မြသိန်းတန်ဘုရားနှင့်စကြာမင်းသားလေးတို့၏ လျို့ဝှက်ချက်များ

နန်းမတော်မယ်နုမတိုင်မှီ ဘကြီးတော်အိမ်ရှေ့ မင်းသားဘဝတွင် ဆင်ဖြူမယ်နှင့်ဆုံမက်ခဲ့သည်။ ဆင်ဖြူမယ်သည် ဘိုးတော်ဘုရားလက်ထက်တွင် ဆန္ဒန်ဆင်ဖြူက ဘိုးတော်ဘုရား ကိုကျော်ကာ ကြာပန်းလက်ဆောင်ပေးခဲ့ရာမှ ဆင်ဖြူမယ်ဟုခေါ် တွင်လေသည်။

မိဖုရားသည် စကြာမင်းသားကို ၁၈၁၂ အောက်တိုဘာ လတွင် မွေးဖွားသည်။ မွေးဖွားခါနီးတွင် ငလျင်လှုပ်ခြင်း ကသစ်ပင်မှ ရေထွက်ခြင်း မွေးခါစတွင်အချင်းစလွယ်သိုင်းခြင်း ဖွားဖက် တော် ရွှေလရောင်မြင်းတို့ပေါ်ခဲ့သည်။

ကုန်းဘောင်ခေတ်၏အကျယ်ပြန့်ဆုံး မြန်မာနိုင်ငံတော်ဧရိယာ အစိုးရသူ ၊ ဆင်ဖြူအများဆုံး ပိုင်ဆိုင်သော ဘုရင်၊ နန်းသက်အကြာဆုံးစိုးစံခဲ့ရသောကုန်းဘောင် မွန်းတည့်ဘုရင် ဘိုးတော်ဘုရားသည် ကုန်းဘောင်ခေတ်၏မင်္ဂလာအရှိဆုံးအချိန်တွင် စကြာဝတေးမင်း ဖြစ်မည်ဟု ယုံကြည်သည့် မြစ်တော်ကို ပိုင်ဆိုင်ရလိုက် ရ၍ အတိုင်းမသိ ပျော်ရွှင်ပြီး ချစ်စွာသော မြစ်တော်အတွက် မြပုခက် ပြုလုပ်ရန် ငွေ (၈) သိန်းကို ဦးပေါ်ဦးအားပေးကာယိုးဒယားသို့ သွားဝယ်စေသည်။

ထို့အပြင် မင်းသားကို နန်းလျာစာရင်းတွင် ထည့်သွင်း သည်။ ရှေးအယူအဆအရ စကြာဝတေးမင်းသည် ကျွန်းကြီး ၄ ကျွန်း ၊ ကျွန်းငယ် ၂၀၀၀ ကိုအစိုးရပြီး စကြာယာဉ်ပျံ ၊ ဥပေါသထဆင်ဖြူတော် အစရှိသည့် အဆောင်ယောင် ၇ ပါးနှင့် ပြည့်စုံသူဖြစ်သည်။ စစ်အယူဝါဒကို ပယ်ကာ သီလ၊သမာဓိ၊ ရခြင်းကိုသာ အားထုတ်သော သာသနာပြုမင်း ဖြစ်သည်။ (ဆင်ဖြူနှင့်ပတ်သက်၍ နောင်တွင် တင်ပြပေးပါဦးမည်)

ဘကြီးတော်သည် စကြာမင်းသားလေး မွေးပေးခဲ့သာ မိဖုရားကိုအထူးကျေနပ် ချစ်မြတ်နိုး၍ပင်မဆုံး အချစ်နှင့်ပတ်သက်လျှင် ကံမကောင်းသူဖြစ်သည့်အလျောက် မိဖုရားမှာ သားတော်ကိုမွေးပြီး တစ်ပတ်အတိနေ့တွင် ကွယ်လွန်လေသည်။

