ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေဖြစ်ပေါ်လာပုံ နှင့် မောင်ကံ ရာဇဝင်

ဟိုးတုန်းကတော့ ရန်ကုန်ဟာ ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့ ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။ အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။

ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ ဆင်း သက်လာခဲ့ကြောင်း သိရပါတယ်။ မွန်ဝေါဟာရ အရ ကုန်းမြင့်ပေါ်က စေတီ လို့ အဓိပ္ပါယ်ရပါတယ်။၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍ စတင်ပြောင်းလဲခဲ့ပါတယ်။

အဲဒီနောက် ကုန်းဘောင်ခေတ် ၊ ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့ အဓိကအကျဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။ ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊ စမ်းချောင်း စတဲ့ မြို့နယ်ခွဲပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။

ထိုမြို့တွေရဲ့အမည် ဟာ ဘယ်ကနေ ဖြစ်ပေါ်လာပါသလဲ။ အများစုကတော့ မွန်နာမည် အခေါ်အဝေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။ မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်။ကမာရွတ်- မွန်ဘာသာ အမည် ကမာရွတ်မှာ ‘ကမာ’ဆိုတာ ရေကန် ၊ ‘ရွတ်’ ဆိုတာ ရတာ ဖြစ်ပါတယ်။

ရတနာကန် ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ အင်းလျားကန်ကို ရှေးတုန်းက ခေါ်တဲ့နာမည်ပေါ့။ကျောက်တံတား- ကုန်းဘောင်ခေတ်ဦးတုန်းက ဆူးလေတစ်ဝိုက်ဟာရေပတ်လည်ဝိုင်းနေတဲ့ နေရာပါ။ အဲဒီအနီးအနားမှာ ဘုရားဘက်ကို ကူးသွားနိုင်တဲ့ ကျောက်တံတားကြီး တစ်ခု ရှိခဲ့ဖူးရာကနေ ဒီနာမည် ဖြစ်လာပါသ တဲ့။ ကြည့်မြင်တိုင် – မွန်ဘာသာအမည် ကမန်ဋ်ုင်က ဆင်းသက်လာတာပါ။

မြို့ရိုးရှိတဲ့ မြို့လို့ အဓိပ္ပါယ်ရပါတယ်။ကံဘဲ့ – မွန်ဘာသာအ မည် ခပင်း(ခပေင်) ကို မြန်မာဘာသာနဲ့ ခေါ်ရာ ကနေ ကန်ဘဲ့ ဆိုပြီးဖြစ်လာတာပါ။ အဓိပ္ပါယ်က ကသစ်ပင် ဖြစ်ပါတယ်။ကုက္ကိုင်း – မွန်ဘာသာ “ကော့ကောင်း” က ဆင်းသက်လာတာ ဖြစ်ပါ တယ်။ ကော့ဆိုတာ ကုန်း၊ ကောင်းဆိုတာက မရွေးပင်ကိုခေါ်တာမို့ အစကတော့ မရွေးပင်ကုန်းလို့ ခေါ်တဲ့နေရာပါ။

စမ်းချောင်း – စတင်တည်ထောင်စအချိန်မှာ တောင်ကုန်းဖြစ်ခဲ့ပြီး အဲဒီတောင်ကုန်းတွေကြားမှာ စမ်းချောင်းကလေးတစ်ခု စီးဆင်းနေ ပါသတဲ့။ အဲဒီစမ်းချောင်းကို အစွဲပြုပြီး ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ဆင်မလိုက် – ရှေးအခါက နွံထူတဲ့အရပ်ဖြစ်တာကြောင့် ဆင်တွေဟာ အဲဒီနေရာရောက်ရင် ဆက်မသွား ၊ ဆက်မလိုက်တော့ပဲ ရပ်တန့် သွားတတ်ရာကနေ ဆင်မလိုက် ဆိုပြီး ဖြစ်လာပါသတဲ့။

တာမွေ – မွန်အမည် တာမွေ ကနေ တိုက်ရိုက်ဆင်းသက်လာပါတယ်။ ထန်းပင်တစ်ပင် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ပုဇွန်တောင် – မွန် ဘာသာ “ပုဇွန်ဒေ” ကလာတာပါ။ တောင်ကုန်းငါးခု လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီကုန်းတွေက မလွှကုန်း ၊ မအူကုန်း ၊ သစ်ဆိမ့်ကုန်း ၊ ချစ်တီးကုန်း နဲ့ ပုရွက်ဆိတ်ကုန်း တို့ဖြစ်ပါတယ်။ဗဟန်း – ဗဟန်းဆိုတာကလည်း မွန်ဘာသာကနေဆင်းသက်လာပြီး အဝါရောင်ရှိတဲ့မြေလို့ အဓိပ္ပါယ်ရပါတယ်။

