တတိယမြန်မာနိုင်ငံကြီးကိုတည်ထောင်ခဲ့တဲ့ “အလောင်းဘုရားနဲ့ သူ့မိသားစု” အကြောင်း

တတိယမြန်မာနိုင်ငံကြီးကိုတည်ထောင်ခဲ့တဲ့ဦးအောင်ဇေယျ (ခေါ်) အလောင်းဘုရားမင်းကြီးရဲ့ လုပ်ရည်ကိုင်ရည် စွမ်းဆောင်မှုတွေကိုတော့ စာဖတ်သူအများစုသိပြီးဖြစ်ပါတယ်။

သူ့ရဲ့မိသားစုနဲ့မျိုးရိုးစဉ်ဆက်အကြောင်းကိုတော့သိတဲ့သူနည်းပါးပါတယ်။ စာအုပ်အတော်များများ မတူညီတဲ့အချက်တွေထဲမှာ အလောင်းဘုရားရဲ့ ဘုရင်မဖြစ်ခင် ၁၉ နှစ်သားမှာယူထားတဲ့ မိန်းမ မယ်ယွန်းစံ(ခေါ်) ခင်ယွန်းစံနဲ့ရတဲ့ သားသမီးအရေအတွက်ကို မှားယွန်းဖေါ်ပြလေ့ရှိပါတယ်။

အချို့က ၉ ယောက် အချို့က ၁၀ ယောက်စသဖြင့်ဖေါ်ပြကြပါတယ်။ ကျနော်ကတော့ ၁၀ ယောက်အမှန်ပါလို့ဖြေကြားပါရစေ။သူတို့မိသားစုအကြောင်းကိုသီးသန့်အတိုချုံးဖော်ပြရရင်

ဦးအောင်ဇေယျ

ခမည်းတော်မုဆိုးဘိုအလယ်ရွာနေမြို့စား “သီရိမဟာဓမ္မရာဇာ”ဘွဲ့ခံ မင်းညိုစံနှင့်မယ်တော် မဟာဒေဝီ စောငြိမ်းဦးတို့မှမြန်မာသက္ကရာဇ် ၁၀၇၆ခုနှစ်တော်သလင်းလပြည့်ကျော် ၁ ရက်သောကြာနေ့(13/8/1714)နေ့တစ်နာရီအတိတွင်တွင်မွေးဖွားခဲ့သည်။

မြန်မာသက္ကရာဇ် ၁၁၁၄ ခုနှစ်တပေါင်းလပြည့်နေ့(17/2/ 1752) နေ့တွင် မင်းအဖြစ်ရောက်ရှိသည်။မြန်မာသက္ကရာဇ် ၁၁၂၂ ကဆုန်လပြည့်ကျော် ၁၂ ရက် တနင်္ဂနွေနေ့မနက် ၅နာရီခန့်တွင်ကွယ်လွန်အနိစ္စရောက်နတ်ရွာစံပါသည်။အိမ်နိမ့် ၃၇ နှစ် ၇ လ။ စည်းစိမ် ၈ နှစ် ၁ လ။သက်တော် ၄၅ နှစ် ၈ လတွင်နတ်ရွာစံ။

ခင်ယွန်းစံ(ခေါ်)မယ်ယွန်းစံ

ခမည်းတော် စည်ပုတ္တရာရွှေကာတစ်ထောင်မှူး သိရိရန္တဇဘွဲ့ခံဦးဖြိုးနှင့် မယ်တော် ဒေါ်မယ်ညက်တို့မှ မြန်မာသက္ကရာဇ် ၁၀၇၅ ခုနှစ်တွင်မွေးဖွားခဲ့သည်။သက်တော် ၅၇ နှစ်မြန်မာသက္ကရာဇ် ၁၁၃၂ ခုနှစ်ဝါခေါင်လပြည့်ကျော် ၅ ရက်ဗုဒ္ဓဟူးနေ့ (26/7/1770)တွင်နတ်ပြည်လားခဲ့ပါသည်။

