မြန်မာ့စွန့်ဦးတော်လှန်ဆရာစံနှင့် သူ၏သုပဏ္ဍက ဂဠုန်တပ်တော်ကြီး အကြောင်း

ဆရာစံကို မြန်မာသက္ကရာဇ် ၁၂၃၈ ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ရက် (ခရစ် ၁၈၇၆ အောက်တိုဘာ ၂၄) အင်္ဂါနေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ရွှေဘိုခရိုင် ဒီပဲယင်းမြို့ နယ် မူးချောင်း အနောက်ဘက်ကမ်းရှိ သရက်ကန်အရှေ့ကန်ရွာ၌ အဖ တောင်သူလယ်သမား ကြီး ဦးကြေး၊ အမိ ဒေါ်ဖက်တို့မှ ဖွားမြင်ခဲ့သည်။

ဆရာစံ၏ မိခင်မှာ ပုဂံမင်းလက်ထက်နှင့် မင်းတုန်းမင်းလက်ထက်များတွင် နန်းတွင်း အပျိုတော်ဖြစ်သည်။ ဆရာစံ မှာ ဦးကြေး နှင့် ဒေါ်ဖက်တို့၏ သားသမီး ငါးယောက်အနက် အထွေးဆုံးသားဖြစ်သည်။ဆရာစံ၏ငယ်မည်မှာ မောင်ရာကျော် ခေါ် မောင်စံရှားဖြစ်သည်။

ဆရာစံ၏ မွေးချင်းများမှာ ကိုရာကြူး၊ မအေးမြင့် နှင့် မအေးဆင့်တို့ဖြစ်သည်။ သို့သော် ဆရာစံဖခင် ဦးကြေးသည် ဒေါ်ဖက်နှင့် အကြောင်းမပါမီက ဒေါ်ဌေးနှင့် ပထမအိမ်ထောင်ပြု၍ သမီးမရွက် ထွန်းကားခဲ့သည်။

ပထမဇနီး ဒေါ်ဌေးကွယ်လွန်ပြီးမှ ဆရာစံမိခင် ဒေါ်ဖက်နှင့် အကြောင်းပါ ခဲ့ခြင်းဖြစ်သည်။

ဆရာစံသည် ရွှေဘိုနယ် မင်းကုန်းကျောင်းဦး မင်္ဂလာဆရာတော်၊မင်းသူကြီးရွာ ဘုန်းကြီးဦးကလျာဏကျောင်း၊
သရက်ကန်အရှေ့ရွာ၊ အနောက်ရွာကြား တွင်ရှိသော ဦးသူရိယ အုတ်ကျောင်းတို့၌ ပညာသင်ယူနေစဉ် အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ကြီးကွယ်လွန်ခဲ့လေသည်။

၁၈၉၁ခုနှစ်တွင် ရှင်သာ မဏေ (၁) နှစ်ကျော် ဝတ်သည်။
ထို့နောက် ဆရာစံသည် အသက် ၁၆ နှစ်တွင် ရဟန်းဘောင်မှ လူထွက်၍ မိုးကုတ်မြို့ သို့တက်၍ ဆေးကု၊ ဇာတာဖွဲ့ဖြင့် အသက်၀မ်းပြုခဲ့သည်။

ဆရာစံသည် အောက်ပြည်အောက်ရွာသို့ဆင်း၍ အလုပ်အကိုင်ရှာဖွေနေစဉ် သူ့အသက် ၂၀ တွင် မိခင်ကြီးကွယ်လွန်ခဲ့လေသည်။

ထိုမှတဖန်ဆရာစံသည်မဏိရတနာရာမ မြတောင်တိုက်တွင် သင်္ကန်းဆည်းလျက် ၂ နှစ်ခန့် ပညာသင်ကြားပြီးနောက် လူထွက်၍ ဖြူးမြို့အရှေ့ဖက်ရှိ ငါးခေါင်းအင်းရွာသို့ အလုပ်အကိုင်ရှာဖွေရန် ခရီးထွက်ခဲ့ပြန်သည်။

