“ အရဟံ ဦးဆင် ”
“ ငဆင် နင့်ခန္ဓာကိုယ်ထဲမှာ ခုမှ အရဟံ ဂုဏ်တော် ကိန်းတယ် ဟ ။ နင် ထူးခြားတော့မယ် ။ ဆက်ကြိုးစား ကြားလား ”
( အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး )
စစ်ကြီး ပြီးခါစလောက်က မန္တလေးမြောက်ဘက် မတ္တရာနယ်က ပိုင်ရွာ တစ်ဝိုက်မှာတော့ “ အရဟံ ဦးဆင် ” ဆိုတာ မသိသူ မရှိသလောက်လို့ ဆိုရလောက်အောင် လူသိများခဲ့ပါတယ် ။
သူ့ကို လူတွေ အသိများတာဟာဆန်စက်ပိုင်ရှင် သူဌေးကြီးတစ်ဦးဖြစ်လို့ဆိုတာထက်အင်္ကျီဗလာ ၊ လုံချည်ဖာတစ်ရာနဲ့ နွားကျောင်းသားဘဝက ဗြုန်းစားကြီး ဆန်စက်ပိုင်ရှင် အဖြစ် ပြောင်းလဲသွားတာရယ် ၊ သေသည် အထိ ပုတီးတစ်ကုံးနဲ့ ပုတီးမပြတ် စိပ်နေလေ့ရှိတာရယ် ၊ သူ့အိမ်ဝမှာ “ အရဟံ ” ဆိုတဲ့ စာလုံး ဆိုင်းဘုတ် အကြီးကြီး ရေးထားတာရယ်တို့ကြောင့်ပါပဲ ။
ဒီ “ အရဟံ ”ဆိုတဲ့စာလုံးဆိုင်းဘုတ်ကြီးကြောင့်ပဲ သူ့ကို “ အရဟံ ဦးဆင် ” လို့ လူတွေက သိကြခေါ်ကြတာပါ ။
ဦးဆင်၏ ငယ်ဘဝ
ဦးဆင်ဆိုတာ ငယ်ငယ်က သာမဏေဘဝနဲ့ မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက် ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသ ( နောင် အဘိဓဇမဟာရဋ္ဌဂုရု ) ထံမှာ နေသွားခဲ့ဖူးတယ် ။
ရဟန်းမဖြစ်ခင်မှာဘဲ သူ့ဒကာကြီး ဆုံးပါးသွားလို့ မိခင်နဲ့ လူမမယ် ( မည် ) ညီ၊ ညီမငယ်တွေကို လုပ်ကိုင်ကျွေးဖို့ လူထွက်လိုက်ရတယ် ။
လယ်ယာမြေပိုင် မရှိတဲ့အတွက် သူများအိမ်မှာ ထွန်ယက် နွားကျောင်းသူရင်း ငှားဘဝနဲ့လုပ်ကိုင်စားရတဲ့ဘဝမှာ မိသားစုက စားအိုးကြီးတဲ့အတွက် အသက်ထိန်းရုံ အရှက်လုံရုံ အနိုင်နိုင်ဘဝပါ ။
လုံချည်ခါးနွမ်း ကျောနေလှမ်းဘဝမှာ အိမ်က ခနော် ခနဲ့ခေတ်သစ် ကာကဝလိယလို့တောင် ဆိုနိုင်လောက်ပါ သတဲ့ ။
