တရားစောင့်သော ရခိုင်မင်းတပါး(သို့) ကမ္ဘာ့နန်းသက်အရှည်ဆုံး မင်းတပါး အကြောင်း

ကမ္ဘာပေါ်တွင်ထီးနန်းစိုးစံသက်တမ်းအရှည်ဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင် ပုဂ္ဂိုလ် ၃ ဦးထဲတွင် ရခိုင်ဘုရင် မင်းထီး ပါဝင်နေပါသည်။ သူသည် AD 1279 မှ AD1374 ထိ ၉၅ နှစ်တိုင်တိုင်ထီးနန်းစိုးစံခဲ့ခြင်းဖြစ်သည်။

သက္ကရာဇ် ၆၄၁ မှ ၇၃၆ အထိ ရခိုင်ပြည် (လောင်းကြက်မြို့ တော်) ၌ အုပ်စိုးသော ရခိုင်ဘုရင် “မင်းထီး” သည် အလွန်တရာ ဖြောင့်မတ်၏။ သူထုတ်ထားသော အမိန့်တရပ်ကား – “သားမကောင်းလျှင် အဖကို စီရင်ရမည် ၊သမီးမကောင်းလျှင် အမိကို ၊မယားမကောင်းလျှင် လင်ကို ၊တပည့်မကောင်းလျှင် ဆရာကို ၊ကျွန်မကောင်းလျှင် သခင်ကို စီရင်ရမည်” ဟူ၍ ဖြစ်သည်။

ထိုအမိန့်တော်ကို ရခိုင်ဘုရင် “မင်းထီး”၏ ဦးရီးတော် အနန္တဘယ အမတ်ကြီးက ရခိုင်ဘုရင် “မင်းထီး” ရင်ခွင်ပိုက်အရွယ်ကတည်းက ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ တနေ့တွင် သူဌေးနှစ်ယောက်၏ ကျွန်များသည် အခြားသူ၏ နွားကို ခိုးယူသတ်စားကြ၏။

ထိုအကြောင်းကို သူဌေးသိသော် အသတ်ခံရမည်ကို ကြောက်သည့်အတွက် ဘုရင့်ဦးရီးတော် အနန္တဘယအမတ်ကြီးက တော်ထံသို့ ချဉ်းကပ်ပြီး အပြစ်မှလွတ်စေကြောင်း တံစိုးလက်ဆောင်များဖြင့် လာဘ်ထိုးသည်။အမတ်ကြီးကတော်ကလည်း ဘုရင် “မင်းထီး” အနေဖြင့် သူ၏ ဦးရီးတော်ကို မပြစ်မပေးတန်ကောင်းဟု တွေးထင်ကာ ထိုသူဌေးလာဘ်ထိုးသည့် တံစိုး လက်ဆောင်များကို လက်ခံထားလိုက်၏။

တရားခံများကို စစ်လေသော် ဦးရီးတော်အနန္တဘယ၏ ကျွန်များဖြစ်ပါသည်ဟု လျှောက်တင်သည်။ အမတ်ကြီးခမျာမှာလည်း ဇနီးဖြစ်သူက လက်ခံပြီးသည်ဖြစ်ရာ ဟုတ်ပါသည်ဟု ဝန်ခံလိုက်လေ၏။ ထိုအခါ ဘုရင်မင်းထီးသည် အခြားအမတ်များနှင့် တိုင်ပင်ကာ “ငါတို့ မင်း မည်သည်မှာ မည်သူ့မျက်နှာကိုမှ မထောက်နိုင်” ဟု ဆိုကာ ဦးရီးတော်ကို သူသတ်တို့လက်အား ပို့လေ၏။

တခါသော် မင်း မှုထမ်း၊ အမတ် စသူတို့သည် ကွမ်းစားပြီးလျှင် ပေကျံနေသည့် ထုံးများကို နန်းတော်တိုင်များတွင် အမှတ်တမဲ့သုတ်လေ့ရှိသည်။ ဘုရင် “မင်း ထီး” မြင်သော် “နောင် – နန်းတော်တိုင်တွင် ထုံးသုတ်သူကိုတွေ့လျှင် သုတ်သည့်လက်ချောင်းကို ဖြတ်မည်” ဟု အမိန့်တော်မှတ်လေသည်။ တနေ့၌ ဘုရင် “မင်းထီး” ကိုယ်တိုင် နန်းတော်တိုင်တွင် လက်ညှိုးဖြင့် အမှတ်တမဲ့ ထုံးသုတ်မိ၏။

မြင်သော အမတ်တပါးက အချိန်၊ နာရီ နှင့်တကွ မှတ်ထားလိုက်လေ၏။ထိုထုံးသုတ်ရာကို ဘုရင် “မင်းထီး” မြင်သော် စစ်မေးရာ မှတ်တမ်းယူထားသော အမတ်ကလည်း ဘုရင်ကိုယ်တိုင်သုတ်ကြောင်း အချိန်နှင့်တကွလျှောက်တင်သောအခါ ဘုရင် “မင်းထီး” သည် အများရှေ့မှာပင် မိမိ၏ လက်ညှိုးကို သန် လျက်ဖြင့် ဖြတ်လိုက်လေသည်။

