ဝက်ထီးကန် မြို့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း

ဝက်ထီးကန်မြို့ရဲ့ သမိုင်းကို ပြောမယ်ဆိုရင် တကောင်းပြည်မှာ အရပ်သား မောင်ပေါက်ကျိုင်းက မိဖုရားကြီးရဲ့ အချစ်တော် နဂါးကြီးကို နှိမ်နင်းပြီး နန်းတက်တဲ့ အချိန်လောက်က စရမှာပါပဲ။

မောင်ပေါက်ကျိုင်းရဲ့ ရာဇဝင်ကတော့ အများသိကြပြီး ဖြစ်မယ်ထင်လို့ မတင်ပြပါတော့ဘူး။ မောင်ပေါက်ကျိုင်းက နဂါးကြီးကို နှိမ်နင်းအောင်မြင်ပြီးတဲ့အခါ တကောင်းပြည်မှာ သတိုးမဟာနဂါးနိုင်မင်းကြီးအဖြစ်နဲ့ မင်းပြုပါတယ်။

မောင်ပေါက်ကျိုင်းရဲ့ မိဖုရားကြီးမှာ ခေပဒူပမင်းသားလို့ အမည်ရတဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသူ မောင်ငယ်တစ်ယောက် ရှိပါတယ်။ ထိုအချိန် အောက်ပြည်အောက်ရွာဘက်မှာ ဝက်ကြီး တစ်ကောင်ဟာ သောင်းကျန်းပြီး လူတို့ရပ်ရွာ စိုက်ခင်းတွေကို ဖျက်ဆီးနေတယ်လို့ မင်းကြီးထံ သတင်းပို့ကြပါတယ်။

မင်းကြီးက ဝက်ကြီး ကို နှိမ်နင်းဖို့ရာအတွက် သူရဲကောင်းရွေးတဲ့ အခါမှာတော့ ခေပဒူပမင်းသားက သူသွားရောက် နှိမ်နင်းမယ်လို့ ကတိပေးပြီး တကောင်းနေပြည်တော်ကနေ အောက်ပြည် အောက်ရွာကို စုန်ဆင်းလာခဲ့ ပါတော့တယ်။

ဝက်ကြီးသောင်းကျန်းရာ နေရာကတော့ ဧရာဝတီမြစ်နဲ့ မြောက်နဝင်း ချောင်းတို့ဆုံရာအရပ် ဒေသအနီး ယခု ပြည်မြို့ (သရေခေတ္တရာ) ပတ်ဝန်းကျင်ဒေသ တွေမှာပါ။ပြည်မြို့ရဲ့ အရှေ့မြောက်ဘက် ၁၈ မိုင်ခန့် အကွာ မြောက်နဝင်းချောင်းကမ်းဘေး မှာတော့ ၄င်းဝက်ကြီး နေထိုင်ခဲ့ရာ တောအုပ် ဝက်နေတော ဆိုတဲ့ အရပ်ရှိပါတယ်။

ထိုနေရာမှာ ယခုကာလရွေ့လျောတဲ့ အခါမှာတော့ ဝက်မြေတောဆိုတဲ့ရွာ ဖြစ်ပေါ်တည်ရှိနေပါတယ်။ ထိုစဉ်ကာလက ဧရာဝတီမြစ်နှင့် မြောက်နဝင်းချောင်းတို့ဆုံရာ မြစ်ဝှမ်း/ချောင်းဝှမ်းဒေသ (basin) မှာတော့ ၄င်းဝက်ကြီး ရေစိမ်ရွှံ့လူးရာ ရေကန်တစ်ကန် တည်ရှိနေပါတယ်။

ထိုနေရာဟာ ပြည်မြို့ရဲ့ အရှေ့မြောက်ဘက် ၁၆ မိုင်အကွာမှာ တည်ရှိနေပါတယ်။ ထိုရေကန်နဲ့ ပတ်သက်လို့ အယူဝါဒ နှစ်ခု ကွဲပြားနေပါတယ်။ တစ်ခုကတော့ ခေပဒူပမင်းသားက မြားနဲ့ပစ်တဲ့အခါမှာ ဝက်ကြီးက ရုန်းကန် ထွက်သွားတဲ့အတွက်
ဝက်ခွါရာကနေ ရေကန်ဖြစ်ပေါ်လာပါတယ်တဲ့။

