မြန်မာ့လှေအကြောင်း တစေ့တစောင်း

စည်းသာတဲ့ သောင်မြေ
တောင်လေ မိတ်ဆွေဖွဲ့ပါလို့
ကုက္ကလံ မြောက်ကိုလှည့်ခါမှ
ပြန်ခဲ့မယ် ရွှေညာသူရဲ့
လှေထိုးသား တမ်းချင်း

မြန်မာ့ရိုးရာ ကုန်တင်လှေကြီးတွေမှာ လေတိုက်တဲ့အရပ်ကိုညွှန်ပြဖို့ ကုက္ကလံ ဆိုတဲ့ အလံတမျိုးကို ရွက်တိုင်ထိပ်ဖျားမှာ တပ်ဆင်ထားပါတယ်။ ကုက္ကလံ မြောက်ဖက်အရပ်ကို လှည့်နေတယ်ဆိုရင်ဖြင့် အဲဒီ လှေကြီးက အညာရပ်ဆီဦးတည်ပြီး ဧရာဝတီမြစ်ရိုးတလျှောက်မှာ ပင့်တိုက်နေတဲ့ တောင်လေနဲ့အတူ ဆန်တက်နေချိန်ပါပဲ။

တခေတ်တခါတုန်းက ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရိုးတလျှောက်မှာ မြန်မာ့ရိုးရာ ကုန်တင် လှေကြီးတွေ အပါအဝင် လှေတွေအမျိုးအစုံပဲ ပျားပန်းခပ်သလို အစုန်အဆန် သွားလာခဲ့ကြဖူးတယ်။ မြန်မာ့လှေခေတ် ခေတ်ကောင်းချိန်လို့ ဆိုရပေမယ်။

မြန်မာ့ ရိုးရာလှေတွေကို အုပ်စုခွဲလိုက်ရင် လေးမျိုးရှိပါတယ်။
(၁) ဘောက်တူ ခေါ် သမ္ဗန်
(၂) လောင်းကိုယ်
(၃) တပါ
(၄) ပိန်းကော တို့ဖြစ်ပါတယ်။

ဘောက်တူ ခေါ် သမ္ဗန် လှေအမျိုးအစားက အညာမွာ ငှက်လို့ခေါ်တဲ့ ကူးတို့လှေအရွယ် ခပ်ငယ်ငယ် ကစပြီး အရွယ်လတ် နဲ့ ကုန်တင်သမ္ဗန်ကြီးတွေအဆုံး အရွယ်အမျိုးမျိုးရှိပါတယ်။

ဦးမှာကြက်ရင်၊ အလယ် ဝက်ကျော၊ ပဲ့မွာ စေကာ စာဆိုအတိုင်း ခပ်သွက်သွက်ပုံစံရှိတဲ့ လှော်လောင်းတွေကတော့ ပေါ့ပေါ့ပါးပါးနဲ့ အမြန်ပြေးဖို့အတွက်ရည်ရွယ်ပြီး တည်ဆောက်ပါတယ်။

အသုံးအများတဲ့ လောင်းလှေအမျိုးအစား လှေတွေမှာတော့ အရွယ်အစား၊ တည်ဆောက်ပုံနဲ့ အသုံးပြုတာကိုမူတည်ပြီး လှော်လောင်း၊ ပြိုင်လောင်း၊ လုံးထွင်းလောင်း၊ လောင်းစပ်၊ လောင်းကိုယ် လို့ ခေါ်ကြပါတယ်။ အင်းလေးအရပ်ဒေသက ခြေနဲ့လှော်တဲ့ လှေတွေကလည်း ပုံစံတမျိုးဖြစ်တဲ့ လောင်းလှေ အမျိုးအစားပါပဲ။

လှေခွက်ချည်းကျန် အလံမလွဲ ဆိုတဲ့စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရှေးခေတ်လှေစီး သူရဲကောင်းကြီးတွေကတော့ လောင်းလှေအမျိုးအစားမှာပါတဲ့ တိုက်လှေကြီးတွေကို သုံးခဲ့ကြတယ်။
ရှေးဘုရင်တွေလက်ထက်က လှေစီးသူရဲကောင်းဖြစ်ဖို့ မလြယ္ကူပါ။ တိုက်ပွဲဝင် သူရဲကောင်းတွေကို ခြေဆယ်ပွဲရမှ မြင်းတပွဲ၊ မြင်းဆယ်ပွဲရမှ ဆင်တပွဲ၊ ဆင်ဆယ်ပွဲရမှ လှေတင်တယ်လို့ မှတ်သားရပါတယ်။

လှေဝန်၊ လှေသင်းအတွင်းဝန်၊ လှေသင်းဗိုလ်၊ လှေသင်းစာရေး၊ လှေသင်းစုအမှုထမ်း၊ လှေတော်ခုတ်လက်သမား၊ သရပတ်အမှုထမ်း စတဲ့ လှေဖက်ဆိုင်ရာအမှုထမ်း ဝန်ထမ်းအမျိုးမျိုးတွေ ရှိခဲ့တယ်။ ဘုရင်တွေက သူတို့နှစ်သက်ရာ နာမည်တွေပေးထားတဲ့ လှေအမျိုးအစားတွေကလည်း သိပ်ကိုများပါတယ်။