ဆရာသမားရဲ့ ဂုဏ်ကျေးဇူးကို အမြဲ ဦးထိပ်ထားတတ်တဲ့ မောင်ဆင်ဟာ မစိုးရိမ်ဆရာတော်ဘုရားကြီး မွေးနေ့ နီးပြီဆိုရင်တော့ မစိုးရိမ်ကျောင်းတိုက်ကို အမြဲရောက်အောင် လာတယ် ။
လှူဖွယ်ဝတ္ထုရယ်လို့ မပါပေမယ့် ဆရာသမားကို ဝတ်ကြီးဝတ်ငယ် ပြုပေးရင်း ထင်းခွဲ၊ ရေခပ်၊ တံမြက်လှည်း စတဲ့ အလုပ်ကြမ်း မှန်သမျှ အားလုံး ဒိုင်ခံပြီး လုပ်လေ့ရှိပါသတဲ့ ။
မွေးနေ့ပြီးလို့ အပြန်မှာတော့ အင်္ကျီဗလာနဲ့ တပည့်ကို မကြည့်ရက်တဲ့အတွက် ဆရာတော်ကြီးက “ငါ့တပည့်လို သံဃာ့ဝေယျာဝစ်္စလုပ်သူအတွက် ပေးကောင်းတယ် ကွဲ့ ။အပ်စပ်ပါတယ်။ အင်္ကျီချုပ်ဝတ်” လို့ ပြောပြီး အဲဒီခေတ်က နာရေးကန်တော့ ပွဲတွေမှာ ပါလာလေ့ရှိတဲ့ ပိတ်စကလေးတွေကို ချီးမြှင့်တတ်ပါတယ် ။
ဆရာတော်ကြီးက မိမိအတွက် အင်္ကျီချုပ်ဖို့ဆိုပြီး ပေးစွန့်ပေမယ့်အိမ်မှာအရွယ်ရောက်စ ပြုနေပြီဖြစ်တဲ့နှမတွေညီငယ်တွေအတွက်ပဲ သင့်သလိုချုပ်ပေးပြီး မောင်ဆင်ကတော့ ထုံးစံအတိုင်း ယက်ချည်ထက် ချုပ်ချည်ကတောင် ပိုများ နေပြီလား ထင်ရတဲ့ လုံချည်ဖာတစ်ရာ ကျောဗလာပဲ နေရတာပါ ။
မွေးနေ့နီးတိုင်း နှစ်စဉ် မှန်မှန်ရောက်လာပြီး ကျောပြောင်ကြီး ပိုပြီး မွဲခြောက် လာတာက လွဲလို့ ဘာမှ တိုးတက် ပြောင်းလဲမလာတဲ့ တပည့်ကို ကြည့်ပြီး ဆရာ တော်ကြီးက-“ငဆင် နင် မချမ်းသာချင်ဘူးလား” လို့ မေးတော့-
“ဘယ့်နှယ် မိန့်လိုက်ပါလိမ့်ဘုရား ။ တပည့်တော်သူများတွေလို သူဌေးဖြစ်အောင် မချမ်းသာချင်နေပါစေ ။ အစားအဝတ် ပြည့်ပြည့်စုံစုံနဲ့ မိုးလုံလေလုံလောက် နေရရင်ကို ကျေနပ်လှပါပြီ ။ ဆရာတော်မစနိုင်ရင် မစပေးတော်မူပါဘုရား” လို့ လျှောက်ထားပါသတဲ့ ။
ဆရာတော်ကြီးက “ဟဲ့… ငဆင်ရဲ့၊ ကံ ကံ၏အကျိုးဆိုတာ နင်လည်း သိသားပဲဟာ ။ နင့်ကို ငါက မစလို့ ဘယ်ရမလဲဟဲ့ ။ နင်ကိုယ်တိုင် ရုန်းပြီး ရပ်မှ မတ်လာမှာပေါ့” ဆိုတော့“မှန်ပါတတ်နိုင်သမျှတော့ကြိုးစားတာပါပဲဘုရား ။ မိသားစုကလည်း များ၊ ညီတွေညီမတွေကလည်း လက်လုပ်လက်ကိုင်လေးမှ အကူအညီက မရသေး ။
