သခင်ထွန်းအုပ်၊ သခင်ဗစိန်တို့ဦးစီးသောတို့ဗမာအစည်းအရုံး ၌ပါဝင်ခဲ့သော ဗိုလ်စင်္ကြာ၏အမည်ရင်းမှာ သခင်အောင်သန်းဖြစ်သည်။
ဂျပန် စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ ဟီရာတာမာဆာအို (Hirata Masao) ဖြစ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ် ဝင်များ ဗိုလ်အမည်ခံယူရာတွင် ဗိုလ်စင်္ကြာ ဖြစ်လာခဲ့သည်။
ဗိုလ်စင်္ကြာကို ၁၉၁၅ ဇူလိုင် ၁ ရက် ကြာသာပတေးနေ့တွင် မန္တလေးမြို့၌ အဖဦးမြတ်သာ၊ အမိဒေါ်သန်းတင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း (၄) ဦးတွင် အငယ်ဆုံးဖြစ်သည်။ မွေးချင်းအစ်ကိုများမှာ ဦးသန်းဇံ၊ ဦးသန်းစိန်၊ ဦးမြသန်းတို့ဖြစ်သည်။
ငယ်စဉ်က ဒိုင်အိုစီဇင် ယောကျ်ားလေးအထက်တန်းကျောင်း (Diocesan Boys High School) နှင့် ရန်ကုန်စိန်ပေါကျောင်း (အထက ၆ ဗိုလ်တထောင်) တို့တွင် ပညာသင်ကြားခဲ့သည်။ စိန်ပေါကျောင်းမှ ၁၀ တန်းအောင်ပြီးနောက် အစိုးရဆေးပညာသင်ကျောင်းတွင် ဆေးပညာ များ သင်ကြားခဲ့သည်။
ထို့နောက် ဆေးကျောင်းမှ ကျောင်းမပြီးမီထွက်၍ တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်၍ နိုင်ငံရေးဆောင် ရွက်ခဲ့သည်။ သခင်အောင်သန်းသည် ၁၉၃၈ ဇန္နဝါရီ ၁ တွင် ချောက်ရေနံမြေအလုပ်သမားထုကို တရားဟောပြော၍ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးဆောင်ရွက်မှုများကြောင့် အ ဖမ်းခံခဲ့ရသည်။
၁၉၃၈ နိုဝင်ဘာတွင် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသွားသောအခါ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ဦးစီးသော တို့ဗမာအစည်းအရုံးဘက်သို့ လိုက်ပါသွားခဲ့သည်။
၁၉၄၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင် ဂျူဗလီဟော၌ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်အောင်သန်း (ဗိုလ်စကြာ)၊ သခင်ချစ်တင်၊ သခင် မောင်တို့သည် ဂျပန်သွားစိုက်ဆရာမစ္စတာကိုဘုနှင့် လျှို့ဝှက်စွာတွေ့ဆုံကာ မြန်မာလွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံမှ အကူအညီရရန် ဆွေးနွေးခဲ့သည်။
သခင်ထွန်းအုပ်၊ သခင်ဗစိန် တို့ဗမာအစည်းအရုံးက သခင်အောင်သန်းအား ဂျပန်နှင့်ဆက်သွယ်ရန် ယိုးဒယား (ထိုင်း) နိုင်ငံသို့စေလွှတ်ခဲ့ရာ ထိုင်းနိုင်ငံသို့ အခက်အခဲအမျိုးမျိုးကို ကျော်လွှားစွန့်စား၍ သွားရောက်ခဲ့သည်။
၁၉၄၀ ပြည့်နှစ် ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။ ဘန်ကောက်တွင် ဂျပန်အာဏာပိုင်များနှင့်ဆက်သွယ်ပြီး သခင်ထွန်းအုပ်ထံ မြန်မာနိုင်ငံရှိ နိုင်ငံရေးအဖွဲ့ သုံး၊ လေးဖွဲ့မှ လူငယ် (၄၀) ခန့် စစ်ပညာသင်ကြားရန်အတွက် လျှို့ဝှက်စွာစေလွှတ်ပေးရန် အကြောင်းကြားခဲ့သည်။
