အင်ဂျင်နီယာသမိုင်းရဲ့ နံပါတ်(၁) ဖြစ်သော ကမ္ဘာ့အံဖွယ် (သို့) ချန်နယ် ရေအောက်တူးမြောင်း

ကမ္ဘာ့အံ့ဖွယ်များကို ရှေးခေတ် အလယ်ခေတ် ၊ ခေတ်သစ် ၊ သဘာ၀ စသည်ဖြင့် ကမ္ဘာ့အံဖွယ် အမျိုးမျိုး သတ်မှတ်ကြပါတယ်။

အင်ဂျင်နီယာ လောကတွင်လည်း အံဖွယ် ၇ မျိုး ရှိပါတယ်။ ဒါတွေကတော့(၁) ချန်နယ်တူးမြောင်း ၊ (၂) စီအင်န်မျှော်စင် ၊ (၃) အင်ပိုင်ယာစတိတ် ၊ (၄) ဂိုးလ်ဒင်းဂိတ်  (၅) အီတာအိပုဆည် ၊ (၆) ဒယ်လ်တာဝေါ့ခ် နဲ့ (၇) ပနားမားတူးမြောင်းတို့ပဲ ဖြစ်ပါတယ်။ 

ဒီ ၇ခုမှာ အခက်အခဲဆုံး အင်ဂျင်နီယာ လောကရဲ့ မှတ်တိုင်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံရတာကတော့ ချန်နယ် ရေအောက်တူးမြောင်း ဖြစ်ပါတယ်။ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများအတွက် ကမ္ဘာကျော် ချန်နယ် ရေအောက် တူးမြောင်း ရဲ့ အကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။

ချန်နယ်တူးမြောင်း ဆိုတာ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်ပြီး ပင်လယ်ရေအောက်ကနေ ပြင်သစ် နဲ့ အင်္ဂလန် နိုင်ငံကို ဆက်ပေးထားတဲ့ ပင်လယ်ရေအောက် တူးမြောင်းတစ်ခု ဖြစ်ပါတယ်။ ယူရိုဥမင် (Eurotunnel) လို့လည်း ခေါ်ကြပါတယ်။

ဒီတူးမြောင်းကို တည်ဆောက်မယ့် စိတ်ကူးကို ၁၇၅၁ ခုနှစ်လောက်ကတည်းက သက်ဆိုင်ရာ အာဏာပိုင်တွေက စိတ်ကူးမိကြပေမယ့် လက်တွေ့မှာတော့ နှစ်ပေါင်းများစွာကြာပြီးမှ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

၁၈၀၂ ခုနှစ်လောက်ကတည်းက ဒီတူးမြောင်းရဲ့ ဒီဇိုင်းကို ပြင်သစ် မိုင်းတွင်း အင်ဂျင်နီယာ Albert Mathieu-Favier က ဆွဲပြီး အဆို တင်သွင်းခဲ့ပေမယ့် ဆောက်လုပ်ခွင့်ကိုတော့ ၁၈၇၅ ခုနှစ်မှာမှ ခွင့်ပြုခဲ့ပါတယ်။

ဥမင် ဖောက်လုပ်ရေး အင်ဂျင်နီယာတွေ အတွက် အကြီးမားဆုံးသော စိန်ခေါ်မှု တစ်ရပ်ပဲ ဖြစ်ပါတယ်။

Mathieu – Favier ရဲ့ အဆိုထဲမှာ ရေလက်ကြား အလယ်လောက်မှာ ကျွန်းအတု ဖန်တီးတည်ဆောက်ပြီး ရထားတွေကို ပြုပြင်ဖို့ လိုအပ်လာရင် မြင်းဆွဲ လှည်းတွေနဲ့ သွားရောက်နိုင်ဖို့ ပါရှိခဲ့ပါတယ်။

ဆောက်လုပ်ခွင့်ရတဲ့ ကုမ္ပဏီကတော့ Channel Tunnel ကုမ္ပဏီဖြစ်ပြီး ဦးဆောင်သူကတော့ ဗြိတိသျှလူမျိုး John Hawkshaw ဖြစ်ပါတယ်။ ဥမင်လိုဏ်ခေါင်း ဖောက်ခင် ခြုံငုံလေ့လာ စစ်ဆေးခြင်းဆိုင်ရာ ဘူမိဗေဒ နဲ့ Surveying လုပ်ငန်းစဉ်များ လုပ်ဆောင်ဖို့အတွက် နှစ်ပေါင်း ၂၀ ခန့် အချိန်ယူခဲ့ရပါတယ်။