ထိုအယူအဆ ကတော့ သဘာဝယုတ္တိရှိနိုင်မည်မထင်ပါ။ မည်မျှကြီးမားသည့် ဝက်ဖြစ်နေပါစေ ခွါရာကနေ ဤမျှကြီးမားသည့် ရေကန်ဖြစ်လာ မည်မထင်ပါ။ ဒါက ကျွန်တော့်ရဲ့ ယုတ္တိဗေဒ အမြင်ပါ။

ဒုတိယ အယူအဆကတော့ ထိုရေကန်ဟာ ဝက်ကြီး ရေစိမ်ရာ ရွှံ့လူးရာ ကန်ဖြစ်ပါတယ်တဲ့။ ထိုအယူအဆကတော့ ယုတ္တိဗေဒအရ ဖြစ်နိုင်ချေရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကန်ထဲတွင် ရေပြည့်နေချိန်မှာ ရိုက်ကူးထားတဲ့ ဂြိုလ်တု ဓာတ်ပုံနှင့်လေ ယာဉ်မှ ရိုက်ကူးထားသော ကောင်းကင်းဓာတ်ပုံတို့တွင် ကြည့်လျှင် ရေကန်ဟာ ဝက်တစ်ကောင် လှဲအိပ်နေတဲ့ ပုံသဏ္ဍာန်တွေ့ရလို့ပါပဲ။

၄င်းဝက်ကြီးကို ခေပဒူပမင်းသားက နှိမ်နင်းပြီးတဲ့အခါမှာတော့ ဝက်ကြီးကို အစွဲပြုလို့ ၄င်းနေထိုင်ခဲ့တဲ့ တောနေရာမှာ ဝက်နေတော/ကာလရွေ့လျှောတဲ့ အခါ ဝက်မြေတောရွာ။ ဝက်ကြီးပျော်ပါးမြူးထူးရာ ရေကန်အနီးမှာ ဝက်ကြီးကန်/ နောင်အခါ ဝက်ထီးကန်မြို့။

ဝက်ကြီးဟာ မြားဒဏ်ရာနဲ့ ထွက်ပြေးရင်း လဲကျသေဆုံးပြီး ပုပ်သွားတဲ့ နေရာမှာ ဝက်ပုပ်( ပြည်-ရန်ကုန် ကားလမ်းမ ပေါ် အင်းမမြို့ အနီးမှာ ရှိပါတယ်။) ဒီနေရာမှာ အများစု အမှတ်မှားနေကြတာကတော့ ဝက်ကြီးကို နှိမ်နင်းသူဟာ ပျူစောထီးလို့ ထင်နေကြတာပါပဲ။

ပျူစောထီးဟာ ပုဂံခေတ် အဦးပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ သူရဲကောင်းပါ။ ပျူစောထီးနှိမ်နင်းခဲ့တဲ့ ဝက်ကြီး ငှက်ကြီး
ဗူးပင်ကြီးတွေဟာ ပုဂံဒေသ ဖြစ်လာမယ့် အရပ်မှာ သောင်းကျန်းခဲ့ကြတာပါ။ ယခု ရာဇဝင်ပါ ခေပဒူပမင်းသားကတော့ တကောင်းခေတ်ကုန်ခါနီး ပျူခေတ်/ သရေခေတ္တရာ မဖြစ်ပေါ်မီ ပေါ်ပေါက်ခဲ့တဲ့ သူရဲကောင်းပါ။

အထက်ပါ အကြောင်းအရာတွေက တော့ ကျွန်တော်ငယ်စဉ် ကလေးဘဝက အမြဲကြားခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်/ ပါးစပ် ရာဇဝင်များဖြစ်ပါတယ်။ အဲဒီပါးစပ်ရာဇဝင် များကို
သမိုင်းဆိုင်ရာ ရာဇဝင်အဖြစ်အပျက်များနဲ့ ဆက်စပ်ပြပါ့မယ်။

ခေပဒူပ မင်းသားဟာ ဝက်ကြီးကို နှိမ်နင်းပြီးတဲ့အခါမှာ တကောင်းနေပြည်တော်ကို မပြန်တော့ဘဲ ဧရာဝတီမြစ်ကမ်း အနီးက ယခုပြည်မြို့ဖြစ်ပေါ်လာမယ့် နေရာအနီးက
တောင်တစ်ခုပေါ် မှာ ရသေ့ဝတ်ပြီး တောရဆောက်တည်နေပါတော့တယ်။ ခေပဒူပ ရသေ့ဟာ ညအခါ တရေးနိုး
ကျင်ငယ်စွန့်တဲ့အခါ ကျောင်းသင်္ခမ်းအောက်မှာထားတဲ့ သစ်သားခွက်ထဲကို စွန့်လေ့ရှိပါတယ်။