ထိုရွာတွင် နေထိုင်စဉ်အတွင်း အညာ ဒေသ ယာဉ်ခြင်းရွာမှရောက်ရှိနေထိုင်သော ဒေါ်ကေနှင့်အကြောင်းပါ၍ မမယ်စိန်နှင့်မောင်ရွှေရင်အမည်ရှိ သမီးတစ်ယောက်နှင့် သားတစ်ယောက် ထွန်းကား ခဲ့သည်။

ဆရာစံသည် တိုင်းရင်းဆေးကုရာတွင် နာမည်ကြီး၍ တပည့်တပန်းပေါများသည့်အပြင် ရောဂါ၏ လက္ခဏာကို မည်သို့စစ်ဆေး ရမည်၊ မည်ကဲ့သို့သော ဆေးဝါးဓာတ်စာတို့ကို ပေးရမည်ဟူသော ကုထုံးအတွက် “လက္ခဏုဇဆေးကျမ်း” ကိုပင် စီရင်ရေး သားသွားခဲ့သည်။ ထို့အပြင် လုပ်ရပ်နှင့်ဆိုင်သော “ဝိဇ္ဇာသိပ္ပံအင်္ဂုတ္တကျမ်း”နှင့် “ညာဏောဒီဇဆေးကျမ်း” တို့ကိုလည်း ရေးသားပြုစုခဲ့သည်။

နက္ခတ်ဗေဒင်ဖက်တွင်လည်း ကညော် တလိုင်း ဆရာတော်ထံ နည်းနာခံယူသင်ကြား၍ သင်္ကြန်စာများကိုပင် ဆရာစံအမည်ဖြင့် ထုတ်ဝေခဲ့ဖူးသည်။ ဆရာစံသည် တိုင်းရင်းဆေးပညာအစွယ် အပွားများဖြစ်သည့် အဂ္ဂိရတ်ပညာနှင့် ဗေဒင်နက္ခတ်ပညာတို့ကိုကျွမ်းကျင်ပြီးနောက် ဓာတ်ပညာတွင် အနုစိတ်သည့် ဆေးဝါးဖော်စပ်မှုနှင့်ဆိုင်သော “ညာတောဓိရံကျမ်း” ကို ရေးသားခဲ့သေးသည်။

ဆရာစံမှာ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါး၊ အသားညိုညို၊ နှာတံပေါ်ပေါ်နှင့် နှုတ်ခမ်းမွှေးရေးရေးရှိ၏။ စကားပြောတရားဟောလည်း အလွန်ကောင်းသည် ဟု ဆိုကြသည်။

ဆရာစံသည် တောင်သာဂိုဏ်းဝင် ဆေးဆရာအဖြစ် ဆေးကုသရင်း လူမှုရေး၊ ဘာသာရေးလုပ်ငန်းများကို တဖက်တလမ်းမှ ဆောင်ရွက် သည်။ ဆရာစံသည် ၁၉၂၃တွင် ဂျီစီဘီအေအသင်းကြီးသို့ ဝင်ရောက်ခဲ့သည်။

ဝံသာနုခေါင်းဆောင်အချို့၏ ပျော့ညံ့မှု၊ အင်္ဂလိပ်အစိုးရအား အလျော့ပေး စေ့စပ်လိုမှု၊ ရာထူးဂုဏ်ထူးမက်မောမှုတို့ကို မြင်တွေ့လာခဲ့သဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ကိုယ်တိုင် ဦးဆောင်ဆင်နွှဲရန်အတွက်ဦးစိုးသိမ်း ဂျီစီ ဘီအေနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်လေသည်။

၁၉၃၀ ပြည့်နှစ် အောက်တိုဘာလ ၂၆ တွင် သာယာဝတီ အင်းရွာ မကျီးကုန်းဘုန်ကြီးကျောင်း၌ ဝံသာနုလယ်သမားခေါင်းဆောင် များနှင့် လျှို့ဝှက် အစည်းအဝေးပြုလုပ်ပြီး နိုင်ငံတဝှမ်းရှိ လယ်သမားများနှင့် ဂဠုန်တပ်များကို စတင်ဖွဲ့စည်းသည်။

