မြန်မာနိုင်ငံ၏ ကိုလိုနီနယ်ချဲ့တော်လှန်ရေးသမိုင်းတွင် ထင်ရှားသည့် မင်းလှခံတပ်ပြီးလျှင် ဒုတိယအထင်ရှားဆုံးဖြစ်သည့် ရှာလ်လုမ်းခံတပ် (Siallum Fort) ကြီးသည် ချင်းပြည်နယ် (မြောက်ပိုင်း) တီးတိန်မြို့နယ် ဝေါ့လာ့ကျေးရွာမှ တစ်မိုင်ခွဲခန့် အကွာ ရေမျက်နှာပြင်အမြင့်ပေ ၄ဝဝဝ တွင်တည်ရှိပြီး လောင်ဂျီကျု ၉၃ ဒီဂရီ ၄၄ မိနစ်နှင့် မြောက်လတ္တီကျု ၂၃ ဒီဂရီ ၁၃ မိနစ်တွင် တည်ရှိသည်။
၁၈၈၉ ခုနှစ် မေလ ၄ ရက်က ချင်းပြည်နယ်အတွင်း ကိုလိုနီနယ်ချဲ့တို့အား ဆန့်ကျင် ခုခံတော်လှန်ပြီး ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော ချင်းတိုင်းရင်းသား မျိုးနွယ်စုတို့၏ တိုက်ပွဲ၌ ရှာလ်လုမ်းခံတပ်မှ စီးယင်းချင်းမျိုးချစ် သူရဲကောင်းစစ်သည် ရဲဘော်၊ ရဲမေ ၂၈ ဦးတို့သည် ယင်းတို့၏ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့သည့် မြေကို ကာကွယ်ရင်း၊
တိုက်ပွဲဝင်ရင်း အသက်ပေးလှူ စတေး ကျဆုံးခဲ့သောနေရာ ရှာလ်လုမ်း ခံတပ်ကြီးသည် မမေ့အပ်သော နယ်ချဲ့ခုခံ စစ်သမိုင်းမှတ်တိုင် အဖြစ် ယနေ့ထိတိုင် ထင်ကျန်ရစ်ခဲ့ရာ ယခုဆိုလျှင် (၁၂၇) နှစ် တင်းတင်း ပြည့်မြောက်ပြီ ဖြစ်သည်။
ရှာလ်လုမ်း၏ ဒုတိယခံတပ်
ရှာလ်လုမ်းခံတပ်ကြီး နောက်ခံသမိုင်းအကျဉ်းအရ ၁၈၈၅ ခုနှစ် ဗြိတိသျှ အင်ပါယာသည် အထက်မြန်မာပြည်နှင့် မန္တလေးမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ချင်းလူမျိုးများနှင့် ဆက်သွယ်မှု ရှိလာခဲ့သည်။ ဗြိတိသျှ အင်ပါယာ အင်္ဂလိပ် အရင်းရှင်နယ်ချဲ့ စစ်တပ်သည် ချင်းတောင်ကို သိမ်းပိုက်ရန်အတွက်ကြိုးပမ်းစဉ် ချင်းလူမျိုးများနှင့် တိုက်ပွဲမြောက်များစွာ တိုက်ခဲ့ရသည်။
ထိုတိုက်ပွဲများမှ စီးယင်းနယ် ယနေ့ဝေါ့လာ့ကျေးရွာအနီးတွင်ဖြစ်ပွားသော ရှာလ်လုမ်းတိုက်ပွဲသည် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်။ ၁၈၈၇ ခုနှစ်အတွင်း ချင်းတွင်းနိုင်ငံရေးအရာရှိ Captain F.D. Raikes သည် ဖလမ်းကောင်စီ ခေါင်းဆောင် ဗိုလ်ဆွန်ပက် (Pu Cun Bik)၊ ကမ်ဟောက် (Kam Hau) ကိုယ်စားလှယ် လွန်ဆွတ် (Lun Sut)၊ အထက် ချင်းတွင်းခရိုင်ဝန်၊ စီးယင်းကိုယ်စားလှယ် ငါးဦး၊
ဟားခါး- ဇိုခွာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ထိုတွေ့ဆုံမှုများတွင် ဗြိတိသျှပိုင် ဗမာပြည်ဘက်ကို ချင်းမျိုးနွယ်စုများ လာမတိုက်ရန်၊ အိန္ဒိယတို့နှင့် ကုန်သွယ်ရေး လမ်းကြောင်း ဖောက်လုပ်ရန်စသည်တို့ ဆွေးနွေးခဲ့ကြသည်။