ဇနီးကို စွန့်လွှတ်ရသဖြင့် စိတ်နလုံးကြေကွဲသောကဖြစ်ကာ များစွာအောက်မေ့ သည်ကတစ်ကြောင်း ၊ သားတော် စကြာမင်းသားလေးအား မွေးဖွားရာမှ စကြာဝဠာနှင့်ဆိုင်သော အယူအဆများပိုနားလည်လာသည် ကားတစ်ကြောင်း၊ ဇနီးအတွက် ကုသိုလ်ပြုခြင်းငှါ မြသိန်းတန်စေတီကို တည်ပြီး Structure ပိုင်းတွင် လူသားတို့ ဥာဏ်မမှီ ရှုပ်ထွေးသောစကြာဝဠာ သဘောတရားများကို ထည့်ဆောက်ကာ ပုံဖော်ညွှန်းပြပြီးဆင်ဖြူမယ်ကို ရည်စူးလှူဒါန်းသည်။

ဟိန္ဒူကျမ်းကန်မှ အဆင့်ဆင့်ဆင်းသက်လာသော ရှေးမြန်မာစကြာဝဠာ အယူဝါဒအရ စကြာဝဠာသိုက်တစ်သောင်း အလည်တွင်ရှိသည့် စကြာဝဠာတောင်သည် ကျွန်းကြီး လေးကျွန်း၊ သမုဒ္ဒရာလေးစင်းက ဝိုင်းရံထားပြီး မြင့်မိုရ်၊ သတ္တရဘန်၊ သီတာတို့ ကိုဗဟိုပြုပြီး တံတိုင်းသဖွယ် ဝိုင်းရံထားသည်။ဤကမ္ဘာသည် တောင်ကျွန်းဖြစ်သည်။

ထိုတောင်ကိုအစွဲပြုကာ လေးကျွန်းတစ်မြင့်မိုရ် အစုအဝေးကို စကြာဝဠာဟု ခေါ်သည်။ စကြာဝဠာတောင်၏အမြင့်မှာ ယူဇနာ ၂သိန်း ၄သောင်း ၂ထောင် ရှိသဖြင့် မြန်မာ့အတိုင်းအတာနည်းဖြင့် တွက်ကြည့်လျှင် ( 1 Yojana = 12.7273 miles ) ( 242000 Yojanas = 3080006.6 miles ) မိုင် ၃ သန်းကျော် ကီလိုမီတာ ၄.၉ သန်းကျော် မြင့်သည်။

ပုံအားလေ့လာကြည့်ပါ။ မြသိန်းတန်စေတီတော်သည် စကြာဝဠာတောင်ဖြစ်ပြီး ထိုအထက်၌ အာလိန် ၅ ဆင့်နတ်ပြည်နှင့် စူဠာမဏိစေတီတော်ကို ရည်ညွှန်းသည်။ ၎င်းကို တောင်စဉ်ခုနှစ်သွယ် ၊ သီတာခုနှစ်တန် (ရေလှိုင်းတွန့် ၇ ခု)က အောက်ခြေတွင် ဝိုင်းရံထားသည်။

လှေကားအဆင်း (၃) လမ်းထား ရှိခြင်းမှာ ဘုရားရှင်သည် ဝါတွင်း ၃ လ တာဝတိံသာနတ်ပြည်သို့ တရားဟောတော်မူပြီး လူ့ပြည်ပြန်ဆင်းသက်စဉ် သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း ၊ ပတ္တမြားစောင်းတန်းတို့ကို ဖန်တီးသည့် စောင်းတန်း (၃) သွယ်ကို ရည်ညွှန်းသည်။

သာမန်ဘုရားအုတ်တံတိုင်းဝင်းများမှာ (၄)ထောင့်ဖြစ်သော်လည်း အုတ်တံတိုင်းကို အဝိုင်းပုံဆောက်ထားခြင်းမှာ အဆုံးစမဲ့သော စကြာဝဠာ ကို ဆိုလိုသည်။ထို့ကြောင့် မြသိန်းတန်စေတီသည် တမူထူးခြား နေသဖြင့် မင်းကွန်းသို့ ဘုရားဖူးသွားမည်ဆိုပါက သွားဖူးပါရန် တိုက်တွန်းလိုက် ပါသည်။

