အရှက်ကြီးသောမိဖုရားစောလုံ နှင့် ကျီစားသန်သောဘုရင်နရသီဟပတေ့

ရှေ့မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကြီးတွင် အရှက်အကြောက် မာန်မာနကြီးသော မိဖုရား တစ်ဦး၏ သမိုင်းတင်ရသောအဖြစ်အပျက်များရှိခဲ့ပြီး ယင်းအဖြစ်အပျက်များမှာ ကာလကြာရှည်လာ သောအခါ ပုဂံခေတ် သမိုင်းပုံပြင်လေးတစ်ပုဒ်အဖြစ် ကျန်ရှိနေခဲ့ပါသည်။

အဆိုပါပုံပြင်လေးသည် ပုဂံခေတ်တွင် ပေါ်ပေါက် လာခဲ့ကာ ရှေးအမျိုးသမီးတစ်ဦး၏ မာန်၊ သိက္ခာ၊ မာန တွေပေါ်လွင်စေသော ”အရှက်ကြီးသောမိဖုရားစောလုံ နှင့် ကျီစားသန်သောဘုရင်နရသီဟပတေ့” ပုဂံခေတ်သမိုင်း ပုံပြင်ကို လေ့လာဖော်ပြပေးမှာဖြစ်ပါသည်။

”မိဖုရားစောလုံအကြောင်းကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လိုပါပဲ။ ပုဂံခေတ်၊ မှန်နန်းရာဇဝင်ထဲမှာ ရှိနိုင်ပါတယ်”ဟု ရှေး ဟောင်းသုတေ သနပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်က ပြောပြသည်။

ရှေးမြန်မာတို့၏ဂုဏ်ယူစရာ ပုဂံပြည်တွင် နရသီဟ ပတေ့မင်းကြီး အုပ်စိုးစဉ်ကာလ၊ နရသီဟပတေ့မင်းတွင် ငယ်ရွယ်လှပပြီး မာန်မာနကြီးသော မိဖုရားငယ်တစ်ပါး ရှိသည်။ သူမနာမည်မှာ စောလုံဖြစ်ပြီး နရသီဟပတေ့မင်း ၏ချစ်ခင်မှုကို အများဆုံးရရှိထားသူတစ်ဦးလည်းဖြစ်သည်။

ပုဂံပြည်တွင် နွေရာသီရောက်တိုင်း ရေသဘင်ပွဲတော်၊ ရေ ဖျန်းကစားလေ့ရှိပြီး နန်းတော်မှ မြစ်ဆိပ်အထိ လူမမြင် အောင် အမိုးအကာအပြည့်ကာရံပြီး မြစ်ဆိပ်မှာလည်း မင်းတဲဆောက်ကာ ရေက စားလေ့ရှိကြသည်။

ရှင်ဘုရင်နှင့်အတူ မောင်းမမိဿံတွေ အစုံအလင်ဖြင့် ရေသ ဘင်ပွဲတော်ကို နှစ်တိုင်းကျင်းပလေ့ရှိကြရာ ရေ သဘင်ပွဲတော်ကျင်းပသောနေ့တစ်နေ့တွင် နရသီဟပတေ့ မင်းသည် သူချစ်ရသောမိဖုရားစောလုံအား သင်္ကြန်ပွဲတော် သို့ လာရောက်ရေကစားရန်ဖိတ်ခေါ်သည်။

အစအနောက်သန်သော နရသီဟပတေ့မင်းသည် မိဖုရားစောလုံအား တစ်ကိုယ်လုံး ဦးခေါင်း၊ ဆံစတွေ ရွှဲစို အောင် မောင်းမ မိဿံတစ်ယောက်ကို နှုတ်ထည့်(တိတ် တဆိတ်မှာကြား)၍ လောင်းရန် တိတ်တဆိတ်မိန့်ကြား ထားသည်။

”မိဖုရားစောလုံတစ်ယောက် တည်းကို တစ်ကိုယ်လုံး စိုရွှဲပြီး ယိမ်းယိုင်အောင် မောင်းမတစ်ယောက်ကို ဘုရင် က လောင်းခိုင်းလိုက်တယ်။ ဒါကြောင့်မို့ မိဖုရားကရှက်ပြီး ဘုရင်ကို အဆိပ်ခတ်ပြီးလုပ်ကြံတယ်လို့သိရပါတယ်”ဟု ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်မော်မော်အေးကပြောပြသည်။

မိဖုရားစောလုံမှာ မျက်စိ၊ မျက်နှာ၊ ဦးခေါင်းဆံစတွေ အားလုံး ရွှဲရွှဲစိုရုံသာမက ဝိုင်းဝန်းကျီစားပြီးပက်လိုက်တဲ့ ရေဒဏ်တွေကြောင့် ရေမွန်းပြီးလဲပြိုမတတ်ယိုင်ထိုးသွား ပါသည်။

