အင်းဝမိဖုရားခေါင်ကြီး ရှင်ဘို့မယ် အချစ်ကြီး၍ အမျက်ကြီးခဲ့သူ (သို့)မင်းငါးဆက်သွယ် ရှင်ဘို့မယ်

အင်းဝရွှေနန်းရှင် ဆင်ဖြူ ရှင် သီဟသူသည် မွန်မင်းသမီး နှင့် လက်ထပ် သော မင်္ဂလာပွဲတော် ကို ခုနှစ်ရက်တိုင်တိုင် အကြီးအကျယ်ပြု လုပ်လေ၏။

မိမိယခင်က ယုယခဲ့သော မိဖုရားခေါင်ကြီး ဘို့မယ်ကို
မေ့လျော့မိနေလေ၏။ ခုနှစ်ရက်လုံးလုံး ရှင်စောပုအနားကနေ ခွာခြင်းမရှိသဖြင့် မိဖုရားခေါင်မှာ အမျက်ဒေါသ ထွက်နေလေ၏။

ရှင်စောပုသည် မိဖုရားတစ်ပါးသာဖြစ်ပြီး ညအိပ်ချိန်ရောက်လျှင် နန်းတွင်းထုံးစံအရ မိဖုရားတွေနေသော ယာယီနန်းတဲတွင်သွား နေရမည်။ သို့သော် ဘုရင် သီဟသူမှ သူစံမြန်းရာ နန်းဆောင်တွင်သာ ခေါ်ထားလေရာ မိဖုရားတို့ကြား တိုးတီးတိုးတီး ပြောကြသဖြင့် မိဖုရားခေါင်ဘို့မယ် မှာ မခံမရပ် ဖြစ်လေတော့၏။

တချိူ့ကလည်း ရှင်စောပုကို မိဖုရားခေါင်မြှောက်တော့မည် ဘို့မယ်ကြီး ပြုတ်တော့မည် စသဖြင့် အတင်းတွေ ဆိုကြရာ မိဖုရားခေါင်၏ အမျက်မှာ အထွတ်အထိပ်သို့ ရောက်လေတော့သည်။ ထိုအခါ အစီအစဉ်တခုကို အကြီးအကျယ်ရေးဆွဲလေတော့သည်။

မိမိ၏ လူယုံကို စာတစ်စောင်ယူစေကာ အုန်းပေါင်လယ်သံဘွားကို သွားပေး စေလေ၏။ စာတွင် သီဟသူသည် ပြည်ထဲရေးကို မကြည့်၊ မိန်းမများနှင့်သာ ပျော်သည်။ လက်ရုံး ရည်မရှိ၊ စစ်ဖြင့် ချီပြီး သီဟသူ အငိုက်တွင် ဝင်တိုက်ပါ။ သီဟသူ မရှိလျှင် အင်းဝရွှေနန်းကို သိမ်းပါ ဟု ဆိုလေ၏။

အုန်းပေါင်လယ်သံဘွားလည်း မိမိ၏ အမတ်များနှင့် တိုင်ပင်လေ၏။ ထိုအခါ အမတ်တခူျိ့ မှ မတိုက်ရန်ဆွေးနွေးလေ၏။ သို့သော် တိုက်ရန်လုပ်ကြံရန် ဘက်မှ သာသဖြင့် အုန်းပေါင်လယ်သံဘွားလည် မိမိ၏ စစ်သည်အင်အား ၄ သောင်းကျော်ဖြင့်ချီလာလေသည်။

ထိုချိန်တွင်သီဟသူမှာ အောင်ပင်လယ်အရပ်ရောက်နေပြီး ယာယီနန်းတည်ကာ အနားယူ စံစားနေလေ၏။ အုန်းပေါင်လယ်သံဘွားလည်း အဝေးမှ စခန်းချကာ လူလွှတ်ပြီး အကြောင်းကို သေချာ စုံစမ်းစေလေသည်။

မိဖုရားခေါင်ဘို့မယ်လည်း ပရိယာရ်ဖြင့် အင်း၀ စစ်သားများကို မိမိ၏ စံတဲနန်းရှေ့တွင် ဖိတ်ခေါ်ကာ ပွဲကြီး သဘင်လုပ်ပြီး မင်းနှင့်တကွ အများစုသော စစ်သားများကို မူးအောင် အရက်တိုက်လေ၏။