မြသိန်းတန်စေတီကို အဖြူရောင်သုတ်ရခြင်းမှာ စကြာဝဋာတောင်သည် အဖြူရောင်ဖြစ်ပြီး နှောင်းလူတို့ လွယ်လင့်တကူ ရွှေသင်္ကန်းမကပ်မိ ရန်လည်း အထူးသတိပြုရမည့်အချက်တစ်ခု ဖြစ်ပါသည်။

စကြာမင်းသားသည် ရုပ်ရည်အလွန်ချောမောလှပသူဖြစ်ပြီး ဖွားဇာတာမြင့်မြတ်သဖြင့် ပြည်သူလူထုအထူးချစ်မြတ်နိုးမှုကို ရရှိပြီး မင်းကောင်းမင်းမြတ် ဧကန်ဖြစ်လာမည်ဟု ကြီးကြီးမားမား မျှော်လင့်ချက် ထားကြောင်း အင်းဝရောက် အင်္ဂလိပ်မှတ်တမ်းများကဆိုသည်။ ဘိုးတော်ဘုရား နတ်ပြည်စံပြီး ဘကြီးတော် နန်းတက်သော် နန်းတွင်း အုတ်စု (၃)စု ကွဲ သွားသည်ကို အရင် ဆောင်းပါးတွင် ဖော်ပြထားသကဲ့သို့ အာဏာပြိုင်ပွဲ ဖြစ်ပေါ်ခဲ့သည်။

နန်းမတော်မယ်နုသည် ထိုနန်းတွင်း အကြပ်အတည်းကို ဖြေရှင်းရန် တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေဖြင့် ပြည်သူ့သြဇာ လွှမ်းမိုးထားသော မင်းသားအား သူ့သမီးဆင်ဖြူမရှင် (ဖအေတူမအေကွဲ) သမီးနှင့်လက်ထပ်ပေးပါက တင်းမာမှု လျှော့ချနိုင်မည် ဖြစ်သလို သူကိုယ်တိုင်လည်း မယ်တော်ကြီး အဖြစ်ရပ်တည်နိုင်မည်။ ထိုအစီစဉ်ကို သာယာဝတီမင်းသားက ကြိုဆိုသော်လည်း ထီးနန်း ချိန်ရွယ်သူမောင်အိုက အထမမြှောက်အောင် တားဆီးသည်။

သာယာဝတီကိုယ်တိုင် သူ့သားတော်ကြီး ပြည်မင်းသားကို မောင်အို သမီးနှင့် ပေးစားပြီး အလားတူ တင်းမာမှုလျှော့ချလိုသော်လည်း မောင်အို ကိုယ်တိုင် ပြိုင်ဘက်ကို မုန်းတီးစိတ်ဖြင့် ခါးခါးသီးသီးငြင်းပယ်သည်ကား ရေရှည်နားမလည်သော ကိုယ်တိုင်ဘုရင်ဖြစ်ရေး ကိုသာ ပစ်မှတ်ထား နေခြင်း၏ စိတ်ပျက်စရာ ကောင်းသော ခံယူချက် ဖြစ်ခဲ့သည်။

သို့သော် ကံတရားသည် သာယာဝတီမင်းဘက်သို့ ပါသဖြင့် သာယာဝတီမင်း ထီးနန်းရ လိုက်ရာ အခြေနေအားလုံး ပြောင်းသွားသည်။ နောင်တော်ကိုနန်းချကာ မောင်အိုတို့ကို ဖမ်းသည်။ တူတော်မောင် စကြာမင်းသားလေးကား မည်သို့ဆိုစေ ပြိုင်ဘက်ဟောင်းဖြစ် ခဲ့သော ကြောင့် စကြာမင်းသားလေး မင်းဖြစ်ခွင့်မှာ မှေးမှိန်လာလေသည်။

