ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ ဇွန်လထဲတုန်းက စာကြည့်တိုက်ပညာ ဒီပလိုမာကိစ္စကြောင့် မမျှော်လင့်ဘဲ အမိတက္ကသိုလ်ကြီးထဲကို ရောက်ဖြစ် သြားခဲ့ပါ တယ်။ အဓိပတိလမ်းမဂိတ်ဆီကနေ ၀င်လိုက်တော့ ကျွန်တော်ဘူမိဗေဒ အဓိက ကျောင်းသားအဖြစ် ၁၉၈၀ လွန်ကာလဆီမှာတုန်းက တက်ခဲ့တဲ့ မန္တလေးဆောင်ကြီးက ခပ်တည်တည်ကြီး ဖြစ်နေတယ် ထင်ရတယ်။
တောင်ငူဆောင်ဘက်ဆီ ဆက်လျှောက်တော့ ကင်တင်းစားသောက်ဆိုင်တန်းရှည်နဲ့ တိုးတယ်။ (ကျွန်တော်တို့တုန်းက ဒီဆိုင်တန်းရှည်တွေ မရှိသေးဘူး။ ဒီနေရာက စိန်ပန်းပင်တွေရှိတဲ့ မြက်တောကြီးပါ) အတူပါလာတဲ့ တပည့်ဖြစ်သူ စာနယ်ဇင်းသတင်းထောက်မလေးက သူ ဒီပလိုမာ သင်တန်းတွေ တက်ခဲ့စဉ် ဖောက်သည်ဖြစ်နေတဲ့ အခုနေရာသစ် ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ၀င်နားကြတယ်။
ကျွန်တော့်ရင်ထဲမှာတော့ ဟိုစဉ်က ဦးချစ်ဆိုင်ကို ပြန်သတိရဖြစ်ရင်း မေရာက္တာ နှစ်များစွာရှိတဲ့ ကံ့ကော်တောရှုခင်း ပုံရိပ်တွေကို သတိပြုမိနေစဉ် တစ်ဖက်၀ိုင်းမှာ ဟိုစဉ်က အနုပညာအသင်းမှာ အတူလှုပ်ရှားခဲ့ဖူးပြီး၊ သူမတို့က အတန်းငယ်တွေဖြစ်သော်လည်း အထူးခင်မင်ခဲ့ဖူးတဲ့ မထိပ်တင်ဟန်ကို ကထိကဆရာမတစ်ဦးအဖြစ်နဲ့ ပြန်လည်တွေ့ဆုံ စကားပြောဖြစ်တော့ သူမက ပါရဂူတန်းကို နောက်ဆုံးအဆင့် တက်နေကြောင်းသိရတယ်။
မြန်မာစာမှာ ပထမဆုံးပါရဂူဘွဲ့ရတဲ့ ဒေါက်တာအောင်မြင့်ဦးက ကျွန်တော် ပထမနှစ်ဖရက်ရှာတုန်းက မဂ္ဂဇင်း ကော်မတီမှာ ကျောင်းသားအမှုဆောင်တွေအဖြစ် အတူတူ လုပ်ခဲ့ကြတာပေါ့။ ခေတ်တွေပြောင်း၊ စနစ်တွေ ပြောင်းလာတဲ့အလျှောက် ကံ့ကော်မြေမှာလည်း ပြောင်းလဲခြင်းတရားများစွာတွေ သတိပြုမိရပါတယ်။
မထိပ်တန်ဟင်က ဟိုစဉ်တုန်းက အနုပညာအသင်းမှာ ကျောင်းသူကျောင်းသားဘ၀ ကခဲ့ခုန်ခဲ့တာတွေ ပြန်ပြောပြတယ်။ ၁၉၈၃ တုန်းက ၀ိဇ္ဇာခန်းမမှာ မြန်မာစာအသင်းနှစ်ပတ်လည် မိတ်ဆုံစားပွဲအဖြစ် အငြိမ့်ကခဲ့ကြစဉ်က မထိပ်တင်ဟန်နဲ့ မသီတာကြွယ် (ပဲခူး) တို့က အငြိမ့်မင်းသမီးတွေဖြစ်ကြပြီး စုတ်ချွန်း၊ ကြွက်ပြုံး၊ ပိန်ပိန်၊ ပေါ်ပေါ်၊ အရိုင်း၊ ကင်းကောင်တို့က ကျောင်းသားလူရွှင်တော်တွေပေါ့။
ချစ်တယ်
မြန်မာစာဆိုတာက တောင်ငူဆောင်က မိခင်ဂေဟာကြီးပေါ့။ အဲသည်ကာလကလည်း စာပေကိစ္စ၊ အနုပညာကိစ္စတွေရှိရင် တောအုပ် လေးထဲက ဦးချစ်ဆိုင်မှာပဲ တွေ့ကြ၊ ဆုံကြ၊ ပြောကြ၊ ဆိုကြ၊ ငြင်းကြ၊ ခုံကြပေါ့။ အဲသည်တုန်းက ဦးချစ်ဆိုင်ဆိုတာက မူလဦးချစ်ဆိုင်ဖြစ်တဲ့ ရာမညဆောင်ရဲ့ မြောက်စူးစူး ရန်ကုန်တက္ကသိုလ်ရဲ့ ခြံစည်းရိုးထောင့်က တစ်ထပ်တိုက်ပြားကလေးဖြစ်ပါတယ်။
တောင်ပိန္နဲပင်တွေ အုံ့ဆိုင်းနေတဲ့ တောအုပ်ကလေးထဲက ဦးချစ်ဆိုင်ဆီကို တောင်ငူဆောင်ဆီက ဖြတ်လမ်းအတိုင်း လျှောက်သွားသူတိုင်း သတိပြုရတာကတော့ သစ်တိုပင်ကြီးတွေဆီက ကြွေကျလာတဲ့ သစ်တိုသီး ညိုတိုတိုတွေဟာ ပင်မြင့်ဆီမှာ အမှည့်မြန်သလို၊ လေအဝှေ့မှာလည်း အကြွေမြန်တာမို့ သစ်တိုသီးတွေကို ရှောင်လင်သိုင်းကွက်ပမာ ကျောင်းသား ကျောင်းသူတွေသာမက ဆရာ၊ ဆရာမေတြပါ ရှောင်ရှားရတာ ချစ်စရာ ဓလေ့ကလေးတစ်ခုရယ်လို့ အားလုံးက မှတ်ယူထားခဲ့ကြလေရဲ့။
အမှန်ဆိုရရင် စာနယ်ဇင်းဘ၀ ရပ်တည်မှုနဲ့ များမြောင်လှတဲ့ ကိစ္စတွေကြောင့် ကံ့ကော်မြေကို နှစ်များစွာ မရောက်ဖြစ်ခဲ့ပါဘူး။ ခုတော့ အကြောင်းတိုက်ဆိုင်မှုတစ်ခုကြောင့် ကျောင်းထဲကို ရောက်ဖြစ်ပြီး ဦးချစ်ဆိုင် (နေရာသစ်)ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖြစ်ရလို့ အတိတ္ကာလ ကိုယ်တို့ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေကို ပြန်လည်သတိရဖြစ်မိရတာပေါ့လေ။
ကျွန်တော်က ကျောင်းဆွေးဆွေး၊ လူဆွေးဆွေး၊ အဲဒီခေတ်ဆီက တက္ကသိုလ်ကောလိပ်မှာ နေခဲ့သူပါ။ ဘူမိဗေဒ အဓိက ကျောင်းသားဖြစ်ပြီး တက္ကသိုလ်သက်ကတော့ (၁၉၇၇) ခုနှစ်မှသည် (၁၉၈၆) ခုနှစ်ထိပေါ့။ ကျောင်းပြီးသွားတာတောင် ကျောင်းသံယောဇဉ်တွေနဲ့ တက္ကသိုလ်နယ်မြေမှာ တ၀ဲလည်လည်ရှိခဲ့ပါတယ်။ ကျွန်တော် အဓိပတိကိုလည်း ချစ်တယ်။
ဘွဲ့နှင်းသဘင်ကြီးကိုလည်း ချစ်တယ်။ သစ်ပုပ်ပင်ကြီးကိုလည်း ချစ်တယ်။ အပန်းဖြေရိပ်သာကိုလည်း ချစ်တယ်။ ပြီးတော့ ဦးချစ်ဆိုင်ကိုလည်း ချစ်တယ်။ နောက် အင်းလျားကန်စပ်ဆီက ပုဏ္႑ရိတ်ချုံလေးတစ်စုကိုလည်း ချစ်တယ်။ ပြီးတော့.. သစ်တိုပင်ဖြတ်လမ်းကလေးကိုလည်း ချစ်တယ်။
လက်ဖက်ရည်ဆိုင်ဆိုတာ ၀စနာလင်္ကာရဆရာတွေ ဆုံလေ့ရှိတဲ့ ခေါမပြည်ရဲ့ အေသင်မြို့လမ်းထောင့် လို့ ဆရာငြိမ်းကျော်က ကျွန်တော့် ကို ပမာပြု ပြောပြခဲ့ဖူးပါတယ်။
ဦးချစ်ဆိုင်မှာ ဆရာသမားတွေဖြစ်တဲ့ ဆရာဦးမြင့်ကြည်၊ ဦးဖိုးကျော်မြင့်၊ တက္ကသိုလ်မင်းမော်၊ ဆရာဦးအောင်သင်း၊ တက္ကသိုလ်၀င်းမွန်၊ ဆရာမောင်ခင်မင် (ဓနုဖြူ)၊ ဆရာဇော်ဇော်အောင်တို့လည်း သမားချင်းချင်း သတင်းလွေ့လွေ့ ရှိခဲ့ဖူးကြပါတယ်။
မောင်ဆွေတင့်၊ မောင်ဟုန်၀မ်၊ မောင်၀ဏ္ဏ၊ ကိုတင်၀င်းလှိုင်၊ ကိုအောင်စိုး(ဦး)၊ ကိုကီ၀ီတို့လည်း ရသများစွာကို အလင်္ကာပြုခဲ့ကြဖူးပါတယ်။ကိုငြိမ်းကျော်၊ ကိုအောင်ပြည့်၊ ကိုမြတ်သစ်၊ ကိုမြင့်စိုးလှိုင်တို့လည်း ေ၀ဖန်စာပေ အကြောင်းတွေ ပဲ့တင်ထပ်ခဲ့ကြဖူးပါတယ်။ကိုငွေစိုး၊ ကိုဖေမြင့်၊ ကိုကျော်ဇေယျတို့လည်း မှုခင်းနဲ့ဆေးပညာ အကြောင်းတွေ ရိုးမယ်ဖွဲ့ဖူးကြမှာပါ။