ထိုညတွင် ဘုရင်လည်း အပျော်လွန်တော်မူပြီး အိပ်မောကျနေချိန်၊ ရဲမက်များလည်း သတိလျော့နေချိန် တွင် အုန်းပေါင်လယ်သံဘွားသည် ရုတ်တရုက် ဝင်တိုက်လေ၏။ ထိုအခါ အင်း၀ သီဟသူ သည် သတိကောင်း သူဖြစ်၏။ စစ်ငင်သံ ကြားသဖြင့် ချက်ခြင်းထကာ မိမိ၏ စီးတော်ဆင်ရှိရာကို မြင်းဖြင့် အလျင်သွားလေ၏။

ထိုမှ စီးတော်ဆင်ဖြစ်သော ရဲခက်စံလှကို စီးကာ ရန်သူကို ခံလေသည်။ သို့သော် ရန်သူဘက်မှ အင်အား ကြီး သဖြင့် မြားသုံးချက်မိကာ ဆင်တော်ပေါ်မှ လဲကျကာ နတ်ရွာစံလေသည်။ သို့သော် အင်းဝဗိုလ်မှူးတို့ မှာ ဘုရင် နတ်ရွာစံသည်ကို မသိဘဲ ရန်သူကိုသာ ရွပ်ရွပ်ချွံချွံ တိုက်ရာ အုန်းပေါင်လယ်သံဘွားမှာ မခံ နိုင် သဖြင့် နောက်ဆုတ်လေသည်။

စစ်ပွဲမှာ ကြာရှည်ပြီး နံနက်မိုးသောက်မှ ပြီးရာ ပြီးပြီးချင်း ဘုရင်ရှိရာကို အပြေးအလွှားသွားကြရာ ရွှံထဲတွင် အလောင်းတော်ကို တွေ့မှ ဝမ်းနည်းကြရလေ၏။ အင်းဝဘုရင်သီဟသူ ၏ မယ်တော်မှာ ရှမ်းဖြစ်လေ၏။ သီဟသူသည် ရုပ် အဆင်းလည်း ခန့်ပြီး လှပသူဖြစ်လေ၏။

မိဖုရားလည်း များသူဖြစ်၏။ အရွယ်ရောက် ကတည်းက အင်း၀ နေပြည်တော်ရှိ မိန်းမချောတိုင်းကို လိုက်ပြီး စနောက်တတ်သူဖြစ်ရာ ခမည်းတော်မင်းခေါင်မှ အလွန် စည်းကမ်းကြပ်မတ်ထားရလေသည်။ နတ်ရွာစံချိန်တွင် သက်တော် ၃၁ သာ ရှိသေးလေသည်။

ထိုအရေးအခင်းအပြီးတွင် မှူးမတ်တို့လည်း ဘုရင့်အလောင်း တော်ကို ရွှေမှန်ခေါင်းတွင် ထည့်ကာ အင်း၀ နေပြည်တော်သို့ သယ်ဆောင်လေသည်။ ထိုချိန် အင်း၀ နန်းတော်တွင် ကျန်ခဲ့သော မှူးမတ်တို့မှ ဘုရင့်နတ်ရွာစံကြောင်း သတင်းကြားလျှင် ချက်ခြင်း တန်ဆောင်း မိဖုရားမှ မွေးတော်မူသော မင်းလှငယ်ကို နန်းတင်လေသည်။

အင်းဝဘုရင် သီဟသူသည် မိဖုရားခေါင်နှင့် သားသမီး မထွန်းကား၊ တန်ဆောင်းမိဖုရား နှင့်သာ သားတော် တစ်ပါး ထွန်းကားလေ၏။ မင်းလှငယ်သည် သက်တော် ၉ နှစ်သာ ရှိသေးလေ၏။