လူတွေအများကြီးလှော်ရတဲ့ လှေတမျိုးကတော့ ပြိုင်လှေတွေပါပဲ။ လောင်းလှေ အမျိုးအစားတွေပါ။ လှေအရွယ်ပေါ်မှာမူတည်ပြီး လူ ၂ဝ၊ ၃ဝ ကျော် ၄ဝ နီးနီးအထိ လှော်ကြတယ်။ တခေတ်တခါတုန်းက မြင်းခြံမြို့နယ်တဝိုက်မှာ ရပ်ရွာအလိုက် လှေပြိုင်ပွဲတွေ အကြီးအကျယ် လုပ်ခဲ့ကြဖူးတယ်။ အင်းလေးအရပ်ဒေသက ခြေနဲ့လှော်တဲ့ ပြိုင်ပွဲဝင်လှေတွေကိုတော့ ဒီကနေ့အထိ မြင်တွေ့နေရဆဲပါပဲ။

ဖော်ချင်းတို့ရေ တို့တတွေ
လှော်လေအပြေး ယက်ဖွေးဖွေး
ယီးလေလေ့ ယီးလေးလေး
ယီးလေးလေး၊ မင်းသုဝဏ်

ဒီကနေ့ မြစ်ပြင်တကြောမှာ မတွေ့မြင်နိုင်တော့ပဲ တိမ်ကော ပျောက်ကွယ်သွားကြပြီဖြစ်တဲ့ မြန်မာ့ရိုးရာ အကြီးဆုံးလှေတွေကတော့ ကုန်တင်လှေကြီးတွေပါပဲ။ ရှေးခေတ်က စစ်တကောင်း၊ ပန်းဝါ အရပ္ကို ပင်လယ်ခရီးနဲ့သွားကြဖို့ ကတ္တူ လို့ခေါ်တဲ့ ရွက်တိုင်နှစ်ဆင့်နဲ့ လှေကြီးတမျိုးကိုသုံးခဲ့ကြဖူးတယ်။ ဒီကနေ့သုံးနေကြတဲ့ ဘောက်တူ လှေကြီးတွေနဲ့ ဆင်တူပါတယ်။ စပါးတင်း ၃ ထောင်ကျော် ၄ ထောင်လောက်ဆန့်တဲ့အထိ အရွယ်ကြီးကြီး ကတ္တူတွေရှိခဲ့ဖူးပါတယ်။

ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ်တွေထဲမှာသုံးခဲ့ကြတဲ့ လှေကြီးတွေကတော့ လောင်းကိုယ်၊ တပါ နဲ့ ပိန်းကော (ပိန်းကောမ) ဆိုပြီး သုံးမျိုးရှိပါတယ်။ ရှေးခေတ် လှေတည်လက်သမားဆရာကြီးတွေ ပြောတာကတော့ ရှေးအခါတုန်းက လောင်းကိုယ် နဲ့ တပါ ကိုပဲ လှေလို့ခေါ်ပါသတဲ့။ ပိန်းကော ကို အတိုကောက် ပိန်း လို့လည်း ခေါ်ပါတယ်။

ရေတိမ်တဲ့ ချင်းတွင်းမြစ်ထဲမှာသုံးတဲ့လှေတွေကို ချင်းတွင်းလက်၊ ရေပိုနက်တဲ့ ဧရာဝတီမြစ် (မြစ်မ) ထဲ မှာသုံးတဲ့လှေတွေကို မြစ်မလက် လို့ခြုံငုံပြီး ခေါ်ပါတယ်။ လက် ဆိုတာကေတာ့ လက်သမားလက်ရာကို အတိုကောက်ခေါ်တာပါ။

ရေတိမ် ရေပါးတဲ့ ချင်းတွင်းမြစ်ထဲမှာသုံးတဲ့ ချင်းတွင်းလက် လှေတွေကို ဧရာကျယ်ကျယ် ရေစူးနည်းနည်းဆောက်ပါတယ်။ ရေနက်တဲ့ ဧရာဝတီမြစ်ထဲမှာသုံးတဲ့ မြစ်မလက် လှေတွေကို ဧရာကျဉ်းကျဉ်း ရေစူးများများ ဆောက်ပါတယ်။

အဲဒီလှေကြီးတွေက ဆောက်တည်တဲ့ အရပ်ဒေသကိုလိုက်ပြီးတော့လည်း တစီးနဲ့တစီး ပုံစံနည်းနည်းချင်းစီ ကွဲပြားကြပါသေးတယ်။ မြေတော်လက်၊ သံကိုင်းလက်၊ ဇောင်ဂျမ်းတောင်-အင်းမလက်၊ ပခုက္ကူလက်၊ အမြင့်လက်၊ နှောကတို့လက်၊ ကြံခင်းလက်၊ မြန်အောင်လက်၊ မန္တလေး-မန်းလက် လို့ခွဲခြားပြီး ခေါ်ကြတယ်။ ကျွမ်းကျင်သူတွေမှသာ လှေကိုအဝေးကမြင်ရုံနဲ့ လက် ကို မှန်အောင် ပြောနိုင်ပါသတဲ့။