ကိုမင်းလူ၊ မောင်သာချို၊ ဇောင်းထက်၊ နေစိမ့်၊ မျိုးမြတ်သူ၊ နန္ဒာမိုးကြယ်၊ အောင်ဆင့်၊ မင်းသိုက်မွန်၊ ချစ်၀င်းမောင်၊ ဇေယျာလင်းတို့ကလည်း ကဗျာလေးတွေ ရွတ်ဖူးခဲ့ကြမှာပါ။စိုင်းထီးဆိုင်၊ နွဲ့ယဉ်၀င်း၊ တူးတူး၊ ခိုင်ထူး၊ ကိုင်ဇာ၊ မေခလာ၊ မေဆွိ၊ အောင်နိုင်၊ စိမ်းမို့မို့၊ ထွန်းအိန္ဒြာဗိုတို့လည်း တေးချင်းကျူးလို့ ဘ၀င်မူးခဲ့ကြဖူးမှာပါ။
အကယ်ဒမီစန္ဒာ၊ စင်ရော်မောင်မောင်၊ မောင်မြတ်ဆွေ၊ စန္ဒာလင်း၊ ဘိုမြင့်ရှိန်၊ ခိုင်ခင်ဦး၊ သျှန်ထွဏ်း၊ သီတာ၀င်း၊ တင့်တင့်ထွန်း၊ ချစ်ချစ်ဇော်၊ စုတ်ချွန်း၊ ကြွက်ပြုံး၊ တက္တူ၊ ပိန်ပိန်၊ ညောင်ညောင်၊ မောင်မေတ္တာ၊ အရိုင်း၊ ဖိုးဖြူ၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာ၊ ကိုထူးသာ၊ ကို၀င်းနိုင် (နဂါးလေး)၊ ကိုချစ်စရာနဲ့ တက္ကသိုလ်ဂွမ်းပုံတို့တောင် ပြက်လုံးတွေ ဖောင်ခဲ့ကြဖူးပါတယ်။
ကျွန်တော်ဟာ တက္ကသိုလ်သက် ရှည်လျားခဲ့တဲ့အလျောက် အနုပညာအသင်းက အပေါင်းအသင်းတွေ၊ တက္ကသိုလ်မဂ္ဂဇင်း ကော်မတီက လုပ်ဖော်ကိုင်ဖက်တွေ၊ ဘူမိဗေဒအဓိကရဲ့ သူငယ်ချင်းတွေနဲ့ ဦးချစ်ဆိုင်မှာ နှစ်ရှည်လများ ကျောက်ချဖူးခဲ့ပါတယ်။ ကျွန်တော်တို့ ဆိုးသမျှ၊ နွဲ့သမျှကို ဦးချစ်မိသားစုက ဆွေမျိုးသားချင်းလို သဘောထားခဲ့ကြပါတယ်။ တစ်ချိန်သော ကာလက ဦးချစ် (လက်ဖက်ရည်) မူလဘူတ အော်ရီဂျင်နယ်ဆိုင်ကလေးနဲ့၊ ဒီဆိုင်ကလေးရှိရာ တောအုပ်မြိုင်ကလေးကို ကြံဖူးသူတိုင်း အခုလို အကြောင်းတိုက်ဆိုင်လာရင် ပြန်ပြီး လွမ်းဖြစ်ကြမှာပဲလေ။
ကျွန်တော်တို့က ကျွန်တော်တို့ခေတ်ရဲ့ ချိုးကပ်ကျောင်းသားကြီးတွေမို့ ဦးချစ်ဆိုင်မှာ ကိုယ့်အိမ်ကိုယ့်ရာလို နေခဲ့ကြတာပါ။ ကျွန်တော်တက်ခဲ့တဲ့ မန္တလေးဆောင်၊ ကျွန်တော် ကွန်းခိုဖူးခဲ့တဲ့ ဒဂုံဆောင်တို့ဆိုတာ ဦးချစ်ဆိုင်နဲ့ တစ်ခေါ်လောက်သာ လှမ်းပါတယ်။ နေ့လည်းဦးချစ်၊ ညလည်းဦးချစ်မို့ တစ်ခါတစ်ခါ ရေနွေးကြမ်းအိုးကလေးတွေဟာ သောက်တော်ဘူး တွေဖြစ်ဖြစ် သွားခဲ့တာ ခုချိန်မှာတော့ ၀န်ခံဝံ့ပါပြီလေ။
တက္ကသိုလ်ကောလိပ်မဂ္ဂဇင်းတွေနဲ့ သတင်းစာစောင်တွေ၊ နံရံကပ်စာစောင်တွေစတဲ့ တက္ကသိုလ် စာနယ်ဇင်း အတွေ့အကြုံ (၁၀)နှစ်ခန့်ရှိခဲ့ပြီးနောက် ပြန်ကြားရေးဌာနမှာ ၀န်ထမ်းအယ်ဒီတာ မဖြစ်မီစပ်ကြား ၁၉၈၆-၈၇ ခုနှစ်က ပန်းတက္ကသိုလ်ဆိုတဲ့ မဂ္ဂဇင်းမှာ ကျွန်တော် တာ၀န္ခံအယ္ဒီတာ စလုပ်ပါတယ်။
ပန်းတက္ကသိုလ် မဂ္ဂဇင်းဟာ စကားလုံးအရင်းအမြစ် အဓိပ္ပာယ်အတိုင်း တက္ကသိုလ်ကောလိပ် ပေါင်းစုံရဲ့ စာပေ၊ အနုပညာ၊ အားကစား၊ လူမှုရေးရာ အဖြာဖြာတို့ကို ထင်ဟပ်တင်ဆက်ခဲ့တဲ့ မဂ္ဂဇင်းပါ။ အမှုဆောင် အယ္ဒီတာက တက္ကသိုလ်ဇော်ထူးဦး၊ အဖွဲ့၀င်အယ်ဒီတာက မောင်တင်ဝေ (ဓာတုဗေဒ) တို့ ဖြစ်ပါတယ်။
အုပ်ချုပ်မှုအယ်ဒီတာကတော့ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန၊ ကထိက ဆရာဦးထွန်းကြည် (ကွယ်လွန်) တို့ ဖြစ်ပါတယ်။ပန်းတက္ကသိုလ်ဟာ ရန်ကုန်မှာရှိတဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ)၊ လှိုင်နယ်မြေ၊ ဗိုလ်တထောင်နယ်မြေ၊ ကြည့်မြင်တိုင်နယ်မြေ၊ စီးပွားရေးတက္ကသိုလ်၊ စက်မှုလက်မှုတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁)၊ (၂)၊ လုပ်သားကောလိပ် အစရွိတဲ့ တက္ကသီလာ ညီအစ်ကိုမောင်နှမများရဲ့ အလှကြေးမုံတစ်ခုလို့ ဆိုရပါမယ်။
ဦးလေးချစ်ကို_ဗျူးဖြစ်ခြင်း
ဒီမဂ္ဂဇင်းမျာ တက္ကသိုလ်စုံရဲ့ အခန်းကဏ္႑စုံအောင် တင်ဆက်ကြရတာမို့ ထူးသစ်ပြီး တက္ကသိုလ်ပရိသတ်တွေ စိတ်၀င်စားစေမယ့်၊ တက္ကသိုလ်ဘ၀ကိုလည်း ထင်ဟပ်စေတဲ့ ၀တ္ထုတို၊ ကဗျာ၊ ဆောင်းပါး၊ သတင်း၊ ပန်းချီ၊ ဓာတ်ပုံတို့ကို တင်ဆက်ကြတဲ့အခါ (၁၉၈၇) ပြင်ပလောကရဲ့ စာနယ်ဇင်းတွေမှာ တွေ့ဆုံခြင်းအခန်း၊ အင်တာဗျူးတဲ့အခန်းတွေက မဂ္ဂဇင်းကြီးတွေမှာ စတင်ခေတ်စားစပြုတဲ့ ကာလဖြစ်တော့ အပြိုင်ဗျူးတွေ တွေ့နေရပါတယ်။
ဒီအခါမှာ ကျွန်တော်တို့ ဦးချစ်ဆိုင်မှာပဲ ပန်းတက္ကသိုလ်မဂ္ဂဇင်းရဲ့ တိုက်ထိုင်အလုပ်တွေကို စားပွဲတစ်၀ိုင်း အပိုင်ယူထားပြီး အဖိုးအခေပးစရာ မလိုဘဲ မဂ္ဂဇင်းတိုက် လုပ်ခဲ့ပါတယ်။ စာမူရွေးတာ၊ သတ်ပုံစစ်တာ၊ ဒီဇိုင်းအပ်တာ၊ ဒမ္မီခ်တာ၊ ပရုဖတ္တာ စသဖြင့်ပေါ့။ ပါ၀င်သူတွေက မျက်နှာဖုံးက တင့်တင့်ထွန်း (မင်းသမီး မဖြစ်သေး) ကို လက်ချာဖိုင်နဲ့ ဒေါက်ဖိနပ်ကို ကိုင်ခိုင်းပြီး အင်းလျားကန်စပ်မှာ လျှောက်ခိုင်းတဲ့ပုံလေ။
အထဲမှာကေတာ့ ငြိမ်းကျော်၊ မင်းလူ၊ နွမ်ဂျာသိုင်း၊ စောမဉ္ဇူ (ဖျာပုံ)၊ တက္ကသိုလ်လဲ့လဲ့၊ မေခလာ၊ အောင်ထွန်းလေး၊ ဟေမာနေ၀င်း၊ တက္ကသိုလ်နှင်းေ၀နဲ့ ဆရာ၊ ဆရာမ၊ ကျောင်းသူကျောင်းသားတွေရဲ့ လက်ရာတွေဖြစ်ပြီး အင်တာဗျူးကဏ္ဍအတွက် ဦးနှောက်စားခဲ့ကြပါတယ်။
ဖောင်ပိတ်ရက်ကလည်း နီးနေပြီ၊ ဒီကြားထဲ အဘဦးချစ်က ကျန်းမာရေး မကောင်းတဲ့ကိစ္စတွေ နေ့စဉ်သိနေရတော့ အေ၀းဆုံးကို ရှာနေတဲ့ ဗျူးအိုင်ဒီယာဟာ နောက်ဆုံး ရွှေဉာဏ်တော်တွေ စူးရှကြပြီး အနီးဆုံးမှာ ရွိတဲ့ အဘချစ်ကို ဗျူးကြဖို့ စိတ်ကူးရကြတော့တာပါပဲ။ အကြောင်းသိဖြစ်တဲ့ အရင်းနှီးဆုံး ကိုမြင့်ဦးမြင့်မြင့်၊ ဆရာစိန်ခင်မောင်ရီ၊ မဟေသီဦးခင်မောင်မြင့်၊ ရာမ (ပန်းရည်ဘဏ်တိုက်) တို့က အထူးထောက်ခံကြတယ်။ မြန်မာစာဌာနက ဆရာကြီးဦးစံတင်၊ ဦးအောင်ဇော်၊ ဦးမျိုးသန့်၊ ဦးလူမောင်တို့ကလည်း အားပေးကြတယ်။
