ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း

ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်းကို လွန်ခဲ့တဲ့ နှစ်တွေက ဖတ်ရင်းနဲ့ စဥ်းစားမိတာ သမိုင်းဆိုတာ ကျတော်တို့ ကျောင်းစာအုပ်ထဲ သင်ရသလို ဘုရင်ဆိုရင် သူရဲကောင်းတပါး၊

ပြည်သူပြည်သားကို ရင်ဝယ်သားလို ကြင်နာသနား၊ ဘယ်တဆုပ်ကမ်းလိုက် ညာတဆုပ်ဖြန့်ကျဲ လှူလိုက်တန်းလိုက်၊ ဘုရား တည် ကျောင်းဆောက်လိုက် ဒါတွေချည်းပဲတော့ လုပ်နေတာတော့ ဘယ်ဟုတ်ပါ့မလဲ။

သူတို့ရဲ့ နေ့စဥ်ဘဝတွေ သိဖို့ကျတော့ ကျတော်တို့ လူကြီးမိဘတွေ ကတဆင့် ကြားရတာ၊ စာအုပ်စာတမ်း တွေ ရှာဖတ်ရတာ၊ အင်တာနက်ခေါက် ရှာကြရတာပေါ့။

ရီစရဟာသ တချို့ ရှိသလို ရင်နင့်လွမ်းမောရတဲ့ အချစ်ဇာတ်လမ်းတွေလဲ ရှိတယ်။ အဲ့လိုပဲ ကျတော်တို့အတွက် ယုံကြည်ဖို့ ခက်ခဲရတာတချို့ရှိသလို၊ မနှစ်မြို့စရာ တချို့လဲ ရှိတာပေါ့ဗျာ။

ဘုရင်တွေ မိဖုရားများကြတဲ့ အထဲမှာ မင်းတုန်းမင်းလောက် သမိုင်းရာဇဝင်ရော၊ ပါးစပ်ရာဇဝင်ရော ပေါများလှသူ ရှိပါ့မလား ကျတော်တွေးမိတယ်။ မိဖုရားများတယ် ဆိုတိုင်းတော့လဲ တော်ကောက်ချင်လို့ ယူမယ်ဆိုတာချည်းတော့ မဟုတ်။

လက်အောက်ခံ အရပ်တိုင်းနယ်တွေ ဆီက သမီးကညာ ဆက် သကြရင်း ရွှေလမ်းငွေလမ်းခင်း မျက်နှာတော်ပွင့်လင်း ဘုရင့်ဆွေမျိုးတော်စပ် စပ်ဟပ်ဂုဏ်ယူကြတာတွေ လဲ ရှိတာကိုး။

ဒါနဲ့ မင်းတုန်းမင်းရဲ့ ကျတော်တို့ သိနေ၊ ဖတ်နေကြ မဟုတ်တာမျိုးတွေထဲက တချို့ ထုတ်နှုတ်ကြည့်မိတယ်။

မောင်းမလက်သုံးပုံကျမ်း

မင်းတုန်းမင်းကြီးရဲ့ မိဘုရားတစ်ပါးမှာ ပုရပိုဒ် တစ်ခုစီ
ရှိတယ်။ လူယောကျ်ား၊လူမိန်းမ နှစ်ယောက်တွဲ သံဝါသ ပြုနေတဲ့ ပုံနှစ်ဆယ့်လေးပုံပါသတဲ့။ အသက်ကြီးလာတဲ့ မိဘုရားကြီးက မီးရှို့ဖျက်ဆီးခိုင်း လို့ အခိုင်းခံရတဲ့ လူက တိတ်တဆိတ် မှတ်တမ်းတင်ခဲ့လို့ ပုံမှတ်တမ်းကျန်ရစ်ပါတယ်တဲ့။

ပြည့်တန်ဆာ ရှင်မိစပ် နဲ့ ခါချဥ်ကောင် မင်းကြီး

တခါက မင်းကြီးဟာ ပြည်ကြီးပျော်ဘွယ် အရပ်က နာမည်ကျော်ကြား သတင်းမွှေးလှတဲ့ ရှင်မိစပ် အိမ်ကို ရွှေဘိုနယ်က သစ်ဝါးကုန်သည် ကိုရင်ကောင်းမြတ် အမည်ခံကာ ပင်းတလဲမြို့စား လက်စွဲတော်ဦးရွှေမောင်ကြီးနဲ့အတူ နန်းတွင်းကနေ တိတ်တဆိတ် ထွက်တာပေါ့။