၁၉၃၀ အောက်တိုဘာ ၂၈တွင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေ့မြောက်အရပ်ရှိ မြစိမ်းတောင်ညိုဘုရားတွင် ဆရာစံသည် (လက်ပံပင်မှ ဂဠုန်ငှက်မင်း )ဟူသော အဓိပ္ပါယ်ဖြင့် ‘သုပဏ္ဏက ဂဠုနရာဇာ’ဘွဲ့ကို ခံယူ၍ ဥပုသ်ကြီးဝင်ခဲ့သည်။

ဆရာစံသည် ဂဠုန်တပ်ဖွဲ့ဝင်များကို ‘က’၊ ‘ခ’ ဟူ၍ နှစ်မျိုးခွဲခြားထား သည်။ ‘က’ ဂဠုန် တပ်ဖွဲ့ဝင်များသည် လက်နက်စွဲကိုင်လျက် နယ်ချဲ့အစိုးရတပ်များကို ရှေ့တန်းမှ တိုက်ခိုက်ရသည်။ အာဏာဖီဆန်သောအနေဖြင့် အစိုးရသစ်တောကြိုးဝိုင်း များအတွင်းသို့ဝင်၍ သစ်ဝါးများခုတ်ကြရမည်။

‘ခ’ ဂဠုန်တပ်များသည် နောက်ပိုင်းမှ စားနပ်ရိက္ခာများ ထောက်ပံ့ရသည်။ ထို့အပြင် ရှေ့တန်းမှလိုအပ်သော အကူအညီများကို ပေးရမည့်အပြင် ‘က’ ဂဠုန်တပ်ဖွဲ့ဝင်များ တိုက်ပွဲ ကျဆုံးလျှင်သော်လည်းကောင်း၊ ထောင်တန်း ကျလျှင်သော်လည်းကောင်း ကျန်ရစ်သူ အိမ်ထောင်စုဝင်များကို ‘ခ’ ဂဠုန်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းစောင့်ရှောက်ရသည်။

ဆရာစံသည် တော်လှန်ရေးအတွက် အခိုင်အမာတပ်စွဲရန် အလံတောင်တွင် ၁၉၃၀ ဒီဇင်ဘာ ၂၁ တွင် ဌာနချုပ်ပြုလုပ်ခဲ့သည်။ အလံတောင်သည် သာယာဝတီမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ ပဲခူးရိုးမတောင်တန်းတန်းတွင် ရှိသည်။

ဆရာစံသည် ဂဠုန်တပ်၏အောင်လံကိုလည်း တီထွင်ခဲ့သည်။ ဂဠုန်တပ်၏အောင်လံမှာ နဂါးကို ဂဠုန်သုတ်နေပုံဖြစ်သည်။ နဂါးသည် နယ်ချဲ့အင်္ဂလိပ် တို့ကို ရည်ညွှန်းထားခြင်းဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ် (နဂါး) ကို ဂဠုန်လာသုတ်သည့် အဓိပ္ပါယ်ဖြင့် စီစဉ်ခြင်းဖြစ်သည်။

ဆရာစံ၏ ဂဠုန်တပ်သည် စည်းရုံးရေးဘက်တွင် အားကောင်းသော်လည်း လက်နက်အင်အားဘက်တွင် လွန်စွာချို့တဲ့သည်။ ပုန်ကန်ချိန်၌ သူတို့ သည် ခေတ်မီ လက်နက်ဆို၍ ပြည်တွင်းဖြစ် လုပ်သေနတ်အလက်(၃၀)ခန့်သာ ရှိသည်။ ကျန်လက်နက်များမှာ ဓား၊ လှံ၊ ဝါးချွန်၊ ဒူးလေး၊ ကောက်ဆွ၊ ဝါးရင်းတုတ် စသည်တို့ သာဖြစ်သည်။

