Battle of Maymyo (မေမြို့တိုက်ပွဲကြီး ၁၇၆၈ ခုနှစ်)
တရုတ် Qing အင်ပါယာ ဟာ အင်း၀နေပြည်တော် ကို ဗဟိုပြုပြီး ကုန်းဘောင်မင်းဆက်ရဲ့ တတိယဘုရင် ဆင်ဖြူရှင်မင်း အုပ်ချုပ်တဲ့ မြန်မာနိုင်ငံကို ၁၇၆၅ ကနေ ၁၇၆၉ ထိ လေးကြိမ်တိုင်တိုင် ကျူးကျော် ခဲ့ပါတယ်။
မြန်မာတွေရဲ့ ခုခံမှု့ကြောင့် လေးကြိမ်စလုံး တစ်ကြိမ်မှ မအောင်မြင်ခဲ့ပါဘူး။ မြန်မာတွေများ အဲ့ဒီတုန်းက အရေးနိမ့်ခဲ့ရင် မြန်မာနိုင်ငံရဲ့ မြေပုံဟာ ခုချိန်မှာ လက်ရှိမြေပုံအတိုင်း ရှိမနေနိုင်ပါဘူး။ တရုတ်ရဲ့ ပြည်နယ်တစ်ခု အဖြစ်တောင်ရောက်ချင်ရောက်သွားနိုင်ပါတယ်။
တတိယအကြိမ် ကျူးကျော်စစ် (၁၇၆၇-၁၇၆၉) မှာဆိုရင် တရုတ်တပ်တွေဟာ အင်း၀နေပြည်တော် တစ်ဖက်ကမ်းကိုတောင် ရောက်နေပါပြီ။ တရုတ်-မြန်မာ စစ် ဖြစ်တဲ့အချိန်မှာ မြန်မာဘုရင့်တပ်တွေဟာ ယိုးဒယားနေပြည်တော် အယုဒ္ဓယ ကို သွားပြီးကျူးကျော်နေတဲ့အချိန် လည်းဖြစ်ပါတယ်။
အဲ့ဒီအချိန်တုန်းက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်အင်ပါယာ ကို ရင်ဆိုင်နေရတဲ့အချိန်မှာတောင် ဆင်ဖြူရှင်ဟာ ယိုးဒယား ရောက်နေတဲ့ မြန်မာတပ်တွေကို ပြန်မခေါ်ခဲ့ပါဘူး။
အံ့ဩစရာကောင်းစွာပဲ တရုတ်တပ်ကြီး အင်း၀တစ်ဖက်ကမ်း ရောက်နေတာကိုလည်း ဆင်ဖြူရှင်ဟာ မတုန်လှုပ်ပါဘူး။ “လိုအပ်ရင် ငါနဲ့ ငါ့ညီနောင် တွေကိုယ်တိုင် ထွက်တိုက်မယ်။” လို့တောင် မိန့် ပါသေးတယ်။ ဒါဟာ သတ္တိရှိတာထက် အခြေအနေ အတိမ်အနက်ကို မှန်မှန်ကန်ကန် မခန့်မှန်းနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တတိယကျူးကျော်စစ် မှာ တရုတ်ဧက္ကရာဇ် ချင်းလုံ ဟာ မန်ချူးစစ်သူကြီးလည်းဖြစ်၊ သူ့သားမတ်လည်းဖြစ်တဲ့ ယူနန်ပြည်နယ်ဘုရင်ခံ ဗိုလ်ချုပ် မင်းယွီ ကို မြန်မာစစ်ပွဲအတွက် သေနာပတိအဖြစ်ခန့်အပ် ခဲ့ပါတယ်။ မင်းယွီကို သေနာပတိအဖြစ်ခန့်အပ်လိုက်တာက ဒါဟာ မြန်မာ နဲ့ တရုတ် ရဲ့ နယ်ခြားစစ်ပွဲ အဆင့်လောက်မဟုတ်တော့ဘူး၊ ဘေဂျင်းဟာ မြန်မာကို သိမ်းပိုက်ဖို့ နိုင်ငံတော်အဆင့် ကိုင်တွယ်နေပြီဆိုတာ အချက်ပြလိုက်တာပါပဲ။