လောင်းကိုယ် လှေကြီးတွေက အလျားရှည်ရှည် ကိုယ်ထည်က ခပ်စန့်စန့်၊ ဝမ်းဗိုက်က ခပ်လုံးလုံးပါ။ အလ်ား ၃၇ တောင်၊ ဧရာ ၅ တောင်၊ ဝမ်းဝ ၉ တောင်တမိုက်၊ စောက် ၃ တောင်တထွာ၊ ရောင်ဦးတုံး က ခပ်သွယ်သွယ် လုပ်လေ့ရှိကြတယ်။ ပဲ့တုံး မွာ ရှမ်းပန်းပု၊ ရှမ်းပန်း လို့ခေါ်တဲ့ ခြူးပန်း ကနုတ်လက်ရာတွေနဲ့ အလှဆင်တတ်ကြတယ်။

ရွက်တိုင်ထူထားတဲ့ လောင်းကိုယ်လှေကြီး

တပါ လှေကြီးတွေက လောင်းကိုယ် လှေကြီးတွေနဲ့ နိုင်းယှဉ်ကြည့်ရင် ဝမ်းဗိုက်ပြားပြီး အလ်ား တိုပါတယ်။ ခပ်မတ်မတ် ခပ်ထောင်ထောင် ထုထည်ကြီးကြီးမားမားနဲ့ အကြမ်းခံအောင် ဆောက်တည်ထားပါတယ်။ ငှက်တော်အမြီးပုံစံ ထောင်တက်နေတဲ့ ပဲ့တုံး ရဲ့ တက်မလုံးနေရာမှာ ပန်းအလှတွေ ထွင်းထုထားပြီး သစ်သားပွတ်လုံးတွေနဲ့အတူ ပဲ့စင်ကို အလှဆင်ထားတတ်ပါတယ်။

ဆန်အိတ်ပေါင်း ၄ဝဝ ကျော် ၅ဝဝ တင်နိုင်လောက်အောင်ကြီးမားတဲ့ လောင်းကိုယ်လှေကြီးတွေနဲ့ တပါလှေကြီးတွေကို ပျဉ်ချပ်ကြီးတွေ လက်ဆက်ထိုးပြီး အတွင်းက တကူ နဲ့ စပ်တိုင် တွေခံလို့ အခိုင်အခံ့တည်ဆောက်ပါတယ်။ ပျဉ်စပ်တွေကြားမှာ ပွဲလျက်ကောင်းကောင်းတေထားတဲ့ အုန်းဆံကြိုးတွေနဲ့ ရေလုံအောင် ထေးထားရတယ်။ လှေထေးတာကို သရပတ် လိုက်တယ်လို့လည်း ခေါ်ပါတယ်။

လက်ဆက် တကူ၊ လှေမူခိုင်လျက်၊ ဒီပိုးဖျက်သည် ဆိုတဲ့ တောင်ဘီလာဆရာတော်ရဲ့ ဖျက်စုလင်္ကာမှာပါတဲ့ ဒီပိုး တွေရဲ့ရန်ကလွတ်ကင်းနေရင် လှေပျဉ်ချပ်တွေက တာရှည်ခိုင်ခ့ံပါတယ်။ ဒီပိုး တွေစွဲလာရင်တော့ လှေကို လွန်းထိုး ပြီးရှင်းလင်းရတယ်။

ပိန်းကောမကြီး ဦးကထောင်၊ ကျေက်ဆောင်တိုက်ရင် ဗိုက်ကွဲမယ် လို့ ကလေးတွေအော်ဆိုကြတဲ့ ဦးထောင် ပဲ့ထောင် ပုံစံနဲ့ ပိန်းကောလှေကြီးတွေမှာတော့ အောက်ပိုင်း ဧရာက သစ်လုံးကြီးတလုံးထည်းကို ထွင်းထားပါတယ်။ အဲဒီထွင်းလုံးအပေါ်မှာ ပျဉ်တစပ် နှစ်စပ်လောက်ပဲ တင်ထားပါတယ်။ အလ်ား ၃ဝ တောင်၊ ဧရာ ၅ တောင်၊ စောက် ၃ တောင်တထွာလောက် ရှိပါတယ်။ လှေခေတ်ကောင်းချိန် တုန်းကတောင်မှ အစုန်အဆန် သွားလာနေကြတဲ့ လှေကြီးတွေရဲ့အရေအတွက်ချင်း ယှဉ်ကြည့်လိုက်မယ် ဆိုရင် ပိန်းကောလှေကြီးတွေက လောင်းကိုယ်လှေကြီးတွေနဲ့ တပါလှေကြီးတွေထက်ပိုပြီး နည်းပါးတဲ့ အမျိုးအစားပါ။

ရှေးခေတ်လှေဆိပ်က ပိန်းကောလှေကြီးတွေ

မြန်မာ့ရိုးရာ လောင်းကိုယ်၊ တပါ၊ ပိန်းကော ကုန်တင်လှေကြီးတွေအားလုံးရဲ့ သုံးစွဲရတဲ့ အင်အားတွေကလည်း သဘာဝအင်အားတွေချည်းပါပဲ။ရေစုန်ခရီးမှာ ရေရွက် ကိုသုံးကြတယ်။ ရေရွက် ဆိုတာ ဝါးလုံးတွေကို ခွဲခြမ်းစိတ်ဖြာပြီး ယက်ထားတဲ့ အလျား ၁၂ တောင်၊ အနံ ၇ တောင်လောက် ဝါးကပ်ပြားကြီးပါ။ ရေရွက် ကို ဘယ်ညာ ကြိုးနှစ်ချောင်းနဲ့အတူ လှေကို ဆက်ထားပါတယ်။