သက္ကရာဇ် (၇၈၇) အေဒီ ၁၄၂၅ ဩဂုတ်လတွင် အင်းဝနန်းတွင်းရှိ သက်တော်ရှည် အမတ်ကြီးများ ( အသက်ကြီးသော အမတ်များ အုပ်စု) မှ နေပြည်တော်သို့ ပြန်လည် ချီတက်လာသော မှူ းမတ်များ၏ အကြံ ကို ယူခြင်း မရှိဘဲ မင်းကြီးသီဟသူ နတ်ရွာစံကြောင်း ကြားသိသော အခါ အသက် ၉ နှစ်သာ ရှိသော မင်းလှငယ်ကို နန်းတင်လေ၏။

ထိုသတင်းကို မိဖုရားဘို့မယ် ကြားလျှင် ဘုရင်သီဟသူ၏ သစ္စာကို ခံသော အမတ်များ၊ ဗိုလ်မှူ းများကို ဆင့်ခေါ်ကာ” အသင်တို့ သခင်သီဟသူ နတ်ရွာလားသည်မျှ မကြာသေး တန်ဆောင်းမိဖုရားကို လိုလား သော အုပ်စုများက မင်းသား မင်းလှငယ် ကို ချက်ခြင်း နန်းတင်သည်။

ထိုအမတ်များသည် မွန်ကို စစ်ပြု ခြင်း ကို လက်ခံသည် မဟုတ် အသင်တို့ ကျူ ပ်တို့ ရွှေနန်းတော်ပြန်ရောက်သော် ကျူ ပ်တို့ကို အရှင် ထားအုံးမည်လော” ဟု သွေးခွဲပြန်လေ၏။

အမတ်တို့ကလည်း “မင်းလှငယ် နန်းမတက်သော် မည်သူကို နန်းတင်ရမည်။ ကျွန်တော်မျိူးတို့လည်း စစ်သည် ရဲမက်များစွာ ရှိပါသေးသည်။ သက်တော်ရှည်အမတ်ကြီးများ ကျွန်တော်တို့ကို လုပ်ကြံနိုင်မည် မဟုတ် စိုးရိမ်တော်မမူပါနှင့်” ဟု ပြန်လျှောက်ထားကြလေရာ မိဖုရားဘို့မယ်မှာ မည်သို့မျှ ပြန်မပြောနိုင်ဘဲ ရှိ နေလေ၏။

ထိုအခါ ကျေးတောင်ညိုစား ကို စာစေ လေ ၏။ ထိုစာတွင် နန်းတော်ထဲ အလျင်အမြန်ဝင်စေကာ မင်းလှငယ်စားသော စားခွက်တွင် အဆိပ်ခက်စေလေ၏။ မင်းလှငယ်လည်း စားတော်ခေါ်ချိန်တွင် စားမိ ပြီး အင်းဝနန်းကို ၃ လသာ စံရပြီး နတ်ရွာလားရပြန်လေသည်။

နောက် ၁ လတွင် အင်းဝပြည့်ရှင်ဟောင်း သီဟသူ၏ ရုပ်အလောင်းတော် နေပြည်တော်သို့ ရောက်လေ သည်။ အမတ်တို့လည်း မင်းသား မရှိတော့သဖြင့် နန်းတွင်း ထုံးစံအရ မည်သူ့ကိုမျှ ထီးနန်းအပ်နိုင်ခြင်း မရှိဖြစ်လေ၏ ။

ထိုအခါ မိဖုရားဘို့မယ်မှ အမတ်များကို သူ့ဘက်ပါအောင် သိမ်းသွင်းလေ၏။ နည်းအမျိူးမျိူးဖြင့် သိမ်းသွင်းလေရာ မိဖုရားခေါင်ဘက်ပါသော အမတ်များသည် စည်းစိမ်မြဲ၏။ မထောက်ခံသော အမတ်များသည် နယ်နှင်ဒဏ် (သို့) သေဒဏ်တွေ ရကုန်လေ၏။

