မြိုလူမျိုး တို့အကြောင်းသိကောင်းစရာများ

တိဗက် – မြန်မာ အစု လူမျိုးများအနက် မြိုလူမျိုး တို့သည် ချင်းပြည်နယ်တောင်ပိုင်း နှင့် ရခိုင်ပြည်နယ် တွင် ပြန့်ကြဲ့ နေထိုင်သည်။ ရခိုင်ရာဇဝင်များ၏ ဖော်ပြချက်များတွင် မြိုလူမျိုးတို့သည် ရခိုင်ပြည်နယ် သို့ ရှေးဦးစွာ ဝင်ရောက်လာသော လူမျိုးများ ဖြစ် သည်ဟုဆိုသည်။

မိမိ ကိုယ်ကို မြို စကားအားဖြင့် ခမိ ဟုခေါ်ဝေါ်ကြသည်၊ ‘လူ’ ဟု အနက် ရ သည်။မြိုလူမျိုးများသည် ကိုယ်ပိုင် ဘာသာ စကား၊ ယဉ်ကျေးမူ ရှိသည်။ မြို လူမျိုးသည် မျိုးနွယ်ကွဲ များပြားသော လူမျိုးဖြစ်သည်။ မြို အမျိုးကွဲပေါင်း (၁၀၀) ကျော်ရှိသည်။

မြိုလူမျိုးတို့သည် တချိန်က ရခိုင်ပြည်တွင် မင်းဧကရာဇ်များအဖြစ် နန်းတက်၍ “မြို” မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခဲ့ဘူးလေသည်။ ထိုသို့ မြိုမင်းဆက် နန်းတက်ခဲ့သည်မှာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခဲ့လေသည်။

ဤသို့ မြို့မင်းဆက် နှစ်ဆက် ထူထောင်ခဲ့ဘူးသော မြိုလူမျိုးတို့မှာ ယခုအခါ မထင်မရှားသော လူမျိုးအနေဖြင့် တည်ရှိကာ၊ အခြား မြန်မာနိုင်ငံ တိုင်းရင်းဘွားတို့ကပင် မြိုလူမျိုးတို့အကြောင်းကို မသိရှိကြပေ။မြိုလူမျိုးတို့သည် မြို တို့အခေါ် တွီပင်(တိဗက်) ဒေသမှ ဆင်းသက်လာကြသော မျိုးနွယ်စုဖြစ်သည် ဟု မြို လူမျိုးတို့၏ ရိုးရာသီချင်း၊ ဝတ္ထု၊ ပုံပြင်များအရ သိရပေသည်။

ထိုနေရာမှ တောင်ဘက်သို့တရွေ့ရွေ့ ရွှေ့ပြောင်းလာကြကြောင်း ဆိုသည်။ ထို့နောက် ရုန်ခိုတွင်နှစ် သုံးဆယ်ခန့်နေထိုင်ကြကြောင်း၊ ထိုမှတဆင့် မတူပီနယ် စဖွယ် (Cha Phawi) တောင် သို့ရောက်ရှိလာကာ ထိုနေရာတွင် နှစ်ပေါင်း ( ၃၀၀ ) ခန့်နေထိုင်ကြကြောင်း ထို့နောက် ပလက်ဝနယ် ခန်လုံးမွယ် ( Khang Lyhn Mawi) သို့ ပြောင်းရွှေ့ကြ ကြောင်း ခန်လုံးမွယ်မှ ရခိုင်ပြည်နယ်သို့ စုန်ဆင်း သွားကြကြောင်း ခူမီး (ခမီး) သမိုင်းက အခိုင်မာ ဆိုထားသည်။

မြိုလူမျိုးတို့၏ ပါးစပ်ရာဇဝင်တွင် ရှေးက ဝါရဓမ္မတူ၏သား ခေါစာပတိသည် နောက် လိုက်ဗိုလ်ပါတစ်သောင်းနှင့် အားသံပြည်မှ တဆင့် ကစ္ဆပနဒီမြစ်ညှာတစ်ခုသော နေရာတွင် ခြံစည်းရိုး ( ၇ ) ထပ်ကာရံကာ နေထိုင်ခဲ့ကြောင်း၊ တိဗက်ဒေသမှ အာသံ မဏိပူရ၊ ယနေ့ချင်းပြည်နယ်၊ မာတူပီ၊ ပလက်ဝ ဒေသမှ ရှေးခေတ် ရက္ခပူရတိုင်း ဓညဝတီ သို့ ဘီစီ ၃၃၂၅ မတိုင်မှီ ရောက်ရှိခဲ့ကြောင်း၊ ဆင်းသက်လာကြစဉ် တွင် “ရွီစာ” ဦးဆောင်သော ရှေ့သွား အုပ်စုနှင့် “မရူစား” ဦးဆောင်သော နောက်လိုက် အုပ်စု တို့ ကွဲ လွဲ ကြရသည်ဟု ဆိုသည်။