ဒီကြားထဲ လောကအလျောက် အိမ်ထောင်ကလည်းကျပြီး ဆိုတော့ အလုပ်နဲ့ဝင်ငွေက မတိုးဘဲ ပါးစပ်ပေါက်တွေသာ တိုးနေတဲ့အတွက် ဒီလိုပဲ လုံးချာလိုက်နေတာပဲ ဘုရား” လို့ ပြန်လျှောက်ပါတယ် ။
ဆရာတော်ကြီးက “အေး—နင့်ကို ငါက မ,ထူပေးလို့တော့ မရဘူး ။ နင့် ကိုယ်နင် ရုန်းထနိုင်အောင် အထောက်အကူတော့ ပေးလိုက်မယ် ။ ရော့ ဟောဒီ ပုတီးကို ယူသွား ။
ဘာမှ နည်းတွေများမနေနဲ့ “ အရဟံ ” တစ်လုံးကို အဓိပ္ပာယ်ပါ အာရုံပြုပြီး မပြတ်ပွားပေရော့” ဆိုပြီး အနားမှာရှိတဲ့ ပရိက္ခရာပုံထဲက ပုတီးတစ်ကုံး ကို ပေးလိုက်ပါတယ် ။
ဆရာတော်ကြီးက မတာ မဟုတ်ဘူးဆိုပေမယ့် မောင်ဆင်ကတော့ ဒါဟာ ဆရာတော်ကြီးက သူ့ကို မစလိုက်တာပဲ ဆိုပြီး ဆရာတော် မိန့်ကြားတဲ့အတိုင်း မပြတ်ပွားပြီး စိပ်တော့တာပဲ ။
ခါတိုင်း ကိုယ်အထက်ပိုင်းမှာ ဗလာကျင်းနေတဲ့ မောင်ဆင်မှာခုတော့အလုပ်လုပ်နေချိန်ဆိုရင်လည်း လည်ပင်းမှာ ပုတီးတစ်ကုံး ဆွဲထားတာ တွေ့ရပြီး အလုပ်နားတာနဲ့ ပုတီးနဲ့ လက်မပြတ်အောင် စိပ်တော့တာပဲ ။
နွားကျောင်းရင်လည်း ပုတီးစိပ်က မပြတ်တော့ ဒုစရိုက်ရယ်လို့ ကျူးလွန်ချိန်ကို မရှိတော့ဘူး ။နောက်တစ်နှစ် ဆရာတော်ကြီးမွေးနေ့မှာ မောင်ဆင် ရောက်လာတော့လည်း ဘာမှ ထူးခြားပြောင်းလဲမှု မရှိသေးဘူး ။ ဆရာတော်ကြီးထံပါးမှာ ဝတ်ချတော့ “ငဆင် ဘာတွေများ ထူးခြားလာသလဲဟဲ့”
“ဘာမှ မထူးသေးပါဘုရား”
“အေး လာစမ်း ဒီနား” ဆိုပြီး “ဖြန်း” ခနဲ ရိုက်လိုက်တော့
“အမလေးဘုရား” လို့ လန့်အော်တယ်။
ဆရာတော်ကြီးက “နင် လိုသေးတယ်၊ ဆက်ကြိုးစားဦး” လို့ မိန့်ပါတယ် ။ နောက်နှစ်နှစ် သုံးနှစ် ဒီအတိုင်းပဲ၊ မထူးဘူး။
အဲ… လေးနှစ်မြောက်အရောက်မှာတော့ ဆရာတော်ကြီး“ငဆင် လာစမ်း ဒီနား” “ဖြန်း” ဆိုတော့ .