ခေတ်မီသေနတ်များသာမက စက်သေနတ်များပင် စွဲကိုင်ထားသော နယ်ချဲ့ဗြိတိသျှစစ်တပ် များကို တိုက်ခိုက် ရန်မလွယ်ကြောင်း သူတို့ မသိမဟုတ် ၊သိကြသည်။

နယ်ချဲ့အစိုးရသည် တောင်သူလယ်သမားများ ဤမျှ အတိဒုက္ခရောက်နေသည်ကို အားရကျေနပ်ခြင်း မရှိသေးဘဲ ရေနစ်သူကို ဝါးကူ၍ နှစ်သည့်နှယ် လင်စုံမယားဖက်ကို ငါးကျပ်၊ လူလွတ်ကို နှစ်ကျပ်ခွဲ လူခွန်ကောက်ခံခြင်း၊ သဿမေဓ အခွန်တော်ကောက်ခံခြင်းနှင့် ကြိုးဝိုင်း အပြင်တွင် ခုတ်သည့်ထင်းဝါးကိုပင် လှည်းတစ်စီး နှစ်ကျပ်ခွဲ သစ်တောခွန်ကောက်ခံခြင်းဖြင့် ထပ်မံ၍ နှိပ်စက်လိုက်ကြပြန်သည်။

ထိုသို့သူလယ်သမားများစီးပွားရေးကျပ်တည်းမှုဒဏ်နှင့် အစိုးရ၏ အမျိုးမျိုးနှိပ်စက်ညှင်းပမ်းသောဒဏ်ကို မခံရပ်နိုင် သည့်အတွက် အသက်ရှင်လျက် ဆင်းရဲငတ်ပြတ်ကာနေရခြင်းထက် တွန်းလှန်တိုက်ခိုက်ပြီး ဂုဏ်သိက္ခာရှိရှိသေရခြင်းက မြတ်သည်ဟု ခံယူခဲ့လေတော့သည်။

ခေတ္တဘုရင်ခံဆာဂျေအေမောင်ကြီးသည် တိုင်းခန်းလှည့် လည်ရင်း သာယာဝတီသို့အရောက် အစိုးရများက ကျေးရွာများအား မတရားဖိနှိပ်ရက်စက်မှုများကို ရွာသားတို့က လျှောက်လွှာများရေးသား ၍ ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးထံသို့ တိုင်တန်းကြသည်။

သာယာဝတီ ဒီစကြိတ်ကောင်စီလူကြီးများက ပြည်သူတို့ကြည်ဖြူစွာမပေးလိုသော သဿမေဓနှင့်လူခွန်ကို ဖျက်သိမ်းသင့်ကြောင်း အကြံပေးခဲ့ကြသည်။

သို့သော် ဆာဂျေအေမောင်ကြီးက … “အစိုးရစစ်တပ်များက ကျေးရွာများကို နှိပ်စက်သည်ဟု တိုင်တန်းထားသော လျှောက်လွှာများကို ရ ကြောင်း”၊ သဿမေဓ နှင့်လူခွန်ကို အစိုးရက ဖျက်သိမ်းရန် မကြံရွယ်ကြောင်း” ပြောဆိုခဲ့သည်။

ဘုရင်ခံထံမှ ငြင်းဆိုသောစကားကို ကြားရ သောအခါ တောင်သူလယ်သမားတို့အဖို့ ေ ငွကလည်း မရှိ၊ ကျွမ်းကျင်မှုလည်းမရှိသော မြန်မာတို့မှာ ဖောင်စီးရင်းရေငတ်ဆိုသလို ကိုယ့်မြေပေါ်မှာပင်ဖြစ်လျက် နေစရာမရှိ၊ စားစရာ မရှိ ဆင်းရဲငတ်ပြတ်လှ၏။ ထိုမွဲငတ်မှုကြောင့်ပင် မြန်မာတို့မှာ လူရာမဝင်ဖြစ်ခဲ့ရ၏။

“သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး” ဟူသကဲ့သို့ တော်လှန်ပုန်ကန် ရန်မှတပါး အခြားမရှိပြီဟု စိတ်နှလုံး ဒုံးဒုံးချလိုက်ကြလေတော့ သည်။

ဤသို့ဖြင့် ဆရာစံ၏ အမိန့်ဖြင့် ၁၉၃၀ ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ရဲကျော် ထင်ဘွဲ့ရ ဗိုလ်ဘိုးဆော့ ခေါင်းဆောင်သော တောင်သူလယ်သမား ဂဠုန်တပ်ဖွဲ့ဝင်များသည် သာယာဝတီထောင်ဖွင့်ရန် သာယာဝတီမြို့သို့ ချီတက်ရာ စမ်းတွင်းရွာ အနီးတွင် ဇိမ်ဇာရွာသူကြီး ဦးဖိုးညွန့်နှင့် နောက်လိုက်များကို တွေ့ရှိပြီး တိုက်ခိုက်မှုဖြစ်ပွားရာမှ တောင်သူလယ်သမားအရေးတော်ပုံကြီး စတင် ခဲ့လေသည်။

တောင်သူလယ်သမား အရေးတော်ပုံသည် သာယာဝတီနယ် ဇိမ်စာ၊ အင်းကောက်၊ ရေတိုက်၊ ဖားရွှေကျော်၊ ဆီနှစ်ခွ၊ လှည်းလမ်းကူး အစရှိသော ကျေးရွာများမှ စတင်ကာ ရက်အနည်းငယ်အတွင်း သာယာဝတီနယ်အနှံ့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဗြိတိသျှအစိုးရသည်ဓါးကျိုး ဓားပဲ့နှင့် ဒူးလေးမှလွဲ၍ လက်နက်ကောင်းဟူ၍ လုံးဝမရှိ သောဂဠုန်တပ်များကို မြန်မာပြည်ရှိ စစ်တပ်၊ ပုလိပ်တပ်များအပြင် ဘိလပ်မှ ဂေါရာတပ်၊ အိန္ဒိယမှ ပန်ချာပီတပ်များပင်ခေါ်ယူကာ ခေတ်မီ လက်နက်များဖြင့် အပြင်းအထန်နှိမ်နင်းခဲ့ရလေ သည်။

ခေါင်းဆောင်ကြီးဆရာစံအား ဖမ်းဆီးနိုင်ရန် ဆုငွေ ၅၀၀၀ိ/- ပေးမည်ဟု ၁၉၃၁ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာခဲ့လေသည်။ ထိုမှတဖန် ငါးမည်ရ ဆရာစံ ဆုငွေ ၅၀၀၀ိ မှ ၁၀၀၀၀ ကျပ်အထိတိုးပေးမည်ဟု ဧပြီလ ၂၃ ရက်နေ့တွင် ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။

ဆရာစံသည် မူလက ခရိုင်အသီးသီးတွင် တပြိုင်နက်တည်း ထကြွပုန်ကန်ရန် အစီအစဉ်များ ပြုလုပ်ထားသော်လည်း အခြားခရိုင်မှ ပုန်ကန် ထကြွမှု များမရှိသေးဘဲ သာယာဝတီခရိုင်ထဲ၌သာ ပုန်ကန်လျက်ရှိရာ နယ်ချဲ့တပ်များ အလုံးအရင်းနှင့် ဖိ၍တိုက်ခိုက်မှုများကြောင့် ဆရာစံအား အစိုးရတပ်များ က လက်ရဖမ်းဆီးသွားမည်ကို စိုးရိမ်သောကြောင့် ခေတ္တခဏမျှ တနေရာသို့ ရှောင်တိမ်းရန် အကြံပေးကြသည်။

ဤသို့ ဖြင့် ဆရာစံသည် အလံတောင်စခန်းကို ဘားမားရိုင်ဖယ်တပ်များ တက်ရောက်သိမ်းပိုက်သည့်နေ့မှာပင် အလံတောင်စခန်းမှ တိမ်းရှောင်သွား ခဲ့သည်။