ဒါပေမယ့် လုပ်ငန်းတွေ စတင်ပြီး မကြာခင်မှာပဲ အင်္ဂလိပ်တို့ဘက်မှ နိုင်ငံလုံခြုံရေး ကိစ္စများကြောင့် ပရောဂျက်ကို ရပ်ဆိုင်းခဲ့ပါတယ်။ ဗြိတိသျှလွှတ်တော်ရဲ့ ကန့်ကွက်မှုကြောင့် ဒီတူးမြောင်း ပရောဂျက်ဟာ ၁၈၈၂ခုနှစ်ကနေ ၁၉၅၀ အထိ နှစ်ပေါင်း ၇၀ ခန့် ရပ်ဆိုင်းသွားခဲ့ရပါတယ်။၁၉၆၀ ခုနှစ်မှာတော့ Channel Tunnel လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာကြောင့် တူးမြောင်းဖောက်လုပ်ရေး ကိစ္စဟာ တဖန်အသက် ပြန်ဝင်လာခဲ့ပါတယ်။

အင်္ဂလန် ၊ ပြင်သစ် ၊ အမေရိကန် ပညာရှင်များရဲ့လေ့လာမှုနဲ့အတူ ၁၉၆၆ ခုနှစ်မှာ ပြန်လည် စတင်မယ်လို့ သဘောတူညီခဲ့ပေမယ့် ၁၉၇၀ခုနှစ်မှာ ဗြိတိသျှတို့ရဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် ရပ်တန့် သွားခဲ့ရပြန်ပါတယ်။

ရပ်တန့်တဲ့အချိန်မှာ ဖောက်လုပ်ပြီးတဲ့ ဥမင်လိုဏ်ခေါင်းရဲ့ အရှည်ဟာ ပေ ၂၀၀၀ ကျော်သာ ရှိပါသေးတယ်။
ယခု လက်ရှိဥမင်ရဲ့ ဒီဇိုင်းကို ၁၉၆၀ ခုနှစ်က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ စမ်းသပ်ဥမင်ကို စတင် ဖောက်လုပ် ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ငွေကြေး ပြဿနာများကြောင့် ဆက်မဖောက်နိုင်ခဲ့ပါဘူး။

၁၉၈၇ ခုနှစ်မှာတော့ သဘောတူညီချက်တွေနဲ့အတူ နောက်တစ်ကြိမ်ပြန်လည် စတင်ခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ် စတင်တဲ့အချိန်မှာတော့ ခေတ်သစ် နည်းပညာတွေ အလွန်ထွန်းကားနေပြီ ဖြစ်တဲ့အတွက် ဥမင်ဖောက်လုပ်ခြင်း လုပ်ငန်းစဉ်တွေဟာ ပိုမို မြန်ဆန်လာခဲ့ပါတယ်။

၁ ပတ်လျှင် ပေပေါင်း ၁၄၀၀ နီးပါးအထိ ဖောက်လုပ်နိုင်ခဲ့ပါတယ်။ အခက်အခဲပေါင်း များစွာနဲ့ ၇ နှစ်ကြာပြီး ၁၉၉၄ ခုနှစ် မေလမှာတော့ တူးမြောင်းကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဖွင့်လှစ်ခဲ့ပေမယ့် တူးမြောင်းကို အလုံးစုံ အသုံးမပြုနိုင်သေးပဲ ဒီဇင်ဘာလမှ စတင် အသုံးပြုနိုင်ခဲ့ပါတယ်။

ချန်နယ်တူးမြောင်းရဲ့ စိတ်ဝင်စားဖွယ် အချက်အလက်များ

ချန်နယ် ရေအောက်တူးမြောင်းဟာ အင်္ဂလိပ် ရေလက်ကြားကို ဖြတ်ကျော်ကာ အင်္ဂလန်နိုင်ငံ တောင်ပိုင်း ဖော့က်စတုန်း (Folkestone) နဲ့ ပြင်သစ်နိုင်ငံ မြောက်ပိုင်း ကဲလက်စ် (Calais) မြို့ကို ဆက်သွယ်ထားပြီး အရှည် ၃၁.၃၅ မိုင် ရှိတဲ့ ဥမင်လိုဏ်ခေါင်း ဖြစ်ပါတယ်။

ဒီတူးမြောင်းဟာ ၂၀ ရာစု၏ အကြီးကျယ်ဆုံး ပြောင်မြောက်မှုအဖြစ် သတ်မှတ်ထားခြင်း ခံရတဲ့ အင်ဂျင်နီယာများရဲ့ ဖန်တီးမှုလည်း ဖြစ်ပါတယ်။ချန်နယ် ရေအောက်တူးမြောင်းမှာ ဥမင် လိုဏ်ခေါင်း ၃ခု ပါဝင်ပါတယ်။ ၂ ခုက ရထားများ သွားလာရေးအတွက် ဖြစ်ပြီး ကျန်တစ်ခုကတော့ ပြင်ဆင်ရေး နဲ့ စောင့်ကြည့်ရေး လုပ်ငန်းအတွက် ဖောက်လုပ်ထားခြင်း ဖြစ်ပါတယ်။