??? “အရဟံ… အရဟံ… အရဟံ…” လို့ အော်လိုက်ပါသတဲ့ ။
“အေး နင့်ခန္ဓာကိုယ်ထဲခုမှ “အရဟံ” ဂုဏ်တော်ကိန်းတယ်ဟ။ သုံးလေး နှစ်အတွင်း ခန္ဓာကိုယ်ထဲ အရဟံဘုရား အမြဲကိန်းအောင် တည်နိုင်တာ နင် မဆိုးဘူး၊ နင် ထူးတော့မယ် ။ ဆက်ကြိုးစား ကြားလား”
??? “မှန်ပါဘုရား”
အချိန်က ဂျပန်တွေ မြန်မာပြည်ဝင်လာခါစ၊ မြန်မာပြည်ကို စစ်ငွေ့စစ်ရိပ် များ သန်းလာပြီ ။ မတ္တရာနယ်က ပိုင်ရွာမှာရှိတဲ့ ဆန်စက်ပိုင်ရှင် အိန္ဒိယအမျိုးသား မိသားစုတို့က စစ်ဘေးဒဏ်ကို တိမ်းရှောင်ရင်း သူတို့ဆွေမျိုးများရှိရာ အိန္ဒိယကို ပြန်လိုတဲ့အတွက် သူတို့မရှိတုန်းမှာ သူတို့ပိုင်တဲ့ ဆန်စက်ကို အစောင့်အရှောက်အဖြစ် လွှဲအပ်ခဲ့ဖို့ နယ်မှာရှိတဲ့ အကြီးအကဲများ၊ မိတ်ဆွေသင်္ဂဟများနဲ့ တိုင်ပင်တဲ့အခါ အဲဒီနယ်သူကြီးက-“သူရင်းငှားလုပ်နေတဲ့ မောင်ဆင်ဟာ ဆင်းရဲပေမယ့် ရိုးသားပြီး သစ္စာရှိ တယ် ။
မစိုးရိမ်ဆရာတော်ကြီးရဲ့ တပည့်ဖြစ်လို့ ဆရာကောင်းတပည့်ပီပီ ရိုးသား တည်ကြည်တယ်၊ သူများပစ္စည်းကို အလွဲသုံးစားလုပ်မယ့်သူငယ် မဟုတ်ဘူး ။
ဆရာသမားများရဲ့ အရှိန်အဝါကြောင့်လည်း ဆရာကောင်းတပည့် မပီသတဲ့ အလုပ်မျိုးလုပ်မှာ မဟုတ်တာ သေချာတယ် ။ သူ့ကိုပဲ လွှဲအပ်ပြီး စောင့်ရှောက်ခိုင်းတာ အကောင်းဆုံးပဲ” လို့ အကြံပေးကြတယ် ။
ဆန်စက်ပိုင်ရှင်များကလည်း ဟိန္ဒူအမျိုးသားများ ဖြစ်တဲ့အတိုင်း “မစိုးရိမ်တိုက်” ဆိုတာကို ကြားဖူးပြီး အထင်ကြီး လေးစားကြတဲ့အတွက် သဘောကျပြီး မောင်ဆင်နဲ့ သွားတွေ့ အကျိုးအကြောင်း ပြောဆို ညှိနှိုင်းကြပြီး နှစ်ဦးနှစ်ဖက် သဘော တူကြလို့ မောင်ဆင်လက်ထဲ ဆန်စက်ကို လွှဲအပ်ပြီး အိန္ဒိယပြန်သွားကြတယ် ။
မောင်ဆင်လည်း မမျှော်လင့်ဘဲ ဆန်စက်နဲ့လုပ်ကိုင်စားသောက်ခွင့် ရရှိသွားလို့ ဆန်စက်ပိုင် မဟုတ်ပေမယ့် ဆန်စက်ကိုင် သူဌေးလေးဘ၀ ရောက်သွားတော့တယ် ။