လှေရဲ့ရှေ့က ရေစီးထဲမှာ ရေရွက် ကို ထောင်လိုက် ချလိုက်တဲ့အခါ ရေစီးအင်အားနဲ့ လှေကိုဆွဲသွားပါတော့တယ်။ရေစုန်ရော ရေဆန်မှာပါ အသုံးများတာကတော့ လေကြောင်းအင်အားကိုသုံးတဲ့ လေရွက်တွေပါပဲ။ လှေရဲ့အရွယ်အစားပေါ်မှာ မူတည်ပြီး ရွက်တဖုံ၊ ရွက်နှစ်ဖုံ၊ ရွက်သုံးဖုံ စသဖြင့် သုံးကြပါတယ်။

မြန်မာ့ရိုးရာ လှေကြီး လှေငယ် လှေအားလုံးအတွက် လေတိုက်ခတ်ပုံနဲ့ မြစ်အတွင်း ရေစီးကြောင်းတွေကို နားလည်ကျွမ်းကျင်ဖို့ရာ သိပ်ပြီး အရေးကြီးပါတယ်။ ရေလမ်းကြောင်းတလျှောက် ရေစုန် ရေဆန်ခရီးမှာ လှေကြီးတွေကို ကိုင်တွယ်သွားလာဖို့အတွက် ကုန်တင်လှေကြီးတစီးတစီးဆိုရင် အဖွဲ့ဝင်ပေါင်း အနည်းဆုံး ခြောက်ဦးကနေ ရှစ်ဦးလောက် ပါလေ့ရှိပါတယ်။

ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသား လို့ ပြောတတ်ကြတဲ့ လှေသူကြီးဆိုတာ လှေပေါ်မှာ ခေါင်ချုပ်ဖြစ်ပါတယ်။ အများအားဖြင့်တော့ လှေပိုင်ရှင်တွေပါ။ ဒါမှမဟုတ်ရင်လည်း လှေပိုင်ရှင်ကထည့်လိုက်တဲ့ ကိုယ်စားလှယ်တွေဆိုပါတော့။

ပြီးတော့မှ ပဲ့နင်း လို့ခေါ်တဲ့ တက်မကိုင် ဖြစ်ပါတယ်။ လှေသူကြီးကိုယ်တိုင် တက်မ ကိုင်တာလည်း ရှိပါတယ်။ အများအားဖြင့်တော့ ရွေးကောက်ပြီး ငှားရမ်းကြရတယ်။ လှေကြီးတွေကို ကိုင်တွယ် လမ်းကြောင်းရာမှာ တက်မကိုင်ရဲ့ စွမ်းရည်ထက်မြက်ဖို့က အင်မတန်အရေးကြီးပါတယ်။

သူက ပဲ့စင်ပေါ်ကနေပြီး အပေါ်စီး မြင်ကွင်းကောင်းကောင်းနဲ့ တက်မကြီးကို စိတ်တိုင်းကျ ကိုင်တွယ်ရင်း လှေကြီးကို လိုရာရောက်စေဖို့ တည့်မတ် လမ်းကြောင်းပေးတဲ့သူပါပဲ။ အတွေ့အကြုံစုံလင်ပြီး ရေကြောင်း၊ လေကြောင်း၊ မိုးလေဝသ ရာသီဥတုအကြောင်းကို ကျွမ်းကျင်ရုံသာမကဘဲ လှေအဖွ့ဲသားတွေရဲ့ အင်အားကို ထိထိရောက်ရောက် သုံးစွဲစေဖို့နဲ့ ခရီးရောက်စေတာကိုပါ တက်မကိုင်တွေက စီမံခန့်ခွဲနိုင်ကြပါတယ်။

လောင်းကိုယ်လှေကြီးရဲ့ ပဲ့တုံး နဲ့ တက်မကိုင်နောက်ဆုံးကမှ လှေထိုးသားပါ။ တချိန်တုန်းက လှေထိုးသားကို လှေလုပ်သားလို့ ခေါ်ရမယ်ဆိုပြီး ဝေါဟာရ ပြောင်းပြီးရေးကြ၊ ခေါ်ကြသေးတယ်။ လှေလောကမှာတော့ ဒီကနေ့အထိ လှေထိုးသားလို့ပဲ ခေါ်နေကြဆဲပါ။

အရင်းမစိုက် လှေထိုးလိုက် လို့ပြောလေ့ရှိကြတဲ့အတိုင်း လှေထိုးသားတဦးအဖို့ ငွေအရင်းအနှီး မစိုက်ထုတ်ရတာကတော့ မှန်ပါတယ်။ ဒါပေမယ့် အင်တိုက်အားတိုက် အင်အားအစိုက်ထုတ်ရဆုံး လှေအဖွဲ့သားတွေပါပဲ။

ပိန်းကောမကြီးပေါ်မှာ လှေထိုးသားတွေ စုံစုံညီညီ
လှေထိုးတဲ့အခါ ထိုးဝါး ကိုသုံးပြီး အင်နဲ့အားနဲ့ ထိုးရပါတယ်။ ထိုးဝါး ဆိုတာ လက်ရွေးစင် ရွေးထားတဲ့ အခေါင်းပိတ် အနှစ်အပြည့်နဲ့ ဝါးလုံးရှည်ကြီးတွေ ဖြစ်ပါတယ်။