မင်းယွီရဲ့ စစ်တပ်ထဲမှာ တရုတ်မြောက်ဘက်က မွန်ဂိုတပ်သားတွေ၊ မန်ချူးတပ်သားတွေ၊ တိုင်ရှမ်း တပ်သားတွေ ပါဝင်ပါတယ်။ လမ်းတစ်လျှောက်က တရုတ်ပြည်နယ်တွေက ရိက္ခာထောက်ပံ့ဖို့ ကူညီကြပါတယ်။ တတိယကျူးကျော်စစ်မှာ တရုပ်စစ်တပ်ရဲ့ စုစုပေါင်းအင်အားဟာ ၅၀၀၀၀ လောက်ထိရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
အများစုကတော့ ခြေလျင်တပ်သားတွေပါ။ ထူထပ်မြင့်မားတဲ့ မြန်မာ့တောတောင် တွေကြောင့် ခြေလျင်တပ်သားတွေကိုပဲ အများဆုံးသုံးဖို့ ဆုံးဖြတ်ထားပုံရပါတယ်။ ဒီတစ်ကြိမ်မှာတော့ တရုတ်တပ်တွေဟာ ရောဂါဘယ ကိစ္စကို အထူးအလေးထားပုံရပါတယ်။ ဒါကြောင့် ဆောင်းတွင်းရောက်မှ စစ်ချီဖို့ ဆုံးဖြတ်ထားပါတယ်။
အဲ့ဒီချိန်မှာ ဗမာတွေဟာ အပေါ်မှာပြောခဲ့သလိုပဲ ယိုးဒယားကို သိမ်းပိုက်ဖို့ပဲ အသည်းအသန် လုံးပန်းနေခဲ့ပါတယ်။ ကမ္ဘာ ပေါ်မှာ အင်အားအကြီးဆုံး အင်ပါယာကြီးက ကိုယ့်နိုင်ငံကို သိမ်းပိုက်ဖို့ နိုင်ငံတော်အဆင့် ကိုင်တွယ်နေပြီဆိုတာကို ဂရုပြုမိပုံမရပါဘူး။ ၁၇၆၇ ဧပြီမှာတော့ ဗမာတွေဟာ အယုဒ္ဓယ နေပြည်တော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲ့လို အခြေအနေတွေကြောင့် တရုတ်-မြန်မာ တတိယကျူးကျော်စစ် စတဲ့ ၁၇၆၇ နိုဝင်ဘာ မှာ မြန်မာတပ်တွေဟာ တရုတ်တွေကို ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ဆိုရပါမယ်။ ဆင်ဖြူရှင်ဟာ တရုတ်-မြန်မာ ဒုတိယကျူးကျော်စစ်တုန်းကလိုပဲ မင်းကြီးမဟာစည်သူ ကို တရုတ် စစ်ပွဲအရပ်ရပ်ကို စီမံကွပ်ကဲဖို့ သေနာပတိအဖြစ်ခန့်အပ်ပါတယ်။
မဟာစည်သူက တပ်မကြီးကို ကွပ်ကဲပြီး မဟာသီဟသူရ နဲ့ နေမျိုးစည်သူ တို့က တပ်ခွဲနှစ်ခု ကို ကွပ်ကဲကြပါတယ်။ ဗလမင်းထင် ကတော့ ကောင်းတုံ ခံတပ်ကို ကာကွယ်ဖို့ တာဝန်ယူပါတယ်။ မြန်မာခံစစ်ရဲ့ အင်အားဟာ အားလုံးပေါင်း ၂၀၀၀၀ ထက် မပိုပါဘူး။
တရုတ်သေနာပတိ မင်းယွီဟာ မိုးတွင်းကုန်တာနဲ့ တပ်မကြီး နှစ်ခုနဲ့ အင်း၀ ကိုချီတက်ဖို့ ပြင်ဆင်ပါတယ်။ သူကိုယ်တိုင် ဦးစီးတဲ့ တရုတ်တပ်ကြီးဟာ သီန္နီ၊ လာရိူး၊ သီပေါ နမ္မတူမြစ်ကြောင်းတစ်လျှောက်ကနေ အင်း၀ နေပြည်တော် ကို ချီတက်ပါတယ်။ ဒုတိယ တရုတ် စစ်ကြောင်းကတော့ ဗန်းမော်၊ ကောင်းတုံ လမ်းကြောင်းကနေ ချီတက်ပါတယ်။