သို့သော်လည်း ချင်းလူမျိုးတို့သည် ဗြိတိသျှတို့အပေါ် သံသယရှိလာပြီး တစ်နေ့တစ်ခြား ဗြိတိသျှနှင့် ဆက်ဆံရေး ပျက်ပြားခဲ့ရသည်။ ၁၈၈၈ ခုနှစ် မတ်လတွင် တာရွှန်းစစ်သည်အင်အား ၅ဝဝ ကျော်မှ အင်းဒင်း (ယခုအန်းတဲန်) ကို သိမ်းပိုက်ခဲ့ကြပြီး စစ်သည် ၃ဝဝ သည် ကလေးဝ၊ နောက်ထပ်စစ်သည် ၃ဝဝ သည် တောင်တွင်း ချိုင့်ဝှမ်းများအား တိုက်ခိုက်ခဲ့ကြသည်။
စီးယင်း စစ်သည် ၅ဝဝ သည် ကလေးမြို့နှင့် နောက်ထပ် စစ်သည် ၆ဝဝ သည် ကဘော် (Kubu) ချိုင့်ဝှမ်းအား တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှ စစ်တပ်သည်လည်း စခန်းများအား အင်အားဖြည့်ပြီး ချင်းတပ်ပေါင်းစုတို့အား တွန်းလှန်နိုင်ခဲ့ကြသည်။
တာရွှန်းတို့သည် ဗြိတိသျှကို တော်လှန်သည့် ရွှေဂျိုးဖြူမင်းသားနှင့် နောက်လိုက်များအား ခိုလှုံခွင့်ပေးခဲ့ပြီး ရွှေဂျိုးဖြူမင်းသား စော်ဘွားဟောင်းများ၊ စီးယင်း၊ စုတ်သဲ၊ ကမ်ဟောက်တို့နှင့်အတူ မြေပြန့်ရှိ ဗြိတိသျှ စစ်စခန်းများအား ၁၈၈၈ ခုနှစ် တစ်နှစ်လုံးလုံး သွားရောက် တိုက်ခိုက်လေ့ ရှိသည်။
ခံတပ်ထောက်ပံ့ရေး အတွက် ဝင်လမ်းထွက်လမ်း တနေရာ
ထို့ကြောင့် ဗြိတိသျှတို့က တာရွှန်းတို့ကို ရွှေဂျိုးဖြူမင်းသားအဖွဲ့အား လက်လွှတ်ရန်၊ မလွှတ်ပါက ချင်းတောင်အား စစ်တပ်ဖြင့် ဝင်ရောက် တိုက်ခိုက်မည် ဖြစ်ကြောင်း ၁၈၈၈ ခုနှစ် သြဂုတ်လတွင် ရာဇသံပေးခဲ့သည်။
ယင်းနည်းတူ စီးယင်းတို့ထံတွင်လည်း ဖမ်းထားသူများကို လွှတ်ရန် ရာဇသံပေးခဲ့သည်။ တာရွှန်းနှင့် စီးယင်းတို့သည် ဗြိတိသျှတို့၏ ရာဇသံကို ဂရုမစိုက်သည့် အတွက် ဗြိတိသျှတို့သည် ၁၈၈၈ ခုနှစ် ဒီဇင်ဘာလတွင် စီးယင်းနယ်ကို သိမ်းပိုက်ရန် စတင်ပြင်ဆင်ခဲ့သည်။ စီးယင်းနယ်ဘက်ကို လမ်းဖောက်ရင်းဖြင့် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြသည်။
ဗြိတိသျှတို့ စီးယင်းနယ်ကိုသိမ်းပိုက်ရန် ရှေ့တိုးလုပ်ဆောင်နေစဉ်မှာပင် ရွှေဂျိုးဖြူ၊ ရှမ်းစော်ဘွား၊ တာရွှန်းတို့နှင့် စီးယင်း၊ စုတ်သဲ၊ ကမ်ဟောက်တို့သည် စည်းလုံးညီညွှတ်စွာဖြင့် မြေပြန့်ရှိ ဗြိတိသျှစခန်းများကို ၁၈၈၈ ခုနှစ် ဒီဇင်ဘာလတွင် တိုက်ခိုက်ခဲ့ကြသည်။ များမကြာမီ ကလေးမြို့အနီး ပြင်သာဆိပ်ကမ်းသို့ ရောက်ရှိလာကြကာ စစ်တပ်စခန်း ချထားလေသည်။