မောင်းမမိဿံတွေအလယ်မှာ အဲဒီလိုယိုင်ထိုး သွားတဲ့အဖြစ် အပျက်ကို နရသီဟပတေ့ကမြင်ပြီး လှောင်ပြောင်ကာ တဟားဟားနဲ့ရယ်ဖွဲ့ဖွဲ့ရာ ဘုရင်ကစပြီးရယ် မောလှောင်ပြောင်တဲ့အတွက် နန်းတော်တစ်ခုလုံးရှိ မောင်း မမိဿံအားလုံးကလည်း မိဖုရားကို မလေးစားတော့ဘဲ ဝိုင်းဝန်းပြီး ရယ်မောတာကိုခံလိုက်ရသည်။

ဣန္ဒြေသိက္ခာတရားနဲ့ တစ်သက်လုံးနေလာတဲ့ စော လုံမှာ ရှက်လည်းရှက်၊ ဒေါသလည်းထွက်သွားပြီး အခွင့် သာတဲ့တစ်နေ့မှာ လက်စားချေဖို့ တေးမှတ်ထားပါသည်။

မင်းကြီးသည် မြတ်စွာဘုရား၏ဗျာဒိတ်အရ ဘီလူးမှ လူသားဖြစ်လာသူဖြစ်၍ အမျက်မာန်မာနကြီးသူတစ်ဦး ဖြစ်ပြီး စက် တော်ခေါ်ချိန်နိုးထလာစမှာ ဆုပ်ကိုင်မိတဲ့ အရာတွေနဲ့ မောင်းမတွေကို ပစ်ပေါက်လေ့ရှိပါသည်။ ဒါကြောင့်မို့ မိဖုရားကြီးဖွားစောက မောင်းမတွေသက်သာ အောင် လက်နက်တွေကိုဖွက်ထားပြီး လုမ္ဗိနီသီးထားပေး ထားရသည်။

အဲဒီအသီးနဲ့ကောက်ပေါက်လိုက်တာ မောင်း မတစ်ဦး ခါးရောင်ရမ်းသွားတဲ့အတွက် ခရမ်းသီးလို့ခေါ် တွင်ခဲ့ကြောင်း မှန်နန်းရာဇဝင်တွင်ဖော်ပြထားသည်။မင်းကြီး၏ထူးခြားချက်မှာ ဗျာဒိတ်အရ ဆနဝုတိ ရောဂါမရှိသဖြင့် ချေခြင်းသမ်းခြင်းလုံးဝမရှိပေ။

နန်းတော်တွင် ချေသော သမ်းသောသူများကိုလည်း မကြိုက်သော ကြောင့် မချေ၊ မသမ်းရဘဲရှိရာ မိဖုရားကြီးဖွားစော၏နား ချမှုနဲ့ ချေခြင်း၊ သမ်းခြင်းသည် လူတိုင်းဖြစ်သောအရာဖြစ် ကြောင်း နရသီဟပတေ့မင်း သဘောပေါက် နောင်တရခဲ့သည်။နရသီဟပတေ့မင်း(မင်းခွေးချေး)တွင် မိဖုရားကြီး ဖွားစောနှင့် မိဖုရားငယ်ငါးဦးဖြစ်တဲ့ မိဖုရားစောလုံ၊ စောနန်း၊ ရှင်ဘား၊ ရှင်မောက်၊ ရှင်ရွှေတို့က ခစားလျက်ရှိကြ သည်။

မိဖုရားများ တစ်ယောက်တစ်လှည့်စီ ပွဲတော်အုပ် ဆက်သစေရာ မိဖုရားစောလုံ အလှည့်ကျရောက်သော အခါ မိဖုရားစောမောက် (ရှင်မောက်)ကို ‘စောမောက် ငါ ကိုယ်မကျန်းလို့ ငါ့ကိုယ်စား မင်းကြီးကိုပွဲတော်အုပ်ဆက် သချေ’လို့ပြောပြီး အငြိုးအတေးများကြောင့် ပွဲ တော်အုပ် ထဲတွင် ဆေး(အဆိပ်)ထည့်ပြီး ဆက်သလိုက်သည်။

နရသီဟပတေ့မင်း သည် ပွဲတော်မတည်ခင် မှာ မွေးထားသောခွေးလေး သည် စားတော်ပွဲအောက်မှ ချေလိုက်သောကြောင့် စား တော်မခေါ်သေးဘဲ ခွေး ကို အရင်ကျွေးရာ ခွေးမှာ အဆိပ်မိ၍ သေဆုံးသွား ရာမှ ပွဲတော်အုပ်ထဲမှာ အဆိပ်ပါမှန်းသိသွားသဖြင့် မိဖုရား စောမောက်ကို ဆင့်ခေါ်စေသည်။

စောမောက်(ရှင်မောက်) က မိဖုရားစောလုံ မကျန်းမာသဖြင့် သူ့ကိုယ်စားဆက်သ ပေးခြင်းဖြစ်ကြောင်း လျှောက်ထားသောကြောင့် မိဖုရား စောလုံအား စစ်ဆေးမေးမြန်းရာ