၁၉၃၁ခု ဇူလိုင်လတွင် ဆရာစံသည် ရှမ်းပြည်သို့တိမ်းရှောင်၍ ရှမ်းတောင်သူကြီးများနှင့်ဖွဲ့စည်းထားသော ဂဠုန်တပ်များဖြင့် နောင်ချို၊ နောင်ပိန်၊ ရပ်စောက်တို့ရှိ နယ်ချဲ့အစိုးရတပ်များအား ချီတက်တိုက်ခိုက်သည်။

ထို့နောက် ၁၉၃၁ သြဂုတ် ၂ တွင် ဆရာစံအား နောင်ချိုမြို့ မြောက်ဘက် သုံးဆယ်နယ်၊ ကုလားကွဲခရိုင် ဟိုခိုနောင်ကွမ်းရွာအနီးတွင်အင်္ဂလိပ် ပုလိပ် တပ်များက ဖမ်းဆီးရမိခဲ့သည်။ထို့နောက် ဆရာစံအား သာယာဝတီထောင်သို့ပို့ခဲ့သည်။

၁၉၃၁ သြဂုတ် ၁၅ တွင် ဆရာစံအား သာယာဝတီတရားရုံးသို့ ရုံးထုတ်အဆင့်ဆင့်စစ်ဆေး၍ သေဒဏ်အမိန့်ချမှတ်လိုက်သည်။

ထို့နောက် တောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင်ကြီး အာဇာနည် သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံအား သာယာဝတီထောင်တွင် ၁၉၃၁ နိုဝင်ဘာလ ၂၈ ရက် စနေနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကြိုးပေးကွပ်မျက်လိုက်လေသည်။ ကွယ်လွန်ချိန်၌ ဆရာစံသည် အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်သည်။

ဆရာစံအား ကြိုးစင်တင်၍သတ်စဉ်က သာယာဝတီထောင်မှူးကလေးအဖြစ်ဆောင်ရွက်ခဲ့သည့် အငြိမ်းစားထောင်ပိုင်ဝန် ဦးစိန်က သူ၏ မျက်မြင်ကိုယ်တွေ့အဖြစ်အပျက်ကို ဤသို့ ပြန်လည်ပြောပြလေသည်။

“မနက်ဖြန်ကြိုးပေးတော့မယ်ဆိုတော့ အခုလိုညမှာ ဆရာစံကို ကျနော်တို့ ကြိုးစင်အနီးမှာရှိတဲ့ ကြိုးတိုက် (ယခုသီးခြားတိုက်) ကို ပြောင်း ထားလိုက် ပါတယ်။ အဲဒီညမှာ ဆရာစံဟာ ကောင်းကောင်းအိပ်ပါတယ်။ ဆရာစံအရင် သူပုန်အမှုနဲ့ ကြိုးပေးတဲ့လူပေါင်းဟာ သာယာဝတီ ထောင်ထဲမှာ ၁၀၀ အတွင်းမှာရှိပါတယ်။ တရာခံကြိုးပေးတော့ ကျနော်အနားမှာ ရှိပါတယ်။ ကျနော်နဲ့ဆိုရင် နှစ်တောင်လောက်ပဲဝေးပါ တယ်။”

-ဆရာစံကြိုးပေးတဲ့နေရာကတော့ အခုလက်ရှိသာယာဝတီထောင်က ကြိုးစင်အဟောင်းပါပဲ။ အခုထက်ထိ ရှိပါသေးတယ်။ ပြောင်းလဲ မှုမရှိပါဘူး။ ကြိုးသမားတက်လိုက်လို့ရှိရင် နှစ်စင်ရှိတဲ့အနက် ဝဲဘက်ကစင်ဖြစ်ပါတယ်။ ရက်တော့ ကောင်းကောင်း မမှတ်မိပါဘူး။ အချိန်တော့ နံနက် ၅နာရီ ၄၅မိနစ်လောက် ရှိပါလိမ့်မယ်။