ရှေးအခါက ကန့်ထွက်တဲ့ အရပ်ဒေသ ဖြစ်ခဲ့ဟန် တူပါတယ်။ဘောက်ထော် – မွန်ဘာသာ ပေါက်ထောကနေလာပြီး ရွှေဟင်္သာလို့ အဓိပ္ပါယ်ရပါတယ်။မင်္ဂလာဒုံ – မွန်အမည် “ဍုံဒရိုင်မငေ” ကနေ ဆင်းသက်လာပါတယ်။ အဓိပ္ပါယ်က မင်္ဂလာသမင်မြို့ ဖြစ်ပါတယ်။ အဲဒီကနေ မြန်မာဘာသာ တိုက်ရိုက်ယူ သုံးရာကနေ မင်္ဂလာဒုံမြို့ ဆိုပြီး ဖြစ်လာပါတယ်။

မြေနီကုန်း – ၁၈၄၁ခုနှစ် သာယာဝတီမင်းလက်ထက် အခုမြို့မကျောင်းနား က ကွင်းပြင်မှာ အောင်မြေရန်နှင် နန်းမြို့တည်ဆောက်စဉ် မြို့တော်တံခါးတွေထဲမှာ မြေနီကုန်းတံခါး ဆိုတာပါပါတယ်။ အဲဒီတံခါးကနေ ထွက် လိုက်ရင် အနီရောင်တောင်ကုန်းငယ်ကလေးကို တွေ့ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။လသာ – ရန်ကုန်ကို အင်္ဂလိပ်တွေသိမ်းပြီး မြို့ကွက်ရိုက်ရာမှာ လမ်းနာမည်ကို သူတို့အရာရှိတွေရဲ့အမည်တွေပေးခဲ့ပါတယ်။

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာပါဝင်ခဲ့တဲ့ ကတ်ပတိန်လတ္တာ(Capt.Lattar) ကို ဂုဏ်ပြု တဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။ လတ္တာလမ်းကို မြန်မာလိုခေါ်ခဲ့ကြရာမှာ လသာလမ်း ဆိုပြီးဖြစ်လာပါတယ်။ အဲဒီနားတဝိုက်ကိုလည်း လသာရပ် ဆိုပြီးခေါ်ခဲ့ကြပါတယ်။

လမ်းမတော် – သာယာဝတီမင်း ရန်ကုန်မြို့ကိုကြွလာစဉ်တုန်းက သင်္ဘောဆိပ်ကနေ အောင်မြေရန်နှင်နန်းမြို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဘုရင်သွားတဲ့လမ်းမ ဖြစ်တာကြောင့်’ တော် ’တပ်ခေါ်ရာနေ လမ်းမတော် ဆိုပြီးဖြစ်လာပါတယ်။အင်းစိန် – မွန်ဘာသာ အန်းစိန်(အင်စိင်)ကနေ ဆင်းသက်လာပြီး ဆင်တွေရေကစားရာအရပ် လို့ အဓိပ္ပါယ်ရပါတယ်။

အထက်ပါအချက်အလက်တွေကတော့ စာအုပ် မှတ်တမ်းတွေထဲက အချက်အလက်တွေဖြစ်ပြီး နောက်ထပ် ရန်ကုန်မြို့နဲ့ ဆက်စပ်တဲ့လူသိများတဲ့ရာဇဝင်ကတော့ မောင်ကံ ရာဇဝင်ပါ။ မောင်ကံဇာတ်လမ်းထဲမှာတော့ ရန်ကုန်မြို့ရဲ့ မြို့နယ်နာမည်တွေဖြစ်လာပုံက တစ်မျိုးတဘာသာဖြစ်ပါတယ်။

မောင်ကံ နဲ့ ရန်ကုန်မြို့ရာဇဝင်ကို မသိသေးသူများအတွက် ကိုမင်းထက်ကျော်စွာ(ပဉ္စမံကြောင်) ရေးထားတာလေးကို မျှဝေလိုက်ပါတယ်။အကယ်၍ မိတ်ဆွေသည် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဖူးမြော်ရောက်ရှိခဲ့ပါက အ နောက်ဘက်မုခ်အနီးတွင် ဆံတော်တွင်းကို ကြည်ညိုတွေ့ရှိရမည်ဖြစ်သည်။

ကျနော် ပြောမည့်အကြောင်းအရာ သည် အဆိုပါ ဆံတော်တွင်းထဲတွင် ယနေ့တိုင် ကျောက်ရုပ် အဖြစ်တည်ရှိနေသည်ဆိုသော မွန်သူရဲကောင်း မောင်ကံ၏ စွန့်စားခန်း ( The Legend of Maung Kan ) ပင်ဖြစ်တော့သတည်း။တစ်ခါက ဒဂုံမြို့တွင် ရိုးသားစွာ လယ်ယာလုပ်ကိုင်သော မောင်ကံအမည်ရှိ လူငယ်တစ်ဦး ရှိလေ၏။ လွန်စွာ သန်မာထွားကျိုင်းသည်ဆို၏။

