တစ်ချိန်က လူသားစားဘုန်းကြီး ဦးလာဘအကြောင်း တစေ့တစောင်း

ဦးလာဘဆိုတာနဲ့ အခုချိန်မှာ လူသားစားတဲ့ဘုန်းကြီးပဲ ဆိုပြီးဦးနောက်ထဲ ပြေးဝင်လာလိမ့်မယ်ထင်တယ်။ အခုဒီစာမှာ ဦးလာဘ အမှန်တကယ် လူသားစား၊ မစားဆိုတာထက် အခုချိန်ထိ တရား ဝင် တည်ရှိနေသေးတဲ့ တရားရုံးရောက်အမှုဖြစ်စဉ်နဲ့ကြားဖူး၊ ဖတ်ဖူးထားတဲ့အခြင်းအရာတွေကိုအဓိကထားရေးသားမှာဖြစ်တယ်။

(မူကွဲ ၁)

၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့၌ နာမည်ကျော်ဦးလာဘဆိုသည်မှာ တကယ်ရှိခဲ့ပါသည်။ သင်္ကန်း ဝတ်ထားပေမယ့်ဘုန်းကြီးဟု ပြောဖို့ခက်ခဲပါတယ်။ သူရဲ့ကျောင်းတည်နေရာမှာ ယခု တောင် ဥက္ကလာပမြို့နယ်၊ ပါရမီလမ်း မဘေးက(၂)ဝိုင်းတို့(၃)ဝိုင်းတို့ဆိုပြီး အခုခေါ်နေကြတဲ့ ဘုန်းကြီး ကျောင်းတွေ အများကြီးရှိတဲ့နေရာမှာပါ။

အဲ့ဒီကာလတုန်းကတော့ အခုလိုလူနေအိမ်ခြေ မရှိ သေးဘဲ မြို့အစွန်အဖျားလိုဖြစ်နေခဲ့တာပေါ့။ အဲဒီထဲမှာ ဦးလာဘရဲ့ကျောင်းလဲတစ်ကျောင်း အပါ အဝင်ပေါ့။ဦးလာဘရဲ့ကျောင်းမှာ သူရဲ့မိန်းမနဲ့သားဖြစ်သူတို့ပါ အတူနေကြပါတယ်။ သားဖြစ်သူက ဦးလာဘအတွက် ဒိုင်ခံလူသတ်ပေးပြီး မိန်းမဖြစ်သူကတော့ သူစားဖို့အတွက် ပြင်ဆင်ချက်ပြုတ်ပေးပါ တယ်။

ဦးလာဘရဲ့လူသားစားဇာတ်လမ်းကြီး ပေါ်ပေါက်လာရတာကတော့ ဘုန်းကြီး ကျောင်းရဲ့ ဘေးဘက်တစ်နေရာမှာ မြေကွက်လေးရှိတယ်။ အဲဒီနားဝန်းကျင်က ဘုန်းကြီးကျောင်းသားလေး တွေ ညနေဆို ခြင်းခတ်ကြပါတယ်။ တစ်နေ့ညနေ ခြင်းခတ်နေရင်း ကျောင်းသားတစ်ယောက် ခြင်းခတ်လိုက်တာ ခြင်းလုံးကဦးလာဘရဲ့ ဘုန်းကြီးကျောင်းထဲဝင်သွားတယ်။ သွားကောက်တဲ့ ကျောင်းသားလေးလည်း အချိန်အတော်ကြာတဲ့အထိ ပြန်ထွက်မလာတော့ဘူးတဲ့။

တစ်နေ့တစ်နေ့ အဲ့ဒီပတ်ဝန်းကျင်မှာ လူပျောက်မှုတွေ များလာတယ်။ စုံစမ်းလိုက်တဲ့အခါ အများစုက အဲ့ဒီဘုန်းကြီး ကျောင်းတွေနားတဝိုက်မှာ နောက်ဆုံးမြင်လိုက်ရတာကြီးပဲ ဖြစ်ဖြစ်နေတယ်။ သဲလွန်စလဲမရ သတင်းအစအနလဲမရဖြစ်နေပေမယ့် ဒီနားကဘုန်းကြီးကျောင်းတွေနဲ့ ပတ်သတ်မှု တစ်ခုခုရှိမယ်ဆိုပြီး အဲ့ဒီနားတဝိုက်ကို အမြဲတမ်းစောင့်ကြည့် နေခဲ့ပါတယ်။