ရသေ့ရဲ့ ကျောင်းသင်္ခမ်း အနီးက တောထဲမှာနေတဲ့ သမင်မ တစ်ကောင်ဟာ ရသေ့စွန့်တဲ့ ကျင်ငယ်ရည်ကို လာသောက်လေ့ရှိပါတယ်တဲ့။ သမင်မဟာ ရသေ့ရဲ့ ကျင်ငယ်ရည်ကတဆင့်သံသေဒဇ ပဋိသန္ဓေစွဲကပ်ပါတော့တယ်။ ကိုယ်ဝန်နေ့လ စေ့တဲ့အခါ လူသားမိန်းကလေးငယ်တစ်ဦးကို မွေးဖွားပါတော့တယ်။

သမင်မကလည်း ကလေးငယ်ငိုသံကို လန့်ပြီး ထွက်ပြေး ရသေ့ကြီးကလည်း အသံကြားလို့ ဆင်းကြည့်တဲ့အခါ ကလေးကို တွေ့လို့ ကောက်ယူမွေးစားထားလိုက်ပါတယ်။ ကလေးငယ်ကိုတော့ ဗေဒါရီလို့ အမည်ပေးခဲ့ ပါတယ်။

ဗေဒါရီအရွယ်ရောက်လာတဲ့အခါ ရသေ့ကျောင်းသင်္ခမ်းမှာ မိန်းကလေးငယ်ရှိနေတာကို တကာတကာမတွေ မြင်တဲ့အခါ ပြောစရာ ဖြစ်မှာစိုးတဲ့အတွက် ရသေ့ကြီးက ဘူးသီးခြောက်မှာ အပ်ကလေးနဲ့ အပေါက်ဖောက်ပြီး ဗေဒါရီကို ဧရာဝတီမြစ်ထဲ ရေခပ်ခိုင်းတယ်တဲ့။ ဗေဒါရီလည်း အပ်ပေါက်ကလေးသာပါတဲ့ ဘူးသီးခြောက်နဲ့ ခပ်ရတာဆိုတော့ မနက်မိုးလင်းတည်းက မြစ်ထဲမှာ ဗူးသီးခြောက်ကို နှစ်ထားလိုက်ရင် ညနေမိုးချုပ်မှ ရေပြည့်တယ်တဲ့။

ကဲ ဒီနေရာမှာ ဧရာမြစ်ကမ်းနံဘေးက ဗေဒါရီကို အသာထားလို့ တကောင်းပြည်ကြီးကို ပြန်ကြည့်ကြပါစို့။ တကောင်းနေပြည်တော်ကနေ ခေပဒူပမင်းသားထွက်လာချိန်မှာ မင်းကြီး မောင်ပေါက်ကျိုင်းရဲ့ မိဖုရားကြီးက အမွှာ သားနှစ်ဦးကို မွေးဖွားပါတယ်တဲ့။

သားနှစ်ဦးဟာ မွေးရာပါ မျက်မမြင်တွေ ဖြစ်ကြတယ်တဲ့။ သားတော်တွေကို မဟာသမ္ဘဝနဲ့ စူဠာသမ္ဘဝလို့ အမည်ပေးခဲ့ပါတယ်။ မင်းကြီးက မျက်မမြင်တွေ ကို မွေးဖွားလာတာ ရှက်တယ် ဆိုပြီး သားတော်တွေကို ဖျောက်ဖျက်ခိုင်းတယ်တဲ့။ ( မိဖုရားကြီးက နဂါးကြီးနဲ့ ဘာညာအဆင်တွေရှိခဲ့တော့ မင်းကြီးလည်း ခေတ်စကားနဲ့ ပြောရရင် စိုင်းထီးဆိုင်သီချင်းနဲ့ ကလေးချော့ မသိပ်ချင်ဘူးထင်ပါတယ်။ သီချင်းကတော့ ” တို့အသွေးလည်းမဟုတ် တို့အသားလည်းမဟုတ်” ပါ။)

မိဖုရားကြီးကလည်း သားတော်တွေကို မသတ်ရက်တော့
ဖွက်ထားတယ်တဲ့။ သားတော်တွေ အရွယ်ရောက်တဲ့အခါမှာ မင်းကြီးက သိသွားတဲ့အတွက် သားတော်နှစ်ပါးကို စားနပ်ရိက္ခာအပြည့်အစုံနဲ့တကွ ဖောင်ပေါ်တင်ပြီးမြစ်ထဲမှာ မျှောစေတယ်တဲ့။