ကစ္ဆပနဒီမြစ်ဝှမ်းဒေသသို့ ရခိုင်လူမျိုးများ မြောက်ဘက်မှဝင်ရောက်လာရာ မြိုတို့သည် အဆိုပါဒေသတွင်ရှိနှင့်နေပြီးဖြစ်ကြောင်း ပထမဓညဝတီကိုတည်ထောင်ကာ ရခိုင်မင်းဆက်ကို တည် ထောင်ခဲ့သော သူရဲကောင်း မင်းမာရယုသည် “မြို”အကြီးအကဲတစ်ဦး၏သမီး မပိန်နှင့် လက်ထပ်ထိမ်းမြားခဲ့ကြောင်း၊ ထို့နောက် “မြို”လူမျိုးတို့နှင့် ပူးပေါင်းကာ ထိုစဉ်က ကစ္ဆပနဒီ မြစ်ဝှမ်းတစ်ဝိုက် မင်းမှုဆိုးသွမ်းနေကြသော ဘီလူးများကို တိုက်ခိုက်အောင်မြင်ခဲ့ကြောင်း ရခိုင် သမိုင်းများက ဆိုသည်။

ထိုအကြောင်းကို အဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်းအပိုဒ် ( ၆ ) တွင် ‘မာရယုလျှင်၊ ဘဖြူမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာဒေဝီ၊ သမီးဘီနှင့် ယှဉ်မှီတကွ’ ဟူ၍ စပ်ဆိုထားသည်။ ရခိုင်မဟာမုနိ ဘုရားသမိုင်းစာအုပ်တွင် ‘မာရယုသည် စွမ်းရည်သတ္တိနှင့် ပြည့်စုံသည် ဖြစ်၍ မြိုလူမျိုး ခေါင်းဆောင်ရအောင်လာ၏ သမီးနှင့်လက်ထပ်သည်’ ဟုဖော်ပြထားသည်။

ဒေါက်တာ ပင်မလာဂါတ်မင် ၏ Burma’s Lost Kingdoms စာအုပ်တွင် ဤသို့ဖော်ပြထားသည် “ရခိုင်ပြည်တွင် မည်သူတို့ အစောဆုံးအခြေချနေထိုင်ခဲ့ကြလဲ့ ဆိုသည် ကို တပ်အပ်မပြောနိုင်ပါ။ ဖြစ်နိုင်ခြေ အများဆုံးမှာ ဝေးလံခေါင်ဖျား ဒေသများတွင် ယခုအထိရှိနေဆဲဖြစ်သည့် ချင်း၊ မြို နှင့် သက်စသည့် မျိုးနွယ်စုများ ဖြစ်ပါလိမ့်မည် ဟုဖော်ပြထားသည်။

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုချင်းလူမျိုးများစာအုပ်တွင် မြို (အဝ) တို့မှာ ခူမီး (ခမီး) တို့နှင့်အတူဆင်း သက်လာပြီး ခန်းလုံတောင်တွင် ခူမီး(ခမီး) အုပ်စုများနှင့် ခွဲကာ မီးချောင်း၊ ရန်ချောင်း၊ သရီချောင်းအတိုင်းစုန်ဆင်းလေသည်။ မီးချောင်း၊ သမိန်ချောင်းများတဝိုက်နှင့် တောင်ပေါ်တွင်နေထိုင်သူများကို တောင်မြိုများဟုခေါ်ကာ မီးချောင်းနှင့် သမိန်ချောင်းဝ တွင်နေထိုင်သူများကို အဝမြိုဟုလည်းကောင်းခေါ်သည်။

မြို မျိုးနွယ်များသည် မီးချောင်းကို အခြေခံကာ ခူမီးတို့၏ ဖိအားကြောင့် တောင်ဘက်သို့ ရွှေ့ပြောင်း ရခြင်းဖြစ်ဟန်တူပေသည်။ ထိုရွှေ့ပြောင်းခြင်းသည် ရှစ်ရာစုခန့်ဖြစ်နိုင်ကြောင်းယူဆရသည်။ မျိုးနွယ်စုများ၏ နှုတ်ရာဇဝင်များအရ တောင်ဘက်သို့ ရောက်ရှိလာပြီးမှ မြောက်ဘက်သို့ပြန်ဆန်တက်ရကြောင်း တွေ့ရသည်။ ထို့ကြောင့် တောင်ဘက်ဖျားဆုံး မင်းပြားနယ်သို့တိုင်ရောက်ရှိပြီး ထိုအရပ်တွင် မြိုတောင်အမည်ရှိ တောင်တွင် အရိုးအိုး များထားရှိကြောင်းတွေ့ရသည်။