ဒီလိုနဲ့အမှုပေါ်မယ့်နေ့မှာ လူငယ်တစ်ယောက်ဟာ ဦးလာဘရဲ့ကျောင်းကို ညနေစောင်းလောက် အချိန်မှာ ရောက်လာခဲ့ပါတယ်။ သူပြန်မယ့် အချိန်ကျတော့ ဦးလာဘရဲ့ကျောင်းထဲကအထွက်မှာ ဦးလာဘရဲ့သားဖြစ်သူက အနောက်ကနေ ဓားနဲ့ခုတ်ပါတယ်။

ကံကောင်းစွာနဲ့လူငယ်ကို ချက် ကောင်းမခုတ်မိတာကြောင့် အဲ့ဒီလူငယ်ဟာ သွေးသံရဲရဲနဲ့ ဘုန်းကြီး ကျောင်းဝင်းထဲက ပြေးထွက် ခဲ့ပါတယ်။ အဲ့ဒီမှာပဲအဆင်သင့် စောင့်ကြည့်နေ တဲ့ သက်ဆိုင်ရာတွေရော ပတ်ဝန်းကျင်ကပါ ရောက်ရှိလာပြီး အကျိုးအ ကြောင်းမေးတော့ ဘာရန်စမှမရှိဘဲ ဦးလာဘရဲ့သားဖြစ်သူက ဓားနဲ့ ခုတ်တဲ့အကြောင်းသိရတာမို့ ဦးလာဘရဲ့ကျောင်းကို ဝင်ရောက်စစ်ဆေး ကြပါတယ်။

ကျောင်းထဲကို ဝင်စစ်တဲ့အခါမှာ ရာဝင်အိုးကြီးထဲမှာ ခုတ်ဖြတ်ဆေးစိမ်(သို့) အချဉ်စိမ်ထားတဲ့ လူ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုတွေ့ရှိကာ ဦးလာဘရဲ့ ကြောက်မက်ဖွယ်ဇာတ်လမ်းကို ဖော် ထုတ်ကာ ဇာတ်သိမ်းလိုက်နိုင်ပါတယ်။ ရက်သတ္တပါတ်များစွာ စစ်ဆေးပြီးတဲ့နောက်မှာ ဦးလာဘ ကို သေဒဏ် ချမှတ်ခဲ့ပါတယ်။

စစ်ဆေးပြီးတဲ့အခါမှာ ဦးလာဘဟာ လူသားစားပြီး ကျင့်ကြံရတဲ့ ကျင့်စဉ်တစ်ခုကို ကျင့်နေကြောင်း၊ ထိုကျင့်စဉ်ကိုလူတစ်ချို့က ပေါရိသာဒ ကျင့်စဉ်ဟုခေါ် ကြောင်း၊ သူက ရှင်အဇ္ဇဂေါဏတို့လို ဝိဇ္ဇာ တစ်ဦးဖြစ်ချင်တာပါ။

သူဟာ ယတြာ၊ ဓာတ်ခန်း၊ ဓာတ် ရိုက်ဓာတ်ဆင် လည်းနှံ့စပ်တဲ့ ဘုန်းကြီးတစ်ဦးပါ။ လူသားစားတဲ့နေရာမှာလည်း ပြီးစလွယ် အ လွယ်စားတာမဟုတ်ဘူး။ ဂါထာ၊ မန္တန်တွေရွက်ပြီး သူ့နေ့နံနဲ့သူစားတာပါ။ အောင်မြင် သွားရင်တော့ သူ့အတွက် အရမ်းကိုအကျိုးများစေမှာပါ။ တချို့ကလည်း မြေမနင်းသားစားတယ်လို့ ဆိုပါတယ်။ အယောက်တစ်ရာပြည့်ရင် မြေလျှိုးမိုးပျံနိုင်တယ်လို့ဆိုပါတယ်။