အဘယ်ကြောင့် ဆိုသော် စကြာမင်းသားလေး မည်မျှပြည်သူချစ် နေသည်ဖြစ်စေ၊ မည်မျှမြင့်မြတ်သည်ဖြစ်ပါစေ သာယာဝတီမင်းကိုယ်တိုင် သူ့တူတော်ထက် သားတော် ပြည်မင်းသားကိုသာ နန်းလွှဲမည် ဖြစ်သည်။ မိဘတို့ ကိုယ့်သားသမီး ဆင်စီးမြင်းရံသည်ကို မြင်ချင်ကြသည်မှာ အပြစ်ဟုဆိုရန် ခက်သည်။ နောက်တစ်ခုကား ပြည်သူအားဖြင့် တော်လှန်ပြီး ခမည်းတော် ဘကြီးတော်အား နန်းပြန်တင်လိုက်မည်ဆိုလျှင် ဇတ်လမ်းရှုတ်သွား မည်။

မောင်အိုကလည်း သူ့ကိုနှိပ်ကွပ်ထားသည့် အတွက် ကောင်းကောင်း ‘သမ’ မည်ဖြစ်သဖြင့် အနေးနှင့်အမြန် ရှင်းကိုရှင်းရတော့မည်။ ယခုချက်ချင်း လူထုခေါင်းဆောင်အသည်းကျော် ကိုရှင်းလျှင် ပြဿနာ ရှိလာနိုင်သည် ဖြစ်သဖြင့် ကလေးကျောင်းပျော်အောင် ထားကာ အပြစ်ချောင်းရသည်။ ထို့ကြောင့် သူ့သားတော်များနှင့် တစ်တန်းတည်းထားသည်။ သို့သော် ပြည်မင်းသားက ညီအကိုဝမ်းကွဲ အတွက် စိုးရိမ်စိတ်ဝင်မိသည်။

တစ်နှစ်အကြာတွင် ပြည်မင်းသားက စကြာမင်းသားလေးသည် နောက်လိုက်လက်ဝဲမှူး ငရေး၊ ငရာပြတ်တို့နှင့် မသင့်မတင့်အကြံ ကြံနေသည်ဟုတိုင်ကြားသဖြင့် တောင်ဥယျာဉ်တွင် ခေါ်စစ်ကာ “ငါ့သားများကဲ့သို့ထားသည်ကို ပြုရက်လေခြင်း” ဟု ငို၍ စကြာမင်းသားလေးနှင့် သူ့အပေါင်းပါ (၂၀)ကျော်တို့ကို ရေချရန် အမိန့်ချမှတ်သည်။ (ဤအရာကို သမိုင်းဆရာကြီးအချို့က ပရိယာယ်တစ်ခု ဟုသာ ယူဆကြသည်။)

ထိုသတင်းသည် ပြည်သူတို့ကြားသိကုန်သော် ထိပ်လန့်တုန်လှုပ် အံ့သြကြသည်။ အချို့စာပေများ တွင် နန်းမတော်မယ်နု က စကြာမင်းသားလေး သတ်သည်ဟု ဆိုသော်လည်း မဖြစ်နိုင်သည်များ တွေ့ရသည်။ မယ်နုသည် ဘကြီးတော်ကို အလွန်ချစ်မြတ်နိုးသူဖြစ်ပြီး ဘကြီးတော်ကို ကြေကွဲအောင် ပြုမည်မဟုတ်ပါ။ သူ့သမီးကြီး ဆင်ဖြူမရှင်နှင့်ပင် အိမ်ထောင်ဘက်သား ချပေးရန်ရှိနေပြီး မောင်အို အချိန်ဆွဲနေ၍သာ အထမမြှောက်ခဲ့ချေ။