နေထိုင်ရာဒေသ

ရှေးဦးမြိုလူမျိုးများသည် ဂူထဲတွင် အနေကြာလာပြီးနောက် လူဦးရေ တဖြည်းဖြည်းတိုးပွားလာကြရာမှ ဂူထဲအနေမဆံ့သည့်အခါ လည်းကောင်း၊ အနာ၊ ရောဂါဘယများပြားခြင်းကြောင့်လည်းကောင်း၊ အချင်းချင်းပြဿနာရှိလာကြခြင်းကြောင့်လည်းကောင်း၊ အကြီးအကဲတို့ရဲ့ ခွင့်ပြုချက်အရ သဘာဝကျောက်ဂူခေါင်းထဲမှ အပြင်ထွက်ကြပြီး ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကာရံလျက် နေထိုင်ကြသည်။

ယင်းသို့ ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကျားရဲတိရစ္ဆာန်တို့၏ ဘေးရန်မှ ကာကွယ်နေထိုင်ခြင်းကို မြို ခေါ် ခမိ ဘာသာစကားဖြင့် မရူဆရီကာ အဲဒတ် ဟု ခေါ်ဆိုကြသည်။ နောင်တွင် မရူမှ မရို၊ မြို ဖြစ်လာသည်။ ရှေးပညာရှိများက မြို ခေါ် ခမိ ဘာသာစကား၊ ခြံစည်းရိုး အခေါ်အဝေါ် မြို ကို အခြေပြုပြီး ခြံစည်းရိုးအတွင်းနေထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ်တမ်းများ တင်ခဲ့ကြသည်။ ယင်းမှတစ်ဖန် ခေါ်မှုန့် ကို အစွဲပြုပြီး မြို ခေါ် ခမိ ဘာသာစကားဖြင့် အချင်းချင်းခေါ်ဝေါ် ရည်ညွှန်းပြောဆိုလေ့ ရှိကြပြီး ခမီ(လူသား)ကိုလည်း အမည်နာမပညတ်ပြီး ခေါ်ကြသည်။

မြိုလူမျိုးတို့သည် ချင်းပြည်နယ်တောင်ပိုင်း နှင့် ရခိုင်ပြည်နယ် တောတောင်ထူထပ်သော အရပ်ဒေသ၊ မြစ်ချောင်းအင်းအိုင် အနီးရာသီဥတု အေးမြသောဒေသများတွင် ပြန့်ကြဲ့ နေထိုင်သည်။ မြိုလူမျိုးများ ကို ချင်းပြည်နယ် မီးချောင်း နှင့် သမိန်ချောင်းတွင်လည်းကောင်း၊ ရခိုင်ပြည်နယ် မြို့ဟောင်း (မြောက်ဦး) မြို့နယ် အကြီးတော်မတိုက်နယ် နှင့် ရမ်းချောင်း တိုက်နယ်၊ ကျောက်တော်မြို့နယ်ရှိ သရီချောင်း၊ ပီချောင်း၊ ယိုးချောင်း နှင့် တောမိရွာတွင်လည်းကောင်း၊ ပုဏ္ဏားကျွန်း မြို့နယ်ရှိ၊ စမ်းမတီးချောင်း၊ တောဖျားချောင်း၊ ကြိမ်ချောင်းနှင့် မောင်မချောင်း တွင်လည်းကောင်း၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်းဒေသ[၁၀] နှင့် ပေါက်တောမြို့နယ်တို့တွင် ပြန့်ကြဲ့ နေထိုင်သည်။

မြိုလူမျိုးတို့သည် သမိုင်းလာရာဒေသများတွင် ယနေ့တိုင် ရပ်ရွာတည် ၍ နေထိုင်ကြဆဲဖြစ်သည်။ အမတ်ဓမ္မဇေယျသည် မြောက်ဘက်သို့ ဆုတ်ခွာရာတွင် ချင်းပြည်နယ် ပလက်ဝအောက်ပိုင်း မီးချောင်းဂူဝအထက်တွင်ခိုလှုံသည်ဟုဆိုသည်။ ထိုအရပ်ကို ဥတ္တရာဇ်ဟုခေါ်သည်။ ထိုသူများကို မြုံလူမျိုးများဟု အမည်တွင်လာကြောင်း ရခိုင်မှတ်တမ်းများတွင် ဖော်ပြထားလေသည်။