နောက်ထပ်လူသားအနည်းငယ် စားပြီးတဲ့အခါမှာ သူ့ရဲ့ကျင့်စဉ်က ပြီးမြောက်တော့မှာ ဖြစ်တဲ့အကြောင်း၊ လူသားစားတဲ့အခါမှာ လည်း နေ့သင့်နံသင့်သားတွေကို ရက်အလိုက် စားရတာဖြစ် ကြောင်း၊ အခင်းဖြစ်တဲ့ရက်က နေ့သင့် နံသင့်လူသားစားရန် လက်ကျန်မရှိတော့တဲ့အချိန်မှာ ကျောင်းကိုလာနေကျ လူငယ်ဟာ နေ့နံသင့် တာမို့ သတ်ရန်အကြံအစည်မရှိဘဲ သတ်ခိုင်းခဲ့တာဖြစ်ကြောင်း ဖြောင့်ချက်ပေးပြောဆိုခဲ့ပါတော့ တယ်…။

(မူကွဲ ၂)

ဦးလာဘစားဖို့အတွက် လူသေအသားတွေကိုသူ့တပည့်မောင်ငယ်ကသင်္ချိုင်းမှာရှာပေးရတယ်။ နောက်ပိုင်းရှာရတာအဆင်မပြေတော့ဘုန်းကြီးကျောင်းဝင်းထဲကိုလာတဲ့သူကိုသတ်၊အသားကိုယူကာအချဉ်စိမ်စားပါတယ်။ အရိုးကိုတော့ မြေကြီးနက်နက်တူးပြီး ခြေရာ လက်ရာ ဖျောက်ပစ်တယ်။ နောက်ပိုင်း မောင်ငယ်ကို ဦးလာဘက သတ်စားဖို့ကြံစည်တယ်။ အာ့ကိုမောင်ငယ်ကသိပြီး သက်ဆိုင် ရာမှာ သွားရောက်တိုင်တန်းပြီ းဖြောင့်ချက်ပေးတယ်။ အဲ့လိုနဲ့အဖမ်းခံရကြတယ်။ အပြစ်ပေးမှုတွေ ပေါ်ပေါက်လာတယ်။ အာ့ကနောက်ထပ်မူကွဲတစ်ခု။

(မူကွဲ ၃)

ယခုအပိုဒ်တွင်ဖော်ပြသောစာကို (ဘာသာရေးအလွဲသုံးစားလုပ်မှု)ဟူသော ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)မှ နည်းနည်းကလေး ကောက်နှုတ်ထားသည်။ အတိအကျသိချင်ရင်တော့ ထိုဆောင်းပါးကိုဖတ်ရှု့နိုင်ပါသည်။

တော်လှန်ရေးတွေ၊စည်းရုံးရေးတွေမှာ သံဃာတွေကလည်းဦးဆောင်ဦးရွက် ပါဝင်ထမ်းဆောင်ခဲ့ကြသလို၊ သံဃာအဖွဲ့အစည်းကြီးလည်းကျယ်ပြန့်လာတယ်။ ပြည်သူဆန္ဒနဲ့တူညီပြီး ဒီမိုကရေစီလိုချင်တဲ့သံဃာတွေကို အုပ်ချုပ်ရေးပိုင်းက ဖိနှပ်ဖို့အတွက် သံဃာလောကကို သိက္ခာချရန်အတွက်ကြံစည်ခြင်းဖြစ်နိုင်ကြောင်း ထိုဆောင်းပါးမှာတွေ့ရမှာဖြစ်တယ်။ ရှေးယခင်သမိုင်းကြောင်းမှာလည်း ဘုရင်တွေကသာသနာရေးမှာ ဝင်ရောက်စွတ်ဖတ်ခြင်းမျိုးရှိခဲ့ကြောင်းကိုလည်း အောက်ပါအတိုင်းတွေ့ရမှာဖြစ်တယ်။

“ဘုရင်ကလည်း ဘာသာရေးမှာ စွက်ဖက်လေ့ရှိတယ်။ ဘုရား၊ တရား၊ သံဃာကို ရိုသေလေးစားတဲ့ မင်းတုန်းမင်းဟာ သံဃာ့အရေးကိစ္စမှာ ဝင်ရောက်စွက်ဖက်လေ့ရှိပြီး သံဃာကလည်း ရှင်ဘုရင်လှူဒါန်းတာကို စား သောက် နေရတော့ စွက်ဖက်ခွင့် ပေးထားတယ်။