-အကျဉ်းသားနှစ်ယောက် ကြိုးတိုက်က ဆရာစံကို ထုတ်ရပါတယ်။ တစ်ယောက်က ကြိုးတုတ်အင်္ကျီခေါ်တဲ့ တိုက်ထုတ်အင်္ကျီကို ဝတ်ပေးပြီးတော့ လက်ထပ်ကို နောက်ပြန်ခတ်ပြီး တံတောင်ဆစ်ကွေးကနေပြီးတော့ နောက်ပြန်ကြိုးချည်လိုက်ပါတယ်။

– ကြိုးစင်တက်တယ် ဆိုတာကတော့ လှေကား လည်း မဟုတ်ပါဘူး။ ကုန်းမြင့်ကလေးကို တက်သွားတာပါပဲ။ ဆရာစံက ဘာစပြောသလဲဆိုတော့ “အမျိုးဘာသာ၊ သာသနာ၊ ပညာကြီးပွားရာ ကြီးပွားကြောင်းဆောင်ရွက်လို့ အခုလိုကြုံတွေ့ရတာပဲ၊ သုခ လို့မှတ်ပါတယ်။

”ဖယ်ပေးကြ၊ ငါ့ဟာငါတက်မယ်” ဆိုပြီး အနားမှာတွဲထားတဲ့အကျဉ်းသား နှစ်ယောက်ကို ဖယ်လိုက်ပြီး တွန်းပစ်လိုက်ပါတယ်။ ပြီးတော့ သူ့ဟာသူ တက်သွားပါတယ်။

ဒါပေမယ့် အကျဉ်းသားနှစ်ယောက်ကတော့ အနား က ဖေးဖေးမမခေါ်သွားတာပဲ။ ခေါ်သွားတဲ့အခါကျတော့ ကြိုးစင်ပေါ် လည်းရောက်ရော အနားမှာရှိတဲ့ဧည့်သည်တွေကို နှုတ်ဆက်သွားတယ်။ သွားပြီ” တဲ့။ ပြီးတော့

(“ဖြစ်လေရာဘဝမှာ အင်္ဂလိပ်ကို အနိုင်ရတဲ့ကိုယ်ဖြစ်ပါစေ” )

လို့ဆိုပြီး ဆုတောင်းသွားပါတယ်ဗျာ။ ဆရာစံဆုတောင်းလည်းပြီးရော မျက်နှာဖုံးလို့ခေါ်တဲ့ ခေါင်းစွပ်အိတ်ကြီးစွပ်ပေးပြီး လည်ပင်းကြိုးတပ် ဒေါက်ဖြုတ်ချလိုက်ပါတယ်၏” ဟု ကြေကွဲစွာ ပြောပြလေသည်။

ဆရာစံအလောင်းကို သာယာဝတီထောင်အနီးရှိ သာယာဝတီသုဿန်၌ပင် မြေမြှုပ်သင်္ဂြိုလ်ထားရှိလေသည်။

ဆရာစံကွယ်လွန်သော်လည်း အခြားဂဠုန်တပ်သားများ၏ တော်လှန်ပုန်ကန်မှုတို့မှာမရပ်သေးဘဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ နယ်ချဲ့ တပ်များ၏ အပြင်းအထန်နှိမ်နင်းမှုများကြောင့် သေကြေထိခိုက်ဒဏ်ရာရသူများမှာလည်း မနည်းလှပေ။

မည်သို့ဖြစ်စေ…….

သူ့ကျွန်ဘဝလွတ်မြောက်ရေးအတွက် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ဆရာစံနှင့်ရှေးမြန်မာတောင်သူလယ်သမားကြီးများအရေးတော်ပုံ ခေါင်းဆောင်ကြီး များ၏ ဆောင်ရွက်ခဲ့မှုများသည် ထာဝရကမ္ဗည်းတင်လျက်ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။

Crd, သန်းဝင်းလှိုင်(မိုးမခ)