးစားသည့်အချိန် နတ်နဂါးများမှ “ဓမ္မစေတီခေါင်းလောင်းကြီးသည် တရားဓမ္မနှင့်အညီအုပ်ချုပ်သောမင်းနှင့် သူ၏ပြည်သူ ပြည်သား တို့၏ ကုသိုလ်တော်ဖြစ်သောကြောင့် နောက်ထပ်တစ်ကြိမ် မိစ္ဆာဝါဒီတို့ရန်မှ ကင်းဝေးစေရန် မိမိတို့ရေအောက် နန်းတော်တွင် ထိန်းသိမ်းထားကြောင်း” အိပ်မက်ပေးသဖြင့် နဂါးသိုက်အပေါင်းနှင့် အစ်မတော်မြနန်းနွယ်အား (၁၀၈) ဖီး ကန်တော့ပွဲများပေးကာ ဆယ်ယူသော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

-ပြီးခဲ့သည့် နှစ်များအတွင်းက ဩစတြေးလျနိုင်ငံမှ ပညာရှင်များက Sonar System နှစ်မျိုး ဖြစ်သည့် Lowlarce HDS 7 Structure Scan Star Fish Side Scan စနစ်တို့ကို အသုံးပြုပြီး လာရောက်စမ်းသပ် ဖော်ထုတ်ခဲ့ကြရာ ခေါင်းလောင်းရှိမည့် နေရာနှစ်နေရာကို စမ်းသပ်ဖော်ထုတ်ခဲ့ကြသော်လည်း ယခုအချိန်ထိ သယ်ယူရရှိနိုင်ခြင်းမရှိ သေးပါဘူး။

crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်