ဘုရင်စွက်ဖက်တာကို လက်မခံဘဲဝေဖန်တဲ့ သုဓမ္မာရဟန်းဆိုလို့ အဲဒီခေတ်ကဗန်းမော်ဆရာတော် ဦးပဏ္ဍိတ တပါးပဲ ရှိတယ်။ ဘုရင်ကကျွေးမွေးလှူဒါန်းတာကို ငြိမ်စားနေပြီး ဘုရင်လုပ်သမျှခံနေတဲ့ သုဓမ္မာသံဃာတွေကို ဗန်းမော်ဆရာ တော်က ဝေဖန်ရှုတ်ချတယ်။

ဒီသတင်းကို မင်းတုန်းမင်းကြားသွားတော့စိတ်ဆိုးပေမယ့် ဗန်းမော်ဆရာတော်ကို ပြောရမှာကလည်းမဝံ့မရဲဖြစ်နေတာကြောင့် ဆရာတော်အနေနဲ့ဝေဖန်ရင်သတိထားဝေဖန်ဖို့ ယဉ်ကျေးစွာ ရာဇသံပေးတယ်။ မိန်းမအများအပြား ယူထားတဲ့ဘုရင်က ဘုန်းကြီးကိုဆုံးမလို့ ဗန်းမော်ဆရာတော်က ဒေါသထွက်ပြီး

တောင် (၂) လုံးကြားမှာ တရားကျင့်နေတဲ့ လူကို ပေါင် (၂) လုံးကြားက လူက အကြံဉာဏ်ပေးစရာ မလိုဘူးလို့ ပြောချလိုက်တယ်။ သံဃာကိစ္စမှာ ဘုရင်စွက်ဖက်စရာ မလိုဘူးလို့ ဗန်းမော်ဆရာတော်က ယူဆတယ်။ မင်းတုန်းမင်းက ဘုရား၊ တရား၊ သံဃာကို အင်မတန်ရိုသေကိုင်းရှိုင်းသူဖြစ်တဲ့အတွက် သံဃာ့ကိစ္စမှာ ကောင်းစေချင်တဲ့ ရည်ရွယ်ချက် ရှိမှာဖြစ်ပေမယ့် သံဃာ့ကိစ္စမှာ လူက စွက်ဖက်တာကို ဗန်းမော်ဆရာတော်က လက်မခံနိုင်တာပါ။

နောက်ဆုံးတော့ မင်းတုန်းမင်းက ဗန်းမော်ဆရာတော်ကို တောင်းပန်တယ်။” ထိုကဲ့သို့အပြင် အခြားအခြင် းအရာတွေကြောင့်ကို အကြောင် းပြုပြီး ဦးလာဘကို လူသတ်မှု၊ လူသားစားတယ်ဆိုပြီးတရားစွဲလိုက်တာဖြစ်နိုင်တယ်လို့လည်း တွေ့ရတယ်။

အဲ့တော့မူကွဲနေတာလေးတွေ၊ ဝေဖန်ချက်တွေရောကိုအများအပြားရှိနေတာကိုတွေ့ရတယ်။ အခုထပ်ပြီးပြောချင်တာက အမှန်တကယ်တရားရုံးမှာ တရားစွဲခံရတဲ့အခါမှာမောင်ငယ်တွေ၊ခြင်းသမားတွေမပါတဲ့ လူသတ်မှုတစ်ခုကိုထပ်ပြီးမြင်တွေ့ရမှာဖြစ်တယ်။ မူကွဲ ၄ ဟုပဲခေါ်ရမလား။

ဦးလာဘ အမှန်တကယ် တရားစွဲခံရသော အမှုဖြစ်စဉ်

ဦးလာဘရဲ့ အမှုဖြစ်စဉ်ကိုကျတော့ ရေးသားဖော်ပြသူဟာ အနည်းသာရှိပါတယ်။ ထိုအမှုဖြစ်စဉ်ကို အကျဉ်းချုပ်ဖော်ပြပါမယ်။ စီရင်ထုံးဖွဲ့ထားသော ဦးလာဘတို့၏အမှုမှာ ဦးလာဘ (ခ) ဦးရွှေမြိုင်ပါ(၃)နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊၁၉၇၉ ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံး၊စာမျက်နှာ-၁၃၈ အမှုဖြစ်တယ်။အသေးစိတ်သိချင်ရင်လည်း ၁၉၇၉ ခုနှစ်တရားစီရင်ထုံးမှာ ဖတ်ရှုနိုင်ပါသေးတယ်။