ရည်ရွယ်ချက် ကတော့ အင်း၀နေပြည်တော်ကို စစ်ကြောင်းနှစ်ကြောင်းနဲ့ ညှပ်ပြီး ဝန်းရံဖို့ ဖြစ်ပါတယ်။ စစ်ဗျူဟာ မှာ အဲ့လို စစ်ကြောင်းနှစ်ကြောင်းနဲ့ ညှပ် တိုက်ခိုက်တာကို Pincer Movement လို့ခေါ်ပြီး သမိုင်းမှာဆို ကသေ့ စစ်သူကြီး ဟန်နီဘော်၊ အာရဗ်စစ်သူကြီး ခါလစ်အီဗင်၀လီဒ် တို့ရဲ့ ဒီ ဗျူဟာကိုသုံးပြီး တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲတွေဟာ နာမည်ကြီးပါတယ်။
မြန်မာတွေရဲ့ ခံစစ်အကြံ ကတော့ ဗန်းမော်၊ ကောင်းတုံက ချီတက်လာမယ့် တရုတ်တပ်ကို နေမျိုးစည်သူဦးဆောင်တဲ့ ဗမာတပ်က ကောင်းတုံ ကနေ ဆီးကြို ခုခံမယ်၊ မင်းယွီရဲ့ တပ်ကိုတော့ မဟာစည်သူ နဲ့ မဟာသီဟသူရ တို့ ဦးဆောင်တဲ့ ဗမာတပ် နှစ်တပ်က အရှေ့မြောက်ဘက် ကနေ ဆီးကြို ခုခံကြဖို့ပါ။
အစပိုင်းမှာတော့ တတိယကျူးကျော်စစ်ဟာ တရုတ်တွေ စီမံထားတဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။ ၁၇၆၇ နိုဝင်ဘာမှာပဲ တရုတ်တပ်ဟာ ဗန်းမော် ခံတပ်ကို သိမ်းပိုက်နိုင်ပါတယ်။ ရှစ်ရက်အတွင်းမှာ မင်းယွီရဲ့ တပ်မကြီး က သိန္နီ နဲ့ သီပေါ ကို သိမ်းပိုက်နိုင်ပါတယ်။ မင်းယွီ ဟာ သိန္နီ ကို ရိက္ခာအထောက်အပံ့ စခန်းအဖြစ်သတ်မှတ်ပြီး တပ်သား ၅၀၀၀ ကို မြို့စောင့်တပ်အဖြစ်ထားခဲ့ပါတယ်။
သူကိုယ်တိုင်ကတော့ တပ်သား ၁၅၀၀၀ အင်အားရှိတဲ့ တပ်မကြီးကို ဦးဆောင်ပြီး အင်း၀ ကို ချီတက်ပါတယ်။ အင်း၀ကနေ ချီတက်လာတဲ့ ဗမာစစ်တပ်နဲ့ ဂုတ်ထိပ် မှာ ရင်ဆိုင်မိပြီး တတိယကျူးကျော်စစ်ရဲ့ ပထမဆုံး အဓိက တိုက်ပွဲကြီးဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ ဗမာတွေ အကြီးအကျယ် အရေးနိမ့် ခဲ့ပါတယ်။
ဂုတ်ထိပ် တိုက်ပွဲမှာ ဗမာတွေ အရေးမလှဖြစ်ရတဲ့ သတင်းဟာ အင်း၀ နေပြည်တော်ကို ရောက်သွားတော့မှ ဆင်ဖြူရှင်ဟာ အခြေအနေကို သဘောပေါက်သွားပုံရပါတယ်။ ယိုးဒယား ရောက်နေတဲ့ ဗမာတပ်တွေကို အပူတပြင်း ပြန်ခေါ်ပါတယ်။