သမ္ဘဝညီနောင်လည်း ဖောင်တစ်စင်းနဲ့မျောလာလိုက်တာတာ ယခု စစ်ကိုင်းမြို့ဖြစ်လာမယ့်အရပ်မှာ စစ်ပင်ကြီး တစ်ပင်က မြစ်ကမ်းဘေးမှာ ပေါက်နေပြီး မြစ်ထဲကို ထိုးထွက်နေတဲ့ သစ်ကိုင်း တစ်ကိုင်းဟာ ဖောင်နဲ့ငြိသွားတော့ ဖောင်ဟာရှေ့ဆက်မသွားနိုင်ဘဲ စစ်ပင်ကြီးအနီးမှာပဲ တဝဲလည်လည် ဖြစ်နေတယ်တဲ့။

စစ်ပင်ပေါ်မှာနေတဲ့ စန္ဒမုက္ခီဘီလူးမက ဖောင်ပေါ်တက်ပြီး မင်းသားတွေရဲ့ ရိက္ခာတွေကို စားတယ်တဲ့။ မင်းသားတွေလည်း ရိက္ခာက လျင်လျင်မြန်မြန် လျော့နည်းလာတော့ ငါတို့ အစားကို ခိုးယူနေတဲ့သူတော့ ရှိနေပြီ အဲဒီသူခိုးကို ဖမ်းကြစို့ရဲ့ဆိုပြီး တိုင်ပင်ကြတယ်တဲ့။ ဒါနဲ့ နောက်ဆုံး ကျန်တဲ့ ရိက္ခာထုပ်လေးကို ညီနောင်နှစ်ယောက်ရဲ့ အလယ်မှာချပြီး ဖြည်းဖြည်းချင်းစီစားနေတဲ့ချိန် ဘီလူးမက ခါတိုင်းလို အေးဆေးဆိုပြီး လာနှိုက်စားတယ်တဲ့။

ညီနောင်နှစ်ယောက်လည်း နောက်ထပ်ဝင်လာတဲ့လက်ကို ဖမ်းဆွဲပြီး ညီလေး လက်လား အကိုကြီးလက်လားလို့ အချင်းချင်းမေးကြတဲ့အခါ ဘယ်သူ့လက်မှ မဟုတ်တဲ့အတွက် ဒါကတော့ သူခိုးလက်ပဲဆိုပြီး လက်ကိုဆွဲ လည်ပင်းကို သန်လျှက်နဲ့ ပိုင်းမယ်လုပ်တယ်တဲ့။

( မှတ်ချက်- ယနေ့ခေတ် စီနီယာ ဂျူနီယာ ညီလေးအကိုကြီး ခေါ်ကြတဲ့ နေရာဌာနတွေမှာ ဂွင်တစ်ခုကို နှစ်ယောက်ဝင်မိတဲ့ အခါတွေမှာ ဒီဂွင်ကို စနှိုက်တာ ညီလေးလက်လား အကိုကြီးလက်လားလို့ စုံစမ်းကြပြီး အချို့က တစ်ယောက်က လက်ရှောင်သွားလေ့ရှိပြီး အချို့ကတော့ မရှောင်ဘဲ ထကိုက်ကြတယ်တဲ့။ ဤကား စကားချပ်။)

ဘီလူးမလည်း အသက်ကို မသတ်ဖို့နဲ့ ဘာမဆို လုပ်ပေးမယ့်အကြောင်း တောင်းပန်တဲ့အခါ ညီနောင်နှစ်ပါးက သူတို့ မျက်စိကို ကုသပေးဖို့ တောင်းဆိုလိုက်တယ်။ ဘီလူးမလည်း ကတိခံပြီး ဆေးစတင်ကုသတဲ့ နေရာ မှာ #စကု။ မျက်စိတွေ ပြန်ကောင်း ပြီး အလင်းရောင် စတင်ရရှိရာနေရာမှာ #စလင်း ရယ်လို့ နောင်အခါမှာ မြို့ရွာတွေ ပေါ်ပေါက်လာပါတော့တယ်။

ညီနောင်နှစ်ပါးလည်း ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာလိုက်တာ ဗေဒါရီရေခပ်ဆင်းတဲ့ နေရာကိုရောက်လာပါတော့တယ်။ ဗေဒါရီ အပ်ပေါက်ပါတဲ့ ဘူးနဲ့ ရေခပ်နေတာ တွေ့တော့ ဘယ်အရူးက ဒါလောက်အပေါက် ကလေးနဲ့ ရေခပ်ခိုင်းရတာလဲ ဆိုပြီး ဘူးပေါက်ကို သန်လျှက်နဲ့ ထိုးဖေါက်လိုက်တယ်တဲ့။