တစ်နေ့တွင် ရသေ့တစ်ပါးက(မူကွဲများတွင် ဇော်ဂျီဟုလည်းဆို) မိမိ၏ ထွက်ရပ်လမ်းအတွက် လိုအပ်သော ပုဂ္ဂိုလ်လိုက်ရှာရာ မောင်ကံအားတွေ့သဖြင့် မိမိအား ကူညီပါမည်လားမေးမြန်းရာ မောင်ကံလည်း ဝမ်းမြောက်ဝမ်းသာလက်ခံလေ၏။သို့ရာတွင် ရသေ့က မောင်ကံ၏ သတ္တိကိုစမ်းလိုသဖြင့် ငါခုန်သလို လိုက်ခုန်စမ်းပါလှည့် ဟုဆိုကာ ကန်တစ်ခုအား ခုန်ကျော်ပြလေ၏။

ကန်မှာအတော်ကျယ်သော်လည်း ရသေ့မှာ ချောမောစွာပင် တစ်ဖက်ကမ်းသို့ရောက်လေ၏။ မောင်ကံလည်း မာန်ကိုသွင်း၍ ခုန်သော်လည်း ရသေ့က တန်ခိုးပြသောကြောင့် ကမ်းပေါ်မရောက်ဘဲ ဘောင်ပေါ်ကျကာ ကန်ပဲ့သွားလေ၏။( ထိုအရပ်ကို ယနေ့တိုင် ကံဘဲ့ ဟုခေါ်လေသည်။)ထို့နောက် ရသေ့က မောင်ကံအား စည်းတစ်ခုတားပေးကာ ဆေးလုံးသုံးလုံးပေးလေ၏။

မိမိက ပေါက်ဟုအော်လျှင် ဆေးတစ်လုံးသာ ပေါက်ရန်မှာကာ မည်သည့်ရန်သူလာလာ စည်းကို မကျော်ရန်မှာကြားလေ၏။ပထမတစ်ခေါက်တွင် ဆင်ရိုင်းအုပ်ကြီးသည်လည်းကောင်း၊ဒုတိယအခေါက်တွင် မိုးကြိုးမုန်တိုင်းများကျ၍လည်းကောင်း၊တတိယအခေါက်တွင် ဘီလူးသရဲများရောက်၍ သော်လည်း ကောင်း အနှေင့်အယှက်များလာသော်လည်း မောင်ကံသည် တည်ငြိမ်စွာရင်ဆိုင်နိုင်ခဲ့သည် ဆို၏။

ရသေ့လည်း ထွက်ရပ်ပေါက်၍အလိုပြည့်သည့်အခါ မောင်ကံကို ကျေးဇူးတင်သဖြင့် မြေလျှိုးမိုးပျံ နိုင်သော လှံရှည် ကိုပေးအပ် ခဲ့လေ၏မောင်ကံလည်း ထိုလှံပျံ တန်ခိုးဖြင့် လှည့်လည်သွားလာရင်း ဂန္ဓာလရာဇ်တိုင်း(တရုတ်ပြည်)ထိရောက်ကာ တရုတ်ဥတည်မင်း၏ သမီးတော်ကြင်စာရီ နှင့်တွေ့လေ၏။ ကြင်စာရီမှာလည်း အစွမ်းထက်သော မွန်လူစွမ်းကောင်း အား မေတ္တာသက်ဝင် နှစ်သက်သွားကာ များမကြာမီ ချစ်သူများ ဖြစ်သွားကြလေ၏။

လအနည်းငယ်အကြာတွင် ပဋိသန္ဓေခလေ၏။ထိုအ ကြောင်းကို ဥတည်မင်း သိလျှင် မောင်ကံအားခေါ်၍ “မွန်လူစွမ်းကောင်းငယ်၊သင်တို့ဟံသာဝတီပြည်မှ တန်ခိုးကြီးဘုရားရွှေတိဂုံတွင် မြတ်ဗုဒ္ဓ၏ဆံတော်အစစ်ကို ဌာပနာထားသည် မဟုတ်တုံလော၊ ငါလည်း ကိုးကွယ်ချင်ပါ၏။