မိဖုရားဘို့မယ် အကြံမှာ ကျေးတောင်ညိုစားကို နန်းတင်ရန် ဖြစ်လေသည်။ တချို့သော အမတ်တို့က ဘိုးတော် မင်းခေါင်၏ ဆွေတော်မျိူးတော် မှ မွေးတော် မင်းညီမင်းသားများကို ထီးနန်း တင် ချင်သော်လည်း မိဖုရားဘို့မယ်ကို မနိုင်သဖြင့် လက်လျော့ လိုက်ရလေ၏။ မိဖုရားဘို့မယ် ထင်တိုင်းကြဲ နိုင်ခြင်းမှာ ဘုရင်ဟောင်းသီဟသူအပေါ် သစ္စာရှိသည့် စစ်သေနာပတိဖြစ်သော ဗိုလ်မှူ းရာဇသင်္ကြန် ကို မိမိ ဘက် အပိုင် သိမ်းသွင်းထားနိုင်ခြင်းကြောင့်ဖြစ်သည်။

ထိုမှ အမတ်ကြီးများ သက်တော်ရှည်အမတ်ကြီးများ ထောက်ခံမူဖြင့် ကျေးတောင်ညိုစားသည် အင်း၀ ထီးနန်း ကို သိမ်းလေ၏။ ကျေးတောင်ညိုစားသည် မိမိ အစ်မတော် အမြင်မကြည်သော မင်းသမီး ရှင်စောပု ကိုသာ မိဖုရား ပြန်မြှောက်လေ၏။

ထိုသို့ မိဖုရားဘို့မယ်သည် မိမိအာဏာ တည်ဆောက်ရေးအတွက် မိမိမယုံသော အမတ်များကို နယ်နှင်ဒဏ်ပို့၊ မိမိ၏ ဆွေမျိူ းများကို ရာထူးကြီးထား စသဖြင့် မိမိ အလိုအတိုင်း အုပ်ချူပ်ရေး တွင် စီမံ လေ၏။ ထို့ပြင် လွန်ပြီဖြစ်သော ဘုရင် သီဟသူ၏ မယ်တော် အမျိူးများကိုလည်း ဒုက္ခ ပေး ပြန်လေ၏။

ထိုအခါ သီဟသူ မယ်တော်လည်း မခံနိုင်တော့ဘဲမိမိ၏ ဆွေမျိူးတော်ဖြစ်သောသျှမ်းဘုရင်(စော်ဘွား) ဖြစ်သည့် မိုးညှင်းမင်းဆီ ပြန်လေ၏။ ထိုခေတ်တွင် မိုးညှင်းမင်း သည် ယခု ကချင်ပြည်နယ်နှင့် တရုတ်ယူနန်တစိတ်တဒေသ ကို အစိုးရသော သျှမ်းမင်း ဖြစ်လေ၏။ သျှမ်းစော်ဘွား (ဘုရင်) များသည် ကိုယ့်ဒေသနှင့်ကိုယ်သာ အုပ်ချူ ပ်ပြီး နေလေ့ရှိသည်။

အင်းဝရွှေနန်းတော်ကို ဘုရင့်မျိူ ယးမဟုတ်သော ကျေးတောင်ညိုမှ နန်းသိမ်းလိုက်သဖြင့် အင်းဝပိုင် နယ်နိမိတ် တွင် ထိစပ်လျက်ရှိသော ရှမ်းစော်ဘွားများမှ အံ့ဩကြကုန်လေ၏။ ရှမ်းစော်ဘွားများထဲတွင် ဩဇာအင်အား အတောင့်တင်းဆုံးဖြစ်သော မောရှမ်းသခင် မိုးညှင်းမင်းတရား သည် မိမိ၏ နန်းတော်တွင် အမတ်များကိုခေါ်ယူကာ အကျိူးအကြောင်းတိုင်ပင်ကြလေ၏။

မိုးညှင်းမင်းတရားသည် ယခင် အင်းဝဘုရင်၏ မဟာမိတ် ဖြစ်ကာ အရေးအကြောင်းပေါ်လျှင် ကူညီမြဲဖြစ်လေ၏။သက္ကရာဇ် ၇၇၈တွင် မိုးညှင်းမင်းတရား သည် အင်းဝနေပြည်တော်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လေ၏။