ချင်းအမျိုးသားတပ်ပေါင်းစုတို့သည် ကလေးမြို့နယ် ပြင်သာဆိပ်ကမ်းသို့ စခန်းချသော နယ်ချဲ့ အင်္ဂလိပ်စစ်တပ်ကို တိုက်ဖျက်ရန် ဆင်းခဲ့လေသည်။ အင်္ဂလိပ်နှင့် ချင်းတပ်ပေါင်းစုတို့ ပထမဦးဆုံး ပြင်သာဆိပ်ကမ်း၌ တိုက်ပွဲဖြစ်ပွားလေရာ အင်္ဂလိပ်ဘက်မှ စစ်သားငါးဦးကျဆုံးပြီး အမြောက်အမြား ဒဏ်ရာရရှိလေသည်။
ချင်းတပ်ပေါင်းစုမှလည်း လေးဦးက ျဆုံးသွားခဲ့ရာ ချင်းတပ်ပေါင်းစုနှင့် အင်္ဂလိပ်တို့ ပထမဦးဆုံး အကြီးအကျယ် တိုက်ပွဲဖြစ်သော နေရာဖြစ်သဖြင့် ထိုဒေသ ပြင်သာဆိပ်ကို အမှတ်(၁) ခံတပ်စခန်း (N0. 1st Stockade) ဟု ခေါ်တွင်ခဲ့လေသည်။
ချင်းတပ်ပေါင်းစုတို့သည် စားနပ်ရိက္ခာအစရှိသည်တို့ကို ကိုယ်တွင်ပါသွား၍ စစ်တိုက်ရသော သူများဖြစ်သည်နှင့် အညီ သုံးရက်တိုင်တိုင် တိုက်ခိုက်ကြသောအခါ စားနပ်ရိက္ခာ၊ ခဲယမ်းမီးကျောက်များ ကုန်ဆုံးသည်ကတစ်ကြောင်း၊ ကျဆုံးသွားသော အမျိုးသားတို့၏ အလောင်းများကို ချင်းတောင်သို့ ထမ်းယူသွားရန် ဓလေ့ထုံးစံဖြစ်သည့် အတိုင်း သုံးရက် လွန်သောအခါ ချင်းတောင်သို့ ပြန်သွားကြလေသည်။
ကြားကာလတွင် အင်္ဂလိပ်တို့က ချင်းတောင်ကိုအုပ်ချုပ်ရန် အနုနည်းမျိုးစုံဖြင့် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ယင်းသို့ဖြင့် အမှတ်(၂)၊ (၃)၊ (၄)၊ (၅) ခံတပ်စခန်းများအထိ အကြိမ်ပေါင်းများစွာ တိုက်ရင်းခိုက်ရင်း ချီတက်ရင်းဖြင့် ၁၈၈၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် စီးယင်းမျိုးနွယ်စုနယ်မြေ ခေါဆကျေးရွာသို့ Sir George White နှင့် Major Raike အဖွဲ့ ရောက်ရှိလာကာ ခုခံတိုက်ခိုက်မှုမရှိဘဲ ထုတ်လိုင်ကျေးရွာအထိ ဆက်လက်ချီတက်ခဲ့သည်။
ယင်းဖေဖော်ဝါရီ ၁၃ ရက်က ထုတ်လိုင်ကျေးရွာတွင် စစ်တပ်စခန်းအခိုက်အမာ စတင်တည်ဆောက်လေတော့သည်။ခံတပ်အတွင်းနေရာအား ကြည့်ရှုနေသည့် ချင်းလူငယ်တဦး
သူ့ကျွန်မခံလိုဘဲ ကိုယ့်ထီးကိုယ့်နန်းနှင့် ကိုယ့်မြေတို့ကို မစွန့်လွှတ်လိုသော မျိုးချစ်စိတ်ဓာတ် ပြင်းထန်သည့် ချင်းအမျိုးသားများမှ ချင်းတောင်တန်းရှိ ထုတ်လိုင်ကျေးရွာ အင်္ဂလိပ်စစ်တပ်စခန်းကို တိုက်ဖျက်ခြင်းအလို့ငှာ ဘွင်မံကျေးရွာ တိုက်သူကြီး ဦးလျင့်ကမ်းဦးဆောင်သော စီးယင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၃၇ ဦးတို့သည် ဝေါ့လာ့ကျေးရွာ နယ်မြေ ရှာလ်လုမ်းရွာ တွင် မြေတွင်းများတူးကာ ကျောက်ပြားချပ်ကြီးများ၊ ပျဉ်ချပ်များ၊