အဲဒီနှစ် မစိုးရိမ်ဆရာတော်ကြီးရဲ့ မွေးနေ့ကို သွားတဲ့အခါမှာတော့ မောင်ဆင်ဟာ နှစ်တိုင်းနဲ့ မတူတော့ဘူး ။ အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ လှူစရာ ဆန်အိတ်တွေ ဘာတွေ သယ်လာပြီး မိသားစုနဲ့အတူ ရောက်လာကြတယ် ။
ဆရာတော်ကြီးက-“ငဆင် ဒီနှစ် ထူးလာပြီလား ဟ” ဆိုတော့“မှန်ပါ၊ ထူးဆို တပည့်တော်စိတ်ကူးနဲ့တောင် မမှန်းဆရဲခဲ့ဖူးတဲ့အထိကို ထူးတာဘုရာ့ အခု တပည့်တော်ဆန်စက်တစ်လုံးကိုစောင့်ရှောက်ရင်း လုပ်ကိုင် စားသောက်ခွင့်ရလို့ တပည့်တော် တောင့်တခဲ့တဲ့ စားဝတ်နေရေး ပြည့်စုံပြီး မိုးလုံ လေလုံနေနိုင်ဖို့ဆိုတဲ့ အဆင့်ထက်တောင် လွန်နေပြီ ဘုရာ့ ဒါတွေဟာ ဆရာတော် မ,လိုက်တဲ့ ဆရာတော့် ကျေးဇူးတွေပါပဲ ဘုရား”ဆိုပြီးဝမ်းသာမျက်ရည်နဲ့ လျှောက်ထားရှာတယ် ။
“ဟဲ့—ငဆင်ရဲ့၊ နင့်ကို ငါမလို့ မရဘူး ။ နင့်ကိုယ်နင် ရုန်းကန်ထရမှာလို့ အစကတည်းက ပြောထားသားနဲ့၊ ဘယ်ကလာ ငါက မရမှာလဲ၊ အဲဒါ ငါမတာ လည်း မဟုတ်ဘူး၊ နံဘေးမှာရှိတဲ့ ဘုရားတွေက မတာလည်း မဟုတ်ဘူးဟဲ့ ။
နင့်ခန္ဓာကိုယ်ထဲမှာ နင်ကိုယ်တိုင်မပြတ်ပွားထုံပြီး တည်ထားတဲ့ “အရဟံ ဘုရား” က မတာ ။ မတယ်ဆိုလို့ ဘုရားတန်ခိုးသက်သက်နဲ့ ချမ်းသာလာတယ် မထင်လိုက်နဲ့၊ ကံမျိုးစေ့ အောင်မြင်လာတော့ “အနုတ္တရံ ပုညခေတ္တံ လောကဿ” ဆိုတဲ့ သာသနာခေတ်ကြီးမှာ ဉာဏ်နဲ့ လုံ့လစိုက် ထုတ်နိုင်လောက် အကျိုး ဖြစ်ထွန်းတာပေါ့ ။
“သမ္မသကတ သမ္မာဒိဋ္ဌိ” အမြင်မှန် လက်မလွတ်စေနဲ့၊ မမေ့မလျော့ ဆက်ကြိုးစား ကြားလား” လို့ မိန့်ကြားပါတယ် ။
မောင်ဆင်ရဲ့ဘဝ ဘယ်လို ပြောင်းလဲသွားပေမယ့် မစိုးရိမ်ဆရာတော်ကြီး မွေးနေ့ရောက်တဲ့ အခါမှာတော့ အရင်က လုပ်နေကျအတိုင်း ထင်းခွဲ၊ အမှိုက်ရှင်း၊ ရေခပ် စတဲ့ အလုပ်ကြမ်းမှန်သမျှ မိသားစုပါ ဝိုင်းဝန်းပြီး ဆောင်ရွက်မြဲ ဆောင်ရွက် ပါတယ် ။
စစ်ကြီးပြီးစလောက်မှာတော့ အိန္ဒိယ ပြန်သွားတဲ့ ဆန်စက်ပိုင်ရှင်များက “သူတို့မိသားစု ဟိုမှာလည်းအလုပ်အကိုင်အဆင်ပြေနေတဲ့အတွက် ဟိုမှာပဲ အခြေချတော့မယ် ။