စန္ဒာဒေဝီမိဘုရားသည် အမတ်တို့နှင့်တိုင်ပင်ပြီး၊ နတ်ရွာစံပြီးသော ဘုရင်မင်းကြီး၏ အလိုအတိုင်း လက်စွပ်တော်နှင့်တန်သောသူကို မင်း ပြုရန် ရှာဖွေရာ နောက်ဆုံးတွင် မီးချောင်း အဖျားတွင် အဆင်းအဝါခွန်အားနှင့် ပြည့်စုံသော မြို သင်းကြီး ညီနောင် သားအဖ သုံးယောက်တို့ကို ကွန်ပစ်၍တွေ့လျှင် ဝေသာလီပြည်သို့ ဆောင်ယူကာ အစ်ကိုကြီး အမြတူကို စန္ဒာဒေဝီမိဘုရား နှင့်လက်ဆက်စေလျှက် မင်းအဖြစ်တင်မြှောက်ကြသည်။ ညီတော် အမြကူကို အိမ်ရှေ့အရာပေးပြီး၊ သားပဲဖြူကို မြောက်ဦးရွာ ကို အပ်နှင်းလေသည်။

အေဒီ ၇၉၆ – ၇၇၆ ခုနှစ် ဖြစ်သည် ဟု ရခိုင် ပညာရှင်များက တွက်ချက်ကြသည်။ ရခိုင်မင်းသမီး ဧချင်း အပိုဒ် ၁၄ တွင် – ‌ ဧေး ဧေး ဗိန့်စေရုန်၊ ပန်နှယ်ကုံဗိန့်၊ ပြည်လုံနှုန်မျှ၊ တိုင်မရ၍၊ ဆားဝမည်ထဲ၊ တောင်ရွာထဲဝယ်၊ အမြေဲနေပင်၊ မြိုတွင်ထင်ရှား၊ သင်းကြီးသားဟု၊ ရည်သွားလုံးရပ်၊ စေ့ကြပ်ကျစ်ကြော၊ ချောမောဆင်ယောင်၊ ညီနောင်သားဘ၊ သုံးယောက်ရလျဂ်၊ အစတည်တုံ၊ အမြထုံနှင့်၊ တူစုံသာအောင်၊ ထီးနန်းဆောင်း၍၊ နောင်းကကြိန်မူ၊ သာပေဖျူနှင့်၊ ရိပ်ဖြူဆောင်ချုပ်၊ ပြည်ရွာအုပ်လျှက်၊ တုံလှုပ်မစွန်၊ ခပ်ယိုစွန်တွင်၊ သျှန်ကိုသိန်ရှင်၊ဘိုးခင်ဘွားကြီး၊ တောင်ရိုးစီး၍၊ ဖျက်ဆီးလေခါ၊ တို့ရွာတကြိန်၊ မင်းမဲ့ဘိန်သည် စည်းစိမ်မထွန်း၊ ရှူးတဲ့လေ[၁၂]၊ ထိုမြိုသားအဖတို့ နေသောနေရာသည် ယနေ့ ချင်း ပြည်နယ် ပလက်ဝဒေသ မီးချောင်းမှ ဆားဝရွာကိုပင် ဆိုလိုခြင်း ဖြစ်သည်။

အမြတူမင်းသည် မင်းပြုနန်းစံပြီးခြောက်နှစ်ရှိလတ်သော် စန္ဒာဒေဝီမိဖုရားသည် လင် မင်းကြီးအမြတူကိုထက် မတ်တော်ဖြစ်သော အိမ်ရှေ့မင်းအမြကူသည် အရောင်အဆင်း၊ အရည်အချင်း၊ ခွန်အား၊ လက်ရုံးနှင့်ပြည့်စုံခြင်းကြောင့် တပ်မက်ခြင်းဖြစ်၍ မှားယွင်းကျူးလွန်လေသည်။ လင် မင်းကြီးအမြတူကိုသတ်၍ မတ်တော်အမြကူ အိမ်ရှေ့မင်းသားနှင့် မင်းပြုနန်းစံမည်ကြံသည်ကို မင်းကြီးသိလေသည်။

ထိုအခါမိဖုရားနှင့် ငါ့ညီတို့သည် ငါ့အားအသက်ကိုကြံစည်နိုင်ကြောင်း ရိပ်မိသဖြင့် သူ့ကို ငါလျင်အောင်ကြံစည်မည်ဟု ပရိယာယ်ဖြင့်ရိုးရာပွဲတော် (ဆနိ) ပြုလုပ်ရန်ဟုဆိုကာ နွားနောက်နှင့်ကျွဲဖြူတို့ကိုယူလျက် မြိုတို့၏ရိုးရာအဝတ်အစားဖြစ်သော ကြိမ်နွယ်၊ ကြွေပေါက်၊ ဦးဖွဲ့စသည်တို့ကို ဝတ်ဆင်လျက် တောင့်၊ လေး၊ မြှား တို့ကိုကိုင်၍ ညီအားရှေ့မှ နွားကြိုး၊ကျွဲကြိုးကို ကိုင်ငင်စေပြီး ရှေ့ကသွားစေသည်။