သစ်ရွက်များဖြင့်ဖံုံးအုပ်ပြီး ခံတပ်ကို ကြီးကျယ်စွာ တည်ဆောက် ခဲ့ကြကာ ရှာလ်လုမ်း (Siallum) ဟု အမည်တွင်စေခဲ့သည်။ စီးယင်းချင်းဘာသာဖြင့် ရှာလ်ဆိုသည်မှာ နွားနောက်ဦးခေါင်းဖြစ်ပြီး လုမ်းဆိုသည်မှာ ခံတပ်ဟုအဓိပ္ပာယ်ရသည်။
ခံတပ်မကြီး (ကူလ်ပီး)၊ ရဲမေကျင်း (နူးပီးကူလ်)၊ ကျင်းပတ်လမ်း (ကူလ်ဘန်)၊ အောက်ဘက်ကျင်း (ကူလ်ပီးယန်း)၊ ကင်းထောက်ကျင်း (ငါလ်ဗီလ်ဒူမ်း) စသည်တို့ဖြင့် ဆောက်လုပ်ထားပြီး ခံတပ်အနားတွေလည်း သုံးပေအမြင့်ရှိသော ဆူးချွန်များ စိုက်ထူထားကြသည်။ ယင်းနောက် အမျိုးသမီးများနှင့် ကလေးများပုန်းခိုနေရာ၊ သူကြီးများပုန်းခိုနေရာနှင့် နတ်ဆရာများ ပုန်းခိုနေရာရန်နေရာများ ကိုလည်း
ဆောက်လုပ်ထားကြသည်။
ရန်သူများ၏လှုပ်ရှားမှုကို စောင့်ကြည့်ရန် ကင်းမျှော်စင်ကိုလည်း တောင်မြင့် (Mualsang) တွင် နည်းပရိယာယ်ကြွယ်ဝစွာ တည်ဆောက်ထားသော ထိုခံတပ်အားပြုလုပ်ခဲ့ကြသဖြင့် နယ်ချဲ့တပ်က အနောက်ဘက်မှ တိုက်ခိုက်နိုင်ခြင်း မည်သို့မျှ မပြုလုပ်နိုင်ဘဲ ရှိခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ခံတပ်၏ အနောက်ဘက်သည်တောင်ဆင်းကျောက်ကမ်းပါးပြင်
ဖြစ်နေသောကြောင့်ဖြစ်သည်။
အင်္ဂလိပ်စစ်တပ်သည် ခံတပ်အကြီးအကျယ်တည်ဆောက်ကြောင်း သတင်းရသည်နှင့် ချက်ချင်း မတိုက်ဝံ့ဘဲ စစ်ကူရောက်ရှိသည်အထိ ထုတ်လိုင်ကျေးရွာစစ်တပ်စခန်းမှ စောင့်ဆိုင်းလေသည်။
မျိုးချစ်စိတ်ဓာတ် ရှင်သန်သော ချင်းတော်လှန်ရေးသမားတို့၏ အကြီးဆုံးခံတပ်ဖြစ်သဖြင့် အင်္ဂလိပ်မှ စစ်တပ်အင်အား တောင့်တင်းမှု လိုအပ်ကြောင်း သတိမူလျက် အမှတ်(၂) နောဖော့တပ်ရင်း (2nd Battalion Norfolk Regiment) မှ အင်အား ၆၅၊ အမှတ်(၄၂) ဂေါ်ရခါးတပ်ရင်း (42nd Gurkha Light Infantry)မှ အင်အား ၆ဝ၊ စုစုပေါင်းအင်အား ၁၂၅ တို့ လက်နက်အပြည့်အစုံဖြင့် ဗိုလ်ကြီး စီအိပ်ချ်ဝဲစ်မိုးလန် (Captian CH. Westmoreland) ကွပ်ကဲဦးဆောင်ပြီး ၁၈၈၉ ခုနှစ် မေလ ၄ ရက်တွင် ထုတ်လိုင်ကျေးရွာတပ်စခန်းမှ ချီတက်ခဲ့လေရာ နံနက် ၁ဝ နာရီမှစတင်၍ ညနေ ၄ နာရီအထိ တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွားလေသည်။
အင်္ဂလိပ်စစ်တပ်သည် ရှေ့သို့တစ်လှမ်းကိုမျှ ချီတက်ရန်မတတ်စွမ်းသဖြင့် နံနက် ၁၁ နာရီခန့်တွင် ခံတပ်အနီးတောင်ကုန်း