”ဟယ်.. ပန်းပွတ် သည်မြေး နင့်ကို ငါလုပ်ကျွေးမွေးမြူ၍ ငါ့ကိုသူကောင်းပြု လျှင် ဤသို့သော ကိုယ်ဖြစ်၍ အထင်အရှားရှိပြီးမှ မောင်းငယ်ကို နှုတ်ထည့်၍ အဝတ်အစားဆံစွတ်အောင် နင်လုပ် သောကြောင့် နင့်ကို နှလုံးထောင့်၍ကြံသည်”ဟု နရသီဟ ပတေ့မင်းရဲ့ ငယ်ကျိုးငယ်နာ ပန်း ပွတ် သည်မြေးဆိုတဲ့ စကားကို သုံးနှုန်းပြီးပြောခဲ့သည်။

ဒီစကားကို ဘုရင်ဖြစ်သူက မခံမရပ်နိုင်ဖြစ် သလို သူ့ကိုလည်း လက်တွေ့ကျကျ အဆိပ်ခတ်လုပ်ကြံ သည့် ရာဇဝတ်မှု၊ ပြစ်မှုကို ကျူးလွန်ထားသူဖြစ်သော ကြောင့် သံလှောင်ချိုင့်တွင်းထည့်ကာ ဖိုထိုးကျပ်တင်ကာ သေမိန့်ပေးလိုက်သည်။ဖိုထိုးကျပ်တင်ရန် ပန်းပဲတစ်ထောင်ခေါ်ယူ၍ သံကျပ်စင်လုပ်မည့် သူသတ်တို့ကို မိဖုရားစောလုံက ရွှေငွေ များစွာပေး၍ ခုနစ်ရက်တိုင်တိုင် သံကျပ်စင်လုပ်စေသည်။

မိဖုရားစောလုံသည် ခုနစ်ရက်ပတ်လုံး အဓိဋ္ဌာန်ဝင် ကာ သီတင်းသီလစောင့်တည်ခဲ့ခြင်း၊ အဘိဓမ္မာ တရား တော်နာခြင်း၊ ဘုရားဂုဏ်တော်များရွတ်ပွားခဲ့ပြီး ”မီးသုံး ကြိမ်သေပြီးမှ ငါသည် ခဏချင်းကျွမ်း၍ပျောက်စေသား လို့” အဓိဋ္ဌာန်ပြုဆုတောင်းခဲ့သည်။

မိဖုရားစောလုံကို မီး တင်ရှို့သောအခါ သူမရဲ့ဆုတောင်းကြောင့် မီးသုံးကြိမ် တိုင်တိုင်ငြိမ်းပြီးမှ သူမအဓိဋ္ဌာန်အတိုင်း ပျောက်ကွယ် သွားတော့သည်။

နရသီဟပတေ့သည် စောလုံကိုသတ်ပြီးနောက် စက်တော်ခေါ်ချိန်တိုင်း ယောင်ယမ်းတမ်းတပြီး စောလုံနာ မည်နဲ့ ”စောလုံ စောင့်ပါ ခလှည့်.. စောလုံ စောင့်ပါ ခလှည့်”လို့ နာကျင်ကြေကွဲစွာဖြင့် မြည်တမ်းနေသဖြင့် မိဖုရားကြီးဖွားစောကပဲ ”စောလုံကိုစီရင်ပြီးပါပေါ့”လို့ သတိ ပေးလိုက်တဲ့အတွက် ငါမှားယွင်းသွားပြီဆိုပြီး နောင်တ ကြီးစွာ ဖြစ်နေတော့လေသည်။

သို့ဖြစ်၍တစ်ခေတ်တစ်ခါက မိဖုရားစောလုံကဲ့သို့ အမျိုးသမီးများသည် ဂုဏ်သိက္ခာကြီးမားကာ အရှက်တ ရားကို မိမိအသက်ဖြင့်သက်သေပြခဲ့ပြီး လက်ရှိ မြန်မာ အမျိုးသမီးလေးများ၊ တိုင်းရင်းသားအမျိုးသမီးထုတစ်ရပ် လုံးလည်း မိမိတို့၏ ဂုဏ်သိက္ခာ၊ အရှက်တရားကို ထိန်း သိမ်းကြပြီး အမျိုးသားထုတစ်ရပ်လုံးမှလည်း ယင်းတို့ကို အမြတ်တနိုးတန်ဖိုးထားစေဖို့ ရည်ရွယ်ရေးသားလိုက်ခြင်း ပင်ဖြစ်ပါသည်။ ။

ကျမ်းကိုး-

မှန်နန်းရာဇဝင်၊ ပဉ္စမတွဲ၊မင်းခွေးချေးအကြောင်း စာမျက်နှာ ၂ဝ၆၊မိဖုရားစောလုံအကြောင်း စာမျက်နှာ ၂၁၁ ။ ။

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။