သို့သော် အထမမြောက်ခဲ့ချေ။ သ ခင် အောင်သန်း ထိုင်းနိုင်ငံသို့ရောက်ရှိနေကြောင်း မီနာမီအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးစူဇူကီး (နောင်ဗိုလ်မိုး ကြိုး) သိရှိလျှင် စစ်ပညာသင်ကြားရန် ဟိုင်နန်းကျွန်းသို့ ပို့ပေးခဲ့သည်။ ဟိုင်နန်းကျွန်းနှင့် ထိုင်ဝမ်ကျွန်းတို့တွင် စစ်ပညာများသင်ကြားခဲ့သည်။
ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်း မြန်မာနိုင်ငံတွင်းချီတက်စဉ် ဗိုလ်ကျော်ဇော ဦးဆောင် သည့် လက်နက်ခဲယမ်းမီးကျောက်နှင့် သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့နှင့်အတူ ချီတက်လိုက်ပါခဲ့သည်။
၁၉၄၂ ဇူလိုင် ၂၇ တွင် ဘီအိုင်အေကိုဖျက်သိမ်း၍ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်း သောအခါ ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဦးစီးတာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၃ သြဂုတ် ၁ တွင်ဖွဲ့စည်းသော မြန်မာနိုင်ငံအစိုးရအဖွဲ့ ပေါ်ပေါက်လာပြီးနောက် ဗမာ့ကာကွယ် ရေးတပ်မတော်စစ်ရုံးချုပ် ဗထမဦးစီး ဗိုလ်အဖြစ် ထမ်းရွက်ခဲ့သည်။ ထို့နောက် မြန်မာအစိုးရအဖွဲ့တွင် ဒုတိယကာကွယ်ရေးဝန်ကြီး (ဒုတိယစစ်ဝန်ကြီး) အဖြစ် တိုးမြှင့်ဆောင် ရွက်ခဲ့ရသည်။
၁၉၄၄ ဧပြီ ၁၈ တွင် ဂျပန်နိုင်ငံဆိုင်ရာ တွဲဖက်မြန်မာစစ်သံအမတ်အဖြစ် ခန့်အပ်ခံရပြီးနောက် လက်ထောက်စစ်သံအမတ် ဗိုလ်အေးငွေ (ဒ ဂုန်မြတ်လေးနွယ်) အတူဂျပန်နိုင်ငံ တိုကျိုမြို့သို့စေလွှတ်ခဲ့ရာ ၁၉၄၄ မေ ၂၀ တွင် ရောက်ရှိခဲ့သည်။ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးအဖြစ် ၁၉၄၅ ခုနှစ်အထိ ထမ်းရွက်ခဲ့သည်။
၁၉၄၇ ဇန္နဝါရီ ၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်ပြည် လန်ဒန်မြို့သို့သွားရောက် ရာတွင် အတိုင်ပင်ခံအဖြစ် လိုက်ပါသွားခဲ့သည်။ ၁၉၄၇ တွင် ဗိုလ်စင်္ကြာသည် ပြည်ထဲရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ် ခန့်အပ် ခံရသည်။
လွတ်လပ်ရေးရရှိပြီးနောက် ဗိုလ်စကြာသည် ၁၉၄၅ မေလ ၅ ရက်နေ့တွင်တည်ထောင်ခဲ့သော ဗမာပြည်ဆိုရှယ်လစ်ပါတီ၌ ဝင်ရောက်၍ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ယင်းနောက် ဖဆပလအဖွဲ့ချုပ်၏ နိုင်ငံခြားရေးရာကော်မတီတွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၅၁ ခုနှစ် ဇွန်လ ၁၂ တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ပထမဆုံးအကြိမ် ပါလီမန်ရွေးကောက်ပွဲကျင်းပခဲ့ရာ ဖဆပလအမတ် လောင်းအဖြစ် သရက်တောင်ပိုင်း မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။