ရင်ထဲက_လှည်းတန်း
အဲဒီကာလဖြစ်တဲ့ (၁၉၈၆-၈၇) လောက်တုန်းက ကျောင်းထဲက တောင်ပိန္နဲတောလေးမှာ ဦးချစ်(လက်ဖက်ရည်) ဆိုင်ဆိုပြီးဖွင့်သလို၊ လှည်းတန်းလမ်းမကြီးဘေး၊ လှည်းတန်းလမ်းဆုံအနီးမှာ စေတနာရှင်လက်ဖက်ရည်ဆိုင် ဆိုပြီး အဘဦးချစ်တို့ရဲ့ အိမ်အောက်ထပ်မှာ ဖွင့်ထားတယ်။ (ဆိုင်နှစ်ဆိုင်) အပေါ်ထပ်မှာ အဘချစ်တို့ မိသားစုတွေ နေကြတယ်။
အဲဒီကာလ စေတနာရှင်ဆိုင်ရဲ့ တည်နေရာဟာ ၀င်းဆံသ၊ ရှမ်းတောင်တန်း၊ အိမကျောက်ကျော၊ အလိမ္မာစာပေ၊ ရွှေဝါဖူးဓာတ်ပုံတိုက်၊ ဗဟိုစည် ထမင်းဆိုင်၊ ကိုယုန်ခေါက်ဆွဲ၊ ရတနာထွန်း စတိုးဆိုင်၊ ဖြိုးေ၀လက်ဖက်ရည်ဆိုင်တွေရဲ့ အလယ်မှာပေါ့။ ခုများတော့ ဒီမြင်ကွင်းတွေဟာ အတိတ်ပုံရိပ်ဟောင်းတွေ ဖြစ်ခဲ့ပြီပေါ့လေ။
တကယ်တော့ ကျွန်တော်တို့ ပထမနှစ် မောင်သစ်လွင်ဘ၀က တည်းက အဘဦးချစ်ဟာ ဆီးချိုရောဂါနဲ့ တရှောင်ရှောင် ဖြစ်နေတာပါ။ အဲဒီကာလက ရန်ကုန်တက္ကသိုလ်၏ သက်ကြားအို အဘသုံးဦးဆိုပြီး ဓာတ်ပုံကို ကျွန်တော် တွေ့ခဲ့ရဖူးတယ်။ အဲဒီသုံးဦးကတော့ ဆရာကြီးဦးဖေမောင်တင်ရယ်၊ အဘဦးကံသိန်းရယ်၊ အဘဦးချစ်ရယ်ပဲ ဖြစ်ပါတယ်။ စာစောင်တစ်ခုထဲမှာ မှတ်မှတ်ရရ မြင်ဖူးတာပါ။ တက္ကသိုလ်ရွှေရတု၊ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် ထုတ်ခဲ့တဲ့ စာအုပ်တစ်အုပ်မှာ ဖြစ်နိုင်ကောင်းပါတယ်။
ဒီလိုနဲ့ပဲ ဦးချစ် (လက်ဖက်ရည်) အင်တာဗျူးရနိုင်ဖို့ အဘချစ်ရဲ့ ဇနီးဖြစ်သူ အဒေါ်အုန်းကြီးကို အပူကပ်ရတယ်။ အဖျော်ဆရာဦးချစ်ရဲ့ သားအငယ်လေးကိုလည်း နားပူနားဆာ လုပ်ကြတယ်။ ဒီလိုနဲပဲ အဘချစ်ကို နေမိုးသာယာပြီး ခြေခင်းလက်ခင်းဆန့်ပျော်စေတဲ့ တနင်္ဂနွေနေ့လယ်ခင်းတစ်ခုမှာ ကျွန်တော်ရယ်၊ တက္ကသိုလ်ဇော်ထူးရယ်၊ ဓာတ်ပုံမောင်တင်ဝေ (ဓာတုဗေဒ) ရယ်၊ လှည်းတန်းက စေတနာရှင်ဆိုင်ရဲ့ အပေါ်ထပ် အဘချစ်နေအိမ်ရဲ့ ဧည့်ခန်းမှာ အဘချစ်နဲ့ ဇနီးဖြစ်သူ ဒေါ်အုန်းတို့ကို တွေ့ဆုံပြီး ကျောင်းသားတွေလို နွဲ့ဆိုးမဆိုးကြဘဲ စာနယ်ဇင်းသမားကြီးတွေလို ဣနြေ္ဒသံပတ္တလားတွေနဲ့ မေးဖြေ အင်တာဗျူးတစ်ခုကို ရွားရွားပါးပါး ရခဲ့ကြပါတော့တယ်။
အဲဒီအင်တာဗျူးလေးဟာ အဘချစ်လည်း ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့ပြီမို့ ပြန်မရနိုင်တော့တဲ့ ဘယ်စာနယ်ဇင်းကမှလည်း စိတ်ကူးမပေါက်ခဲ့တဲ့ ဗျူးတစ်ခုအဖြစ် ခုချိန်မှာ.။
ရန်ကုန်တက္ကသိုလ်ကြီးထဲက ဦးချစ်ဆိုင်မှာ ကက်ဆက်သီချင်းသံလေးတွေက အမြဲလွင့်ပျံနေတတ်တယ်။ အဲ့ဒီကာလေတြက ၁၉၈၆/၈၇ ကာလဆိုတော့ ကျောင်းသားပရိသတ်တွေ ကြိုက်တဲ့ ခိုင်ထူး၊ အောင်နိုင်၊ တူးတူး၊ ခင်မောင်ထူး၊ စိုင်းထီးစိုင်၊ လွှမ်းမိုး၊ ကိုင်ဇာ၊ မေခလာ၊ မေဆွိ သီချင်းတွေ ခေတ်စားခဲ့ပါတယ်။ ဆိုင်ထဲက နံရံတွေမှာတော့ စီးရီးကြော်ငြာ၊ ကျူရှင်ကြော်ငြာ၊ ဖယောင်းလက်ရေး ကဗျာစာအုပ် ပိုစတာ၊ ရေကူးသင်တန်း၊ စကားပြောသင်တန်း ပိုစတာတွေ ရှိနေတတ်တယ်။
ဆိုင်ဘေးမြေတလင်းမှာ ခြင်း၀ိုင်းလေးတွေ ခေတ်နေတတ်တယ်။ ဆိုင်ထဲက ရှေးဟောင်းလက်လှည့် မီးခြစ်ကြီးတို့၊ စကားတတ်တဲ့ ကြက်တူရွေးလေးတို့ကို စိတ်၀င်စားကြတယ်။ သစ်ရိပ်အောက် စားပွဲ၀ိုင်းလေးတွေမှာတော့ အုပ်စုလိုက် ကျောင်းသူကျောင်းသားတွေ၊ ချစ်သူစုံတွဲလေးတွေ၊ ဆရာ ဆရာမေတြဟာ ကျောင်းသင်ခန်းစာကိစ္စ၊ ဘ၀ရေးရာ ကိစ္စ၊ စာပေအနုပညာကိစ္စ၊ နှလုံးသားရေးရာ ကိစ္စတွေနဲ့ ရှိတတ်ကြပြီး သဘော ကောင်းတဲ့၊ အလိုက်သိတဲ့ စားပွဲထိုးလေးတွေကလည်း ကျေးဇူ းတင်စရာကောင်းလှပါတယ်။
လက်ဖက်ရည်ဆိုင် အပေါ်ထပ်ကို ရောက်တော့ အဘချစ်ရယ်၊ အဒေါ်အုန်းရယ် ထိုင်လျက်။ သားဖြစ်သူ သမီးဖြစ်သူတွေက ကျွန်တော်တို့ သုံးဦးကို နေရာထိုင်ခင်း ချပေးပါတယ်။ အဘချစ်ကေတာ့ ပက်လက်ကုလားထိုင်ပေါ်မှာ ငြိမ်သက်စွာထိုင်လို့ ဆီးချိုရောဂါဝေဒနာနဲ့ ယခုဗျူးတဲ့ (၁၉၈၆/၈၇) မွာ (၇၃) နှစ် ရှိပြီဖြစ်တဲ့ ဇရာရဲ့ အရိပ်တွေ သန်းလို့ပါ။
တကယ်တော့ ဒီနေ့ဗျူးက ဦးချစ်ကို ဗျူးတာ မှန်ပေမယ့် တကယ်တမ်း ဦးချစ်နဲ့ သူ့လက်ဖက်ရည်ဆိုင်အကြောင်း၊ မိသားစုအကြောင်းတွေကို ဦးဆောင်ပြောသွားတာက ဦးချစ်ဇနီး ဒေါ်ဒေါ်အုန်းကြီးပဲ ဖြစ်ပါတယ်။ ဦးလေးချစ်ကြီးက ေ၀ဒနာတွေကြောင့် စကားမပြောနိုင်ရှာပါဘူး။ ဒါပေမယ့် ထိုင်နေတဲ့ သူ့အမူအရာတွေဟာ စကားတွေလိုပါပဲ။
ကျောင်းသူကျောင်းသား အများစုနဲ့ ဦးချစ်ဆိုင်ရဲ့ သောက်သုံးသူအများစုဟာ ဦးချစ်ဆိုင်မှာ ရင်းနှီးစွာ သောက်သုံးနားနေခဲ့ကြပေမယ့် ဦးချစ်အကြောင်းကို မသိကြသူက များပါတယ်။ အကြောင်းတိုက်ဆိုင်လာရင်တော့ စိတ်၀င်စားကြပါတယ်။ ဒါကြောင့်လည်း ဦးချစ်နဲ့ အင်တာဗျူးကို ကျွန်တော်တို့ ပန်းတက္ကသိုလ် မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က ပရိသတ်တွေအတွက် ဆောင်ရွက်ပေးကြတာပါ။
စိတ်၀င်စားကြမယ်လို့ ယုံကြည်ပါတယ်။ ဒေါ်ဒေါ်အုန်းကြီး ပြောတဲ့ ဦးချစ်အကြောင်းကို နားဆင်ကြပါဦးစို့လားခင်ဗျာ။ ဦးချစ်ကေတာ့ ပက်လက်ကုလားထိုင်မှာထိုင်ရင်း သူ့ဇနီးပြောနေတာကိုသာ ခေါင်းတညိတ်ညိတ်နဲ့ ရှိခဲ့ပါတယ်။ စကားတောင် သိပ်မပြောနိုင်ရှာတော့ပါဘူး။
(ကျွန်တော်တို့ ၁၉၈၆/၈၇ ဆီကို ခဏလောက် သွားကြစို့.)