အလောင်းဘုရားရဲ့မယ်တော် စောငြိမ်းဦးနဲ့ ခင်ယွန်းစံရဲ့အဖေဦးဖြိုးဟာ မောင်နှမအရင်းဖြစ်လို့ အလောင်းဘုရားနဲ့ ခင်ယွန်းစံကမောင်နှမတစ်ဝမ်းကွဲခြင်းယူထားကြတာပါ။အလောင်းဘုရားအသက် ၁၉ နှစ် ခင်ယွန်းစံကအသက် ၂၀ မှာလက်ထပ်ကြတာပါ။ သူတို့နှစ်ယောက်ကမွေးတဲ့သားသမီးတွေက ၁၀ ယောက်ရှိပါတယ်။ အကြီးကနေ အစဉ်အတိုင်းဖေါ်ပြရရင်

၁။မောင်လောက်

ဘုရင်ဖြစ်သောအခါသီရိပဝရမဟာဓမ္မရာဇာဘွဲ့ ရပေမဲ့ “နောင်တော်ကြီးမင်း”အဖြစ်လူသိများပါတယ်။မြန်မာသက္ကရာဇ် ၁၀၉၆ ခုနှစ်ဝါခေါင်လဆန်း ၁၁ ရက်အင်္ဂါနေ့(30/7/1734) မနက်နှစ်ချက်တီးတွင်မွေးဖွားခဲ့သည်။

မြန်မာသက္ကရာဇ် ၁၁၂၅ နတ်တော်လပြည့်ကျော် ၉ ရကတနင်္လာနေ့(28/11/1763)တွင် နတ်ရွာစံသေဆုံးသည်။မိဖုရားနှစ်ပါး ကိုယ်လုပ်တော်နှစ်ပါးမှသားတော် ၅ပါး သမီးတော် ၂ ပါးမွေးဖွားခဲ့ပါသည်။
အိမ်နိမ့် ၂၅နှစ်ခွဲ
စည်းစိမ် ၃ နှစ်ခွဲ
သက်တော် ၂၉ နှစ်

၂။မောင်ရွ

ဘုရင်ဘွဲ့ သီရိပဝရသုဓမ္မ မဟာရာဇာ ဇနိန္ဒာဓိပတိ ဖြစ်ပြီး လူသိများတဲ့နာမည်က “ဆင်ဖြူရှင်မင်း(ခေါ်)မြေဒူးမင်း” ဖြစ်ပါတယ်။မြန်မာသက္ကရာဇ် ၁၀၉၈ ခုနှစ် ဝါခေါင်လဆန်း ၁၃ ရက် တနင်္ဂနွေနေ့(8/8/1736)မနက် ၄ ချက်တီးအချိန်မွေးဖွားခဲ့သည်။

မြန်မာသက္ကရာဇ် ၁၁၃၈ နှစ် နယုံလပြည့်ကျော် ၉ ရက်တနင်္ဂနွေနေ့(9/6/1776)နေ့တွင်နတ်ရွာစံသေဆုံးသည်။
အိမ်နိမ့် ၂၇ နှစ် ၄လ
စည်းစိမ် ၁၂နှစ်၆လ
သက်တော် ၃၉ နှစ် ၁၀လ
မိဖုရားကြီး ၂ ပါး မိဖုရားငယ် ၅ ပါး ကိုယ်လုပ်တော် ၃ ပါးမှ သားတော်စုစုပေါင်း ၁၈ ယောက် သမီးတော် စုစုပေါင်း ၂၃ ယောက်မွေးဖွားသည်။

သားတော်တွေအစဉ်အတိုင်းထီးနန်းတက်ရန်ဆိုသည့်ခမည်းတော်အလောင်းဘုရားရဲ့အမိန့်ကိုဆန့်ကျင်ပြီး ညီတော်အားထီးနန်းမပေးဘဲ၎င်း၏သား မင်းရဲလှ(ခေါ်)စဉ့်ကူးမင်းကိုထီးနန်းလွဲပေးခဲ့ပါသည်။