ကလေး တစ်ဖက်သို့ တစ်ဖာလုံခန့် နောက်ဆုတ်၍ ဂေါ်ရခါးတပ်သားများအား စိတ်ဓာတ် တက်ကြွစေရန် အတွက် အဖျော် ယမကာများကိုတိုက်ကျွေးပြီး ပြန်လည်ချီတက်တိုက်ခိုက်ရာ ညနေစောင်းတွင် အကြီးမားဆုံး ခံတပ်ကတုတ်ကျင်းကို သိမ်းပိုက်လေသည်။
ကျန်ခံတပ် ကတုတ်ကျင်းများကို မသိမ်းပိုက်မီ ညနေ ၄ နာရီထိုးခါနီး၌ စီးယင်းချင်းစစ်တပ် ခေါင်းဆောင် သုံးဦးတို့ဖြစ်သူ လင်မ်ခိုင်ကျေးရွာသား ခတ်ကမ်း၊ ကမ်းဆွတ်၊ ဆွန်ထွမ်းတို့ဦးဆောင်သော စစ်ကူ (Reinforce-ment) အဖွဲ့ ရောက်ရှိလာပြီး နယ်ချဲ့တပ်တို့နေရာယူသည့် အနောက်ဘက်မှ တိုက်ခိုက် သောကြောင့် နယ်ချဲ့တပ်များမှာ ရန်သူတို့ စစ်ကူအလုံးအရင်းဖြင့်ရောက်ရှိလာသည်ဟု ထင်ကာ ညနေ ၄ နာရီတွင် အင်္ဂလိပ်စစ်တပ်သည် သိမ်းပိုက်ထားသော ခံတပ်ကြီးကိုပင် မထိန်းနိုင်တော့ဘဲ နောက်သို့ဆုတ်ခွာ သွားလေတော့သည်။
ရှာလ်လုမ်းခံတပ်တိုက်ပွဲကြီးသည် ဗိုလ်ချုပ်ကြီးဟောင်း ဖောင်း (General Faunce) ခေါင်းဆောင်သော မြောက်ပိုင်း စစ်ကြောင်းသည် စစ်သည် ၁၇၆၈ ဦး၊ အမြောက်နှစ်လက်တို့ဖြင့် အကြိမ်ကြိမ်တိုက်ပွဲများအနက် တစ်နေရာတည်း၊ တစ်ချိန်တည်းအတွက် အပြင်းထန်ဆုံးနှင့် အသေအပျောက်အများဆုံး တိုက်ပွဲဖြစ်သည့် အပြင် နောက်ဆုံးတိုက်ပွဲလည်းဖြစ်ကြောင်း နယ်ချဲ့အင်္ဂလိပ်တို့မှ မှတ်တမ်းတင်ထားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲတွင် နယ်ချဲ့ဘက်မှ ဒုတိယဗိုလ် မီချဲလ် ( 2nd Lt. W. G. Michel) နှင့် ကပ္ပတိန် မိန်း (Captain Mayne)အပါအဝင် မျက်နှာဖြူအကြပ်တပ်သား သုံးဦး၊ ဂေါ်ရခါးတပ်သား ၃၂ ဦး စုစုပေါင်း ၃၆ ဦးသေဆုံးကာ ဆရာဝန်လီခွင် (Surgeon Le Quesne)နှင့် အခြားအကြပ်တပ်သားစုစုပေါင်း ၃၈ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လေသည်။
ချင်းတော်လှန်ရေး သမားဘက်မှ ခေါင်းဆောင်ဖြစ်သူ ဦးလျန်ကမ်း၊ ဒုတိယခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝမ်းမန်တို့ အပါအဝင် မျိုးချစ်ရဲဘော်၊ မျိုးချစ်ရဲမေ စုစုပေါင်း ၂၈ ဦးတို့ အသက်စတေးပေးခဲ့ကြသည်။
အသက်စတေးပေးကြသူများမှာ (၁)တိုက်သူကြီး ဦးလျင့်ကမ်း၊ (၂) ရွာစား ဦးဝမ်းမန်၊ (၃)ဦးတွောင်ဝုန့်၊ (၄)ဦးပေါင်ဆွေင်း၊ (၅) ဦးဇောင်အွန့်၊ (၆)ဦးဆဲမ်ပေါင်၊ (၇) ဦးခုတ်ဝမ်း၊ (၈) ဦး ခိုင်ဆွပ်၊ (၉) ဦးလမ်းခုပ်၊ (၁ဝ) ဦးဇောင်ထွမ်း၊ (၁၁) ဦးဇဝမ်း၊ (၁၂) ဦးထန်ဟောက်၊ (၁၃)ဦးလုကမ်း၊ (၁၄) ဦးစွန်ဆွောင့်၊ (၁၅)ဦးအင်းခမ်း၊ (၁၆) ဦးပေါင်လမ်း၊