ဂုတ်ထိပ် တိုက်ပွဲမှာ အောင်ပွဲရခဲ့တဲ့ မင်းယွီ တပ်ဟာ လမ်းတစ်လျှောက်က မြို့တွေကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်ပြီး ၁၇၆၈ အစ မှာတော့ အင်း၀ နေပြည်တော်ကနေ မိုင် ၃၀ ပဲ ဝေးတဲ့ စဉ့်ကူး ကိုရောက်လာပါတော့တယ်။ ဗမာတွေအတွက် တစ်ခုတည်းသော သတင်းကောင်းကတော့ ဧရာ၀တီ အတိုင်း ဆုန်ဆင်းလာမယ့် တရုတ်ရဲ့ ဒုတိယစစ်ကြောင်း ကို ဗမာတပ်တွေက ကောင်းတုံ မှာ ထိမ်းထားလိုက်နိုင်တာပါပဲ။
တရုတ်တပ်ကြီး စဉ့်ကူးထိ ရောက်လာပေမယ့် ဆင်ဖြူရှင်ဟာ မတုန်လှုပ်ပါဘူး။ မူးကြီးမတ်ရာ တွေက ပြေးဖို့ ပြောတာကိုလည်း လက်မခံပါဘူး။ စဉ့်ကူး မြို့ပြင်မှာ တပ်စွဲဖို့ စစ်တပ်တွေ စေလွှတ် ဖို့ သူကိုယ်တိုင် ကွပ်ကဲပါတယ်။
တရုတ်တွေရဲ့ ပြသနာတစ်ခု က မင်းယွီဟာ တပ်ဦးကျွံ နေတာပါ။ ရှေ့ဆက်ဖို့ အခက်အခဲရှိပါတယ်။ တရုတ် ရိက္ခာထောက်မြို့ဖြစ်တဲ့ သိန္နီဟာ မိုင်ပေါင်းများစွာဝေးပါတယ်။ မဟာသီဟသူရ ရဲ့ လက်ထောက် တိမ်ကြားမင်းခေါင် ဦးစီးတဲ့ ဗမာပြောက်ကျား တပ်တွေဟာ သိန္နီ ကနေ လာမယ့် ရိက္ခာလမ်းကြောင်းကို အကြီးအကျယ် ဒုက္ခပေးနေပါတယ်။
မင်းယွီအတွက် လုပ်လို့ရတာက ဗန်းမော် ကောင်းတုံ ကနေ လာမယ့် တရုတ်တပ်ကို စောင့်ဖို့ပါပဲ။ ဒါပေမယ့် ဒါက ဖြစ်မလာတော့ပါဘူး။ ဗန်းမော်၊ ကောင်းတုံ တရုတ်တပ်ဟာ ကောင်းတုံ ကို မကျော် နိုင်ပါဘူး။ မင်းယွီ က အထပ်ထပ် အမိန့်ပေးထားတဲ့ ကြားကနေ နောက်ဆုံးမှာ ဗန်းမော်၊ကောင်းတုံ တရုတ်တပ်ဟာ ယူနန် ကို ပြန်ဆုတ်သွားပါတယ်။ နောက်ပိုင်းမှာ ဗန်းမော်ကောင်းတုံ တရုတ်တပ်ရဲ့ ဗိုလ်ချုပ် ကို သူရဲဘောကြောင်မှု့ နဲ့ ကွပ်မျက် ဖို့ တရုတ်ဧက္ကရာဇ် ကိုယ်တိုင် အမိန့်ချခဲ့ပါတယ်။
အခြေအနေတွေက မင်းယွီ အတွက် ပိုဆိုးလာခဲ့ပါတယ်။ ၁၇၆၈ အစောပိုင်းမှာပဲ ယိုးဒယားရောက်နေတဲ့ တိုက်ပွဲအတွေ့အကြုံရင့်ကျက်နေပြီးသား ဗမာတပ်တွေ ဟာ တဖွဲဖွဲ ပြန်ရောက်လာပါပြီ။ မဟာသီဟသူရ နဲ့ နေမျိုးစည်သူ ဦးဆောင်တဲ့ ဗမာတပ်တွေကလည်း သိန္ဒီ ကို ပြန် သိမ်းပိုက်လိုက်နိုင်ပါပြီ။ စဉ့်ကူးမှာ တပ်စွဲထားတဲ့ မင်းယွီ ရဲ့ တရုတ်တပ်ကြီးဟာ ဘယ်ကမှ ရိက္ခာ အထောက်အပံ့ မရတော့ပါဘူး။ ခုဆိုရင် နွေခေါင်ခေါင် မတ်လ ကိုရောက်လာပါပြီ။