၃။သားတစ်ဦး သမီးတစ်ဦးအမွှာတွင် သားတော် လေးလသားအရွယ်တွင်ဆုံးပါးသွားသည်။

၄။မယ်သာ

မြန်မာသက္ကရာဇ် ၁၁၀၀ (1738)ပြည့်နှစ်တွင်မွေးဖွားသည်။
ခမည်းတော်မင်းကြီးနှင့် အကိုတော်နောင်တော်ကြီးမင်းလက်ထက်တွင် ကနီမြို့ကိုစားရသည်။ ၎င်း၏ဘွဲ့အမည်မှာ သီရိမဟာမင်္ဂလာရတနာဒေဝီ ဖြစ်သည်။သက္ကရာဇ် ၁၁၉၈ ခုနှစ်နယုန်လဆန်း ၆ ရက်နေ့(20/5/1836)ဘကြီးတော်စစ်ကိုင်းမင်းလက်ထက်တွင်ကွယ်လွန်သည်။

၅။မောင်ပိုး

မြန်မာသက္ကရာဇ် ၁၁၀၂ (1740)ခုနှစ်တွင်ဖွားသည်။ခမည်းတော်နှင့်နောင်တော်နှစ်ပါးလက်ထက်တွင် အမြင့်မြို့ တလုပ်မြို့များကိုစားရသည်။တူတော် စဉ်ကူးမင်းလက်ထက်တွင် (26/9/1777)နေ့တွင် ပုန်ကန်မှုနှင့်ရေချအသတ်ခံရသည်။

၆။မယ်မြတ်လှ

မြန်မာသက္ကရာဇ် ၁၁၀၄ (1742)နှစ်တွင်မွေးဖွားသည်။
ခမည်းတော်နှင့်အကိုတော်မင်းနှစ်ပါးလက်ထက်တွင် မင်းခင်းမြို့ အကိုတော်ဗဒုံမင်းလက်ထက်တွင် ပန်းတောင်းမြို့ကိုစားရသည်။ထိုနောက်တလုပ်မြို့စားဖြစ်စဉ်သက္ကရာဇ် ၁၁၈၈ ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၆ ရက်နေ့(25/6/1826)စစ်ကိုင်းမင်းလက်ထက်တွင်ကွယ်လွန်သည်။အင်းဝရှိ ဘုံသာစံလွတ်ကျောင်းဒါယိကာမဖြစ်သည်။ဘွဲ့အမည်မှာ သီရိမဟာရတနာပဘာဒေဝီ ဖြစ်သည်။

၇။မောင်ဝိုင်း

ခမည်းတော်နှင့်နောင်တော်နှစ်ပါးလက်ထက်တွင် ဗဒုံမြို့နှင့်မြဝတီမြို့ကိုစားရသည်။တူတော်စဉ့်ကူးမင်းလက်ထက် စစ်ကိုင်းသို့ပို့ထားခံရသည်။ထီးနန်းတက်စံဘွဲ့အမည်မှာ သီရိပဝရ ဝိဇယာ နန္တယသ တြိဘဝနာဒိတျာဓိပတိပဏ္ဍိ မဟာဓမ္မရာဇာဓိရာဇာ (၃၂)လုံးဖြစ်သည်။

သက္ကရာဇ် ၁၁၀၆ ခုနှစ်တန်ခူးလပြည့်ကျော် ၆ ရက်တနင်္လာနေ့မနက် သုံးချက်တီးကျော် ၅ နာရီ(11/3/1745)တွင်မွေးဖွားသည်။သက္ကရာဇ် ၁၁၄၃ တပိုတွဲလပြည့်ကျော် ၁၄ ရက်နေ့(11/2/1782)တနင်္လာနေ့တွင်ထီးနန်းရခဲ့သည်။

သက္ကရာဇ် ၁၁၈၁ ခုနှစ်နယုန်လဆန်း ၁၃ရက်(5/6/1819)နေ့တွင်နတ်ရွာစံသေဆုံးသည်။အိမ်နိမ့် ၃၆ နှစ်။ စည်းစိမ် ၃၇ နှစ်။ သက်တော် ၇၅နှစ်နှစ်လနတ်ရွာစံသည်။မိဖုရားကြီး ၃ ပါး။အဆောင်ရမိဖုရား ၁၁ ပါး။ကိုယ်လုပ်တော်ပေါင်း ၄၂ယောက် ။သားတော်စုစုပေါင်း ၆၁ ယောက် သမီးတော်စုစုပေါင်း ၆၁ ယောက်ရှိသည်။