ဦးလာဘဟာ တောင်ဥက္ကလာပ(၅)ရပ်ကွက် အမှတ်(၃) ကျောင်းအတွင်းရှိ သီရိမင်္ဂလာကံပေါ်ကျောင်းရဲ့ကျောင်းထိုင်ဖြစ်တယ်။ ဦးလာဘက ထိုကျောင်းအဝန်းထဲမှာပဲ မတင်လှနှင့် ဒေါ်အေးကျင်တို့မိသားစုကို နေခွင့်ပေးထားတယ်။ ဒေါ်အေးကျင်ဟာ အမှုစစ်တော့ တရားလိုဘက်မှသက်သေဖြစ်လာတယ်။ မတင်လှမှာသားသမီးရှိတယ်။ လှမြင့်လည်းအပါအဝင်ဖြစ်တယ်။

လှမြင့်ရဲ့သူငယ်ချင်းမိုးကျော်ဟာ လှမြင့်နေထိုင်ရာ ကျောင်းဝန်းထဲကအခန်းကို အမြဲဝင်ထွက်သွားလာနေကြဖြစ်တယ်။ တစ်နေ့မှာထိုသို့ဝင်ထွက်ရင်း လှမြင့်၏ညီမဖြစ်သူမညိုကို စော်ကားဖို့ကြံသည်တာ အထမမြောက်ခဲ့ဘူး။ အဲ့လိုကြံစည်တာကြောင့် နှမထိဓားကြည့်ဆိုတဲ့အတိုင်း လှမြင့် အခဲမကျေအငြိုးထားခဲ့တယ်။ အဲ့လိုနဲ့ အခွင့်အရေးကကြုံလာတယ်။

၁၉၇၇၊ ဩဂုတ်လ ၆ နာရီခွဲလောက်မှာ မိုးကျော်ကလှမြင့်အခန်းမှာလာအိပ်တယ်။ လှမြင့်က ရဲဒင်းနဲ့ခုတ်သတ်လိုက်ရော။ ပြီးမှအသားတွေခုတ်ထစ်ပြီး အိုးနဲ့ထည့်ကာ ကျောင်းပေါ်ပို့တယ်။ ပစ်စရာပစ်၊မြှုပ်စကာမြှုပ်တယ်။ တရားစွဲဖို့စုံစမ်းစစ်ဆေးကြတော့ မိုးကျော်ကိုယ်က မြုပ်ထားတဲ့ အပိုင်း အစတွေကို သိမ်းဆည်းရမိတယ်။ သူတစ်ယောက်တည်း သတ်တာဖြစ်ကြောင်း ပြောတယ်။

ဒါပေမယ့် အခြားအထောက်အထားတွေအရ ဦးလာဘ(ခ)ဦးရွှေမြိုင်၊ မတင်လှ၊နဲ့ မောင်လှမြင့်ကို ရာဇသတ်ကြီးပုဒ်မ -၃၀၂(၁)(ခ)/၃၄ အရ တရားစွဲလိုက်တယ်။လူသတ်ရန်ကြိုတင်ပြင်ဆင်ကြံရွယ်ပြီးမှ အကြံတူသတ်ကြတယ်ဆိုပြီးတော့ပေါ့။ အမှုနံပါတ်က ၁၂၁၉/၇၇ဖြစ်တယ်။ ၇၇ဆိုတာက ၁၉၇၇ ခုနှစ်ကိုပြောတာပါ။

တရားရုံးမှာလည်း အထက်ကလိုပဲ လှမြင့်က သူပဲသတ်တာ ကျန်တဲ့သူတွေနဲ့မဆိုင်ဘူးလို့ထွက်တယ်။ ကျန်တဲ့သူတွေကလည်း သူတို့နဲ့မဆိုင်ကြောင်းပြောတယ်။ တယောက်ပဲခံပြီး ကျန်၂ယောက်ကိုလွတ်စေရန် ရည်ရွယ်ချက်ဖြစ်မယ်။ ဒါဆိုဘာလို့ အကုန်လုံးကိုအပြစ်ပေးလိုက်ရသလဲဆိုတဲ့ အချက်မေးစရာဖြစ်လာတယ်။ စစ်ဆေးပေါ်ပေါက်ချက်တွေအရ မငြင်းနိုင်တဲ့နှုတ်သက်သေခံချက်နဲ့ သက်သေခံပစ္စည်းတွေကြောင့်ဖြစ်တယ်။

