ခေါင်းပေါင်း(သို့)ဗောင်းတော် စတင်အသုံး​​ပြုလာခဲ့ပုံ နှင့် ခေါင်းပေါင်းအမျိုးအစားများ အကြောင်း

ခေါင်းပေါင်း

ခေါင်းပေါင်းသည် မြန်မာလူမျိုးယောကျာ်းများ ဦးခေါင်း တွင် ဆင်းမြန်းသော တန်ဆာဆင်ယင်မှုတစ်မျိုးဖြစ်သည်။

ခေါင်းပေါင်းကို ဆင်းရဲသား များမှ ဘုရင်မင်းမြတ် အထိ အမြတ် တနိုးထားကာ ဆင်မြန်းကြသည်။ ဦးခေါင်းကို ရစ်၍ ပေါင်း ရသဖြင့် ” ဦးရစ် ” ဟုလည်း ခေါ်ကြသည်။

အိန္ဒိယ မှဆင်းသက်လာသောအလေ့

မြန်မာလူမျိုးတို့ ခေါင်းပေါင်းခြင်း အလေ့အထ သည် အိန္ဒိယနိုင်ငံမှ အတုယူခဲ့သည်ဟု အချို့ပညာရှင်တို့က အယူ ရှိကြသည်။ အိန္ဒိယနိုင်ငံ၌ ဦးရစ်ပေါင်းခြင်း ဓလေ့မှာ အလွန် ရှေးကျသောထုံးတမ်းစဉ်လာတစ်ခု ဖြစ်၏။

ဂေါတမမြတ်စွာ ဘုရား၏ ဓာတ်တော်များခွဲဝေပွဲတွင် ဒေါနပုဏ္ဏားသည် ဓာတ် တော်များကို ဦးရစ်ကြား၌ ဝှက်ထာကြောင်း ကျမ်းဂန်များတွင် ပါရှိသည်။

ပုဂံခေတ် ကအစ

မြန်မာနိုင်ငံတွင်မူ ပုဂံခေတ်ကပင် မြန်မာများ ခေါင်းပေါင်း ဆင်မြန်း နေကြပြီဖြစ်ကြောင်းကို သိရှိရသည်။ပုဂံပြည် နရသီဟပတေ့မင်းကြီးလက်ထက်တွင်ပညာရှိအမတ်ရာဇသင်္ကြန်၏ သား အုတ်လှငယ် သည် ဦးခေါင်း၌ ပေါင်းထုပ်ထားသော အဝတ်ကို ချွတ်၍ချပြီးလျှင် အရှင့်အမှုတော်ကို ဦးဆွေးဆံမြည့် ထမ်းဆောင်ရပါသည်ဟု လျှောက်ထားဖူး ကြောင်း မြန်မာ့သမိုင်းတွင် ဖော်ပြထားသည်။

ဘုရင်၊မင်းညီမင်းသားခေါင်းပေါင်း( ဗောင်းတော် )

ခေါင်းပေါင်းသည့်အခါ သျှောင်ကို အုပ်၍ဖြစ်စေ၊ ဖော်၍ဖြစ်စေ ပေါင်းကြသည်။ အရပ်သားများက သျှောင်ကို အုပ်၍ ပေါင်းကြသည်။ ဘုရင် မင်းညီ မင်းသား မှူးမတ်တို့သည် သျှောင်ကိုမအုပ်ဘဲ ဦးခေါင်းကို ရစ်ပတ်ကာ ခေါင်းပေါင်းကို ခွေ​ရစ်၍ ပေါင်းကြသည်။

ထိုသူတို့၏ခေါင်းပေါင်းကို ဗောင်း သို့မဟုတ် ဗောင်းတော်ဟု ခေါ်သည်။ ရွှေကျင်ခတ် ပဝါ သို့မဟုတ် ရွှေကြိုးခတ် ပဝါများကို ဆင်မြန်းကြသည်။ ပတ္တမြားဖြင့် စီခြယ်ထားသော ပတ္တမြားဗောင်းတော်၊ နဝရတ်ကိုးသွယ်ဖြင့် စီခြယ်ထားသော နဝရတ်ဗောင်းတော်၊ ရွှေသားဗောင်းတော်၊ စိန်တွယ်ဗောင်းတော်၊ မြတွယ်ဗောင်းတော် များလည်း ရှိသေးသည်။

ခေါင်းပေါင်းစ အပေါ်သို့ထောင်၍ ပေါင်းကြသည်။ ခေါင်းပေါင်းစ တည့်မတ်ခြင်း ၏ အဓိပ္ပာယ်မှာ ဖြောင့် မတ်တည့်မတ်ခြင်း ကို ဖော်ညွှန်းခြင်းဖြစ်သည်။ မင်းညီမင်းသား မှူးမတ် တို့ကား ခေါင်းပေါင်းစ နှစ်စ ထောင်၍ ပေါင်းကြရသည်။

မြန်မာဘုရင်တို့သည် ဗောင်းတော်ကို အလွန် အထွတ် အမြတ် ထားကြသည်။ ထို့ကြောင့် ဗောင်းတော်၊ သရဖူတော်၊ မကိုဋ်တော်များကို နန်းမဦး တည့်တည့်တွင် ဆောက်လုပ်ထားသော ဗောင်းတော် ဆောင်၌ သီးသန့်ထားရှိသည်။