ဒါကြောင့် လှေထိုးသားကို ဝါး လို့လည်း ခေါ်ကြပါတယ်။ ကျွမ်းကျင်မှု အဆင့်အတန်းကိုလိုက်ပြီး ရှေ့ကဦးဆောင်တဲ့ ပထမတန်းစားကို ခေါင်ဝါး၊ ဒုတိယတန်းစားက အလည်မှာနေတဲ့ ဂုတ်(ကုတ်)ဝါး၊ နောက်ဆုံးမှာ နောက်ဝါး (အောက်ဝါး) ဆိုတဲ့ လှေထိုးသား သုံးမျိုးသုံးစားရှိပါတယ်။ လှေရဲ့ ဘယ်နဲ့ညာ နှစ်ဖက်အတွက် သုံးဦးစီဆိုတော့ စုစုပေါင်း ခြောက်ဦးထားလေ့ရှိပါတယ်။ တခါတလေလည်း ရှစ်ဦးအထိ ရှိတတ်ပါတယ်။

လှေထိုးတယ်ဆိုတာ ရေအောက်ကမြေကို ထိုးဝါးအဖျားဖက်နဲ့လှမ်းထောက်လိုက်ပြီး တဖက်စွန်းကပခုံးမှာ အင်နဲ့အားနဲ့ ဖိကပ်ရင်း လှေဧရာပေါ် ဘေးတဖက်တချက်စီက နကင်း လို့ခေါ်တဲ့ ပျဉ်ကြမ်းခင်းရှည် ပေါ်မှာလျှောက်သွားရပါတယ်။ အဲဒီအခါ လှေက ထိုးဝါးတပြန်ချင်း တလံချင်း ရွေ့သွားပါတော့တယ်။ တနေ့တလံ ပုဂံဘယ်ပြေးမလဲ ဆိုတဲ့စကားအတိုင်းပါပဲ။ ထိုးဝါးတျပန္ကို တဝါး လို့ခေါ်ကြတယ်။

အင်မတန်မှ အင်အားစိုက်ထုတ်ရတဲ့ အလုပ်ပါပဲ။ လှေထိုးသားတွေရဲ့ ပခုံးတွေဆိုရင် ကြမ်းထော်နေပြီး ကျွဲပခုံးတွေလိုပဲ အမွှေးကြမ်းတွေတောင်မှ ပေါက်နေပါသတဲ့။

ထိုးဝါးကိုယ်မှာ
ဘယ်ညာပခုံး
ခြေနှင့်ကျောက်ကန်
တွန်းလိုက်လှန်
အားအန် လွန်ကြီးဆုံးငယ်နှင့်လေး
ပိန်းကောလှေရှင် တျာချင်း
ဝန်ကြီးပဒေသရာဇာ
(မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)

လှေထိုးရုံမကဘဲ လှော်တက်ကိုကိုင်ပြီး ခတ်ရတော့လည်း လှေထိုးသားတွေပါပဲ။ ရေဆန်ခရီးမှာ ရေစပ်တလျှောက်ဆင်းပြီး ခါးတဝက်လောက်မြုပ်တဲ့ ရေထဲမှာ မိုင်ပေါင်းများစွာ လှေကိုကြိုးနဲ့ဆွဲပြီး ရုန်းရတော့လည်း သူတို့ပါပဲ။

ခေါင်ဝါးတွေကလွဲရင် ဂုတ်(ကုတ်)ဝါး နဲ့ နောက်ဝါးတွေက ညပိုင်းမှာ ရေစောင့် လို့ခေါ်တဲ့ လှေအထဲမှာ ရေယို မယို စောင့်ကြည့်ရတဲ့ ကင်းစောင့်တာဝန်ကို အလှည့်ကျယူရပါတယ်။ နောက်ဝါးတွေက ထမင်းချက်တာဝန်ကိုပါ ယူရပါသေးတယ်။
အဲဒါကြောင့် လှေထိုးသားတွေရဲ့ဘဝက အင်မတန်ကြမ်းတမ်းတာမို့ လှေထိုး လွှတိုက်၊ လူမိုက်အားကိုး လို့ ဆိုရိုးစကားတရပ် တွင်နေပါတယ်။

တကယ်တမ်းမှာတော့ လှေထိုးသားအလုပ်ဆိုတာ မိုက်မိုက်ကန်းကန်းနဲ့ ငါ့လှေ ငါထိုး၊ ပဂိုး (ပဲခူး) ရောက်ရောက် ဆိုတဲ့ လူမိုက်အလုပ်မျိုးမဟုတ်တဲ့အပြင်၊ အေရးပါလွတဲ့ လှေဝိုင်းတော်သားတွေပါပဲ။