ဦးချစ်ဇနီးသည် ဒေါ်ဒေါ်အုန်းရဲ့ အပြောများ…
အဘချစ်နဲ့ ပတ်သက်ပြီး ဦးချစ်(လက်ဖက်ရည်)ဆိုင်နဲ့ အဒေါ်တို့ရဲ့ တက္ကသိုလ်ကြီးနဲ့စပြီး ပတ်သက်ခဲ့ပုံတွေ ပြောပြပေးပါခင်ဗျာ။
ဒေါ်အုန်း။ ။ အဒေါ်တို့က မန္တလေးမျာ ဟိုယခင်တုန်းက အညာထည်တွေ လက်ကားရောင်းတယ်၊ ကိုချစ်က ရွှေဘိုဇာတိ။ အညာထည်တွေကို ဈေးချိုတို့၊ မဟာမြတ်မုနိဘုရားဈေးတို့၊ ရန်အောင်ဈေးတို့မှာ ရောင်းရင်း၊ အမေနဲ့ အိမ်ထောင်ကျတာပေါ့။ အဲ့ဒီတုန်းက ကိုချစ်က(၃၆) နှစ်၊ အေမက (၁၆) နှစ်၊ မန္တလေးမှာပေါ့။ အညာထည်တွေကို ရောင်းကောင်းနေတုန်း အစိုးရ ချည်မျှင်နဲ့ အထည်စက်ကြီး ဆောက်လုပ်ပြီးတာနဲ့ အညာထည်တွေ ရောင်းကောင်းမှာ မဟုတ်ဘူးထင်ပြီး အလုပ်အကိုင် ပြောင်းလုပ်ဖို့ ကြိုးစားတယ်။
မီးပန်းနဲ့ထမင်း
ဦးချစ်။ (ကျွန်တော်တို့ကို ကြည့်ပြီး ခေါင်းညိတ်နေပါတယ်။)
ဒေါ်အုန်း။ ။ အဒေါ့်ကိုတော့ မန္တလေးမှာထားပြီး ကိုချစ်က ရန်ကုန်သွားတော့ အဲဒီမွာ ဟင်္သာတသား ဦးဘရှင်နဲ့ တွေ့တယ်။ သူက မီးပန်းလုပ်ငန်းလုပ်ဖို့ တိုက်တွန်းတယ်။ မီးပန်းဆိုတာက သီတင်းကျွတ် တန်ဆောင်မုန်းပွဲတော်ကာလမှာ ကလေးတွေ ကစားလေ့ရှိကြတာလေ။ ဒီလိုနဲ့ အဲဒီလုပ်ငန်းလုပ်တော့ အဒေါ်လည်း ရန်ကုန်လိုက်လာရပြီး၊ ၁၉၅၀ လို့ထင်တယ်။
စမ်းချောင်း မကြီးကြီးလမ်းထိပ်မှာ မီးပန်းအလုပ်ရုံ ဖွင့်ဖြစ်တယ်။ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် လူလိမ်ခံရပြီး အတော်ဆုံးရံှုးခဲ့ရတယ်။ ဒီလိုဖြစ်တာကြောင့် အဒေါ့်အမေက မန္တလေးကို ပြန်တက်ဖို့ ပြောတယ်။ ကိုချစ်က အထည်သည်ချင်း ပြိုင်မတိုက်နိုင်ရင် မလိုက်ချင်ဘူး လို့ပြောတယ်။ ရန်ကုန်မှာ တခြားစီးပွား ရှာစားမယ်ပေါ့။
အဲဒီတော့ လက်ဖက်ရည်ဆိုင် စဖွင့်ဖြစ်သွားတာလား ခင်ဗျာ။
ဦးချစ်။ ။ မဟုတ်သေးဘူး (အဘချစ်က စကားကို တစ်ခွန်းချင်း အားယူပြောနေတာ ကို တွေ့ရတော့ အားနာမိတယ်)
ဒေါ်အုန်း။ ။ ဒီလိုနဲ့ နေလာလိုက်ကြတာ တစ်နေ့ မကြီးကြီးလမ်းထိပ်မှာ ဦးလေးဦးညွှန့်ဖေကြီးနဲ့ သွားတွေ့ပါရော။ ဦးညွှန့်ဖေက ကိုချစ်နဲ့ သူငယ်ချင်း။ မန္တလေးမှာ အထည်ရောင်းဖော်ရောင်းဖက်လေ။ ချစ်ဒုက္ခဦးဘညွှန့် (တက္ကသိုလ်ပါမောက္ခ)ရဲ့ ယောက်ဖပေါ့။ တက္ကသိုလ်နယ်မြေထဲက ဦးဘညွှန့်အိမ်မှာ သူက နေတယ်။
သူက ကိုချစ် ..ခင်ဗျား မန္တလေး မပြန်တော့ဘူးဆိုရင်၊ ကျုပ်တို့ နေတဲ့ တက္ကသိုလ်နားမှာ ထမင်းလာရောင်းပါလား။ ကျောင်းလဲ ပိတ်တော့မယ်။ ကျောင်းပိတ်ရက်တွေမှာ အရမ်းရောင်းကောင်းတာဗျ လို့ တိုက်တွန်းတော့ ကိုချစ် အရမ်းစိတ်၀င်စားသွားတယ်။ မကြာပါဘူး။ တက္ကသိုလ်ရှေ့မှာ ထမင်းဆိုင် စရောင်းတော့တာပါပဲ။
ရောင်းတော့ တက္ကသိုလ်ထဲက ဘယ်နေရာမှာလဲခင်ဗျ။ (၁၉၇၆/၇၇) ခုလက်ဖက်ရည်ရောင်းတဲ့ တစ်ထပ်တိုက်လေးမှာပဲလား။
ဒေါ်အုန်း။ ။ စရောင်းတော့ ၁၉၅၉ ခုနှစ်ပေါ့။ တက္ကသိုလ်ဓမ္မာရုံရဲ့ ရှေ့မျက်နှာစာလမ်းမကြီးဘေးမှာ တဲတန်းတွေ ရှိတယ်။ ထမင်းဆိုင်၊ အကြော်ဆိုင်၊ မုန့်ဟင်းခါးဆိုင်တွေပေါ့။ ဆိုင်တစ်ဆိုင်ကို တစ်နှစ် (၈၀၀) ကျပ်ပေးရတယ်။ ထမင်းစရောင်းမယ်ဆိုတော့ ဦးညွှန့်ဖေကိုယ်တိုင် အင်္ဂလန်လုပ် ပန်းကန်ခွက်ယောက်တွေ လိုက်၀ယ်ပေးထားတယ်။ အဲဒီတုန်းက အဲဒီလမ်းမကြီးမှာ နဂါးကားလိုင်း ရှိတယ်။
ကျောင်းသားတွေ၊ ခရီးသည်တွေ၊ နဂါးကားလိုင်းက ဒရိုင်ဘာတို့၊ စပယ်ယာတို့ဆိုတာ ဖောက်သည်တွေပေါ့။ ကိုချစ်က အဲဒီမှာ ထမင်းရောင်းတဲ့ ကိစ္စတွေကို ဒိုင်ခံလုပ်တယ်။ အဒေါ်ကတော့ အပြင်မှာ ဈေးထွက်၀ယ်တယ်။ ဆိုင်အတွက် သား၊ ငါး၊ ဟင်းသီးဟင်းရွက်အစုံပေါ့။ နောက်ပြီး ကိုယ်တိုင်လည်း ခေါင်းမှာ ရွက်သယ်ပြီး ထမင်းဟင်းရောင်းခဲ့တယ်။ ကိုချစ်ကလည်း ညွှန်ကြားပေးတာပေါ့။ ဒါပေမယ့်.။
အကျပ်ရိုက်ပြန် နောက်တစ်ဖန်
ဦးချစ်။ (ဘာမှ မပြောသော်လည်း အနည်းငယ်ပြုံးသွားပါတယ်။)
ကျောင်းဖွင့်ရက်တွေရောက်တော့ ရောင်းအားက ဘယ်လိုနေလဲ။