ဟိုးမြောက်ဘက် အေးခဲလှတဲ့ ရုရှားနယ်စပ်ကလာတဲ့ တရုတ်တပ်သားတွေဟာ ငှက်ဖျားရောဂါထူထပ်လှတဲ့ ပူပြင်းချောက်သွေ့လွန်းသော မြန်မာပြည်အလယ်ပိုင်း ရာသီဥတုကို ဘယ်လိုမှ မခံနိုင်ပါဘူး။ နောက်ဆုံးမှာတော့ အင်း၀ ကို ချီတက်မယ့် အစီအစဉ်ကို လုံး၀ ဖျက်လိုက်ရပြီး ကျန်တဲ့ တပ် နဲ့ ယူနန်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
၁၇၆၈ မတ်လ မှာပဲ မင်းယွီဟာ တရုတ်တပ်တွေကို ယူနန် ကို ဆုတ်ဖို့ စတင်ပါတယ်။ ခြေလျင်တပ်သား ၁၀၀၀၀၊ မြင်းစီးတပ်သား ၂၀၀၀ ပါဝင်တဲ့ ဗမာတပ် က ပြန်ဆုတ် မယ့် တရုတ်တပ် ကို ခြေမှုန်းဖို့ ပြင်ဆင်ပါတယ်။ ဗမာတွေဟာ တရုတ်တပ် ကိုလည်း နှစ်ဖက်ညှပ် တိုက်ဖို့ စီစဉ်ပါတယ်။ မဟာသီဟသူရ က အရပ်ရပ်ကို ကွပ်ကဲဖို့ တာဝန်ယူပါတယ်။
မဟာစည်သူ ဦးဆောင်တဲ့ တပ်ငယ် က တရုတ်တပ် ကို နောက်ကလိုက်တိုက်မယ်၊ မဟာသီဟသူရ ဦးဆောင်တဲ့ တပ်မ က တောတောင်တွေကို ဖြတ်ချီတပ်ပြီး တရုတ် တပ်ကို နောက်ကနေ ဝင်တိုက်ပြီး နှစ်ဖက်ညှပ် မိအောင် စီစဉ်ပါတယ်။ မဟာသီဟသူရ ရဲ့ တပ် နဲ့ မဟာစည်သူ ရဲ့ တပ်တွေဟာ အင်း၀ နေပြည်တော်နဲ့ မိုင်ငါးဆယ်အကွာ ယနေ့ ပြင်ဦးလွင် လို့ ခေါ်တဲ့ မေမြို့ နားမှာ တရုတ်တပ်တွေကို ရှေ့နောက် နှစ်ဖက်ညှပ် မိပါတယ်။
သုံးရက်ကြာတဲ့ မေမြို့ စစ်ပွဲ မှာ အင်း၀ တပ်တွေဟာ တရုတ်တပ် ကို မွမွကြေအောင် ခြေမှုန်းနိုင်ခဲ့ပါတယ်။ ဗမာတပ်သားတွေရဲ့ ဓားဟာ တရုတ်စစ်သား သွေးတွေနဲ့ စေးနေလို့ ချောပြီး ဓားရိုးကိုတောင် မြဲအောင် မကိုင်နိုင်တော့ဘူးလို့ ဆိုပါတယ်။ ၃၀၀၀၀ လောက် အင်အားရှိတဲ့ တရုတ်တပ်ဟာ ၂၅၀၀ ပဲ အသက်ရှင်ကျန်ခဲ့ပြီး အဖမ်းခံရပါတယ်။
ကျန်တဲ့ စစ်သားတွေကတော့ တိုက်ပွဲမှာကျတာရော၊ ရောဂါကြောင့်သေတာရော၊ အကွပ်မျက်ခံရတာရောနဲ့ အကုန်သေကုန်ပါတယ်။ မင်းယွီကိုယ်တိုင် တော့ တပ်သား နည်းနည်းလေးနဲ့ တိုက်ပွဲကို ဖောက်ထွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မင်းယွီဟာ သူ့ကိုယ်သူ ဆွဲကြိုးချပြီး သတ်သေသွားပါတယ်။ နောက်ဆုံးမှာတော့ တရုတ်တပ်သား ဒါဇင် အနည်းငယ်လောက်ပဲ လွတ်သွားပါတယ်။
Crd,ဝီကီပီးဒီးယား