ပြင်ဦးလွင်သည် မန္တလေးတိုင်းအတွင်း တည်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ် ဖြစ်သည်။
အင်္ဂလိပ်တို့သည် ၁၈၈၅ ခုတွင် တတိယ ကျူးကျော်စစ်ဖြင့် မြန်မာ တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပြီးနွေရာသီ ဘုရင်ခံ ရုံးစိုက်ရာမြို့အဖြစ် အင်္ဂလန်နှင့် ရေမြေတောတောင်ရာသီဥတု ကိုက်ညီမှုရှိသည့် ပြင်ဦးလွင်ရှမ်းဓနုရွာလေးကို ရွေးချယ်ကာ မေမြို့အဖြစ် မြို့ပြ စီမံကိန်းဖော်ဆောင်ပြီး တည်ခဲ့သည်။
မေမြို့ မြို့တည်ရာတွင် ထိုအချိန်က အင်္ဂလန်တွင် ရှိနေသည့် တိုက်တာနေအိမ် အဆောက်အအုံများ၊ လမ်းနာမည်များနှင့် အနီးစပ်ဆုံး တူညီအောင် ဆောင်ရွက်ခဲ့ကြသလိုချယ်ရီ၊ ယူကလစ်၊ ပင်လယ်အုန်း(ခါတော်မီ) ပင်များမှ အစ စတော်ဘယ်ရီ၊ ဒေစီ၊ ဒေလီယာ စသည့် သစ်ပင် ပန်းပင်တို့ကို အင်္ဂလန်မှ မှာယူ စိုက်ပျိုးစေခဲ့သည်။
မေမြို့အဖြစ် ၁၈၉၆ ခုနှစ်တွင် စတင် မြို့တည်ဆောက်၍ ဥရောပပုံစံ အဆောက်အအုံများ ဆောက်လုပ်သည့် အထဲတွင် ၁၉၀၆ ခုနှစ် ကတည်းက ဆောက်ခဲ့သော ပြည်သူ့ဆေးရုံကြီးသည်လည်း တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။
ထိုအချိန်က ပြည်သူ့ဆေးရုံကြီးကို ဥရောပတိုက်သားများ အတွက် အဆောင်(Europeon Ward) နှင့် အာရှတိုက်သားများ အတွက်(Asian Ward) ဟူ၍ ခွဲခြား ဆောက်လုပ်စေခဲ့သည်။
ဆေးရုံကြီး၌ ဥရောပတိုက်သားများ အတွက် ငွေပေးခေစနစ် ၁၃ နေရာနှင့် အာရှတိုက်သားများအတွက် လေးနေရာထားပေးခဲ့သည်။
ဆေးရုံကြီး၌ ဥရောပတိုက်သား ဆရာဝန်ကြီး တစ်ဦးကို အုပ်ချုပ်စေ၍ လက်ထောက် ဆရာဝန် နှစ်ဦး၊ ဥရောပ အမျိုးသမီးသူနာပြု လေးဦး တို့ကို ထားရှိ ခဲ့သည်။
ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီနိုင်ငံ တစ်ခုဖြစ်နေရာ မြန်မာပြည် အနှံအပြားတွင် တာဝန် ထမ်းဆောင်လျက်ရှိနေကြသော အင်္ဂလိပ်တို့သည်
မိမိတို့၏ ကလေးများ မီးဖွားသန့်စင်ရာတွင် ‘ကိုလိုနီကျွန်’ နိုင်ငံတွင် မမွေးဖွားဘူးဟု ဆိုကာ အင်္ဂလန်အထိ ပြန်၍ မွေးဖွား ခဲ့ကြရသည်။
သို့သော်လည်း ထိုခေတ် ထိုအချိန်က ယခုကဲ့သို့ လေယာဉ်များ ပေါများစွာ မရှိသေးဘဲ ပင်လယ်ရေကြောင်း ခရီးမှပင် သင်္ဘောများနှင့် ရက်ရှည်လများစွာ သွားရသောကြောင့် လမ်းခရီးတွင် အန္တရာယ်များပြီး အချိန် ကြန့်ကြာမှုများ ဖြစ်ခဲ့ရသည်။
ထို့ကြောင့်လည်း အင်္ဂလန်အစိုးရသည် ထို အခက်အခဲများကို ပြေလည်စေရန် မြန်မာပြည်အရပ်ရပ်ရှိ ဥရောပတိုက်သူများ ကလေးမွေးဖွားမည် ဆိုလျှင်မေမြို့ပြည်သူ့ဆေးရုံကြီး ၌ လာရောက်မွေးဖွားပါက မွေးစားရင်းတွင် Born in England အင်္ဂလန်တွင် မွေးဖွားသည် ဟု ထည့်သွင်း မှတ်တမ်း တင်ပေးခဲ့သည်။
ယခင်ကတည်းက အင်္ဂလန်နှင့် တောတောင်ရေမြေ ရာသီဥတု တူညီခဲ့သည့် မေမြို့သည်လည်း ထိုအချိန်မှ စ၍ ဒုတိယအင်္ဂလန်ဟု ထင်ပေါ်ကျော်ကြား လူသိ များခဲ့ရသည်။
မေမြို့ပြည်သူ့ဆေးရုံကြီး သည် မြန်မာနိုင်ငံသို့ ဂျပန်များ ဝင်ရောက် သိမ်းပိုက်ခဲ့သည့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ ဂျပန်တို့၏ ဆောင်ကြာမြိုင်အဖြစ် အသုံးပြုခဲ့ရပြီး၁၉၄၅ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် မေမြို့ကို အင်္ဂလိပ်တို့ ပြန်လည် သိမ်းပိုက်ပြီးချိန်တွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သည်။
သို့သော်လည်း လက်ရှိနေရာတွင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ ခုတင် ၄၀ ဆံ့ ယာယီဆေးရုံအဖြစ် Craddock Court (ယခု နန်းမြိုင်ဟိုတယ်) ၌ ဖွင့်လှစ်နိုင်ခဲ့ပြီး၁၉၄၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ထပ်မံ၍ စိန်မိုက်ကယ်ကျောင်း (ယခုအထက-၄) သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ ရ၍ ထိုဆေးရုံကို ကက်စ်ဘီ (၁၃) ဆေးရုံဟု ခေါ်ခဲ့ ကြသည်။
ယခုဆေးရုံကြီး နေရာအား ၁၉၄၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှသာ အပြီးအပိုင် ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ခဲ့ပေသည်။
မည်သို့ပင်ဖြစ်စေတစ်ခေတ်တစ်ခါက ပြင်ဦးလွင်(ခေါ်) မေမြို့သည် ဒုတိယ အင်္ဂလန် ဖြစ်ခဲ့ရပြီး အဆိုပါ ဒုတိယ အင်္ဂလန်ဖွား ဥရောပတိုက်သားများသည် ယနေ့အချိန်အထိ အင်္ဂလန်တွင် သက်ရှိထင်ရှား ရှိနေသေးကြောင်း သိရသည်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။