မြိုမင်းကြီးအမြတူသည် တောင့်၊ လေး၊ မြှား၊ လွှား၊ တို့ကိုကိုင်လျက် နောက်မှလိုက်လေ၍ အစဉ်အတိုင်းသွားကြလေသော် လဆုတ်ကာလဖြစ်သော ညဉ့်သန်းခေါင်ယံလွှဲ၊ မိုးသောက်လုခါနီးအချိန်တွင် ညီတော်ဖြစ်သော အိမ်ရှေ့မင်းကို အဆိပ်လူးသောမြှားဖြင့် ပစ်ခတ်သတ်ဖြတ်လေသည်။ ၎င်းကို မြိုလူမျိုးတို့သည် ရှေ့အစဉ်အလာ စကားအရ အမြတူမင်းကြီးသည် ညီတော်အမြကူအား သနား၊ ကြင်နာ၊ လွမ်းဆွေး၊ သတိ အမှတ်ရစွာဖြင့်လွမ်းစေတီတစ်ဆူတည်ထားလေသည်။

၎င်းစေတီကို “နွားလိုက်စေတီ” ဟူ၍ ရှေးမြိုလူမျိုးတို့က ခေါ်ဆိုကြလေသည်။ ယခုအခါ “နားလိပ်စေတီတော်[၁၃]” ဟုခေါ်ဆိုကြသည်။ မြိုပဲဖြူမင်း နန်းစံနှစ် တဆယ့် ခုနှစ်အကြာတွင် ကိုးသောင်းသော ရှမ်းတို့သည် လေ့မြို့ မြစ်ဖျားမှ ဆင်းသက်လာပြီး စစ်မက်ပြုလေသည်။ ပဲဖြူမင်းသည် အားမတန်သောကြောင်း နောက်လိုက်များနှင့် တကွ ယိုးချောင်းဖျား သပိတ်တောင်တွင် မြို့တည်ကာ နေရာ များ မကြာမှီ ကွယ်လွန်လေသည်။ ထို သပိတ်တောင် ဆိုသည်မှာ ယခုအခါ ရွှေပန်းခိုင် (မြိုရွာ)ဖြစ်သည်။ ကျောက်တော်မြို့၏အနောက်တောင်ဘက် ( ၇၁၅ ) မိုင် ခန့်ရှိသည်ဟုဆိုသည်။

ယုံကြည်ကိုးကွယ်မှု

ရှေးကမြိုလူမျိုးတို့သည် မိရိုးဖလာ နတ်ကိုးကွယ်ကြသည်။ နောက်ပိုင်းတွင် အများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ ခရစ်ယာန် ဘာသာ ကိုးကွယ်သူများလည်း ရှိသည်။ ဗုဒ္ဓဘာသာကိုးကွယ်သူများသည်လည်း မိမိတို့ ရိုးရာနတ်ကိုလည်း ပူဇော်ကြသည်။ ရိုးရာ နတ်များ မှာ အိမ်စောင့်နတ်၊ ယာစောင့်နတ် များ ဖြစ်သည်။ နတ်ကိုးကွယ်မှု ဆိုရာ ၌ ထူးခြားချက်တစ်ခုတွင် မြို လူမျိုးတို့သည် “KNIQKHOEQMAQ” ကနိခွတ်မာ ဟူသော ရိုးရာနတ် ဘုရားအဖြစ် အထူးယုံကြည်ဟန်ရှိသည်။

“ကနိခွတ်မာ” ဟူသော ဝေါဟာရသည် မြိုတို့ ရိုးရာယဉ်ကျေးမှုအားဖြင့် စကားလုံး နှစ်လုံး အား ပေါင်းစပ်ထားသော အရာ ဖြစ်သည်။ မြို ဘာသာစကားဖြင့် “နေ” အား “ကနိ” ဟု ခေါ်သည် “ခွတ်မာ “သည် စကြာဝဠာ ဟု အနက် ရသည်။ “ကနိခွတ်မာ” သည် နေနှင့် စကြာဝဠာကို ပိုင်သော ဖန်ဆင်းရှင်ဟု အဓိပ္ပာယ်ရသည်။

မြိုလူမျိုးများသည် အထူးအဆန်း အံ့ဖွယ်သရဲများကို တွေ့ကြရာ၌ “ကနိယို´ခှါယို” (Kniq Jy, Xajy) (နေနဲ့လ)ဆိုပြီး၊ အာမေဍိတ်သံကို ပြုနေကြသောကြောင့် ဖြစ်ပေသည်။ သို့သော် မြို လူမျိုးတို့တွင် အခက်ခဲ ပြဿနာများ၊ဖျားနာမှုများရှိလျှင်သာ “ကနိခွတ်မာ” အား တောင်းတကြသည်။ ဖန်ဆင်းခြင်း ပုံပြင်များတွင် KOEQMRIKOEQMRAN “ခွတ်မရိခွတ်မရင်” ဟူသော အသက်ကြီး အဖွားအိုသည် လူ့မိန်းမနှင့် ယောက်ျားအား ‌မြေမှုန့်မှ ဖန်ဆင်းသည်ဟု ဆိုသည်။