အဓိက ကိုယ်ခန္ဓာရဲ့အင်အားကို သုံးရတယ်ဆိုပေမယ့် လှေထိုးသားကောင်းတဦးဖြစ်ဖို့ရာမှာ လှေထိုးပညာ၊ ကျွမ်းကျင်မှုနဲ့ ဇွဲသတ္တိတွေ လိုအပ်ပါတယ်။ ကမ်းကိုကပ်ဖို့ လှေအရှိန်သတ်ရတဲ့အခါမျိုးနဲ့ လေစုန် ရေစုန်မှာ ရွက်တိုက်ပြီး အရှိန်ပြင်းပြင်းနဲ့သွားနေတုန်း အရေးပေါ် ရှောင်တိမ်းစရာတွေ့လို့ ရေစီးကြောင်းအင်အားကို ဆန့်ကျင်ပြီး ဂွဲသတ် (ကွဲသတ်) ရတဲ့အခါမျိုးမှာ လှေထိုးသားကောင်းတဦးရဲ့ အစွမ်းသတ္တိကို တွေ့ကြရတော့တာပါပဲ။ လှေထိုးသား သဘာရင့်လာရင် တက်မကိုင် ဖြစ်သွားကြတာတွေလည်း ရှိပါတယ်။

တခါတရံ လှေပေါ်မှာ ပေါင်းထိုင် ဆိုတဲ့လှေအဖွဲ့ဝင်တဦးပါတတ်တယ်။ ပေါင်း ဆိုတာ လှေတွေမှာပါတဲ့ ပေါင်းမိုးပါ။ အဲဒီလှေပေါ်က ပေါင်းမိုးအောက်မှာပဲ ထိုင်နေတတ်တဲ့ ကုန်ပစ္စည်း အရောင်းအဝယ်ကို ဦးစီး စီစဉ်သူပါပဲ။ တက်မကိုင် သပ်သပ်ပါလာလို့ လှေသူကြီးက တက်မ မကိုင်ရဘူး ဆိုရင် ပေါင်းထိုင်က သူပါပဲ။ လှေထိုး မညောင်း၊ ပေါင်းထိုင် ညောင်း ဆိုတဲ့ ဆိုရိုးစကားမှာပါတဲ့ ပေါင်းထိုင် ဖြစ်ပါတယ်။ လှေမထိုးရတဲ့သူကများ ညောင်းညာနေရသေးသတဲ့လို့ လှေသားအချင်းချင်းက ကဲ့ရဲ့ပြီး ပြောလေ့ရှိကြတယ်။

နေ့စဉ်အခြေခံ လှေလုပ်ငန်းတွေကိုလုပ်ဖို့ ပေါင်းထိုင်မှာ တာဝန်မရှိပေမယ့် အရေးပေါ် အခြေအနေမျိုးကြုံလာရင် တလှေထည်းစီး တခရီးထည်းသွား ကြသူတွေဆိုတော့ သူလည်းမနေသာဘဲ ဝိုင်းရ ကူရပါတယ်။ လှေကြီးတွေနဲ့ အစုန် အဆန်ခရီးသွားကြရတဲ့အခါ ရေစီးတခါ ရေသာတလှည့် ဆိုသလိုပဲ လှေနံ ဓားထစ် လုပ်လို့မရတဲ့အခြေအနေတွေကို တွေ့ကြရတာပါပဲ။ ကျောက်ဆောင် ကျောက်တန်းတွေနဲ့ ဝင်တိုက်နိုင်စရာတွေ၊ မမြင်သာတဲ့ ရေအောက်က သဲသောင်တွေအပေါ်မှာ လှေကြီးတင်သွားပြီး လှေမှောက်နိုင်တဲ့ အခြေအနေတွေကို တွေ့ရတတ်ပါတယ်။

ရေလမ်းခရီးတလျောက်မှာ ရေအောက်ကျောက်တန်းတွေကြောင့်ဖြစ်လာတဲ့ ရေစွယ် ရေစီးကြောင်း မော် တွေနဲ့ ဝဲ တွေရှိပါတယ်။ရေကြောတလျောက်မှာ မြင်သာတဲ့ သဲသောင်တွေရှိသလိုပဲ ရေအောက်က သဲသောင်တွေကြောင့် ဖြစ်လာတဲ့ စည်း လို့ခေါ်တဲ့ ရေစီးကြမ်း ရေစွယ် ရေစီးကြောင်းတမျိုးလည်း ရှိပါတယ်။ အဲဒီ စည်းတွေမှာလည်း စည်းတိမ်၊ စည်းကုပ်၊ စည်းကွေ့၊ စည်းတို နဲ့ စည်းရှည် ဆိုပြီး အမျိုးမျိုးရှိပါသေးတယ်။

ရေဆန်ခရီးမှာကတော့ မော်တွေနဲ့ ဝဲတွေကို ရှောင်ရှားပြီး စည်းတွေရဲ့ ရေစီးရေစွယ်အင်အားကို ဆန့်ကျင်အံတုကျော်ဖြတ်ပြီး ဆန်တက်ရပါတယ်။ အဲဒီ စည်းတွေကနေ စည်းကျွတ် ဖို့ရာမှာ တောင်လေအားကိုးနဲ့ ရွက်တိုက်ရတာထက်စာရင် လူအင်အားနဲ့ ဝါးထိုးတဲ့အခါထိုး၊ ကမ်းစပ်တလျောက် ကြိုးဆွဲတဲ့အခါဆွဲပြီး လူးတားပေါက် တဲ့အခါ ပေါက်ရပါတယ်။