(၁၇)ဦးဟန်စိန်၊ (၁၈)ဦးတွန့်မန်၊ (၁၉) ဒေါ်လျင့်ဝုန်၊ (၂ဝ) ဒေါ်ကွေ့ဝုန်၊ (၂၁) ဒေါ်ဝုန်နှဲမ်း၊ (၂၂) ဒေါ်အောက်ဟွဲ၊ (၂၃) ဒေါ်လမ်းကြောင် (၂၄) ဒေါ်အွပ်ညောင်း (၂၅) ဒေါ်ညောင်းကြောင်၊ (၂၆) ဒေါ်ဒိမ့်ငြ၊ (၂၇) ဒေါ်အွပ်ဟွဲ၊ (၂၈) ဒေါ်ဟွဲနွမ်းတို့ဖြစ်ကြပြီး ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကမ်းကျင့်အပါအဝင် မျိုးချစ်ရဲဘော်၊ ရဲမေ ၁၁ ဦး ဒဏ်ရာရခဲ့ကြသည်။
အဆိုပါတိုက်ပွဲတွင် နယ်ချဲ့စစ်တပ်ဘက်မှ ဆရာဝန်လီခွင် (Surgeon Le Quesne)သည် ၎င်းရရှိထားသော ဒဏ်ရာများဖြင့် အခြားပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့သော ရဲဘော်များဖြစ်သည့် ဒုတိယဗိုလ်မီချဲလ်နှင့် ဗိုလ်ကြီးမိန်း အပါအဝင် အခြားအကြပ် တပ်သားများအား ပြုစုစောင့်ရှောက်ပေးခဲ့သဖြင့် ယင်း၏ ရဲရင့်မှုနှင့် စစ်ရေးကျွမ်းကျင်မှုကြောင့် အင်္ဂလန်နိုင်ငံ ဘုရင်မကြီး၏ စစ်ဘက်ဆိုင်ရာအမြင့်မားဆုံး ဂုဏ်ပြုမှုဖြစ်သော ဝိတိုရိယဘွဲ့ (Victoria Cross)ကို ပေးအပ်နှင်းခြင်း ခံခဲ့ရသည်။
ယင်းဆုတံဆိပ် ကိုယနေ့ထက်တိုင် ဗြိတိသျှနိုင်ငံ Jersey ပြတိုက်တွင် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ဆရာဝန်လီခွင်၏ (Victoria Cross) ဆုရရှိခြင်းကို ကြည့်ခြင်းအားဖြင့် ရှာလ်လုမ်း တိုက်ပွဲပြင်းထန်ပုံကို သိရှိနိုင်မည့်အပြင် ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်က ချင်းတောင်ဘိုးဘွားများအား လွယ်လင့်တကူ မတိုက်ခိုက်နိုင်ကြဘဲ ချင်းပြည်ကြီးကို လာရောက်တိုက်ခိုက်သူများ မည်သို့ပင် အင်အားကြီးလင့်ကစား ရဲဝံ့စွာဖြင့် ပြန်လည်တိုက်ထုတ်နိုင်သည့် ချင်းတောင်ဘိုးဘွားများ၏ ရဲစွမ်းသတ္တိကို ဂုဏ်ပြုရမည်ဖြစ်သလို အစဉ်လေးစား ဂုဏ်ယူကြရမည်ဖြစ်သည်။
ရှာလ်လုမ်းခံတပ်ဟောင်းကြီးကို ယခင်တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ချင်းရေးရာဦးစီးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး ဆွန်ခိုလျှင့်ထံသို့ ၁၉၆၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ချင်းပြည်နယ်ယဉ်ကျေးမှုဦးစီးအရာရှိက တင်ပြလျှောက်ထားချက်အပေါ် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန(ရုံးချုပ်) မှ ၁၉၆၅ ခုနှစ်တွင် ရန်ပုံငွေကျပ် ၃၄ဝဝ ဖြင့် ကနဦးပြုပြင်မှုစတင်၍