၁၈၃၈ ဧပြီလ၏နေ့တစ်နေ့ဖြစ်သော်လည်းလေကြီးမိုးကြီးရွာချ လာသည်။ ရေတွင်းရေကန်တို့တွင်သွေးရောင်အဖြစ်ပြောင်းကာ ချဉ်းချဉ်းနီလေသည်။ ညတွင်ကြယ်နက္ခတ်တို့လကိုဖောက်ထွင်းခြင်း ၊ ကြယ်ကြွေခြင်း ၊ ဥပ္ပတ်ပျံခြင်း ၊ ဧရာဝတီမြစ်ရေတို့ အထက်ပြန်ဆန်ခြင်း စသည့်ပုံမှန်မဟုတ်သော နမိတ်ဆန်းများပြသသည်။ ထိုသို့ဖြစ်နေသော်လည်း ရွှေကြက်ယက်ဆိပ်သို့ အာဏာပါးကွက်သားများ အသက် ၂၆ နှစ်သာရှိသေးသော စကြာမင်းသားလေးကို ရေချရန် အစောင့်ကြပ်အပြည့်ဖြင့် ဖမ်းခေါ်လာသည်။

ရေစပ်တွင် အသင့်စောင့်နေ သော မင်းမှုထမ်းလှေများရှိပြီး ကုန်းပေါ်တွင် ပရိတ်သတ် ရာပေါင်းများစွာက ရောက်နှင့်နေသည်။ သူတို့၏ရင်ထဲ၌ သနားလွန်းပြီး မခံမရပ်နိုင်အောင် ဖြစ်နေလေသည်။ မျက်ရည်ဝဲ၍အံကြိတ်သူများ ၊ တဘက်ကို မျက်နှာအုပ် ကာ ကျောပေး၍ ကြိတ်ငိုသံသဲ့သဲ့များ ၊ ဘာစကားမှပြောမထွက်ပဲ အာခေါင်ခြောက်ကပ်၍ နေသူများနှင့် ဘုရင်ကိုကြောက်ပြီး မချဥ့်မရဲဖြင့်သာ ကြည့်နေရတော့သည်။

အာဏာပါးကွက်သားတို့ သည် ကတ္တီပာရွှေနား ကွပ် အိပ်တွင် မင်းသားအားထည့်၍ ရေထဲသို့ ပြစ်ချလိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် ဝတ်ဖြူစင်ကြယ်ဝတ်ထားသော အဖိုးအို တစ်ဦးက မင်းသားလေးအား ကယ်ထုတ်သွားသည်ကို အချို့က မြင်လိုက် သဖြင့် မင်းသားမသေ တနေ့ပြန်လာလိမ့်မည် ဟူသော အယူဆများဖြစ်ပေါ် လာလေတော့သည်။

နန်းတော်တွင်လည်း မင်းသား၏ ဖွားဖက်တော် ရွှေလရောင်မြင်းမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ သီပေါမင်းပါတော်မူပြီးနောက် ” ကုန်းဘောင်နေမျိုး ၊ သတိုးမပျက် မုဆိုးဆက်ဖြစ်သော ဗုဒ္ဓရာဇာ စကြာမင်းလောင်း ပေါ်လာမည်” ဟူသော မင်းလောင်းမျှော်ဝါဒ (Messianism ) ကြီးမားစွာပေါ်ပေါက်ခဲ့ ဖူးသည်။

နောက်တစ်နေ့တွင် စကြာမင်းသားလေး၏မြင်းခံတော် မောင်ညိုသည် အရှင်သခင်ဆုံးပါး၍ စိတ်ထိခိုက်ပြီး ဥပုသ်စောင့်ရန် မင်းကွန်းအရပ်ရှိ မြသိန်းတန်ဘုရားသို့ သွားခဲ့သည်။ ထိုစဉ် စကြာမင်းသား သည် ထိုရွှေလရောင်မြင်းကိုစီးပြီး “မောင်ညို ငါကားမသေ ၊ ရသေ့ ဦးအောင် ယူဆောင်သွားသဖြင့် ရဇိတတောင်တန်းမှာ စံမြန်း၍နေ ရသည်”ဟု မိန့်လေသည်။ ထိုမှစပြီးမောင်ညိုမှာ စိတ်သက်သာရာရခဲ့သည်။