ဒေါ်အုန်း။ ။ အစပိုင်း ထမင်းရောင်းနေရာက ကျောင်းဖွင့်ချိန်ရောက်တော့ အဲဒီထမင်းဆိုင်ထဲမှာပဲ လက်ဖက်ရည် စရောင်းကြည့်တယ်။ ကျောင်းသားအများစုက နေ့စဉ် ထမင်း၀ယ်မစားရင်သာ နေမယ်၊ နေ့စဉ် လက်ဖက်ရည်တော့ သောက်တတ်ကြတဲ့ သဘာ၀ကို ကိုချစ်က ရိပ်စားမိသွားပြီး သူများနဲ့လည်း အပြိုင်မရှိတဲ့ အချိန်မှာ ရောင်းတော့ မကြာပါဘူးကွယ် ဦးချစ်လက်ဖက်ရည် ဦးချစ်လက်ဖက်ရည် ဆိုပြီး ကျောင်းသားတွေ ပါးစပ်ဖျားက ကင်ပွန်းတပ်ပေးလိုက်တဲ့ နာမည်ကို ရခဲ့တယ်။
အဲဒီတုန်းက လက်ဖက်ရည်ဆိုင်တွေမှာ ရောင်းကြတဲ့ဈေးနှုန်းတွေက ခုခေတ်နဲ့ ကွာမှာပေါ့နော်။
ဒေါ်အုန်း။ ။ ဒါကေတာ့ သူ့ခေတ်နဲ့သူဆိုတော့ ကွာတယ်ပေါ့ကွယ်။ အဲဒီတုန်းက ဟောလစ်၊ အိုဗာတင်းတစ်ခွက်ဆို ပြားလေးဆယ်၊ အိုဗာတင်း တစ်ဘူးဆို (၁၆) ခွက်လောက် ရပါတယ်။ ကြက်ဥတစ်လုံးကို တစ်မတ်၊ ဟောလစ်တိုင်ကီ (ဖန်ခွက်ရှည်) တစ်ခွက်ကို ပြားခွန်နှစ်ဆယ်၊ ကြက်ဥပါရောရင် (၉၅) ပြား၊ တစ်ကျပ် ရောင်းတယ်။
ကျောင်းသားတွေ သောက်နိုင်အောင် ကြိုက်အောင်လုပ်ရတာ ကုသိုလ်လည်းရ၊ ၀မ်းလည်း၀ပေါ့။ အဲဒီအချိန်က လူထုစီးကရက် ကို သောက်ကြတယ်။ ဟောလစ်ပေါင်ဘူး တစ်နေ့ကို (၅) လုံးကုန်တယ်။ ဒီလိုနဲ့ တက္ကသိုလ် ဓမ္မာရုံရှေ့က ဆိုင်တန်းတွေကို မြူနီစပယ်က ဖယ်ခိုင်းတဲ့အတွက် ဖယ်ကြရတယ်။ ဆိုင်ခန်းအတွက် အစားပေးတာက ကြည့်မြင်တိုင် သံတံတားလမ်းမှာဆိုတော့ ဒေါ်ဒေါ်တို့ ကိုချစ်တို့ အတော်အကျပ်ရိုက်ကြတာပေါ့။
အဲဒီအခက်အခဲအတွက် တက္ကသိုလ်မြေထဲကို ရောက်လာတာလားအဒေါ်။
ဦးချစ်။ ။ (ဦးချစ်က ခေါင်းခါလျက် အဒေါ်အုန်းကို ကြည့်နေသည်။ အဒေါ်အုန်းကလည်း အလိုက်သိဟန်ဖြင့်.)
တွန်းလှည်းကလေးနဲ့ စေတနာရှင်
ဒေါ်အုန်း။ ။ အောင်မြင်ဖို့ အဆင်ပြေဖို့ဆိုတာ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ခဲ့ရတဲ့ အတွေ့အကြုံကို ကိုခ်စ္က သိနေတော့ သူတစ်မျိုး အကြံထုတ်လိုက်တယ်။
ဘယ်လိုများပါလဲ စိတ်၀င်စားစရာပါပဲဗျို့။
ဒေါ်အုန်း။ ။ မင်းတို့ဦးလေးချစ်က လက်သမားခေါ်ပြီး သူကိုယ်တိုင်ပါ တူတွေ၊ လွှတွေ၊ သံတွေနဲ့ ဘာလုပ်လိုက်တယ် ထင်သလဲ.။
စားပွဲ၀ိုင်းတို့၊ ကုလားထိုင်တို့ ထင်တာပဲ။
ဒေါ်အုန်း။ ။ (ခေါင်းခါလျက်) မဟုတ်ဘူး။ လက်တွန်းလှည်းကလေး ကွဲ့။
ဟာ ဟုတ်လိုက်လေဗျာ။ အကြံကောင်းပဲ။
ဒေါ်အုန်း။ ။ လက်တွန်းလှည်းကလေးနဲ့ ဦးချစ်လက်ဖက်ရည်လို့ ကျောင်းသားတွေက ထပ်ကင်ပွန်းတပ်ပြီး အားပေးကြတော့တာပါပဲ။ ဒါပေမယ့် ကြမ္မာက ပြန်ငင်ချင်တော့ ကမာရွတ်လှည်းတန်း တစ်၀ိုက်ကြီးကို မီးကြီးလောင်ပါလေရောလား။ အဒေါ်တို့ ဖောက်သည်တွေလည်း (အရပ်ထဲကလူတွေ) ပါကုန်ကြတယ်။
လှည်းတန်းမီးလောင်ပြီးတဲ့နောက် လှည်းတန်း (၂) လမ်းမှာ နေသေးတယ်။ စီးပွားကျနေကြတာမို့ လက်စွပ်ဖြုတ်ပြီး ကော်ဖီမှုန့်၀ယ်ရတဲ့ထိ ဖြစ်သွားတယ်။ အဲဒီနောက် လှည်းတန်း (၇) လမ်းမှာ အိမ်ငှားပြီးတော့ပဲ နေကြတော့တယ်။လှည်းတန်းမီးဘေးအပြီးမှာ အဘချစ်တို့မှာ သားသမီး ဘယ်နှဦး ထွန်းကားပြီလဲ။
ဒေါ်အုန်း။ ။ အဲဒီအချိန်မှာ သားသမီးငါးယောက်ရပြီ။ ကလေးတွေ တွဲလောင်းတွဲလောင်းနဲ့ လက်တွန်းလှည်းကလေးကို တွန်းကြပြီး၊ လက်ဖက်ရည်ဆိုင်ကလေး ထွက်ခဲ့ကြရတယ်။ ဆိုင်နဲ့ကနားနဲ့ မဖြစ်သေးတဲ့ အချိန်ဆိုပါတော့။ ကိုချစ် စကားပြောနိုင်ရင် သူ့ရာဇ၀င်ကို သိပ်ပြောတတ်တာ။ အခုတော့ တစ်ခွန်းစ.. နှစ်ခွန်းစကွယ်.။
တွန်းလှည်းလေးဘ၀ကနေ ဆိုင်ခန်းဘ၀ ဖြစ်လာပုံကလေးလည်း သိပါရေစ။
ဒေါ်အုန်း။ ။ ကံကြမ္မာဆို အတော်ဆန်းကြယ်တယ်။ ဒီလိုကလေးတွေနဲ့ ကိုချစ်ဟာ အဒေါ်နဲ့အတူ ရုန်းကန်နေစဉ်မှာ တစ်နေ့ မိတ်ဆွေ (မည်သူမည်ဝါဟုမဆို မပြောပါ)။ တစ်ယောက်အကူအညီနဲ့ လှည်းတန်းလမ်းမကြီးပေါ်က (အခု ဒီအိမ်မဟုတ်သေးဘူး) ရွှေဝါဖူး ဓာတ်ပုံတိုက်ရှေ့မှာပေါ့။ အိမ်ကို ၀ယ်ပြီး စေတနာရှင်ဆိုပြီး ဆိုင်ဖွင့်လိုက်တယ်။ ဆိုင်နာမည်ရဲ့ ဓာတ်တွေနဲ့ ရောင်းတာဆိုတော့ တက္ကသိုလ်ကျောင်းသားတွေ၊ မြင်းလှည်းသမားတွေ၊ ဆိုက်ကားသမားတွေ၊ ဖောက်သည်တွေ ဖြစ်လာကြပြီး လာအားပေးကြတာလေ။ ကံတက်လာတယ်လို့ပဲ ပြောရမလား မသိဘူး။
အတည်တကျ ဆိုင်နဲ့ကနားနဲ့ အခြေတကျဖြစ်ပြီး ပထမဆုံးပေးတဲ့ဆိုင်အမည်က စေတနာရှင် ပေါ့နော်။
ဦးချစ်။ ။ (ဘာမှ မပြောဘဲ အဒေါ်အုန်းကို တစ်ချက်ကြည့်ပါတယ်။)