၁၉၅၈ ခုနှစ်တွင် ဖဆပလနှစ်ခြမ်းကွဲသောအခါ ဦးဗေဆြ၊ ဦးကျော်ငြိမ်း တို့ဦးစီးသော တည်မြဲဖဆပလတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၆၀ ပြည့်နှစ် ဖေဖေါ်ဝါရီ ၆ ရက်နေ့တွင် ပါလီမန်ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပခဲ့ရာ တည်မြဲဖဆပလ အမတ်လောင်းအဖြစ် ကြည့်မြင် တိုင်တောင်ပိုင်း မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ ယင်းနောက် ဗမာ့လေကြောင်းပို့ဆောင်ရေးလေကြောင်းကုမ္ပဏီနှင့် သီရိစင်္ကြာကုမ္ပဏီများ တည်ထောင်လုပ်ကိုင်ခဲ့သည်။
၁၉၆၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လျှို့ဝှက်ထွက်ခွာသွားပြီး ၁၉၆၆ အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၌ အမျိုးသားလွတ်မြောက်ရေးကောင်စီကိုဖွဲ့စည်းခဲ့ရာတွင် ပါဝင်ခဲ့သည်။
၁၉၆၉ သြဂုတ် ၆ တွင် ဦးနုအဖွဲ့ ထိုင်းနိုင်ငံသို့ရောက်လာသောအခါ ဦးနုအဖွဲ့နှင့်ပူးပေါင်းခဲ့သည်။
ဗိုလ်စင်္ကြာသည် ၁၉၄၃ ခုနှစ်တွင် သထုံဇာတိ ဦးကျော်ဒင်၊ ဒေါ်သန်းမေ တို့၏သမီး ဒေါက်တာဒေါ်ခင် လှလှနှင့် အိမ်ထောင်ပြု၍ သားသူရိန် စင်္ကြာ၊ သမီးစန္ဒီစင်္ကြာ၊ သားတာရာစင်္ကြာတို့ ထွန်းကားခဲ့သည်။ ယင်းနောက် ဒေါက်တာဒေါ်ခင်လှလှနှင့် အိမ်ထောင်ရေးပြိုကွဲခဲ့သည်။
၁၉၅၆ တွင် ပဲခူးသူ မစ္စဟယ်လဂျွန်ဆင် ခေါ် ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်းနှင့် ဒုတိယအကြိမ်လက်ထပ်ခဲ့ပြီး သား အာကာစင်္ကြာ ထွန်းကား ခဲ့သည်။
ဝင်းမင်းသန်းသည် ကမ္ဘာကျော် အမေရိကန်မင်းသား ဂရီဂိုရီပက်ခ်နှင့်တွဲကာ ခရမ်းရောင်လွင်ပြင် အမည်ရှိ ရိုက်ကူးခဲ့သူဖြစ်သည်။
ပထမ ဇနီးဖြစ်သူ ဒေါက်တာဒေါ်ခင်လှလှသည် ၁၉၅၈ အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကွယ်လွန်သွားခဲ့သည်။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာသည် ၁၉၆၉ စက်တင်ဘာလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့လေသည်။ ကွယ် လွန်ချိန်၌ ဒုတိယဇနီး ဝင်းမင်းသန်းနှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။
ယခုအခါ ဒုတိယဇနီးဖြစ်သူ ဒေါ်ဝင်းမင်းသန်းသည် သြစတြေးလျနိုင်ငံ၌ သားဖြစ်သူ အာကာစင်္ကြာနှင့်အတူ နေထိုင်လျက်ရှိသည်။
ဗိုလ်စင်္ကြာသည် ၁၉၅၉ မတ်လ၂၇ တပ်မတော်နေ့၌ နိုင်ငံတော်အစိုးရကချီးမြှင့်ခဲ့သောလွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယအဆင့်) တံဆိပ် ချီးမြှင့်ခံရသည်။ ။
Crd, သမိုင်းတကွေ့မှ ဗိုလ်စင်္ကြာ (ရဲဘော်သုံးကျိပ်)
သန်းဝင်းလှိုင်စက်တင်ဘာ ၁၁၊ ၂၀၁၂ မှကူးယူဖော်ပြပါသည်