ဂျပန်နိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး ​လူမည်းဆာမူရိုင်း

ဆာမူရိုင်း လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့အများစု သိထားကြတာက ဂျပန်လူမျိုးသူရဲကောင်းတွေ ဆိုတာပါ။ အာရှတိုက်က ဂျပန်လူမျိုး နဲ့ အာဖရိကတိုက်က လူမည်းတို့ဟာ ဆက်စပ်ခြင်းမရှိပေမယ့် ဂျပန်နိုင်ငံသမိုင်းမှာတော့ ရှားရှားပါးပါး လူမည်းဆာမူရိုင်းတယောက်ရှိခဲ့ဖူးပါတယ်။

သူ့ရဲ့နာမည်ကတော့ ယာဆူခဲ Yasuke ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ထင်ရှားတဲ့ခေတ်တခေတ်ဖြစ်တဲ့ ဆဲန်ဂိုကုခေတ် Sengoku period မှာ ပေါ်ပေါက်ခဲ့ပါတယ်။

ဆဲန်ဂိုကုခေတ် ကတော့ အေဒီ ၁၄၆၇ ကနေ ၁၆၁၅ အထိဖြစ်ပြီး အဲဒီခေတ်ကို ပြည်တွင်းခေါင်းဆောင်အချင်းချင်း အပြိုင်အဆိုင်တိုက်ခိုက်ကြတဲ့ခေတ် (သို့) လက်နက်ကိုင် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားနေသည့် စစ်ပြိုင်ခေတ် လို့ လူသိများပါတယ်။ အဲဒီအချိန်က ထင်ရှားတဲ့စစ်ခေါင်းဆောင်တွေကတော့ နိုဘူနာဂါ ၊ တိုယိုတိုမီ ဟီဒဲယို နဲ့ တိုကူဂါဝါ အီယဆု တို့ဖြစ်ပါတယ်။

ယာဆူခဲ ဂျပန်ကိုရောက်လာတာကတော့ ပေါ်တူဂီတွေနဲ့ သက်ဆိုင်ပါတယ်။ ၁၅ ရာစု တဝိုက်က ပေါ်တူဂီတွေဟာ အာရှတလွှားကို စီးပွားကုန်သွယ်ရေးလုပ်တဲ့အထဲမှာ ဂျပန်နိုင်ငံလည်းအပါအဝင်ဖြစ်ပါတယ်။

စီးပွားရေးနဲ့အတူ တပါတည်းပါလာတာကတော့ ခရစ်ယာန်သာသနာပြု အဖွဲ့တွေဖြစ်ပြီး ဒီလို ခရစ်ယာန်ဘာသာပြန့်ပွားရေးကြောင့် ဂျပန်လူမျိုး ၂သိန်းကျော်ဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကုန်ကြပါတယ်။ အဲဒီမှာ ၁၅၇၉ ခုနှစ်လောက်က ခရစ်ယာန်ဘုန်းတော်ကြီးတပါးဖြစ်တဲ့ Alessandro Valignano နဲ့ အတူ သူ့ရဲ့အစေအပါးဖြစ်တဲ့ ယာဆူခဲတို့ဟာ ဂျပန်နိုင်ငံကို ရောက်ရှိလာကြတာဖြစ်ပါတယ်။

ယာဆူခဲ ကို အာဖရိကတိုက်က မိုဇမ်ဘစ်နိုင်ငံမှာ မွေးဖွားခဲ့ပြီး အဲဒီတုန်းက ကျွန်စနစ်ရှိနေတဲ့အတွက် သူဟာ အစေအပါးတယောက်အဖြစ်နဲ့ ပေါ်တူဂီလူမျိုးတွေဆီကနေတဆင့် ဘုန်းတော်ကြီးထံရောက်ရှိခဲ့တာဖြစ်နိုင်တယ် လို့ လေ့လာသူတွေက ဆိုကြပါတယ်။

ဒီလို နဲ့ ယာဆူခဲ ဂျပန်ကိုရောက်လာတဲ့အခါမှာ မြင်သူတိုင်းက သူ့ကို တအံတသြကြည့်ရှု့ကြရပါတယ်။ အရပ်ကြီး ကလန်ကလား နဲ့ အနက်ရောင်ဆေးသုတ်ထားသကဲ့သို့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ သူလိုလူမျိုးကို ဂျပန်တွေ တခါမှ မမြင်ဖူးကြလို့ ဖြစ်ပါတယ်။