ထိုသတင်းကို သာယာဝတီမင်းက စကြာမင်းနတ်စိမ်းဖြစ်သည်ဟု ကြားသော် မောင်ညိုအားခေါ်ယူစစ်မေးရာ မောင်ညိုက ” ဘုန်းတော် ကြောင့် နတ်စိမ်းမဟုတ်ပါ ကျွန်ုပ်၏ အရှင်သခင် စကြာမင်းအမှန် ပင် ဖြစ်ပါသည်။ ကိုယ်တော်တိုင် ရွှေလရောင်မြင်း စီးလာသည်ကို ဖူးမြင်လိုက်ရပါသည်ဘုရား” ဟုလျှောက်တင်လေရာ ရွှေနန်းရှင် အနည်းငယ် ထိတ်လန့်သွားပြီး သဘောထားမတိုက်ဆိုင်သဖြင့် မောင်ညိုကို ထပ်မံကွပ်မျက်လိုက်ပြန်သည်။ ထိုသတင်း တိုးတိုး တိတ်တိတ်ဖြင့် ပို၍ပင်ပြန့်နှံ့သွားသည်။သို့သော်သမိုင်းအရ စကြာမင်းသား သေသွားပြီ ဖြစ်သည်။

သာယာဝတီမင်းသည် ပြည်သူချစ်သော စကြာမင်းသားကို သတ်လိုက် သဖြင့် ဗီလိန်ဖြစ်သွားခဲ့သည်။ ငရဲဆိုသည်မှာ နောင်ဘဝ မှဖြစ်သဖြင့် မကြောက်ကြသော်လည်း သံသရာဝဋ် အတုန့်အလှည့်သည် ယခုဘဝတွင်ပင် အနှေးနှင့်အမြန် လည်သည်။ သာယာဝတီမင်းကို စလေဦးပုညကိုရင်သား ဘဝတွင် ဗေဒင်ဟောပေးခဲ့ဖူးသည်။ မင်းဖြစ်မည်၊ စူဠလောကဘုရား ဒကာဖြစ်လာမည်။

၁၈၄၃ တွင်ဇာတာတော် အမြင့်ဆုံးရောက်မည်။ သက်တော် ၅၇ တွင် ဇာတာတော်ညိုးနွမ်းပြီး သက်တော် ၆၀ တွင် သာဝတိံသာ တက်ကိန်းရှိသည်ဟု ဟောခဲ့သလို ဟောသည့်အတိုင်း ထိုနှစ်များတွင် ကွက်တိဖြစ်နေသဖြင့် သွေးပျက် ခြောက်ခြား လာသည်။ စကြာမင်းသားလေးသတ်လိုက်သည်ကား မှားပြီဟုတွေးမိလာသည်။ မျက်စိကြောင်ကာ အိပ်မပျော်သော ရောဂါစွဲ ကပ်လာသည် ။ အနည်းငယ်ကြောင်လာပြီး လှံကိုင်၍ အဆောင်တော် ကူးသည်။

၁၈၄၄တွင် ယတြာခြေသည့်အနေဖြင့် ရာဟုထောင့် (မန္တလေး မင်းတဲအီကင်းအရပ်) သို့ရာယီစံနန်းဖြင့်နေတော်မူသည်။ ဆေးဝါးများကုသသော်လည်း အခြေနေကား ပိုပိုဆိုးလာသည်။ ဓါတ်ကြီး ၄ ပါးကြောင့်ဖြစ်သော ရောဂါမှာ ကုရသော်လည်း ဝဋ်နာကံနာသည် ကုသ၍ မရနိုင်ပေ။ နောက်ဆုံးသွင်သွင်ရူးသွားလေသဖြင့် ပြည်မင်းသားကား ခေတ္တအာဏာ ကိုင်ထားသည်။

ဘုရင်ရူးနေစဉ် မိဖုရားခေါင်ကျပင်း မင်းသမီးနှင့် သားတော်ပုဂံမင်းတို့ ရပ်ကြည့်နေကာ ပြည်မင်းသားကို အာဏာကြံစည်သည်ဟု ထင်မြင်လာသဖြင့် ကျပင်းမိဖုရားသည် နောက်ဆုံးဘုရင့်အနားကပ်ပြီးပြုစုရင်း ဘုရင့်အမိန့်အတုထုတ်ကာ ပြည်မင်းသားနှင့် အပေါင်းပါ ၂၀ ကျော်ကို ဖမ်းဆီးကွပ်မျက်သဖြင့် ကုန်းချောခဲ့သော ပြည်မင်းမှာ သူ့အသက်ကို ပြန်ပေးဆပ်ခဲ့ရသည်။ မှတ်တမ်းတစ်ခုတွင် သေကောင်ပေါင်းလဲဖြစ်နေသော သာယာဝတီ ကိုလည်း သတ်ပြစ်ပြီး ပုဂံမင်းကို နန်းတင်လိုက်သည်ဟု ဆိုသည်။