လူးတားပေါက်တယ်ဆိုတာ တကယ်ပဲ ခက်ခဲပင်ပန်းလှတဲ့ အလုပ်တခုမို့ လှေပေါ်မှာပါလာတဲ့ လူအကုန်ပဲ ဝိုင်းလုပ်ကြရပါတယ်။ လှေကြီးရဲ့အဆန်လမ်းကြောင်းမှာ လူးတားပေါက်ရတော့မယ်ဆိုရင် လှေငယ်ကလေးတစီးကို ရှေ့ကကြိုတင်လှော်သွားနှင့်ပြီး စည်းတိမ်အပါ်မှာ ကြခပ်ဝါး တိုင်ငုတ်တခုကို ခိုင်မြဲအောင် စိုက်ရတယ်။ အဲဒီ ဝါးတိုင်ငုတ်မှာချည်ထားတဲ့ကြိုးကို လူအင်အားနဲ့ နည်းနည်းချင်းဆွဲယူပြီး လှေကြီးရဲ့ ဘာလီခုံ မွာ တရစ်ချင်း ရစ်ယူရတယ်။ အဲဒီအခါမွာ ခေါင်ဝါး ထိုးဝါးသမားတွေက အေသအေက် အကြိတ်အနယ်ပဲ ဝါးကူလို့ ထိုးကြရပါတယ်။

စည်းတခုမှာ ရေကသိပ်နက်လို့ ထိုးဝါးထောက်မမီရင်တော့ ကျောက်ပစ် ကြရတယ်။ သံပုံး အလုံပိတ် ဘော တခုနဲ့တွဲထားတဲ့ ကျောက်(ဆူး)တခုနဲ့ ကြိုးခွေကြီးကို လှေငယ်ကလေးတစီးနဲ့ တင်ယူသွားပြီး ကြိုးတကမ်းစာလောက် အကြာအေဝးမွာ ကျောက်ချလိုက်ပါတယ်။ တခါတေလ ရေငုပ်ပြီး ကျောက်စွဲအောင် လုပ်ရတတ်ပါသေးတယ်။ တဖက်ကြိုးစကို လှေကြီးရဲ့ ခွာတိုင် လို့ခေါ်တဲ့ ရွက်တိုင်ရဲ့အခြေမှာ ချည်ထားရပါတယ်။ ပြီးတော့မှ ကျောက်ပစ်ထားတဲ့ကြိုးကို ဘာလီတိုင် မွာ တပတ်ချင်း ဆွဲရစ်ယူရပြန်တယ်။ ကျောက်ကြိုးနဲ့ လူးတားပေါက်ဖို့ ကျောက်နှစ်စုံ လိုပါတယ်။

ရေစီးသိပ်သန်နေတဲ့အခါမျိုးမှာ အဲဒီ တကျပ်လုံး၊ ငါးမတ်လုံးအရွယ်ရှိတဲ့ မနီလာ ကျောက်ကြိုးကြီးတွေတောင်မှ ပြတ်လုမတတ်ဖြစ်နေရင်း လှေကြီးကလည်း နွားပေ နွားကပ် လို မရွေ့နိုင်ဘဲ ပေပြီး တင်းခံနေတတ်တယ်။ တက်မကိုင်ရဲ့ကျွမ်းကျင်မှုနဲ့ လှေအဖွဲ့သားအားလုံးရဲ့ အင်အားတွေကြောင့် တရွေ့ရွေ့နဲ့ ဆန်တက်နိုင်ကြတယ်။ တချို့စည်းရှည်ကြီးတွေမှာဆိုရင် ခက်ခဲလွန်းလို့ တညအိပ်ပြီး ကျော်ဖြတ်ရတာမျိုးတွေ ရှိပါသတဲ့။

လှေကြီးက ရှေ့ကို ကြိုးတပြန်စာ ရွေ့သွားပြီး ကျောက်ဆီကိုရောက်တော့ အထက်ကနည်း အတိုင်းပဲ အစက ပြန်စရပါတယ်။ လူးတားပေါက်တယ်ဆိုတာ ပထမအလုပ်ရဲ့ အဆုံး ကို အစ တခါ ပြန်လုပ်ရတဲ့ အလုပ်မျိုးပါပဲ။ ခေါက်တုံ့လူးလာ အပြန်ပြန်လုပ်ရပါတယ်။

အဲဒါကြောင့် လူးတား လို့ ခေါ်တဲ့ မြန်မာ့ကဗျာဖွဲ့နည်းတခုမှာ ရှေ့က စပ်ဆိုခဲ့တဲ့ အဆုံးပိုဒ်ကို နောက်အပိုဒ်မှာ အစလုပ် ပြန်ကောက်ပြီး စပ်ဆိုရတာကြောင့် လူးတား လို့ပဲခေါ်ကြောင်း မှတ်သားရပါတယ်။

ရှေ့အပိုဒ်ရဲ့အဆုံး။ … အာဟိန္ဒကျီး ပွင့်နီးနီး။
နောက်အပိုဒ်ရဲ့အစ။ အာဟိန္ဒကျီး ပွင့်နီးမှန်လှ ကန်လှလေ …
ကုန်းဘောင်မင်္ဂလာ လူးတား
စိန္တကျော်သူ ဦးသြ
(မြန်မာသက္ကရာဇ် ၁ဝ၉၈-၁၁၃၃)