ဆန်စက်များကိုလည်း ရိုးသားပြီး သစ္စာရှိတဲ့ မောင်ဆင်ကိုပဲ အပြီးအပိုင်ပေးပါတယ်” လို့ စာနဲ့ လွှဲအပ်ပါတယ် ။
စစ်ပြီးစလောက်တုန်းကမတ္တရာနယ်တစ်ဝိုက်မှာတော့ ဆင်းရဲသား ( ကျောမွဲစစ်စစ် ) ဘဝက ဆန်စက်ပိုင်ရှင် သူဌေးကြီးဖြစ်သွားတဲ့ “အရဟံ ဦးဆင်” အကြောင်း လူတိုင်းလိုလိုက တအံ့ တသြ ပြောမဆုံးအောင် တစ်နယ်လုံးကို ဟိုးဝေးတကျော် ဖြစ်ရပ်ပါပဲတဲ့ ။
#ဒီနေရာမှာ အထူး သတိထားရမှာကတော့ “ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ၊ နှုတ်ကပါဌ်တွေမှာ ဘယ်ဂုဏ်က ဘယ်ဂုဏ်ထက် ပိုသာတယ်၊ ဘယ်ဂါထာက ဘယ်ဂါထာထက် ပိုသာတယ် ၊
ဘယ်ဂါထာက ဘယ်ဂါထာထက် ပိုပြီး အစွမ်းထက် တယ်လို့ ကွဲပြားခြားနားမှု မရှိပါဘူး ။ ရတနာ သုံးပါးနဲ့ ပတ်သက်ရင် နည်းကောင်း နည်းညံ့ ခွဲဖို့ မလိုဘူး ။ နည်းမြဲဖို့ပဲ လိုတယ်” ဆိုတဲ့ အချက်ပါပဲ ။
ပဋ္ဌာန်းဒေသနာတော် အလိုအရတော့ အာသေဝနပစ်္စည်းတပ်တယ်လို့ ခေါ်ပါတယ် ။ ကံအနေနဲ့ ပြောရရင်တော့ “မပြတ်လေ့ကျက်နေတဲ့ အာစိဏ္ဏကံ” ပါပဲ ။
အာစိဏ္ဏကံ ထက်သန်မြဲမြံလာရင် ပစ္စုပ္ပန်မှာ မျက်မြင်ဒိဋ္ဌ ခံစားရတဲ့ “ဒိဌဓမ္မ ဝေဒနိယ” အကျိုးကော နောင်အဆက်ဆက် “သမ္ပရာယိက” အကျိုးကိုပါ ထင်ထင်ရှားရှား ကြီးကြီးမားမား ပေးတတ်စမြဲ ဖြစ်ပါတယ် ။
ပြီးတော့ အခုဘဝမှာ အသစ်ပြုလုပ်တဲ့ ကံတွေဟာ ကိုယ်တိုင်အကျိုးပေးနိုင်တဲ့ “ဇနကသတ္တိ” ဆိုတာ ရှိသလို ကံဟောင်းတွေကို အားကောင်းပြို အကျိုးပေးခွင့်ရလာအောင် ထောက်ပံ့ ကူညီပေးတတ်တဲ့ “ဥပထမ္ဘကသတ္တိ” ဆိုတာလဲ ရှိပါတယ် ။
ဒါကြောင့် ကုသိုလ် တိုင်းဟာ ပြုဆဲဘဝမှာပဲ ကောင်းကျိုးတွေပေးတတ်,တိုးစေတတ်တယ်ဆိုတာ အရဟံ ဦးဆင်လို ဖြစ်ရပ်များအရ သိသာထင်ရှားပါတယ် ။
မစိုးရိမ်ဆရာတော်ကြီးထံမှကြားနာမှတ်သားခဲ့ရသည့်အတိုင်းအမရပူရမြို့တူမောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမေဓိယ ( အဂ္ဂမဟာပဏ္ဍိတ )ထပ်ဆင့်မိန့်ကြားဆုံးမချက်ကို မျှဝေတင်ပြလိုက်ပါတယ် ။ ။
ဓမ္မဘေရီအရှင်ဝီရိယ-တောင်စွန်း
Crd,