ဒေါ်အုန်း။ ။ အဲ.. ကျောင်းသားတွေ နှုတ်နဲ့ပေးတာကတော့ ဦးချစ်လက်ဖက်ရည်ပေါ့။ နောက်တော့ ။ တွန်းလှည်းလေးနဲ့ ဦးချစ်လက်ဖက်ရည် ပေါ့။ ခု.. နှစ်ထပ်အိမ်အောက်ထပ်မှာ ရပ်ကွက်ထဲ (လှည်းတန်းဈေးနဲ့ လှည်းတန်းအ၀ိုင်းကြား၊ တက္ကသိုလ်နယ်မြေအနီး အိမ်ဆိုင်) ဖွင့်တော့ စေတနာရှင် ပေါ့။ စေတနာတွေ ရှေ့တန်းတင်၊ အမြတ်အစွန်းပေါ် လောဘမထားဘဲ ရောင်းတာ၊ ကိုချစ်က သောက်တဲ့သူ မကြိုက်သေးဘူးဆိုရင် ကြိုက်တဲ့အထိ ဖျော်ပေးတယ်။
ခွက်မှောက်သွားတာတို့၊ ကွဲသွားတာတို့ ကြုံခဲ့ရင် မတော်တဆ ဖြစ်ရတာပါလို့ ပြောပြီး ထပ်ဖျော်ပေးတယ်။ ရံှုးတာ မြတ်တာဖယ်ထား။ ဒီလိုဆက်ဆံတယ်ဆိုတော့ အားလုံးက ကျေနပ်ကြတယ်။ စေတနာရောင်ပြန်ဟပ်တယ်လို့ ဆိုရမလားပဲ၊ ခုချိန်ထိ ကျောင်းသားရော၊ အရပ်သားပါ ဦးချစ်မှ ဦးချစ်ပါပဲလေ။
ကျောင်းသားတွေက လက်ဖက်ရည်အပြင် အဆာပြေ စားစရာတချို့လုပ်ပါဗျာလို့ ပြောလာတော့ အဲဒီဆိုင်မှာပဲ ခရမ်းချဉ်သီးသုတ်၊ ခါးပတ်၊ ခါးနာ၊ ကီးမားပလာတာ၊ ကုလားထမင်းကြော်တွေလည်း တွဲရောင်းသေးတယ်။ ကျောင်းသားတွေက ညညဆို (၁၂) နာရီ၊ တစ်ချက်တီးအထိ ပျော်ပျော်ပါးပါး လာစားကြရင်း တချို့ဆို ဆိုင်မှာပဲ စာအုပ်နဲ့ မျက်နှာ မခြာဘဲ လက်ဖက်ရည်သောက်၊ မုန့်စားကြပါတယ်။
ဦးချစ်။ ။(မျက်နှာမှာ ပြုံးရိပ်သန်လျက်) ဒီလိုကွဲ့။
အဲဒီတုန်းက တက္ကသိုလ်ထဲမှာ လက်ဖက်ရည်ဆိုင်တွေ မရှိဘူးလား အဒေါ်.။
ဒေါ်အုန်း။ ။ အဲဒီတုန်းက တခြားလက်ဖက်ရည်ဆိုင်တွေ မရှိဘူး။ ယူနီယံထဲမွာပဲ ရှိတယ်။ အဲဒီထဲမှာ ပန်းချီဆရာကြီး ဦးနန်းဝေရဲ့ အစ်မ တွေဆိုင်ပဲ ရှိတယ်။ နောက်ပြီး ဂရမ္နီ ကုလားကြီးဆိုင်၊ နောက် ပိန်ချန်းစားသောက်ဆိုင်တွေလောက်ပဲ ရှိသေးတယ်။ ခုခေတ်လို တက္ကသိုလ်ထဲမှာ စားသောက်ဆိုင်ကြီးတွေ အပြိုင်းအရိုင်း မရောင်းကြသေးဘူး။ ကျောင်းသားတွေ စားသောက်ချင်ရင် အပြင်ထွက်ပြီး စားကြတယ်။ အဒေါ်တို့ဆိုင်ကိုပဲ လာကြတယ်ဆိုပါစို့။
ဒါဆို လှည်းတန်းက စေတနာရှင်ဆိုင်ကနေ ကျောင်းထဲက မူလ ပထမတစ်ထပ်တိုက်ကလေးမှာ ဆိုင်းဘုတ်တပ်မထားပေမယ့် ဦးချစ်ဆိုင် ဆိုပြီး ဖြစ်ပေါ်လာပုံကရော အဒေါ်။
ဦးချစ်။ ။ (အဒေါ်အုန်းကို ခေါင်းညိတ်လျက်ကြည့်ပါတယ်။)
ဒေါ်အုန်း။ ။ ပြောရတာ ဂုဏ်ယူဖို့လည်းကောင်း၊ ကျေးဇူးတင်လို့လည်း မဆုံးပါဘူး။ ဒီလိုကွဲ။
ကမာရွတ်လှည်းတန်း ဦးချစ်ဆိုင်မှာ
ဒေါ်အုန်း။ ။ အဲဒီကာလ (၁၉၆၀ လောက်မှာ) အဆောင်ဒင်နာတွေမှာ ဆရာကြီးတွေ၊ ကျောင်းသားတွေ တွေ့ဆုံတတ်ရင် တပည့်တို့ကျောင်းဆောင် စည်းကမ်းအရ ညဥ့်နက်သန်းခေါင် ကျောင်းပြင်ပကို မထွက်ကြပါနဲ့။ ဆရာတို့မှာလည်း တာ၀န်ရှိပါတယ်။ ကျောင်းထဲမှာပဲ စာကြည့်ကြပါ။ လက်ဖက်ရည်၊ ကော်ဖီ သောက်ချင်ရင် ထမင်းစားဆောင်မှာ စီစဉ်ပေးပါမယ်။
ဒီလို ပြောကြတဲ့အခါ ကျောင်းသားတွေကလည်း သူတို့ အပြင်ထွက်ချင်လို့ မဟုတ်ရပါဘူး။ ညည စာဖတ်နိုင်အောင် လက်ဖက်ရည်သောက်ပါတယ်။ မုန့်စားပါတယ်။ ကျောင်းစာကိုလည်း ကြည့်ကြပါတယ်လို့ ပြောတယ်။ ဆရာတွေက ဒါဆိုရင် ကျောင်းပရ၀ုဏ်ထဲမှာ လက်ဖက်ရည် ရောင်းပေးမယ်။ စီစဉ်ပေးပါမယ်လို့ ပြောတော့ ကျွန်တော်တို့ ဦးချစ်လက်ဖက်ရည်ဆိုင်ကိုပဲ ကြိုက်ကြပါတယ်။
ဦးချစ်ဆိုင်အပြင် ဘယ္ကိုမွ မသွားကြပါဘူး။ ဦးချစ်က စိတ်ရှည်တယ်။ ကျောင်းသားတွေကို သည်းခံတယ်။ ဆရာတို့ ကျောင်းထဲမှာ စီစဉ်ပေးတာ ဦးချစ်လက်ဖက်ရည်လို ကောင်းချင်ကောင်းမယ်၊ ဦးချစ်လိုတော့ စိတ်ရှည်သည်းခံဖို့ မလွယ်ပါဘူး။ အကောင်းဆုံးကတော့ ဦးချစ်လက်ဖက်ရည်ဆိုင်ကို ကျောင်းထဲသွင်းဖို့ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံကြတယ်။
ဦးချစ်။ ။ (မျက်လုံးမှိတ်ပြီး အဒေါ်အုန်းပြောတာကို နားထောင်နေပါတယ်)
အဲဒီတော့ ဆရာကြီးတွေက ဘယ်ပုံဘယ်နည်းနဲ့ စီစဉ်ပေးကြတာလဲခင်ဗျာ။ ကြုံတောင့်ကြုံခဲပါပဲ။
ဒေါ်အုန်း။ ။ ဟောလ်တစ်ခုရဲ့ ညစာစားပွဲမှာ ဆရာကြီးတွေက မင်းတို့ ပြောတာတွေဟုတ်၊ မဟုတ် ဆရာတို့ လေ့လာအကဲခတ်ကြမယ်။ ဧကန် ဟုတ်နေရင် ဆရာတို့ ကျောင်းသားတွေ အဆင်ပြေအောင် စည်းကမ်းနဲ့အညီ စီစဉ်ပေးမယ်လို့ ဖွင့်ပြော့သတဲ့။