၈။မယ်အိပ်

ခမည်းတော်နှင့် အကိုတော်နှစ်ပါးလက်ထက်တွင် အုံးတောအောင်သာ ဆယ်ရွာနှင့်စကုမြို့ကိုစားရသည်။သက္ကရာဇ် ၁၁၀၈(1747) ခုနှစ်တွင်မွေးဖွားသည်။သက္ကရာဇ် ၁၁၂၉ (1768)ခုနှစ်တွင်ကွယ်လွန်သည်။ဘွဲ့အမည်မှာ သီရိရတနာမင်္ဂလာဒေဝီဖြစ်သည်။

၉။မောင်စိုး

သက္ကရာဇ် ၁၁၁၁(1750) ခုနှစ်တွင်ဖွားသည်။ခမည်းတော်နှင့် နောင်တော်မင်းနှစ်ပါးလက်ထက်တွင်တရုပ်မြို့ ပခန်းမြို့များကိုစားရသည်။ သက္ကရာဇ် ၁၁၆၄(1803) ခုနှစ်တွင်ကွယ်လွန် သည်။ဘွဲ့အမည်မှာ သတိုးမင်းလှမင်းရဲကျော်စွာဖြစ်သည်။

၁၀။မောင်ဘိုးရှင်

သက္ကရာဇ် ၁၁၁၆(1755) ခုနှစ်တွင်ဖွားသည်။ခမည်းတော်နှင့်နောင်တော်မင်းနှစ်ပါးလက်ထက်တွင် ပင်းတလဲနှင့်မြင်စိုင်းမြို့များကိုစားရသည်။ နောင်တော်ဗဒုံမင်းလက်ထက်တွင် ပုန်ကန်မှုဖြင့် သက္ကရာဇ် ၁၁၄၇ ခုနှစ်ဝါဆိုလဆန်း ၁၃ ရက်တနင်္ဂနွေနေ့ (19/6/1785)တွင်ရေချအသတ်ခံရသည်။ဘွဲ့အမည်မှာ သတိုးမင်းလှမင်းရဲကျော်ဖြစ်သည်။

အလောင်းဘုရား၏အခြားမိဘုရားများမှာ

မြောက်နန်းဆောင် ကျောက်မြောင်း သီရိမဟေမိဖုရား
ရှင်ပြေ ပဘာဒေဝီမိဖုရား

ကိုယ်လုပ်တော်
ရှင်မင်းသူ သီရိစန္ဒာမဟေ
ရှင်လှ စိတ္တမဟေ
ရွှေခဲကြီး
ရွှေခဲကလေး
ထိုမိဖုရားနှစ်ပါး ကိုယ်လုပ်တော်တို့မှမွေးသော
သား မောင်လှ
မောင်ပတောက်(မြောက်နန်းမိဘုရားမှဖွားမြင်)
မောင်စွေ့ မြင်ကွန်းမင်းသား (ကိုယ်လုပ်တော်ရှင်လှမှဖွားမြင်)

သမီး ရှင်မင်းကောင်း ပဒုမ္မဝတီ(ကိုယ်လုပ်တော်ရှင်မင်သူမှဖွားမြင်)
မယ်ညိုမြ ပင်းယမင်းသမီး(ကိုယ်လုပ်တော်ရွှေခဲကလေးမှဖွားမြင်)
မင်းရွှေမြ ယင်းခဲမင်းသမီး(ကိုယ်လုပ်တော်ရွှေခဲကြီးမှဖွားမြင်)
အားလုံးပေါင်း သားတော် ၁၀ ယောက် သမီးတော် ၆ယောက် စုစုပေါင်း ၁၆ ယောက်ရှိပါသည်။

အလောင်းဘုရားမိသားစုတွင် ရာထူး အာဏာအတွက် တူကဦးလေးကို သတ်တာရယ်အကိုအရင်းက ညီအငယ်ဆုံးကိုသတ်တာရယ် ညီအဖေတူ မအေကွဲကိုသတ်တာရယ်ဦးကြီးက တူနဲ့ မြေးကိုသတ်တာရယ်ဖြစ်ပွားခဲ့ပြီး သံဝေဂရဖွယ်တွေ့ရှိရပါတယ်။

crd_to_owner ဆရာ ဦးမြင့်ဦး
မူရင်းရေးသားသူအားလေးစားစွာဖြင့်