(လောင်းကြက်မြို့အနီး နန်းကျအရပ်တွင် ဘုရားရုပ်တုတဆူရှိလေရာ ရှေးက လက်ယာဘက်တွင် လက် လေးချောင်းသာရှိသည်။ လက်ညှိုးမပါချေ။ ရခိုင်ဘုရင် “မင်းထီး”အား အစွဲပြုပြီး အထိမ်းအမှတ်အဖြစ်ပြုလုပ်ထားခဲ့ဟန်တူသည်။)

တခါကလည်း ဘုရင် “မင်းထီး” သည် မိမိ၏ ကျေးကျွန်တယောက်ကို အမတ်ကြီးရာထူးခန့်လေ၏။ ထိုအခါ မိဖုရားဖြစ်သူက မိမိ၏မောင်သည် မင်းမျိုးမင်းနွယ်ဖြစ်သည့်အတွက် ထိုနေရာကို ခန့်သင့်ကြောင်းလျှောက်၏။

ဘုရင် “မင်းထီး”က မိမိခန့်အပ်သော သူသည် “ကျေး ကျွန်တော်ဖြစ်သော်လည်း ပညာအရည်အချင်းနှင့် ပြည့်စုံသောကြောင့် ခန့်ထားပေသည်” ဟု မိန့်တော်မူသည်။

မိဖုရားက မယုံသည့်အ တွက် ထင်ရှားအောင်ပြမည်ဟုဆိုကာ မိဖုရားရှေ့တွင်ပင် ထိုသူနှစ်ယောက်ကို “နန်းတော်အောက်တွင် ခွေးမတကောင် ခွေးငယ်များမွေးလျက်ရှိသည်။ သွား၍ ကြည့်ကြချေ” ဟု စေလွှတ်တော်မူလိုက်၏။ မိဖုရား၏ မောင်ဖြစ်သူကား ဘုရင်၏ အထင်ကြီးမှုကိုရရန် အလျင်အ မြန်ပြေးကြည့်ပြီး ပြန်လာ၏။

ဘုရင် “မင်းထီး” က အမတ်အဖြစ်ခန့်အပ်ခြင်းခံထားရသည့် ကျေးကျွန်က အလကားသဖြင့်မကြည့်ခိုင်းရာဟု တွေးဆ၍ အရာရာကိုစေ့စပ်စွာမှတ်သားပြီးမှ ဘုရင်ရှိရာသို့ ပြန်လာ၏။ ဘုရင် “မင်းထီး” သည် အလျင်ပြန်လာသော မိဖုရားမောင်တော်အား “ခွေးများ မွေးပြီလော” ဟုမေးရာ “မွေးပါပြီ”ဟု လျှောက်၏။

ဘုရင်က “ဘယ်နှစ်ကောင် မွေးသလဲ” ထပ်မေးရာ မဖြေနိုင်၍ ပြေးဆင်းပြီး ရေတွက်၊ ပြန်ရောက်မှ ခွေးကလေးမည်မျှဟု လျှောက်နိုင်လေ၏။ တဖန် အထီး မည်မျှ၊ အမ မည်မျှ၊ မည်သည့်အရောင်က မည်မျှ စသည်ဖြင့် မေးခွန်းတိုင်းကို သွားကြည့်ပြီး ပြန်လာမှသာ လျှောက်ထားဖြေဆိုနိုင်လေ၏။

ဤအတောအတွင်း ဘုရင် “မင်းထီး” အမတ်အဖြစ်ခန့်အပ်ခြင်းခံထားရသူ ပြန်ရောက်လာ၍ ယခင်နည်းအတိုင်း မေးခွန်းများကို မေးတော်မူရာ မိဖုရား၏ မောင်ကဲ့သို့ အခေါက်ခေါက် အခါခါ ပြန်သွားကြည့်စရာမလိုဘဲ အလုံးစုံပင် သေချာစေ့ငုံပြတ်သားစွာ လျှောက်ထားနိုင်လေ၏။

ထိုအခါ ဘုရင် “မင်းထီး” က “ကဲ – မိ ဖုရား၊ မည်သူသည် အမတ်ရာထူးနှင့် ထိုက်တန်ကြောင်း အသင်ကိုယ်တိုင်မြင်ရ၊ ကြားရပြီ မဟုတ်လော” ဟု မိန့်တော်မူမှ မိဖုရားသည် ကျေ နပ်သွားလေတော့သတည်း။

ကိုးကား – အမျိုးသားပညာဝန် ဦးဖိုးကျားရေးသားသော မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ စာအုပ် ၊စာမျက်နှာ ၅၇၊ တရားစောင့်သော ရခိုင်မင်းတပါး ဆောင်းပါးအား ပြန်လည်တင်ပြခြင်းဖြစ်သည်။