ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင် ကိုးမြွှာပူးကလေးလေးတို့ရဲ့ ပထမဆုံးမွေးနေ့ပွဲလေး

ကမ္ဘာ့နာမည်ကျော် မာလီနိုင်ငံက ကိုးမြွှာပူး ကလေးလေးတွေရဲ့ ပထမဆုံးမွေးနေ့ပွဲကို ၂၀၂၂ မေလ ၄ ရက်နေ့မှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

ကိုးမြွှာပူးကလေးလေးတွေကို ၂၀၂၁ မေလ ၄ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ တစ်ကြိမ်တည်းနဲ့ ကလေး အများဆုံးမွေးဖွားနိုင်ပြီး အားလုံး အသက်ရှင်နေတဲ့အတွက် ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခင် စံချိန်ကိုတော့ ၂၀၀၉မှာ “ရှစ်မြွှာပူးမေမေ” လို့ သိထားကြတဲ့ နာဒယာ ဆူလ်မန် က ကလေးရှစ်ယောက်ကို မွေးဖွားခဲ့ပြီး မှတ်တမ်းတင်နိုင်ခဲ့တာပါ။

“သူတို့အားလုံး လေးဘက်သွားနေကြပြီ” လို့ သူတို့ရဲ့အဖေ အက်ဘ်ဒယ်ကာဒါ အာဘီ က ဘီဘီစီကို ပြောခဲ့ပါတယ်။ ” တချို့ကတော့ ထိုင်တတ်နေပြီ ပြီးတော့ တစ်ခုခုကိုကိုင်ထားပြီး လမ်းတောင်လျှောက်တတ်နေကြပြီ ” လို့ ဆိုထားပါတယ်။

” ဒါဟာ မလွယ်ကူပါဘူး ” သူကိုယ်တိုင် ဝန်ခံပြောဆိုထားပေမယ့်လည်း အက်ဘ်ဒယ်ကာဒါက ကလေးတွေအားလုံး ကျန်းမာရေးကောင်းမွန်တာ မြင်ရတော့ ပျော်ရွှင်နေပါတယ်။

စံချိန်ချိုးထားတဲ့ ကလေးငယ်လေးတွေဟာ သူတို့ရဲ့ အသက် ၂၆နှစ်အရွယ်အမေ ဟေလ်မ ဆစ်စီ နဲ့အတူ မွေးစထဲက မိုရိုကိုက ဆေးခန်းမှာ စောင့်ရှောက်မှု ခံယူနေဆဲပါ။

သူတို့ဟာ ဆေးခန်းအပိုင် အထူးတည်ဆောက်ထားတဲ့ တိုက်ခန်းမှာနေနေပြီး သူနာပြုတွေကလည်း မစ္စဆစ်စီနဲ့ သူ့ကလေးကိုးယောက်ကို ကူညီစောင့်ရှောက်ပေးပါတယ်။

ကလေးတွေအားလုံးကို လိုအပ်တဲ့ အာဟာရပမာဏ ပြည့်ပြည့်၀၀ ရအောင်လည်း အစားအသောက် ကြပ်မတ်ထားရပါတယ်။

မွေးနေ့ပွဲကျင်းပဖို့အတွက်တော့ မိသားစုလေးဟာ သူနာပြုအချို့ရယ် သူတို့တိုက်ရဲ့ အနီးပတ်ဝန်းကျင်ကလူတွေရယ်ကို ဖိတ်ပြီး ပါတီအသေးစားလေး ကျင်းပခဲ့ပါတယ်။ ကိုးမြွှာပူးကိုယ်ဝန်ဟာ အင်မတန်မှ ရှားပါးလှပါတယ်။

မစ္စဆစ်စီရဲ့ ကလေးတွေ မွေးမလာခင်အထိကို တစ်ကြိမ်တည်းနဲ့ ကိုးမြွှာပူးမွေးဖွားပြီး နာရီပိုင်းထက်ကြာအောင် အသက်ရှင်တဲ့ မှတ်တမ်းဆိုတာ မရှိခဲ့ဖူးပါဘူး။