ဒီသတင်းဟာ အိုဒါ နိုဘူနာဂါအထိ ရောက်ရှိသွားချိန်မှာတော့ ယာဆူခဲ ဟာ စစ်ခေါင်းဆောင်ရဲ့ ခေါ်ယူတွေ့ဆုံခြင်းကို ခံခဲ့ရပါတယ်။ နိုဘူနာဂါကိုယ်တိုင်က ယာဆူခဲရဲ့ အသားအရောင်ဟာ မင်အနက်နဲ့ဆိုးထားတာပဲဖြစ်တယ်လို့ ယုံကြည်ပြီး သူ့အမှုထမ်းတွေကိုတောင် ယာဆူခဲရဲ့ ခန္ဓာကိုယ်ကို ပွတ်သပ်ကာ စစ်ဆေးကြည့်ခိုင်းခဲ့ပါသေးတယ်။

နောက်ပိုင်းမှာတော့ အာဖရိကန်တွေရဲ့ အသားအရောင်ဟာ မူလကတည်းက ဒီလိုမည်းနက်တဲ့အရောင်ဖြစ်တယ် ဆိုတာကို လက်ခံသွားခဲ့ပါတယ်။ ကျန်းမာကြံ့ခိုင်ပြီး ထွားထွားကြိုင်းကြိုင်း နဲ့ မည်းနက်တဲ့အသားအရောင်ရှိတဲ့ ယာဆူခဲကို နိုဘူနာဂါ သဘောကျသွားခဲ့ပြီး သူ့ဆီမှာ အမှုထမ်းစေခဲ့ပါတယ်။

မှတ်တမ်းတခုထဲမှာတော့ ယာဆူခဲရဲ့ အရပ်ဟာ ၆ပေ ၂လက်မ ရှိတယ် လို့ ဖော်ပြထားပါတယ်။ ယာဆူခဲဟာ ဂျပန်စကားနည်းနည်းတတ်တာကြောင့် နိုဘူနာဂါနဲ့ ကိုယ်တိုင် ပြောဆိုဆက်သွယ်နိုင်တဲ့အပြင် သခင်ဖြစ်သူ ဘုန်းတော်ကြီး သင်ကြားပြသပေးထားတာကြောင့် ဂျပန်တို့ရဲ့ ရိုးရာယဉ်ကျေးမှု ကျင့်ဝတ်များနဲ့လည်း ရင်းနှီးထားသူဖြစ်ပါတယ်။

နိုဘူနာဂါဟာ ယာဆူခဲကို ဘူရှီဒိုခေါ် ကျင့်ဝတ်များအပြင် ဆာမူရိုင်းတို့ရဲ့ တိုက်ခိုက်ရေးပညာများကို သင်ကြားစေခဲ့ပါတယ်။ ဒီလိုနဲ့ ယာဆူခဲဟာ နိုဘူနာဂါရဲ့ တဦးတည်းသာ လူမည်းဆာမူရိုင်းဖြစ်လာခဲ့ပါတယ်။ နိုဘူနာဂါက သူ့ကို အိမ်တဆောင် နဲ့ ကာတာနာဓားတလက်တို့ကို ချီးမြှင့်ခဲ့ပါတယ်။

၁၅၈၂ Takeda clan ရဲ့နောက်ဆုံးလက်ကျန်အင်အားကို နှိမ်နှင်းခဲ့တဲ့ Tenmokuzan တိုက်ပွဲမှာတော့ ယာဆူခဲဟာ နိုဘူနာဂါရဲ့တပ်သားတယောက်အဖြစ် ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်တော့ နိုဘူနာဂါဟာ ယာဆူခဲကို သူ့ရဲ့အနီးကပ်တပ်သားအဖြစ် အမြဲတစေခေါ်သွားပါတော့တယ်။

ယာဆူခဲဟာလည်း လူမည်းတယောက်ဆိုပေမယ့် ဆာမူရိုင်းတို့ရဲ့ “သခင်တစ်ယောက်ကို အသက်ပေး၍ သစ္စာရှိခြင်း၊ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းသည် စစ်သူရဲတစ်ယောက်၏ ဂုဏ်သိက္ခာရှိသော အပြုအမူနှင့် လမ်းစဉ်” ဆိုတဲ့ ဘူရှီဒို သွေးဟာ သူ့ကိုယ်ထဲမှာ အမြစ်တွယ်နေခဲ့ပြီဖြစ်ပါတယ်။