ဗေဒါရီလည်း ဘူးအပေါက်ကျယ်တဲ့အခါ ရေမြန်မြန်ပြည့်လို့ ကျောင်းသင်္ခမ်းကို စောစောပြန်ရောက်တဲ့အခါ ရသေ့ကြီးက ဗေဒါရီကို “ဘူးကို ဘယ်သူချဲ့တာလဲ”ဆိုပြီးမေးမြန်းတာပေါ့ အဲဒီ အပေါက်ချဲ့ တဲ့သူတွေကို သွားခေါ်ချေ ဆိုတော့ ဗေဒါရီ လည်း ကြောက်ကြောက်နဲ့ မင်းသားတွေ သွားခေါ်။

ရသေ့ကြီးက မင်းသားတွေ နောက်ကြောင်းကို စုံစမ်းတော့ သူ့တူတွေ ဖြစ်နေပြီး ဖြစ်ကြောင်းကုန်စင်ကို သိရတော့ မင်းတို့လည်း တကောင်းကို ပြန်မနေနဲ့တော့ ဆိုပြီး ထိုအရပ်မှာ သရေခေတ္တရာ နေပြည်တော်ကို တည်ထောင်ပေးတယ်။ မဟာသမ္ဘဝကို ဗေဒါရီနဲ့ လက်ဆက်ပေးပြီး မင်းပြုစေတယ်။ စူဠာသမ္ဘဝကိုတော့ အိမ်ရှေ့စံ။

မကြာခင်မှာ မဟာသမ္ဘဝနတ်ရွာစံတော့ စူဠာသမ္ဘဝက ဗေဒါရီနဲ့ ဆက်လက် လက်ဆက်ပြီး မင်းပြု။ဗေဒါရီက ဒွတ္တဘောင်ကို မွေးဖွားပါတယ်။ အဖညီနောင် ဒွတ္တဘောင်လို့ အဆိုရှိကြပါတယ်။

ဆိုလိုချင်တာကတော့ #ဝက်ထီးကန်တို့ #ဝက်ပုပ်တို့
ပေါ်ပေါက်လာပုံတွေက ပါးစပ် ရာဇဝင်တွေ ဆိုပေမယ့် အဆိုပါ ရာဇဝင်နဲ့ ဆက်စပ်နေတဲ့ သရေခေတ္တရာနဲ့ဗိဿ နိုးကတော့ UNESCO ကတောင် အသိအမှတ်ပြုထားတဲ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွေ ဖြစ်နေပါပြီ။

ဒွတ္တဘောင်မင်းကြီး မြို့ရိုးလေးထောင့်မှာ တည်ထား
ကိုးကွယ်ခဲ့တဲ့ ဘုရားကြီး ဘုရားမာ ဘောဘော ဘဲဘဲ ဆိုတဲ့ စေတီကြီး လေးဆူဟာလည်း ယနေ့ထက်တိုင် တည်ရှိနေပါသေးတယ်။ နောက်တစ်ခုက အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲ မှာ
မြန်မာ့ သတ္တိသွေးကို ပြခဲ့တဲ့ နာမည်ကျော် ဝက်ထီးကန်တိုက်ပွဲ ဆိုတာလည်း မြန်မာသမိုင်းကို သင်ယူဖူးသူတိုင်း ကြားဖူးကြမှာပါ။

နောက် ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံမှာ သေနတ်ကိုင်တဲ့ အင်္ဂလိပ်ကို ဓားနဲ့ခုတ် အနိုင်ယူခဲ့တဲ့ နာမည်ကျော် မြို့မတိုက်ပွဲ ဖြစ်ခဲ့တာလည်းဝက်ထီးကန်ရဲ့ တောင်ဘက်နားက မြို့မရွာမှာပါ။အဲဒီတော့ ဝက်ထီးကန်ဆိုတာ ပျူခေတ်က ပါးစပ်ရာဇဝင်မှာ စတင်ဖြစ်ပေါ်ခဲ့ရပေမယ့် ၁၉ ရာစုနဲ့ ၂၀ ရာစု မြန်မာ့သမိုင်းမှာအညတရ သူရဲကောင်းတွေ ထွက်ပေါ်ခဲ့တဲ့ နယ်ပယ်ဒေသပါ။

Credit to Tun Aung Kyaw(T.A.K)