အဲဒီတော့ ဆရာကြီးတွေ အဒေါ်အုန်းတို့ဆီ လာကြတာပေါ့နော်။
ဒေါ်အုန်း။ ။ ဟုတ်ပ။ ဆရာကြီးတွေ ဆိုင်ကိုလာလေ့လာ အကဲခတ်ကြတယ်။ အဒေါ်တို့က ကျောင်းသားတွေကို ဆွေလိုမျိုးလို ချစ်တာပါ။ ကျောင်းသားတွေက သူတို့ညဥ့်နက်အောင် စာကျက်ကြမှာမို့ ဘာဟင်းချက်စားချင်လို့၊ ညာဟင်းချက်စားချင်လို့ဆိုရင် ငရုတ်သီး၊ ကြက်သွန်နီကအစ ပိုက်ဆံမယူဘဲ ချက်ပေးတယ်။ သူတို့က စာကြည့်နေကြတယ်။
ဆာချိန်တန်မှ စားကြတယ်။ ဆရာကြီးတွေက ဆိုင်ဘေးက လမ်းကလေးမှာ ကျောင်သားတွေ ဖျာခင်းထိုင်ပြီး စာကြည့်သူကြည့် လက်ဖက်ရည်သောက်သူ သောက်ပေါ့။ သူတို့ သဘာ ၀အတိုင်းပဲ နေကြတာကို တွေ့သွားကြတယ်။လက်ဖက်ရည် ဖျော်တဲ့နေရာကိုလည်း ကြည့်တယ်။ ဆိုင်ထဲမှာ လုပ်ကြကိုင်ကြတာကိုလည်း ကြည့်တယ်။ ၁၂ နာရီတစ်ချက်တီးအထိ အေးအေးဆေးဆေး စာကြည့်သူ၊ လက်ဖက်ရည်သောက်သူ၊ မုန့်စား ထမင်းစားသူ၊ အဆောင်ပြန်သူ စလို့ပေါ့ကွယ်။
ဒီလိုမျိုး ဆရာကြီးတွေ သုံးလေးခေါက်လောက် လာလာကြည့်ပြီး မကြာပါဘူးကွယ်။ ဘာတွေ ဘယ်လို သုံးသပ်ကြ ဆုံးဖြတ်ကြတယ် မပြောတတ်ပါဘူးကွယ်။ ကျောင်းရုံးကို ဦးချစ်နဲ့ ဇနီး ဒေါ်အုန်းတို့ ကြွပါလို့ ဆိုင်ကိုလာပြီး ဖိတ်ခေါ်တော့တာပါပဲ။ သွားကြရတာပေါ့။ စိတ်ထဲမှာလည်း တစ်ခုခုတော့ ကောင်းတာထူးမှာပဲလို့ ဦးချစ်ရော၊ အဒေါ်အုန်းပါ ထင်ကြပါတယ်။
တက္ကသိုလ်ကောင်းသားရေးရာ ဌာနမှာ ထင်တယ်။ အဲဒီမွာ ဆရာတွနဲ့ တွေ့ကြ၊ ပြောကြတာလေးတွေ လုပ်ပါဦးအဒေါ်။ ကျွန်တော်တို့လို မသိသေးတဲ့သူတွေအတွက် စိတ်၀င်စားစရာ ဇာတ်ရှိန်တက်လာလို့ပါ။
ဒေါ်အုန်း။ ။ အေးကွဲ့၊ ဆရာတွေက ဦးချစ်က ကျောင်းထဲမှာ လာပြီး လက်ဖက်ရည်ဆိုင်ဖွင့်ပါ။ ကျောင်းသားတွေက ဦးချစ်နဲ့ ဦးချစ်လက်ဖက်ရည်ကို ကြိုက်ကြလို့ ဖိတ်ခေါ်ရတာပါလို့ ပြောကြတယ်။ ဖွင့်ဖို့လည်း လိုလိုလားလား တိုက်တွန်းကြတယ်။
အဲဒီတော့ အဘချစ်တို့ ၀မ်းသာသွားကြမှာပေါ့နော်။
ဦးချစ်။ ။ (မျက်လုံးဖွင့်ပြီး နံရံမှာ ချိတ်ထားတဲ့ သူငယ်စဉ်က ပုံတွေကို တွေတွေကြီး ကြည့်နေပါတော့တယ်)
ဒေါ်အုန်း။ ။ ၀မ်းတော့သာကြပါတယ်။ ဒါပေမယ့် ကိုချစ်က ကျွန်တော်တို့ ကျောင်းထဲမှာ မရောင်းပါရစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ဒိုးတူဘောင်ဖက် လုပ်ကိုင်ရှာဖွေ စားနေကြတာပါ။ ကလေးတွေကလည်း တစ်ပြုံကြီးပါပဲ။ ကျောင်းထဲမှာ လာရောင်းရင် အခက်တွေ့မယ်။ ဆိုင်ခွဲလည်း ထားဖို့ မနိုင်၀န်မထမ်းလိုပါဘူး။ ဒါကြောင့် မလုပ်ပါရစေနဲ့ ခွင့်လွှတ်ပါ လို့ မေတ္တာရပ်ခံတယ်။
ဒီတော့ ဆရာတွေက ဘယ်လိုများ ပြန်ပြောပါသလဲခင်ဗျာ။
ဒေါ်အုန်း။ ။ ဆရာတွေက ကျောင်းထဲမှာ ရောင်းဖို့ချည်းပဲ ပြောကြတာပေါ့။ ဒီလိုသွားတွေ့ပြီး တော်ကြာနေရင် ခေါ်ဆွေးနွေးပြန်ပြီ။ တော်နေကြာ ခေါ်ပြန်ပြီနဲ့ ကြာတော့ ဦးချစ်ရော အဒေါ်ပါ အားနာလာကြတာပေါ့။ ဒီလိုနဲ့ ရှစ်လအကြာမှာ ဆရာတွေက ထပ်ခေါ်ပြီး ကျောင်းထဲမှာ စည်းကမ်းတွေ ရှိတယ်။ ည ၈ နာရီထိ ဆိုင်ဖွင့်လို့ ရခဲ့တယ်။ ဒါပေမယ့် ခြွင်းချက်အရ ဦးချစ်သာဆိုင် လာဖွင့်ရင် အဆင်ပြေသလို မိုးအလင်းဖွင့်နိုင်ပါတယ်။ ကျောင်းသားတွေ အဆင်ပြေရင် ပြီးတာပဲလို့ အခါခါ ၀ိုင်းပြီးတိုက်တွန်းလို့ ပြောကြတော့ ကိုချစ်လည်း မငြင်းသာတော့ဘူးပေါ့။ ဒီလိုနဲ့ပဲ ကျောင်းထဲက တိုက်ပုလေးမှာ စရောင်းဖြစ်တော့တာပေါ့။
တိုက်ပုလေးနဲ့ ဦးချစ်ဆိုင်
ကျောင်းထဲက တိုက်ပုလေးဆိုတဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အော်ရီဂျင်နယ် မူလပထမ ဦးချစ်ဆိုင် အကြောင်းပြောပါဦး အဒေါ်။
(ထိုစဉ်မှာ ဦးချစ်လက်ဖက်ရည် သုံးခွက် (ဖန်ခွက်ရှည်/တိုင်ကီ)၊ စမူဆာ၊ ကော်ပြန့်၊ ပေါက်စီတွေနဲ့ ဧည့်ခံပါတယ်။ ကျွန်တော်ရယ် ၊ တက္ကသိုလ် ဇော်ထူးရယ်၊ ဓာတ်ပုံတင်ဝေ (ဓာတု)ရယ်၊ လက်ဖက်ရည်ကို အားရပါးရတစ်ကြိုက်စီ ပြိုင်တူမော့ကြပြီးတဲ့နောက် ပြိုင်တူနှိုက်လိုက်မိကြတာကတော့ ပေါက်စီတွေပါပဲ။ ဦးချစ်သမီးဖြစ်သူက ဦးချစ်ကို ရေဖန်ခွက်နဲ့အတူ သောက်ဆေးပေးတော့ ဦးချစ်ကြီးက သောက်ပါတယ်။ အဒေါ်အုန်းကတော့ ရေနွေးကြမ်းပူပူတစ်ခွက်ကို ဖြေးဖြေးချင်း မှုတ်သောက်ပါတယ်။ ပြီးတဲ့နောက်.)