ဦးလာဘနှင့်မတင်လှငြိစွန်းချက်

မိုးကျော် ကျောင်းကို ခဏခဏလာတာက စုံစမ်းထောက် လှမ်းရန် ဖြစ်သည်ထင်၍သတ်ရမည်ဖြစ်ကြောင်း ပြော စကား (ဒေါ်အေးကျင်သို့ပြောခြင်း)ထိုသို့မပြုလုပ်သင့်ကြောင်းဒေါ်အေးကျင်ကတားရာမတင်လှကဝင်၍ ဒေါ်အေးကျင်ကွယ်ရာတွင် လုပ်မည်ဖြစ်ကြောင်းသက်သေခံချက်။

မိုးကျော်က မညိုကိုစော်ကားရန်ကြံကြောင်း တိုင်ပြောစဉ်က ဦးလာဘက နောက်တစ်ခါလာရင် ရှင်းပစ်မည်ဟု မောင်လှမြင့်ရော မညိုရော ရှေ့တွင်ပြောကြောင်းထိုအခြင်းအရာအကုန်လုံးကိုမတင်လှကသိရှိပြီးပါဝင်ဆောင်ရွက်ပေးကြောင်းသိမ်းဆည်းရမိထားသောအထောက်အထားများအပေါ်မူတည်ပြီးအပြစ်ပေးခဲ့ခြင်းဖြစ်တယ်။

(အမှုဖြစ်စဉ်အကျဉ်းချုပ်)

အခင်းဖြစ်နေ့က မိုးကျော်ရောက်လာပြီး လှမြင့်အခန်းမှာအိပ်နေတုန်း လှမြင့်က ဦးလာဘကျောင်းပေါ်တက်သွားတယ်။ ဦးလာဘကလည်း ရဲဒင်းပေး၍သွားသတ်ရန် အောင်သန်း (လှမြင့်ညီအရင်း တရားလိုပြသက်သေအမှတ်-၈) ရှေ့မှာပဲပြောကြားခဲ့တယ်။ ထိုသို့သတ်နေစဉ်မှာပဲ ဦးလာဘကကျောင်းထဲရှိသူတွေကိုခေါ်ပြီး ယခုကိစ္စဘယ်သူ့မှပြန်မပြောရန် သစ္စာရေတိုက်ခဲ့တယ်။ ဘယ်သူကို့မှလည်း ကျောင်းအောက်သို့မဆင်းရန် ပြောသေးတယ်။

ထိုသို့ကျောင်းပေါ်မှာရှိနေစဉ်မှာပဲ လှမြင့်ကတက်လာပြီး သွေးစွန်းနေတဲ့ဓားကို သွေးခိုင်းလို့ မတင်လှကသွေးပေးခဲ့ကြောင်းကို ဒေါ်အေးကျင်ကမြင်တွေ့ခဲ့တယ်။ ပြီးနောက် ဦးလာဘနဲ့ မတင်လှအပြင်ထွက်သွားတယ်။ ပြန်ရောက်လာတော့ လှမြင့်ကမေးလို့ အသားအချို့ကိုဟင်းချက်ရန်၊ အချို့ကိုမြုပ်နှံရန် ဦးလာဘကပြောနေသည့်အသံကို ကိုရင်သန်းမြင့်(လိုပြ-၃)က​​ကြားတယ်။

နောက်ရက်မှာ မိုးကျော်ကိုချက်ထားတဲ့ လူသားဟင်းကိုဦးလာဘက ကျွေးတယ်။ အာ့ ကြောင့် ကိုရင်သန်းမြင့်၊ ကိုရင်ပြေအေးနဲ့ ရဟန်းဦးဝိလာသက္ကတတို့ စားကြတယ်။ ဒေါ်အေးကျင်းက မစားဘူးငြင်းလို့ မတင်လှက မကျွေးရန်ဝင်ပြီး ဦးလာဘကိုတားပေးတယ်။

