အိမ်မှာ တောင်ပို့ပေါက်ရင် နိမိတ်ကောင်းလား? နိမိတ်ဆိုးလား…?

နေအိမ်အောက်မှာ တောင်ပို့ပေါက်တဲ့အခါ လူတွေက အိမ်ကို ဖျက်ဆီးမယ်ဆိုပြီး တူးထုတ်ပစ်တတ်ကြပါတယ်။ အချို့လူတွေကတော့ ကောင်းတဲ့နိမိတ်လို့ ယူဆကြပါတယ်။

ရာဇမတ် လေးဖက်လေးတန် ကာပြီး တံခွန်၊ ကုက္ကား၊ မုလေးပွားစိုက်၊ အမွှေးနံ့သာများ ပက်ဖျန်းကြတာလည်း ရှိပါသေးတယ်။

ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းပြီး ပူဇော်တတ်ကြပါတယ်။ အချို့ဆိုရင် အိမ်က ဆင့်တန်းဖြုတ်၊ ခင်းထားတဲ့ပျဉ် ခွာပြီးတဲ့အထိ ယုံယုံကြည်ကြည် ကိုးစားကြတာ တွေ့ရတယ်။

တစ်ခါက မိတ်ဆွေတစ်ယောက်က သူ့အိမ်အောက်မှာ တောင်ပို့ပေါက်လာလို့ ဖယ်ရမလား၊ ထားရမလား မေးဖူးပါတယ်။လူတော်တော်များများက တောင်ပို့ပေါက်တာ ကောင်းတယ် ကြီးပွားတိုးတက်လိမ့်မယ်လို့ ယူဆကြတာ များပါတယ်။

ဒါပေမယ့် ရှေးလူကြီးတွေ ပြောခဲ့တာကတော့ တောင်ပို့ပေါက်တယ်ဆိုတာ ကောင်းတာ ရှိသလို၊ မကောင်းတာလည်း ရှိတယ်လို့ ဆိုပါတယ်။ ရှေးလူကြီးတွေဟာ အကြားအမြင် ဗဟုသုတ များတာကြောင့် ကဗျာလင်္ကာနဲ့ စပ်ဆိုထားခဲ့တာမို့ မှတ်သားစရာ ဖော်ပြလိုက်ပါတယ်။

(၁) အရှေ့တောင်ခွင်၊ တောင်ပို့ထင်၊ မီးလျှင် လောင်တတ်စွ။

(၂) အနောက်ပေါက်ငြား၊ အောက်လူများ နာဖျား ဘေးဒဏ်ရ။

(၃) အနောက်တောင်တွင်၊ တောင်ပို့မြင်၊ သူလျှင် ခိုးတတ်လှ။

(၄) ကျန်ငါးရပ်မှာ၊ ပေါက်ရောက်လာ၊ မှန်စွာ ချမ်းကြည်မြ။

(၅) မကောင်းရပ်နေ၊ ပေါက်လာပေ၊ ရွှေရည်လောင်း လေကြ။

ဤသို့ယတြာ ၊ ပြုသောခါ ၊ ရောဂါရန်ကွယ်ပ။ ။

အဋ္ဌလဂ်ခွင်အရ အရပ်ရှစ်ပါးရှိတာမှာ (၁) အရှေ့မြောက်အရပ်၊ (၂) အရှေ့အရပ်၊ (၃) အရှေ့တောင်အရပ်၊ (၄) တောင်အရပ်၊

(၅) အနောက်တောင်အရပ်၊ (၆) အနောက်အရပ်၊ (၇) အနောက်မြောက်အရပ်၊ (၈) မြောက်အရပ်လို့ ရှိပါတယ်။

အိမ်အတွင်း၊ ခြံဝင်းအတွင်း တောင်ပို့ပေါက်တဲ့အရပ်ဟာ ဘယ်အရပ်ဆိုတာကို တိတိကျကျ သိဖို့လိုတယ်။

?…ရှေးလူကြီးသူမတို့ မိန့်ဆိုခဲ့တဲ့ ကဗျာလင်္ကာအရ

တောင်ပို့ပေါက်တဲ့အရပ်ဟာ အရှေ့တောင် ထောင့်အရပ်ဖြစ်ရင် အိမ်ကို မီးလောင်တတ်တယ်။

အနောက်အရပ်ဖြစ်ရင် လူငယ်လူရွယ်တွေ နာဖျားတတ်တယ်။ ဘေးရန်သင့်တတ်တယ်။

အနောက်တောင်အရပ်ဖြစ်ရင် နေအိမ်မှာ သူခိုးခိုးခံ ရတတ်တယ်။

ကျန်တဲ့ အရပ်ငါးမျိုးမှာ တောင်ပို့ပေါက်ရင် စည်းစိမ်ဥစ္စာ ကြီးပွားတိုးတက်ချမ်းသာမယ်လို ဆိုတယ်။

မကောင်းတဲ့ အရပ်မှာ တောင်ပို့ပေါက်ရင် ဘယ်လိုလုပ်ရမလဲ ရှေးဗေဒကဝိတို့က ယတြာထားခဲ့ကြတယ်။ ယတြာကတော့ မိမိအိမ်သောက်ရေအိုးထဲကရေကို ခပ်ပြီး ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းပြီး ပေါက်လာသည့်တောင်ပို့ပေါ်ကို နောက်ပြန်လောင်းရမယ်။

နေအိမ် (ဒါမှမဟုတ်) ခြံဝင်းထဲမှာ တောင်ပို့ပေါက်ရင် အမှုမဲ့အမှတ်မဲ့ မနေဘဲ ကောင်းကျိုးလား၊ မကောင်းကျိုးလား ဆိုတာကို အထက်ပါအတိုင်း လင်္ကာအရဆန်းစစ်ကာ မကောင်းကျိုးဖြစ်ပါက ယတြာချေရုံသာ ရှိပါတယ် ။ ။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်