ဒေါ်အုန်း။ ။ ကနေ့အထိကို (၁၉၈၆ ၈၇) ကိုချစ် (၇၃) နှစ်ရှိပြီ။ ဆိုင်သက်လည်း မနည်းတော့ပါဘူး။ ဒီဆိုင်ကို တင်ဒါ မရှိ၊ လေလံ မရှိဘဲနဲ့ ဆိုင်ဖွင့်ခွင့်ရခဲ့တယ်။ အရင်က ဒီတိုက်ကလေးထဲမှာ ဦးအောင်ကိုး လက်ဘက်ရည်ဆိုင် ဆိုတာ ရှိခဲ့ဖူးသေးတယ်။ တိုက်ခန်းလေးက ကျဉ်းတဲ့အတွက် အဖီချခွင့်ရတယ်။ လခက ၈၀ ကျပ် ပေးရတယ်။ အခုတော့ ၂၀၀ ကျပ် ပေးရတယ်။ ည ဆယ့်နှစ်နာရီ၊ တစ်ချက်တီး သုံးနာရီထိ ဖွင့်လို့ရတယ်။
ခုတော့လည်း လက်ဘက်ရည်တင်မက ကျောင်းသား အသုံးအဆောင်အားလုံး တံဆိပ်ခေါင်းကအစ ဈေးမှန်အတိုင်းရောင်းပေးတော့ ကျောင်းသားတွေ အဆင်ပြေကြတယ်။ သဘောကျတယ်။ ဆရာကြီးတွေက အပန်းဖြေရိပ်သာထဲ (RC) မွာ နေရာကောင်းကောင်း ကြိုက်တဲ့နေရာရွေးပါ။ ဖွင့်ခွင့်ပြုမယ်လို့ ပြောတယ်။ ဒါပေမယ့် ကိုချစ်က အဒေါ့်ကို ဘာပြောသလဲဆိုတော့ ငါတို့ကို ကျောင်းသားတွေက ချစ်လို့ လှည်းတန်းကနေ ဒီတိုက်ကလေးကို တောအုပ်ထဲကို လာရောင်းရတာ။ ဒါကိုလည်း ကျောင်းသားတွေ နှစ်ခြိုက်ကြတယ်။ သူတို့ ငြိုငြင်မှာ စိုးတယ် တဲ့။
စကားမစပ် အဒေါ်အုန်း အခု ကျွန်တော်တို့ ရောက်နေတဲ့ အိမ်အောက် က စေတနာရှင်ဆိုင်နဲ့ ကျောင်းထဲကဆိုင်နဲ့ ဆိုတော့ နှစ်ဆိုင်ဖြစ်ရတဲ့အကြောင်းလေး ပြောပြပါဦး။
ဒေါ်အုန်း။ ။ အင်း ဟုတ်တာပေါ့လေ။ တက္ကသိုလ်ထဲ ၀င်လာပြီး ဆိုင်ဖွင့်တော့ လှည်းတန်းက အရင်ဆိုင်ဟောင်း အိမ်ကိုရောင်းပြီး ကျောင်းထဲမှာပဲ နေကြပြီး ရောင်းတာ၊ နောက်တော့ အခု သားတို့ ရောက်နေတဲ့ ဒီအိမ်ဆိုင်ကို ၀ယ်ပြီး စေတနာရှင်(၁)၊ ကျောင်းထဲကဆိုင်ကို စေတနာရှင်(၂) လို့ အမည်ပေးထားတာပါ။ ဒါပေမယ့် အားလုံးက ကျောင်းထဲကဆိုင်ကို ဦးချစ်ဆိုင် လို့ပဲ နှုတ်စွဲနေကြတာ။
အဒေါ်တို့ စေတနာ ထားသလောက် ရောင်ပြန်ဟပ်တယ်ဆိုရမှာပဲ။ ဘာပြဿနာမှ မရှိခဲ့ဖူးဘူး။ အဒေါ်တို့ မိသားစု အခုလို တင့်တယ်လာတာ ကျောင်းသားတွေ၊ ဆရာတွေရဲ့ ကျေးဇူးတွေပါပဲ။ အားလုံးကို ကျောင်းသားဟောင်း ကျောင်းသားသစ် အားလုံးပေ့ါ။ ကိုချစ် ကိုယ္စား ကျေးဇူးတင်ပါတယ်လို့။
ဦးချစ်။ ။ (အဘချစ်က ကျွန်တော်တို့ကို ကြည့်နေပါတယ်)
စာကျက်ကြဖို့အချိန်သင့်ပြီ
ဒေါ်အုန်း။ ။ ပိန်ပိန်တို့က ရန်ကုန်တက္ကသိုလ် ကျောင်းသား လူရွှင်တော်တွေဆိုတော့ ရယ်စရာ ပြောရဦးမယ်ကွယ့်။ လှည်းတန်းမှာ ဖွင့်တုန်းကပေါ့။ အရင်ဆိုင်ဟောင်းကို ပြောတာလေ၊ ကျောင်းသားတွေက ကိုနောက်နောက်ပြီး ပြောကြတယ်။ ဦးချစ်ရဲ့ ဇနီးဒေါ်အုန်း ကိုယ်၀န်လွယ်တဲ့အချိန်ဟာ စာကျက်ရတော့မယ်အချိန်လို့ အားလုံး လက်ခံသိထားကြတယ်။ အဒေါ်ကလည်း ကျောင်းသားတွေ စာမေးပွဲနီးပြီဆိုရင် ကိုယ်၀န်လွယ်ထားရပြီ။
တိုက်ဆိုင်တာများလေ၊ တစ်နှစ်မဟုတ် နှစ်နှစ်မဟုတ် ဆုံတတ်တယ် ဆိုသလိုပေါ့။ အဲဒီအခါ သူတို့က ကျောင်းထဲက အဆောင်တွေမှာ ဦးချစ်ဇနီး ကိုယ်၀န်လွယ်ပြီ စာကျက်ဖို့ အချိန်သင့်ပြီဟေ့ .. လို့ မောင်းခတ် အော်ကြသတဲ့ကွယ်။ အခုတော့လည်း ကိုချစ်ရော အဒေါ်ပါ ဇရာထောင်းလာတော့ ကျောင်းထဲက ဆိုင်ကို သားသမီးတွေနဲ့ လွှဲထားရတယ်။ သားသမီး ခုနစ်ယောက် ထွန်းကားခဲ့တယ်လေ။
သူတို့ အမည်တွေကိုလည်း ပြောပြပေးပါဦ အဒေါ်အုန်း။
ဒေါ်အုန်း။ ။ သူတို့အားလုံး အရွယ်ရောက်နေကြပါပြီ။ သမီးအကြီးဆုံးက မခင်အေးမြင့်၊ နောက်ပြီး မောင်ကျော်ကျော်၊ မစန်းစန်း၊ နောက် မခင်မကြီး၊ နောက် အမြွှာနှစ်ယောက်က မောင်ခင်နဲ့ မောင်ငယ် (မောင်ငယ်ကိုတော့ အငယ်လေးဟု ဦးချစ်ဆိုင်တွင် ကျောင်းသားများက ချစ်စနိုး ခေါ်ကြသည်။) နောက်ပြီး မောင်အေးကို၊ သူက အာအိုင်တီ မြို့ပြအင်ဂျင်နီယာ (ပဉ္စမနှစ်)၊ အထွေးဆုံးက မောင်ထွေးညိုတို့ပေါ့။
အခုလို ကျွန်တော်တို့ကို ဗျူးခွင့်ပြုတာ နောက်ပြီး ဓာတ်ပုံ အရိုက်ခံလေ့ မရှိခဲ့ဘူးလို့ သိထားတဲ့ အဘဦးခ်စ္က ဓာတ်ပုံရိုက် မှတ်တမ်းတင်ခွင့်ပြုတာရယ်၊ အဘခ်စ္ကို အမှူးပြုပြီး အဒေါ်အုန်းနဲ့တကွ မိသားစုအားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးမှာ ဦးချစ်လက်ဘက်ရည်ဆိုင် ဆိုတာ ဘွဲ့နှင်းသဘင်ကြီး၊ သစ်ပုပ်ပင်ကြီး၊ အဓိပတိလမ်းမကြီးတွေလို အထင်ကရ ဆက်လက်ရှင်သန် အဓွန့်ရှည်ပါစေလို့ ဆုတောင်းပါတယ် ခင်ဗျာ။
မေတ္တာကျေးဇူးအဆအတူပါ
ဦးချစ်။ ။ (ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်နေပါတယ်။)
ဒေါ်အုန်း။ ။ ကိုချစ် နေမကောင်းတာ ၁၅ နှစ် ရှိပြီ။ ဆီးချိုရောဂါလေ၊ ကုတာ ဆရာ တော်တော် များခဲ့ပါပြီ။ ကိုချစ် နေမကောင်းတာကို မပြောပေမယ့် သိလို့ သတင်းလာမေးကြတဲ့ သူတွေ အများကြီးပါပဲ။ ကျောင်းသားဟောင်းတွေ၊ ဆရာကြီးဟောင်းတွေပေါ့။ ဘာ အကူအညီ ပေးရမလဲ၊ လိုအပ်တာရှိရင် ပြောပါ ဆိုတဲ့ လောကွတ်ပြုသံလေးတွေ ကြားရမြင်ရတော့ ဦးချစ်ရော အဒေါ်အုန်းပါ စိတ်ကြည်နူးကြရတယ်။
စေတနာရှင်ဆိုတဲ့ နာမည်လေးရဲ့ တုံ့ပြန်မှုတွေပေါ့။ တက္ကသိုလ်ကြီးကိုရော၊ ဆရာ ဆရာမေတြေရာ၊ ကျောင်းသား ကျောင်းသူတွေရော အားလုံးရဲဲ့ မေတ္တာတွေကို ခံယူခွင့်ရလို့ ဦးချစ်နဲ့ မိသားစုကြီးက ကျေးဇူးအထူးတင်ပါတယ်လို့ သားတို့ရဲ့ မဂ္ဂဇင်း စာမျက်နှာတွေပေါ်က ပြောပေးကြပါကွယ်။
(ကျွန်တော်တို့လည်း အဒေါ်အုန်းကြီး ဒီလိုပြောအပြီးမှာတော့ ကြမ်းပြင်ပေါ်ဆင်းပြီး ထိုင်ကန်တော့ကြပါတယ်။ အဒေါ်အုန်းက ဦးချစ်ကိုယ်စား ကုသိုလ်ဆုတွေ တောင်းပေးပါတယ်)
ဒေါ်အုန်း။ ။ ငါ့တူ ငါ့သားတို့ ကျန်းမာချမ်းသာပြီး ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ကျောင်းသားဟောင်းတွေပီပီဘ၀ရည်မှန်းချက် ဆန္ဒများ အောင်မြင်ထမြောက်ကြပါစေ။ စာပေ၊ အနုပညာကိစ္စများ ထွန်းပေါက်ကြပါစေကွယ်။
(ဒီအချိန်မှာ အဘချစ်ဟာ လက်အုပ်ချီပြီး မျက်လုံးမှိတ်လျက် အသံထွက် မလာသော်လည်း နှုတ်ခမ်းများ လှုပ်ရှားနေတဲ့ အဓိပ္ပာယ်တွေကတော့)
သာဓု သာဓု သာဓု မုဒိတာပွားလူအများကောင်းစားကြပါစေ။
(ယခု ဦးချစ်လက်ဘက်ရည်ဆိုင်သည် တောင်ငူဆောင်ရှေ့စွေ့စွေ့ ကင်တင်းဆိုင်လမ်းထိပ်၌ ရွှေ့ပြောင်းကာ သားသမီးများက ဆက်လက်ရောင်းချနေပါသည်။ ဦးချစ်သည် အသက် ၇၅ နှစ် အရွယ်၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် ၉၆ ပါးသော ေ၀ဒနာဖြင့် ကွယ်လွန်ခဲ့ပါသည်။ ယခုဗျူးမှာ ဦးချစ် မကွယ်လွန်မှီ ၁၉၈၆ ခုနှစ်၊ စာရေးသူ ပန်းတက္ကသိုလ် မဂ္ဂဇင်း တာ၀န်ခံအယ်ဒီတာ ဘ၀က ဗျူးခဲ့သည်ကို ပြန်လည်ဆန်းသစ် ဖော်ပြခြင်း ဖြစ်ပါသည်။)
ချယ်ရီမဂ္ဂဇင်း၊ ၂၀၀၇ ခုနှစ် (စက်တင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာ)
ခရက်ဒစ်… ပြန်လည်မျှဝေပါသည် ။