အဲ့လိုငြိစွန်းချက်တွေကြောင့် တောင်ဥက္ကလာပမြို့နယ်တရားရုံးက တရားခံ ၃ ဦးလုံးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၀၂(၁)(ခ)/၃၄အရ သေဒဏ်ပေးခဲ့တယ်။ ထို့အပြင်ပုဒ်မ၂၀၁(၁)အရလည်း အလုပ်နဲ့ထောင်ဒဏ်၇နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့တယ်။ ပြစ်ဒဏ်နှစ်ခုကို တပေါင်းတည်းကျခံစေခဲ့တယ်။ ထိုသေဒဏ်ကို ရန်ကုန်တိုင်းတရားရုံးကအတည်ပြုပေးလိုက်တယ်။

ဒါကြောင့် သူတို့၃ယောက်ဟာသီးခြားတစ်မှုစီနဲ့ ၃မှု ဗဟိုတရားရုံးကိုအယူခံတယ်။ ဗဟိုတရားစီရင်ရေးအဖွဲ့မှာ ဥက္ကဌအနေနဲ့ ဦးစိုးလှိုင်၊အဖွဲ့ဝင်အဖြစ် ဦးလှဘုန်းနဲ့ဦးအေးမောင်တို့၃ဦးက စီရင်ဆုံးဖြတ်ရတယ်။ အဲ့မှာကျ ဘယ်လိုဆုံးဖြတ်လဲဆိုတော့ ပုဒ်မ ၃၄လည်းမမြောက်ဘူး။ ပုဒ်မ ၂၀၁လည်းမမြောက်ဘူး။ ဒါပေမယ့် လှမြင့်ဟာ ပုဒ်မ ၃၀၂(၁)(ခ)အရ ပြစ်မှုမြောက်တယ် ဒါကြောင့်သေဒဏ်ပေးတယ်။ ဦးလာဘနဲ့မတင်လှအားလည်း လှမြင့်သတ်ဖို့အတွက် အားပေးကူညီခဲ့ကြသူတွေဖြစ်တာကြောင့် ပုဒ်မ၃၀၂(၁)(ခ)/၁၀၉အရပြစ်မှုမြောက်တယ်။ ဒါကြောင်လည်း သူတို့နှစ်ဦးကိုပါ သေဒဏ်ပေးတယ်တဲ့။

ထောင် ၇နှစ်လည်းမပါတော့ဘူး။ မူလကအပြစ်ပေးတဲ့ပုဒ်မတွေလည်း ပြုတ်သင့်တာပြုတ်သွားတယ်။ သေဒဏ်ကတော့‌ သေဒဏ်ပဲအပြစ်ပေးရန်အမိန့်ချခဲ့တယ်။ တရားစီရင်ထုံးဟာဒီမှာပြီးသွားပြီ။ အမှန်တကယ်ကြိုးပေးခဲ့လား၊မပေးခဲ့လားမပါတော့ဘူး။

နောက်ဆက်တွဲသိရှိရသည့်အချက်များ

၁။ သတင်းစာတွေရဲ့မျက်နှာဖုံးမှာ ဦးအောင်ကြိုင်က ဦးလာဘကြီးကို လက်ထိပ်ခတ်လျက်နဲ့ ငမိုးရိပ်ချောင်းဘေး ကျောင်းဝန်းထဲမှာ မိုးကျော်ရဲ့အလောင်းကို ပြန်ဖော်နေတဲ့ပုံကြီးပါလာတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ သိက္ခာကျတယ် မင်းတို့မရှက်ကြဘူးလားဆိုပြီး ဦးနေဝင်းကြီးက ပိတ်ခိုင်းလို့သတင်းစာမှာ ပုံထပ်မပါခဲ့တော့ဘူးတဲ့။

၂။ သေဒဏ်ချမှတ်ခဲ့သော်လည်း နိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ ငါးနှစ်လောက် ထောင်ထဲနေရပြီး ဦးလာဘပြန်လွတ်လာခဲ့တယ်လို့လည်း ကြားရတယ်။ ကျားစာကျွေးလိုက်တယ်ဆိုတဲ့ ကောလဟာလလည်းကြားရတယ်။ ခုချိန်မှာတော့ သေဒဏ်ဟာ ဥပဒေအရ ပယ်ဖျက်ထားခြင်းမရှိသော်လည်း သေဒဏ်ပေးခြင်းကို ကျင့်သုံးမှုမရှိသလောက်ပင်ဖြစ်သွားပြီဖြစ်တယ်။

Credit ,မူရင်းရေးသားသူအားလေးစားစွာဖြင့်