ကလေးကျေးတောင်ညို နန်းတက်ခြင်းနောက်ကွယ်တွင် မိဖုရားဘို့မယ်ပါဝင်ပတ်သက်နေသည်ကို မိုးညှင်းမင်း သိရသဖြင့် ဒေါသထွက်ကာ စစ်အပြင်းချီလာခြင်းဖြစ်လေသည်။ အင်းဝဘုရင်သီဟသူ နတ်ရွာ စံခြင်းတွင် မိဖုရားဘို့မယ် တစ်စိတ်တဒေသ ပါဝင် ပတ်သက်ကြောင်း သိရသဖြင့် ပိုပြီး နှလုံးနာလေ၏။

အေဒီ ၁၄၂၆ ဖေဖော်ဝါရီလတွင် မိုးညှင်းမင်းသည် ရေတပ်အင်အား ၃ သောင်း၊(ရေတပ်ကို ကသာမြို့ တွင် ဖွဲ့ကာ စုန်ဆင်းလေ၏) ကြည်းတပ်အင်အား ၈ သောင်း၊ တိုက်ဆင် ၂၀၀၊ မြင်းတပ် ၁ ထောင်ဖြင့် ချီတက်လာလေသည်။ ထိုစစ်သတင်းကို ကျေးတောင်ညို ကြားလျှင် မိမိ၏ အချစ်ဆုံးမိဖုရားဖြစ်သော မွန်မင်းသမီး ရှင်စောပုကို ပုခန်းသို့ ပို့လေသည်။

ထိုနောက် တောင်ငူစား၊တောင်တွင်းစား၊ တို့ကို သိမ်းသွင်းကာ လက်နက်အများဖြင့် ရှေ့တန်းမှ ခုခံ စေလေ၏။ ထို့ပြင် မိုးညှင်းမင်း၏ ဩဇာကို မခံလိုသော အုန်းပေါင်လယ်သံဘွားကိုလည်း မိမိဘက်မှ တိုက်စေကာ မိုးညှင်းမင်းကို နိုင်လျှင် မောရှမ်းပြည်ကို အုပ်ချူ ပ်စေရမည်ဟု သိမ်းသွင်းပြီး ခုခံစေပြန်လေ၏။

ထိုအင်း၀ ရှေ့တန်းတပ်များသည် မိုးညှင်းမင်းတပ်တော် မှ ရှေ့တန်းတပ်ဖြစ်သော မိုးညှင်းမင်း၏ သားတော် မိုးကောင်းစား နှင့် ဝန်းသိုစား တို့ တပ်နှင့် တွေ့ကာ အပြင်းအထန်တိုက်ကြလေ၏။ ကြည်းတပ်၊ ရေ တပ် ဖြင့် အပြန်အလှန် တိုက်ကြရာ အင်းဝတပ်များ ပျက်လေ၏။ သစ်ဆိမ့်တွင်ခံသော အင်းဝတပ်ပျက်ကာနောက်ဆုတ်ပြီး စစ်ကူများနှင့် ပေါင်းကာ ဝတ်ချက်တွင် ထပ်ပြီး ဆီးကြို တိုက်ခိုက်ပြန်လေသည်။

မိုးကောင်းစား နှင့် ဝန်းသိုစား တို့လည်း ထပ်မံအပြင်းအထန်တိုက်ပြန်သည်၊ လူသူအင်အား မမျှ သဖြင့် တပ်ကို ဆုတ်ကာ ခမည်းတော်၏ တပ်ကို စောင့်နေကြပြန်လေ၏။ မိုးညှင်းမင်း၏ တပ်များနှင့် ပြန်ပေါင်း ကာ ဝတ်ချက်တွင်ခံနေသော အင်းဝခံတပ်ကို အပြင်းအထန် တိုက်ရာ အင်းဝတပ်မခံနိုင်ဘဲ ဆုတ်ခွာ ရ ပြန်လေ၏။

ထိုစဉ် အုန်းပေါင်စော်ဘွားထံသို့ မိုးညှင်းမင်းမှ စာပို့လေ၏။ တိုက်လျှင် အသင်ပဲ စစ်ရူံးမည်၊ မတိုက်ဘဲ အုန်းပေါင်သို့ ပြန်လျှင် စော်ဘွားအဖြစ်နဲ့ ကောင်းကောင်းနေထိုင်နိုင်မည်၊ မိမိ၏ လမ်းကို ရွေးလော ဟု စာစေရာ၊ အုန်းပေါင်စော်ဘွားလည်း မိမိ၏ တပ်ကို နုတ်ကာ အုန်းပေါင်သို့ ပြန်လေ၏။