၁၅၈၂ ခုနှစ် ဇွန်လမှာတော့ နိုဘူနာဂါဟာ သူ့တပ်တွေကို လူစုခွဲစေခဲ့ပြီး သူကိုယ်တိုင်ကတော့ ကျိုတိုမြို့က Honno-Ji ဘုရားကျောင်းမှာ အနားယူနေခဲ့ပါတယ်။ ဒီအချိန်မှာပဲ သူအားကိုးရတဲ့ စစ်သူကြီးတယောက်ဖြစ်သူ Akechi Mitsuhide ရဲ့ သစ္စာဖောက်ခြင်းကို ခံရပါတော့တယ်။

လုံခြုံရေးအနည်းငယ်သာ ရှိနေတဲ့အချိန်မှာ Akechi Mitsuhide က သူ့ရဲ့စစ်တပ်နဲ့ ဝိုင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အင်အားမမျှပေမယ့် ယာဆူခဲဟာ သခင်ဖြစ်သူအတွက် ကြိုးစားပြီး အစွမ်းကုန်တိုက်ခိုက်ပေးခဲ့ပါတယ်။ အဆမတန်အင်အားများနေတဲ့ ရန်သူရဲ့ဓားချက်နဲ့ မသေလိုတဲ့ နိုဘူနာဂါဟာ သူ့ကိုယ်သူ အဆုံးစီရင်သွားပါတော့တယ်။

နိုဘူနာဂါ အဆုံးစီရင်ပြီးပြီးချင်းမှာပဲ ယာဆူခဲဟာ ရန်သူ့လက်ကနေ အလွတ်ရုန်းကာ မြင်းတစီးနဲ့ Nijō နန်းတော်ကို အမြန်သွားခဲ့ပါတယ်။ ဒီလိုသွားရခြင်းကတော့ နန်းတော်မှာ နိုဘူနာဂါရဲ့ သားဖြစ်သူ နိုဘူတာဒါ ရှိနေပြီး စစ်သူကြီးသစ္စာဖောက်သွားတဲ့အကြောင်း သတင်းပို့မလို့ဖြစ်ပါတယ်။

ဒါပေမယ့် သူ နန်းတော်ကို ရောက်ပြီးပြီးချင်းမှာပဲ Akechi Mitsuhide တပ်တွေရောက်လာပြီး ဝိုင်းဝန်းတိုက်ခိုက်ကြတဲ့နောက်မှာ နိုဘူတာဒါဟာလည်း ဖခင်လိုပဲ သူ့ကိုယ်သူ အဆုံးစီရင်သွားပြန်ပါတယ်။

ယာဆူခဲ အနေနဲ့ ရန်သူတွေကို အစွမ်းကုန်တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အင်အားများလွန်းတာကြောင့် မတတ်နိုင်တော့ပဲ အဖမ်းခံခဲ့ရပြီး Akechi ထံ ပို့ဆောင်ခံခဲ့ရပါတယ်။

Akechi ကတော့ ယာဆူခဲဟာ ဂျပန်လူမျိုးတယောက်မဟုတ်တဲ့အပြင် သူကိုယ်တိုင်ကလည်း မနှစ်မြို့တာကြောင့် နောက်ဆုံးမှာတော့ ယာဆူခဲကို ကျိုတိုမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတကျောင်းကို ပို့ဆောင်စေလိုက်ပါတော့တယ်။

အဲဒီနောက်ပိုင်းမှာတော့ ယာဆူခဲအကြောင်း မှတ်တမ်းတစုံတရာမတွေ့တော့တဲ့အတွက် သူဘယ်ရောက်သွားကြောင်း ဘာတွေလုပ်ခဲ့ကြောင်းကိုတော့ ဘယ်သူမှ မသိနိုင်တော့ပါဘူး။

ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ သမိုင်းမှာတော့ လူမည်းတယောက်ဟာ သစ္စာစောင့်သိတဲ့ ဆာမူရိုင်းတယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းကိုတော့ အားလုံးအမှတ်ရနေဦးမှာဖြစ်ပါတယ်။

Crd,