– ဒသရာဇမင်း လက်ထက် ( ၄၈၅ ခုနှစ် ) တွင် နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသော မဟာမုနိရုပ်ပွားတော်အား ရှာဖွေရန် စေခိုင်း လိုက်သော မြိုသင်းကြီး ရဟောင်လာ၊ အပေါင်လာတို့ကို “မြိုခွေးမွေး”၊ “ခွေးမွေးတောင်မြို”ဟုတညီတည်း မှတ်တမ်း တင်ထားပေရာ မြိုလူမျိုးတို့သည် ဗုဒ္ဓဘာသာအား ယခင်ကပင် ယုံကြည် ကိုးကွယ် လာခဲ့ကြောင်း သိရှိနိုင်ပေသည်။

– မြိုလူမျိုးတို့၏ ရှောဦးစွာ ခရစ်ယာန် ဘာသာ ကိုးကွယ် မှု သည် မီးချောင်းသေဒမှ ဖြစ်သည်။ ၁၉၃၂ ခုနှစ် တွင် ဧပြီလတွင် ပလက်ဝမြို့နယ် မီးချောင်းဒေသမှ မြို လူမျိုး ခရစ်တော် ကို ပထမဆုံးလက်ခံပြီး နှစ်ခြင်းခံသည်ဟု ဆိုသည်။

– ၁၉၀၇၊ ဇူလှိုင်လတွင် မရာဧဝံဂေလိ သာသနာသည် မြို လူမျိုတို့ကြား ဝင်ရောက်ခဲ့သည် ဟု ဆိုသည်။ယခုအခါ မြိုလူမျိုးကိုးကွယ်ကြသော အဓိကဘာသာများမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာများ ဖြစ်ကြပေသည်။ ရိုးရာနတ်ကို ပူဇော်ပသသော အချို့သော မြိုလူမျိုးများလည်း ရှိကြပေသေးသည်။

ဝတ်စားဆက်ယင်မှု

မြိုလူမျိုးတို့သည် ယဉ်ကျေးမှု တိုးတက်ဖွံ့ဖြိုး လာသည်နှင့်အညီ ဝတ်စား ဆင်ယင်မှုများသည်လည်း ခေတ်ပေါ် ဝတ်စားဆင်ယင်မှုများကို အလေးထား ဝတ်စား ဆင်ယင်လာကြသည်။ တိုင်းရင်းသားဆိုင် ရိုးရာယဉ်ကျေးမှု ပွဲလန်းသဘင်များတွင်သာ မိမိရိုးရာ ဝတ်စုံများကိုသာ ဝတ်ဆင်လာကြသည်။ သို့သော် ခေတ်အလိုက် ပုံစံအနည်းငယ် ပြောင်းလဲမှုများလည်း ရှိသည်။

ရှေးအမျိုးသားတို့၏ ဝတ်စားဆင်ယင်မှု

ရှေး မြို လူကြီးတို့သည် အလျှား (၁၂)တောင်၊ အရှည်ရှိသော တောင်ရှည်ပုဆိုးကို ရှေ့တစ်စ၊ နောက်တစ်စထား၍ ခါးတောင်း ကျိုက် ဝတ်ဆင်ကြသည်။ ရှေ့အစ နောက်အစသည် တွဲလွဲကျသည်။ ပွဲလမ်းသဘင်များ၌ ပိုးလုံချည်၊ ခေါင်းပေါင်း ကို ဝတ်ဆင်ကြသည်။ ထိုသို့ဝတ်လျှင် ဂုဏ်သရေ ရှိသည်ဟု ယူဆကြသည်။ မင်္ဂလာပွဲနှင့် မင်းခန်း မင်းနားတို့တွင် ပေ (၂၀) ထက်ကျော်သော ဂျက်ခုတ်ရက်ထည်ကို ခါးတွင် သုံးပတ် ပတ်ပြီး နောက်မြီး စွမ်း ရှည် ကို ပေါင် နှစ်ဘက်လုံး သုံးပတ် ကျော့ဝတ်ကာ ရှေး မြီး နောက် မြီးကို လက်ဝဲဘက် ခါးဆီတွင် အစချင်းပူး ချည်နှောင်လျှက် အစွန်းတူ ချထားရသည်။