အုန်းပေါင်စော်ဘွားပြန်လျှင် မိုးညှင်းမင်းသည် မိမိ၏ သားတော်နှစ်ပါးကို ရွှေကြက်ယက်သို့ ကူးစေ ပြီး သစ်မြို့ ခံတပ်အကြီးအကျယ် တည်ဆောက်စေလေ၏။ မိုးညှင်းမင်းမှာမူ လှေတပ်အင်အား ၃ ထောင် ဖြင့်ရေထဲတွင် အခိုင်အမာ ခံတပ်ဆောက်ကာ နေလေ၏။

ထိုသို့ အင်းဝကို ဝိုင်းရံထားလေသည်ကျေးတောင်ညို မှ ယခု မိမိတို့ အင်အားသည် နည်း၏။ တပ်တော်ကို ရခိုင်ထိ ဆုတ်ကာ ရခိုင်တွင် အင်အားစုပြီး ပြန်တိုက်လျှင် သင့်မည် ဟု ဗိုလ်မှူ းများနှင့် တိုင်ပင်ပြီး အင်းဝတပ်များကို ညအခါ တိတ်တဆိတ် ထွက်စေကာ ပြေးတော်မူလေ၏။

ထိုစဉ် အင်းဝနေပြည်တော်တွင် ရာဇသင်္ကြန်ဗိုလ်မင်းမှ တပ်သားအနည်းငယ်ဖြင့် စောင့်ကာ ရန်သူတို့ မရိပ် မိစေရန် နေလေ၏။ မိုးညှင်းမင်းလည်း ထိုအကြောင်းကို မရိပ်မိဘဲ ရှိနေလေသည်။ကျေးတောင်ညို သည် အင်းဝတပ်များဖြင့် ဆုတ်ရာ စလင်းမြို့သို့ ရောက်ချိန်တွင် စလင်းစားမှ ငှက်ဖြင့် ရှမ်းမင်း ရှိရာကို စာစေ လေသည်။

စလင်းစား စေသော စာရသော် မိုးညှင်းမင်းသည် မိမိ၏ သားတော် ဝန်းသိုစား တပ် ကို စလင်းသို့ စေလွှတ် လေ သည်။ မိုးညှင်းတပ်များ မရောက်မီ ကလေးကျေးတောင်ညို သည် အပြင်းဖျားကာ စလင်းတွင် အနိစ္စ ရောက်လေသည်။

ကျေးတောင်ညို အနိစ္စရောက်သော် မိဖုရားဘို့မယ်မှ ဟံသာဝတီသို့ ဝင်ကာ စစ်ကူခေါ်မည်ဟု ဆို လေရာ လိုက်ပါလာသော ဗိုလ်မှူ းမှ ဘိသိတ်ခံထားသော ဘုရင်မ တစ်ပါးသည် ထိုသို့ မလုပ်သင့် စစ်ကို နိုင်အောင် တိုက်ပြ မည်ဟု ဆိုကာ မန်းစက်တော်ရာသို့ ချီတက်ပြီး ခံတပ်ဆောက်ကာနေလေ၏။

ကျေးတောင်ညို အနိစ္စရောက်ကြောင်း မိုညှင်းမင်းကြားလျှင် အင်းဝနေပြည်တော်သို့ ဝင်ကာ ဘိသိတ် ခံပြီး “သီရိ တြိဘဝနာဒိတျာ ပဝရ ပဏ္ဍိတ သုဓမ္မရာဇာ” ဘွဲ့ကိုခံပြီး အင်းဝရွှေနန်းကို ရှမ်းထုံးစံ၊ ဗမာထုံးစံ နှစ်မျိူးလုံးဖြင့် ကျင်းပကာ သိမ်းပိုက်လေ၏။ မိုးညှင်း မင်းတရားသည် အေဒီ ၁၄၂၆ မေလတွင် အင်းဝတွင် မင်း လုပ်အုပ်ချူပ်လေသည်။

Credit ,မူရင်းရေးသားသူအားလေးစားစွာဖြင့်