သာယာဝတီမင်းသည် နောင်တော်ဘကြီးတော်၏ အရိပ်အာဝါသတွင် နှစ်ပေါင်းများစွာ နေထိုင်သော်လည်း နောင်တော်၏ မိသားစုအသိုက်မြုံ ပြိုကွဲအောင် သားမယားတို့ကို သတ်ခဲ့ကာ ကျေးဇူးရှင်ကို စိတ်ဒဏ်ရာ အပြင်းထန်ဆုံး ပေးခဲ့သည်ကို ယခုဆောင်းပါးမတိုင်မှီက နန်းမတော်မယ်နုနှင့် မြန်မာနိုင်ငံတော်ကံကြမ္မာ ဟူသောကပ်လျက် ဆောင်းပါး၌ ဖော်ပြထားပြီး ဖြစ်သည်။ မောင်အိုကိုသတ်သည်မှာ မှန်သော်လည်း မရီးတော် နန်းမတော်မယ်နုကို သတ်သည်ထက် အခြားနည်းလမ်းဖြင့် ပြစ်ဒဏ်တော် ပေးသင့်သည်။

ခြေခြေမြစ်မြစ်မရှိဘဲ စကြာမင်းသားကို သတ်လိုက်ရာတွင် လုံးဝသူ့အလွန် ဖြစ်သွားသည်။ နန်းမတော်မယ်နု သည် မိဖုရားဆိုးဟု ဆိုသော်လည်း နောက်ဆုံး ချိန်ဆရာတော်ဦးဗုဓ်၏ ” မိနု သူ့အကြွေးရှိလျှင် ဆပ်ရလိမ့်မည်” ဟူသော စကားကြောင့် အေးချမ်းပြီး ကြွေးမြီကင်းရှင်းသည့် ဘဝသစ်မနက်လေး တစ်ခု တည်ထောင်နိုင်ရန် သေဒဏ်အတွက် ဘာတစ်ခုမှ စောဒကမတက် ဘဲ လုပ်ရဲခံရဲသည်ကို သက်သေပြပြီး သင်ခန်းစာပါ ပေးခဲ့သည်။

ထို့အပြင်မင်းပြုခြင်းသည် မည်မျှကြီးမားသည့် အကုသိုလ်ကံ ကျူးလွန်ရ သည်ကို တေမိယဇတ်တော်တွင် ခမည်းတော် ခိုးသား ၄ ဦး သေဒဏ် ချသည့်အဖြစ်ကို မြင်၍ မင်းစည်းစိမ်ကို စက်ဆုတ်ခဲ့သော ဘုရားလောင်း တေမိယ ၏ ဆွံ့အနေခဲ့သည့်အပြုအမူကား အထိရောက်ဆုံး ဥပမာ ဖြစ်သော်လည်း သာယာဝတီမင်းက သင်ခန်းစာအဖြစ် မယူတတ်ခဲ့သဖြင့် သူပေးဆပ်လိုက်ရသည်ကား သူခံစားရသော မင်းစည်းစိမ် ၉ နစ်ထက် အဆပေါင်းများစွာ သာသွား လေတော့သည်။

ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

Ref:
– စွန့်စားဖွေရှာဘိုးတော်ကမ္ဘာ
– မြန်မာ့စွယ်စုံကျမ်း – 3
– နန်းမတော်မယ်နုရှာပုံတော်
– ကုန်းဘောင်ရှာပုံတော်
– ကုန်းဘောင်ခေတ်စစ်တမ်း

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်