၁၉၆၅ ခုနှစ် မေ ၄ ရက်က ခံတပ်ကမ္ပည်းကျောက်စာတိုင်များ ပြုလုပ်ပေးခဲ့ကာ ယနေ့အချိန်ထိ နှစ်စဉ်ပြုပြင်မှု ဆက်လက် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ခံတပ်စောင့် ဝန်ထမ်းတစ်ဦး ခန့်ထားပေးပြီး နှစ်စဉ်ပုံမှန်ပြုပြင်မှုများကို ဒေသခံတို့က ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ထိန်းသိမ်းလျက် ရှိနေသော ခံတပ် လည်းဖြစ်သည်။
ထိုရှာလ်လုမ်းခံတပ်သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ မိုင် ၃ဝ ကျော်အကွာတွင်တည်ရှိပြီး သိုင်းငင်း-ဖလမ်းသို့ သွားသောလမ်းမဘေးရှိ ဇောင်ကောင်ကျေးရွာ၌ လမ်းခွဲကာ မော်တော်ယာဉ်ဖြင့် ခရီးဆက်မည် ဆိုလျှင် သုံးနာရီခန့်ကြာမောင်းနှင်ရကြောင်း၊ လက်ရှိအဆိုပါ ရှာလ်လုမ်းခံတပ်နှင့် တစ်မိုင်ခွဲကွာဝေးသော ဝေါ့လာ့ကျေးရွာတွင် စီးယင်းလူမျိုးနွယ်စု လူဦးရေ ၃ဝဝ ခန့် နေထိုင်လျက်ရှိကြောင်း၊
မျိုးချစ် သူရဲကောင်းများအား ရည်စူး၍ တီးတိန်မြို့နယ်ရှိ စီးယင်း လူမျိုးနွယ်စုများ နေထိုင်ရာ ဝေါ့လာ့ကျေးရွာနှင့် တစ်မိုင်ခွဲကွာဝေးသည့် ရှာလ်လုမ်းခံတပ်၌ (၁၂၅)နှစ်ပြည့် ရှာလ်လုမ်း ခံတပ်တိုက်ပွဲနေ့ အောက်မေ့ သတိရခြင်းအထိမ်းအမှတ်ကို ၂ဝ၁၄ ခုနှစ် မေ ၄ ရက်မှစ၍ ကျဆုံးခဲ့သည့်ရဲဘော်၊
ရဲမေ ၂၈ ဦးတို့၏ ကမ္ပည်း ကျောက်စာတိုင်တွင် လွမ်းသူ့ပန် းခွေများချ၍ ဂါရဝပြုခြင်းနှင့် ရိုးရာဆုတောင်းပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ယခု ၂ဝ၁၆ ခုနှစ် မေလ ၄ ရက်တွင်လည်း (၁၂၇) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အစဉ်အလာမပျက် နှစ်စဉ်ပုံမှန် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
အဆိုပါရှာလ်လုမ်းခံတပ် တည်ရှိရာနေရာသို့ ပြည်တွင်းပြည်ပမှ လေ့လာကြည့်ရှုနိုင်ရေး၊ မှတ်တမ်းတင်နိုင်ရေး အတွက် လာရောက်လိုသူများ ရာသီမရွေး မော်တော်ကားလမ်းဖြင့် လွယ်ကူချောမွေ့စွာ သွားလာအသုံးပြုနိုင်ရန် နိုင်ငံတော်၏ အသိအမှတ်ပြုသော ကားလမ်းအဆင့်သို့ ပံ့ပိုးကူညီနိုင်ရေးကိုလည်း ဝေါ့လာ့ကျေးရွာလူထုမှ အထူးမျှော်လင့် တောင့်တလျက် ရှိကြကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
Crd,မူရင်း