အညာကုန်တင်လှေကြီးတွေက အောက်အရပ်ဒေသကိုရောက်တဲ့အခါ လှေပေါ်မှာပါလာတဲ့ ယွန်းထည်အမျိုးမျိုး၊ ဆန်၊ ထန်းလျက်၊ ညောင်ဦးပုန်းရည်ကြီး၊ ဆေးရွက်ကြီး၊ ပဲ၊ ပြောင်း၊ ငရုတ်၊ နှမ်း၊ ဝါ အညာထွက်ကုန်အမျိုးစုံနဲ့ အောက်အရပ်ဒေသထွက်ကုန် ငါးပိ ငါးခြောက်တွေကို ဖလှယ်ကြ၊ ရောင်းကြ ဝယ်ကြတယ်။ အရောင်းအဝယ်ကိစ္စတွေ ပြီးစီးပြီဆိုရင်တော့ အိမ်အပြန် အညာဆန္ခရီးကို နှင်ကြတော့တာပါပဲ။

အကြေမှ အညာဆန်
သွားရာခရီးလမ်း စလေမြို့ဆိပ်ကမ်းတွင်
ဆောင်းအလှမ်း မိုးအကုန်၊ မယုံသာသည့်ကာလ
လေကလည်းမဆော်၊ ရေကလည်းသရော်
လှေပေါ်မှာဝန်အပြည့်
ပန်းတောင်းမြို့ပေး မေတ္တာစာ၊
စေလဦးပုည (၁၁၇၄-၁၂၂၉)

ဇာတိဒေသ အညာရပ္ကို ပြန်ရောက်တဲ့အခါမှာတော့ ခရီးတခေါက်ပြီးခဲ့ပြန်ပြီ။ လှေဆိုက်ပြီးတာနဲ့ ရွက်တွေ၊ တက်တွေ၊ ထိုးဝါးတွေကို သိမ်းကြရတယ်။ လှေကြီးရဲ့ ဦးထိပ်ဆံကြိုး၊ ပဲ့ထိပ်ဆံကြိုး၊ နားပန်းပြန်ကြိုး (ဝဲပြန်ကြိုး) တွေကို ကြခပ်ဝါးငုတ်တိုင်တွေမှာ ချည်ကြတယ်။ ဦးက်ား ပဲ့ကျားတွေနဲ့ပါ လှေကြီးရဲ့ ဘေးတဖက်တချက်ကို ကျားကန်ထားပြီးရင်တော့ အနားယူကြဖို့အချိန်ပါပဲ။

ရေစုန် ရေဆန်ခရီးမှာ လူသားတွေရဲ့ အင်အားတွေနဲ့အတူ ရေရွက်၊ လေရွက် သဘာဝအင်အားတွေကိုလည်း သုံးခဲ့တယ်။ သဘာဝအတားအဆီးတွေနဲ့ ဘေးအန္တရယ်တွေကို တွေ့ကြပြန်တော့လည်း ကိုယ်စီကိုယ်ငှ ကျွမ်းကျင်မှုမျိုးစုံသုံးလို့ စုပေါင်းအင်အားနဲ့ ဖြတ်ကျော်ပြီးခဲ့ပြီ။

ခရီးထွက်နေတဲ့အခိုက် အိမ်မှာကျန်ရစ်ခဲ့သူတွေအတွက် စားဝတ်နေရေး စိတ်မအေးစရာတွေ ရှိခဲ့ရတယ်။ လှေအဖွဲ့ ဝိုင်းတော်သားတို့တတွေလည်း ကိုယ့်ခွန်အားနဲ့ရင်းနှီးခဲ့ရတဲ့ လုပ်အားခတွေကိုပိုက်ပြီး မျက်နှာပန်းလှလှနဲ့ အိမ်ကိုတခေါက် ပြန်ရောက်ခဲ့ပြီကောလေ။

စည်းသာတဲ့ သောင်မြေ
တောင်လေ မိတ်ဆွေဖွဲ့ပါလို့
ကုက္ကလံ မြောက်ကိုလှည့်ခါမှ
ပြန်ခဲ့မယ် ရွှေညာသူရဲ့
ငွေရှာသူမအေး
လှေထိုးသား တမ်းချင်း

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း
(၁) မဟာကဗျာကျမ်း၊ မြန်မာသြဘာစာအုပ်တိုက်၊ ပထမအကြိမ်ပုံနှိပ်၊ ပြာသိုလ၊ မြန်မာသက္ကရာဇ် ၁၂၅၇
(၂) မေတ္တာစာဋီကာ၊ ပထမတြဲ၊ စေလ ဦးပုည၊ ရွှေမြို့တော်ပုံနှိပ်တိုက်၊ ၁၉၆၇
(၃) ကျွန်တော်လှေသူကြီး၊ လူထုဦးလွ၊ ကြီးပွားရေးပုံနှိပ်တိုက်၊ ဇန္နဝါရီလ၊ ၁၉၇၂
(၄) လှေ၊ လင်းယုန်သစ်လွင်၊ စာပေဗိမာန်ပုံနှိပ်တိုက်၊ ၁၉၈၁

ကုက္ကလံ မြောက်ကိုလှည့်ခါမှ
ရန်ဝင်း (တောင်တံခါး)
ဧပြီ ၂၄၊ ၂၀၁၁ မှကူးယူဖော်ပြပါသည် ။

Credit…Yimon Kyaw ( HTD)
ရှေးခေတ်မြန်မာပုံရိပ်များ