ကိုယ်ဝတ် အင်္ကျီကို ကား ကောင်းမွန်စွာ ရက်လုပ်ထားသော အဖြူ ရက်ထည်ပေါ်တွင် အနီစင်းကြောင်း လက်ဝဲ၊ လက်ယာ နှစ်ကြောင်းစီ ရှေ့နောက် လေးကြောင်းပါသော ဂျက်ခုတ်ရက်ထည် အင်္ကျီလက်တို ဝတ်ဆင်ကြသည်။ သို့မဟုပ် အလျှား (၆) ပေ၊ အနံ (၄) ပေ ရှိ ပန်းအလှများ ဖော်ဆောင် ရက်လုပ်ထားသော “နီလိုင်”(Ielien)ခေါ် ကိုယ်လွှမ်းစောင်ကို လည်း ဘယ်ဖက် ပခုံးပေါ်တင်ပြီး လွှမ်းခြုံလေ့ရှိသည်[၂၆]။ သို့သော် မြိုလူမျိုးများသည် ရှေးရှေးကခန္မာကိုယ် အထက်ပိုင်းတွင် အဝတ်မဲ့ နေလေ့ရှိကြသည်။

ရှေးမြိုလူကြီးများသည် ယောင်ထုံးကို ဘယ်စောင်းထုံးလျှက် “လူ့ပေါင့်”(Luponq) ဟုခေါ်သော ခေါင်းပေါင်း ဖြူ ပိတ်စ (သိုမဟုပ်) ပန်းရောင် ကို ပေါင်းကြသည်။ ပွဲလမ်းသဘင်များတွင် ပိုးခေါင်း ပေါင်းကို ပေါင်းကြသည်။ ခေါင်းပေါင်ထည်ကို “လူ့ပေါင့်”(Luponq)ဟုခေါ်သည်။ ဆံထိုးကို “ဆင်ဘိန်းဟုခေါ်ကာ ပန်းဖွာကို “အဆွီ”ဟုခေါ်သည်။ နား နှစ်ဖက်တွင်အချင်း နှစ်လက္မရှိ အဝိုင်းကွင်း နားကွင်းကြီး နှစ်ကွင်းကိုဝတ်ဆင်ထားသည်။

ထိုနားကွင်းသည် ဆင်းရဲ ချမ်းသာလိုက်၍ ဆင်းခဲ့သူတို့က ငွေသားနှင့်လုပ်ထားသော နားကွင်းကိုဝတ်ဆင်ကာ ချမ်းသာသူတို့ကား ရွှေဖြင့်လုပ်ထားသော သူနားကွင်းများကို ဝတ်ဆက်၍ မင်းမျိုးမင်းနွယ်ကား “တံကွစီ” “ရှည်စလ”ခေါ်သော ရတနာကိုးပါးဖြင့် စီခြယ်ထားသော နားကွင်းကြီးကို ဝတ်ဆင်၍ အန်ဘောင်ခေါ် နားကွင်းဝိုင်းတွင် ပန်းစွယ် ကဲ့သို့ ရှေ့သို့ကွေးချထားသော နား ဋောင်းမျိုးကိုလည်းကောင်း စဉ်စဉ် ဓာတ်ရောင် (Deronq) ခေါ် ရတနာ စုံပါသော ပန်းဖူးနားဋောင်းမျိုးကို လည်းကောင်း ဝတ်ဆင်ကြသည်။ သို့ဖြစ်ရာ မန်နရစ်၏ မှတ်တမ်းတွင် ဒုတိယမြောက်ဦးခေတ် နောက်ဆုံး မြို မင်း ဖြစ်သော သီရိသုဓမ္မရာဇာမင်း၏ နားဋောင်းအကြောင်းကို ထွန်းရွှေခိုင် (စစ်တွေကောလိပ်) တွင် ဤသိုဖော်ပြသည်။

ဤကျောက်မျက် ရတနာတို့သည် သီရိသုဓမ္မဘုရင်၏ ကြီးမားသော တွင်းနှစ်ဖက်မှ တွဲကျနေပြီး ယင်းတို့ တောက်ပမှုကြောင့် ရာဇပလ္လင်အား စီခြယ်ထားသည့် အခြားကျောက်မျက်ရတနာများနှင့် ပုလဲတို့သည်ပင် အရောင် မှေးမိန်ကုန်ကြလေသည် ဟု ဖော်ပြထားလေသည်။

အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှု

မြိုအမျိုးသမီး များသည် ဒူးအောက်နားထိရှည်သော စကပ်ပုံ စံအိန ( ခေါ် ) ထဘီကို ရစ်ပစ်၍ ဝတ်ဆင်ကြသည်။ အနံတစ်ပေခွဲ၊ အလျှား ၂ ပေခွဲခန့်ရှိသော လေးတောင့်စွန့်ရှိ ရင်ကပ် (Ielienq) ကို ဘယ်ဘက်ချိုင့်ကြားမှ ညာဘက်ပခုံးပေါ် သို့ သိုင်းတင် ချည်နှောင်ရသည့် ရင်ဖုံး အဝတ်ကို ဝတ်ဆင်ကြသည်။ ခါးတွင် သန္တာစေ့များကို သီထားသည့် ခါးပတ်များ၊ ငွေဒင်္ဂါးတန်ဆာများကို ဝတ်ဆင်ကြသည်။ သန္တာစေ့ပုတီးလည်ဆွဲများ၊ ငွေဒင်္ဂါးတန်ဆာ လည်ဆွဲများကိုလည်း ဆင်မြန်းကြသည်။

ငွေလက်ကောက်၊ ငွေခြေကျင်း၊ ငွေနားဒေါင်းများကို ဝတ်ဆင်ကြသည်။ နားဒေါင်းမှာ ကန်စွန်းပွင့် သဏ္ဌာန်၊ ခါးတွင် အနည်းငယ် ကျဉ်း၍ ၂ -လက်မခန့် ရှည်သည်။ ပွဲလန်းသဘင်များတွင် ငွေထည် လက်ဝတ် လက်စား များကို ဆင်မြန်း၍ ထောက်ပင် (ခေါ်) တံဘက် သင်တိုင်းကို ဝတ်ဆင်ကြသည်။ ဦးခေါင်းပေါ်တွင် သန္တာစေ့ ပုတီးကုံး များကို တင်ထား ဆင်မြန်း ကြသည်။ တိုးတက်မှုမြန်နေသော ယနေ့လူ့အဖွဲ့စည်းတွင် ခေတ်ပေါ်ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်လာမှုများ ရှိလာပြီ ဖြစ်သည်။ တချို့ ရိုးရာ ဓလေ့ ဝတ်စားဆင်ယင်မှု မှုလများ အား မီးချောင်း၊ ပီချောင်း ဘက်တွင်သာ တွေ့ရှိနိုင်တောမည် ဖြစ်သည်။

ကလေးမွေးဖွားခြင်း

မြိုလူမျိုးတို့၏ ရိုးရာဓလေ့တွင် ကလေးမွေးဖွားသန့်စင်ပြီးနောက် ရက်ပေါင်း ၃၀ မှ ၆၀ ကြား မိသားစု နှင့် ထိတွေ့ ဆက်ဆံမှု မပြု လုပ်ရ‌ပေ။ မွေးဖွားမိခင်သည်အတွက် နေအိမ်၏နောက်ဖေးခန်းတွင် သီးသန့်မွေးဖွားခန်း ကိုဆောက်လုပ်ပေးရသည်။

မြို တို့တွင် ကလေး မွေးဖွား သန့်စင်သော မိခင်သည် ယောက်ျားလေး မွေးသည် ဖြစ်စေ၊ မိန်ကလေး မွေးသည် ဖြစ်စေ ရက်ပေါင်း ( ၃၀ ) ခန့် ထ္မင်း ဆားအနည်းငယ် နှင့် ရေ ကိုသာ သုံးဆောင်ရသည်။ ၎င်းသည် သန့်စေခြင်း ဖြစ်သည်ဟု ဆိုသည်။

ရက်ပေါင်း ( ၃၀ )ခန့် ထ္မင်းဖြူ နှင့် ရေ တစ်ခုသာ သုံးဆောင်ပြီးသည် နောက်တွင်၊ နောက် ထက် ( ၁၀ ) ရက်ထက်မံပြီးဟင်းသီးဟင်းရွက် ဖြင့် ရေလုံ ပြု တ် ဆားအနည်းငယ် ထည့် စားရပြန်သည်။ ထို့နောက်မှ ပုံ မှန် သုံးဆောင် နိုင်သည် ဟု ဆိုသည်။

၎င်းသည် သန့်စင်ခြင်းဟု ယူဆကြသည်။ နောက် ရက်ပေါင်း ၆၀ လွန်မှသာ မွေးဖွားခန်း ရှိ အသုံးဆောင် ပစ္စည်း များအား ဝေးရာသို့ လွှင့်ပစ်ပြီးမှ မိသားစုနှင့် အတူတကွ နေထိုင်ရသည်။ မွေးဖွားပြီ ကလေးသည် ရက်တစ်ပတ် ပြည့်ပြီး ချက် ကြွေပြီ ဆိုပါက လူကြီးများကို ခေါ်ပြီး ကင်ပွန်းတပ် ခေါင်းကြီး တောင်းခံရသည်။ ယနေ့ခေတ်တွင် တချို့သာ ကျင့်သုံးကြသည်။

Crd,ဝီကီပီးဒီးယား