မိန်းကလေးငါးယောက် ဖြစ်တဲ့ (အာဒမာ၊ အူမူ၊ ဟာဝါ၊ ကာဒီဒါ နဲ့ ဖာတူမာ) ပြီးတော့ ယောက်ျားလေးတွေဖြစ်တဲ့ ( အူမာ၊ အယ်လ်ဟက်ဒ်၊ ဘာဟ်နဲ့ မိုဟာမက်) တို့ကို မစ္စ ဆစ်စီရဲ့ ကိုယ်ဝန် အပတ်(၃၀) ၂၀၂၁ မေလ ၄ရက်နေ့မှာ လမစေ့ဘဲ ခွဲမွေးခဲ့ရပါတယ်။ သူတို့ဟာ တစ်ယောက်ကို ၅၀၀ g ကနေ ၁ kg (၁.၁ – ၂.၂ ပေါင်) ပဲ ရှိကြပါတယ်။

အစပိုင်းမှာတော့ မာလီနိုင်ငံက ဆရာဝန်တွေက မစ္စ ဆစ်စီက ခုနှစ်မြွှာပူးကိုယ်ဝန်ကို လွယ်ထားရတယ်လို့ ထင်ခဲ့ပေမယ့် မာလီနိုင်ငံ အစိုးရက သူ့ကို မိုရိုကိုက အန်ဘော်ဂျာ ဆေးခန်းကို လွှတ်ပြီး အထူးကုသမှု ခံယူခိုင်းပြီးတဲ့နောက်မှာတော့ နောက်ထပ်ကလေးနှစ်ယောက်ကို ထပ်ပြီး တွေ့ရှိခဲ့ပါတယ်။

မွေးပြီးမကြာခင်မှာဘဲ မာလီနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖန်တာ ဆစ်ဘီက ကလေးတွေရောအမေပါ ကျန်းမာကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ အသက်ရှင်နိုင်အောင် ကလေးတွေကို ချက်ချင်းပဲ ဖန်ပေါင်းချောင်ထဲကို ပြောင်းရွှေ့ခဲ့ပြီး ဆေးခန်းရဲ့ မွေးကင်းစကလေး အထူးကုဆရာဝန် ကာလီ မာဆက်ဖ်ကိုယ်တိုင် ခေါင်းဆောင်ပြီး လအတော်ကြာ စောင့်ရှောက်မှုပေးခဲ့ပါတယ်။

အမျိုးသားဖြစ်သူ အက်ဘ်ဒယ်ကာဒါကတော့ မာလီနိုင်ငံရေတပ်က သင်္ဘောသားတစ်ယောက်ဖြစ်ပီး ကလေးမီးဖွားနေချိန်အတွင်းမှာ ဆောင်ဒါလို့ခေါ်တဲ့ သုံးနှစ်အရွယ်သမီးလေးကို စောင့်ရှောက်ဖို့ မာလီနိုင်ငံမှာပဲ နေခဲ့ရပါတယ်။

၂၀၂၁ အောက်တိုဘာမှာတော့ သူဟာ သူ့မိသားစုနဲ့ ပြန်လည် တွေ့ဆုံခွင့်ရခဲ့ပြီး ကျန်းမာတဲ့ ကလေးလေးတွေရဲ့ ပထမဆုံးပုံကို တင်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ကလေးတွေအားလုံးက နေကောင်းပြီး စောင့်ရှောက်ရတာ ပျော်စရာကောင်းပါတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

ကလေးအများကြီး မွေးဖွားမှုရယ် လမစေ့ပဲ မီးဖွားခဲ့ရတာရယ်ကြောင့် ကလေးတွေကိုတော့ သူတို့ရဲ့ ဖွံ့ဖြိုးမှုကို စောင့်ကြည့်နိုင်မယ့် ဆေးခန်းရဲ့ စောင့်ရှောက်မှုအောက်မှာပဲ အခုအချိန်ထိ ထားနေရတုန်းပါတဲ့ ။

Crd,