ရွှေတချောင်းမြောင်းမှာ လှေစီးရင်း သီချင်းတကြော်ကြော်ဟစ်ကာ သာမန် အရပ်သားတယောက်လို ပျော်ရွင်မြူးတူးရတဲ့ အသွားခရီးမှာ မင်းတရားကြီးဟာ လွတ်လပ်နေရှာတယ်။ ပေါ့ပါးနေတယ်။

သို့ပေမယ့် သတင်းကြီးတဲ့မင်းသမီး ရှင်မိစပ် အိမ်ကအပြန်တော့ စိတ်တော် မကြည်လင် အနှောက်အယှက် ဝင်လာခဲ့ရတယ်။ ဖြစ်ဆိုလဲ ကြည့်လေ အတွင်းခန်းကနေ မင်းတုန်းမင်းနဲ့ နှစ်ယောက်တွဲ အတူထွက်လာရင်း ဦးရွှေမောင်ကြီးရှိတဲ့ဘက် ကြည့်ကာ မိစပ် ပြောတဲ့စကားက

” နောင်ကို မြို့စားကြီး မပါလဲ ရတနာပုံနေပြည်တော် ရောက်လျှင် အချိန်မရွေး လာနိုင်ပါတယ်၊ မိစပ်ကလဲ မောင်ကြီးကို အနဲငယ် ကျေနပ်ပါသည်။ ကနောင်မောင်တော်နှင့်တော့ ယှဥ်တုလို့မရလို့ ကနောင် မောင်တော်ဘုရား လိုတော့ မနှစ်သက်ပေဖူး” ဟု မင်းကြီးအား ဆို၏။

” မောင်ကြီးရယ် ခါချဥ်ကောင် မာန်ဖီး တောင်ကြီးဖြိုမယ့်ကြံ ခါးကမသန် ဆိုသည့် စကားပုံလိုပ၊ မောင်ကြီးနဲ့ ပျော်ပါးရပေမယ့် ခါချဥ်ကောင်နဲ့တူသည့် မောင်ကြီးအတွက် မိစပ်မှာ မပြေချောပေဘူး”

စကားကြားတာနဲ့ ကွက်ကနဲ မျက်နှာပျက်တဲ့ မင်းကြီး။ညီတော်မောင် ကနောင်မင်းသားကြီးက စွမ်းသတဲ့။ ကိုယ်တိုင်လဲ ခါချဥ်ကောင်နဲ့ နှိုင်းခံရသေးရဲ့။

ကနောင်မင်းသားကြီး စွမ်းဆို နန်းတွင်းလက်စွဲသမားတော် ဦးခဲ ဖော်စပ်ပေးတဲ့ ဆေးအစွမ်းကြောင့် ဆိုတာ သိရတော့ မိုးမသောက်ခင် နန်းတွင်းဝင် ဆေးဆရာကြီးငခဲ ရှေ့တော်မှောက်အရောက်၊ ဆေးတဖုံဖော်စပ် ဆက်သနိုင်ဖို့ နန်းတွင်းထဲ ရောက်တာနဲ့ ဦးရွှေမောင်ကြီးမှာ မြင်းအပြေးဒုန်းစိုင်းရင်း မနားတမ်း ပင့်ဆောင်ပေးခဲ့ရပါသတဲ့။

ဒါ ဆောင်ကြာမြိုင်မှတ်တမ်းရဲ့ ကျတော် အမှတ်ရနေတာတချို့ပေါ့။

တခြား ကုန်းဘောင်ခေတ်ရဲ့ မှတ်တမ်းမှတ်ရာတွေကို ကျတော် လေ့လာမိတဲ့အခါ ခုခေတ်နဲ့ယှဥ်ရင် အရွယ်မရောက်သေးတဲ့ ကလေးအရွယ်တွေရဲ့ အိမ်ထောင်ပြု သားမွေး ကိစ္စရပ် သာမက နန်းတွင်း ခိုင်းစေတဲ့နေရာမှာပါ ကလေးလုပ်အားတွေ ပါနေတာကို အံ့သြဖွယ် တွေ့မိတယ်။

အတွင်းဖိနပ်တော်တို့၊ သူငယ်တော်တို့လို ရာထူးတွေမှာ ငယ်ရွယ်တဲ့ ကလေးအမှုထမ်းတွေ ဝန်ထမ်းကြရတယ်။ ဒီကလေးတွေဟာလဲ သာမန်အရပ်သား မှ ဆင်းသက်သူများမဟုတ်ကြဘဲ မှူးမတ်၊ စော်ဘွား၊ မြို့စားများ၏ သားမြေးများဖြစ်ကြရပါတယ်။

Crd, ချစ်စိန်လွင် (ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင် မှတ်တမ်း)