ဗောင်းတော်ဆောင်အတွက် သီးခြားအမှုထမ်း အရာထမ်းများ မရှိသော်လည်း ဆရာတော် သံဃာတော်များ၊ မှူးမတ်စော်ဘွားတို့သည် ရုတ်တရက် ဘုရင်မင်းမြတ်ရှေ့တော်သို့ မဝင်ရသေးမီ ထိုအဆောင်၌ ခေတ္တဆိုင်းငံ့ နေကြရသည်။

ခေါင်းပေါင်းဖြူဖော့လုံး

မှူးကြီးမတ်ကြီးများသည် ဖြူစင်သော ပိတ်ရက်ထည်ကို ပေါင်းချောင်ပတ်သဏ္ဌာန် လုံးရစ်အောင်ခွေရစ်ကာ သျှောင်ကို လှပ်၍ ဆင်မြန်းကြသည်။ ထိုခေါင်းပေါင်းမျိုးကို ခေါင်းပေါင်းဖြူဖော့လုံးဟု ခေါ်သည်။

ဇာတ်သဘင်ဝန်ကြီးများနှင့် ရှေးဆန် သော ပုဂ္ဂိုလ်တချို့တို့သည် ယခုထက်တိုင် ခေါင်းပေါင်းဖြူ ဖော့လုံးနှင့် တောင်ရှည်ပုဆိုးများကို ဝတ်ဆင်လေ့ရှိကြသေး သည်။

ကုန်းဘောင်ခေတ်နှောင်း ပိုင်း

ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် ပြည်တွင်းဖြစ် အထည် များသာမက နိုင်ငံခြားဖြစ် ပဝါများဖြင့်လည်း ခေါင်းပေါင်း ပေါင်း၍ ဆင်မြန်းလေ့ရှိကြသည်။ ထိုအခါက ပုသိမ်မြို့သို့ အာရပ်ကုန်သည်များ ယူ ဆောင်လာသော ပိုးပဝါများကို မင်းညီမင်းသားမှအစ လူအများ ဆင်မြန်းလေ့ရှိသည်။

ကျေးတရာ ခေါင်းပေါင်း

ထိုခေတ်လောက်မှာပင် ကျေးတရာခေါင်းပေါင်းမှာ ခေတ်စားခဲ့လေသည်။ ကျေးတရာခေါင်းပေါင်းဆိုသည်မှာ ကျေးငှက်ရုပ် ၁၀ဝ ခန့်မျှ ရေးခြယ်ထားသော ပိုးခေါင်းပေါင်း ဖြစ်လေသည်။

အုပ်ပေါင်း

ထို့နောက် ဦးသျှောင်ထုံးသော အလေ့နည်းပါးလာသော အခါ သျှောင်အစား ကြိမ်ခြင်းကို အောက်ကခံ၍ ခေါင်းပေါင်း ပေါင်းကြသည်။ ထိုပေါင်းနည်းကို ”အုပ်ပေါင်း” ပေါင်းဟု ခေါ်ကြသည်။

ဘီအေပေါင်း

၁၉၂၂ ခုနှစ်လောက်မှစ၍ တက္ကသိုလ်ဘွဲ့ယူ သူများသည် ခေါင်းပေါင်းနှင့် ဝတ်ရုံကို ဆင်မြန်းလျက် ဘွဲ့ယူ ကြ၏။ ထိုခေတ်ကျောင်းသားများသည် ခေါင်းပေါင်းပေါင်း၍ ကျောင်းတက်ကြသည်။

ထိုကျောင်းသားများ ထွင်လိုက်သော ခေါင်းပေါင်းမှာ ခေါင်းပေါင်းစရှည်ရှည်ချထားသော အုပ်ပေါင်း ဆန်ဆန် ပေါင်းနည်းမျိုးဖြစ်၍ ”ဘီအေပေါင်း”ဟု ခေါ်ဆို ကြသည်။ သို့သော်လည်း အုပ်ပေါင်းကဲ့သို့ ခြင်းခံ၍ ခေါင်း တစ်ခုလုံး အုပ်မထားချေ။

ပြည်ထောင်စုဖွား တိုင်းရင်းသားများသည် အမျိုးအနွယ် အလိုက် ဦးခေါင်းကို အဝတ်တန်ဆာဖြင့် ရစ်ပတ်ဆင်မြန်းကြသည်။

ခေါင်းပေါင်းဆင်မြန်းခြင်းသည် မြန်မာ့ယဉ်ကျေးမှု၏ အဓိကအချက်ကြီးတစ်ခု ဖြစ်သည့် အားလျော်စွာ ပွဲနေပွဲထိုင် အခမ်းအနားများတွင် တိုင်းရင်းသားများသည် မိမိတို့ ရိုးရာထုံးတမ်းနှင့်အညီ ခေါင်း ပေါင်းကို ဆင်းမြန်းလေ့ရှိကြပေသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)၊ အပိုင်း ခ

crd,