ငါ့ထံသို့ဆံတော်များဆောင်ကျဉ်းပေးပြီးသည်နှင့်တစ်ပြိုင်နက် သင့်အား သမီးတော်နှင့် ထိမ်းမြားကာ အိမ်ရှေ့အရာ ပေးအံ့”မောင်ကံလည်း ချစ်ရသူနှင့်ဝေးမည်စိုးသဖြင့် ချက်ချင်းပင်ဆောင် ယူမည်ဖြစ်ကြောင်း ကတိပေးကာ လှံရှည်အားခွလျက် မွေးရပ်မြေသို့ ပျံထွက်ခဲ့လေ၏။

ကြာမြင့်စွာ ပျံသန်း၍ တစ်နေရာသို့အရောက်တွင် မောပြီ ဟုဆိုကာ လှံကို ထောက်လျက်နားလေ၏။ ( ထိုအရပ်ကို မှော်ဘီ ဟု ယနေ့တိုင်တွင်လေ၏)အမောပြေ၍ဆက်လက်ပျံသန်းရင်း စမ်းချောင်းတစ်ခုကိုတွေ့၍ ရေဆင်းသောက်ခဲ့သေးသည်ဆို၏။( ထိုအရပ်ကို စမ်းချောင်း ဟု ယနေ့တိုင်တွင်လေ၏။)ထို့နောက် ဆက်လက်ပျံသန်းခဲ့ရာ ရွှေတိဂုံစေတီတော်ကို ကြည့်လျှင် မြင်နိုင်သည့် နေရာသို့ရောက်လေ၏။

(ထိုအရပ်မှာ ယနေ့ ကြည့်မြင်တိုင် ဟုခေါ်သောအရပ်ပင်ဖြစ်သည်။)တစ်နေရာတွင်မူ မောင်ကံသည် ရပ်၍စဉ်းစား၏။ “ဘုရားဆံတော်ကို ခိုးယူခြင်းမှာ အကုသိုလ် ကြီးမားပေမည်။ အို မဖြစ်ချေပါဘူး။

ဆံတော်မပါလျှင် ကြင်စာရီ နှင့်ဝေးရချည့်။မည်သို့ပင်ဖြစ်စေ ရွှေတိဂုံတိုင်အောင်သွားတော့မည်။” ( ထိုအရပ်ကို ရွှေဂုံတိုင်ဟု ယနေ့တိုင် တွင်လေ၏)ဘုရားကို မြင်ရသော်လည်း အကုသိုလ်အလုပ်လုပ်မည့်မောင်ကံသည် လမ်းလည်လျက်နေလေ၏။ 

တစ်နေရာတွင် ကြီး မားသောမြွေကြီးတစ်ကောင်က မောင်ကံအား တားလေ၏။ သို့သော် ထိုမြွေကြီးမှာ မောင်ကံလက်ချက်ဖြင့်ဇီဝိန်ချုပ်လေသည်။(ထိုအရပ်ကို တားမြွေဟုခေါ်ရာမှ ယနေ့ တာမွေ ဖြစ်လာလေသည်။)

နောက်ဆုံး ရွှေတိဂုံစေတီတော်သို့မောင်ကံရောက်ရှိကာ ဆံတော်တွင်းသို့ လှံကိုစိုက်ချကာ ဝင်လေ၏။ ဓားစက်၊လှံစက်များကို လှံရှည်တန်ခိုးဖြင့် ဖြတ်ကျော်ကာ ဆံတော်တည်ရှိရာ နေရာအနီးသို့ရောက်လေ၏။

ထိုအ ချိန် တွင် ရုတ်တရက်ငလျင်တော်လည်းကာ မောင်ကံ၏ ခြေအစုံသည် လှုပ်၍မရတော့ပေ။ထိုအဖြစ်ကို ရသေ့လည်း ဒိဗ္ဗစက္ခုဖြင့်မြင်၍ တပည့်၏အဖြစ်ကို သနားကာ ချက်ချင်းပင် ဆံတော်တွင်းသို့လိုက်သွားလေ၏။ မောင်ကံက ကြင်စာရီနှင့် တွေ့ချင်သည်ဆိုသဖြင့် ရသေ့က တန်ခိုးဖြင့် ဆောင်ယူပေးလေ၏။

ကြင်စာရီရောက်လျှင် မောင်ကံမှာ ရင်ဘတ်ထိတိုင် ကျောက်ရုပ်ဖြစ်၍နေပြီဖြစ်သည်။ မောင်ကံလည်း တုန်ရီသော နှုတ်ခမ်းအစုံဖြင့် မိမိတို့၏ ရင်သွေးလေးကို မည်သည့်အခါတွင်မှ မြတ်ဗုဒ္ဓနှင့် ရတနာသုံးပါးကို မစော်ကားမိစေရန် ဆုံးမပါဟု မှာကာ များမကြာမီ ကျောက်ရုပ် ဖြစ်လေသတည်း။

Credit – မူရင်း