သွားလာရေး ဥမင်လိုဏ်ခေါင်းလမ်းကြောင်း နှစ်ခုကတော့ ၂၄.၉ ပေစီ ကျယ်ပြီး ပြင်ဆင်ရေးလမ်းကြောင်းကတော့ ၁၅.၇ ပေ ပဲ ကျယ်ပါတယ်။ဥမင်သုံးခုစလုံးရဲ့ ၁၂၃၀ ပေ အကွာအဝေးတိုင်းမှာ အရန် ဥမင်ငယ်ကနေ ပင်မဥမင် နှစ်ခုကို ဝင်ထွက် သွားလာနိုင်တဲ့ အရေးပေါ် ထွက်ပေါ်များ ဖောက်လုပ် ထားပါတယ်။

ဒီထွက်ပေါက် များဟာ ဥမင်အတွင်း လေဝင်လေထွက် စနစ်နဲ့ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်း များ လုပ်ဆောင်နိုင်ရန်လည်း အထောက်အကူ ပြုပါတယ်။ဒါ့အပြင် ၆၅၀ ပေ အကွာစီမှာ ပင်မ ဥမင်နှစ်ခု အကြား ဆက်သွယ်ထားတဲ့ ဥမင်များအတွင်း လေဖိအားကို လျော့ချပေးနိုင်အောင် ဖန်တီးထားပါသေးတယ်။

တူးမြောင်း တစ်ခုလုံးရဲ့ အရှည်ဟာ ၃၂ မိုင် နီးပါး ရှိပေမယ့် ရေအောက်မှာရှိနေတဲ့ တူးမြောင်းရဲ့ အရှည်ကတော့ ၂၄ မိုင် ဖြစ်ပါတယ်။ရေအောက်မှာရှိတဲ့ အနက်ဆုံးနေရာကတော့ ရေအောက် အနက်ပေ ၂၅၀ အောက်မှာ ရှိနေပါတယ်။ဒီရေအောက်တူးမြောင်းဟာ ကမ္ဘာ့ဒုတိယ အရှည်ဆုံး ရေအောက်တူးမြောင်း ဖြစ်ပါတယ်။

ကမ္ဘာမှာ အရှည်ဆုံး ရေအောက် ဥမင်ကတော့ ဂျပန်နိုင်ငံက ဟွန်းရှုးကျွန်းနဲ့ ဟော့ကိုင်းဒိုးကျွန်းကို ဆက်သွယ်ထားတဲ့ ဥမင်ဖြစ်ပြီး အရှည် ၃၃ မိုင် ရှည်လျားပါတယ်။

တူးမြောင်းကို ၁၉၉၄ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်က မူလ ခန့်မှန်းကုန်ကျစရိတ်ထက် ၈၀% ပိုများသွားခဲ့ရပါတယ်။ မူလကုန်ကျမှု ခန့်မှန်းတန်ဖိုးက စတာလင်ပေါင် ၅.၅ ဘီလျံသာ ဖြစ်ပေမယ့် တကယ့်ကုန်ကျစရိတ်ကတော့ စတာလင်ပေါင် ၉ ဘီလျံ အထိ ဖြစ်သွားခဲ့ပါတယ်။

တူးမြောင်း ဖောက်လုပ်ရေး လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ လုပ်သား ၊ အတတ်ပညာရှင် ၊ အင်ဂျင်နီယာ စုစုပေါင်းကတော့ ၁၃၀၀၀ ခန့် ဖြစ်ပါတယ်။ တည်ဆောက်ရေး လုပ်ငန်းစဉ်အတွင်းမှာ လုပ်သား ၁၀ ယောက်ခန့်သေဆုံးခဲ့ရပါတယ်။

တူးမြောင်း ဖောက်လုပ်ရေးအတွက် ပင်လယ်ရေအောက်မှ မြေသား တန် ၇ သန်းခန့် ဖယ်ထုတ်ခဲ့ရပါတယ်။တူးမြောင်းရဲ့ အတွင်းမျက်နှာပြင်ကိုတော့ နှစ်ပေါင်း ၁၂၀ ကြာရှည်ခံအောင် ဒီဇိုင်းဆွဲ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ဆောက်လုပ်ရေး ကာလအတွင်းမှာ အင်္ဂလိပ်ဘက်ခြမ်းက ပြင်သစ်ဘက်ခြမ်းထက် ပိုမို မြန်ဆန်ခဲ့ပါတယ်။ လိုဏ်ခေါင်း ဖောက်လုပ်ရေးမှာ အခက်အခဲမျိုးစုံကို ကြုံတွေ့ခဲ့ရလို့ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ် မေလမှာ မြောက်ဘက် ဥမင်နှစ်ခု ဆုံတွေ့ခဲ့ပြီး ဇွန်လထဲမှာ တောင်ဘက် ဥမင်နှစ်ခု ဆုံတွေ့ခဲ့ပါတယ်။ သတ်မှတ် ကာလထက် ၃ လ နောက်ကျ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။တူးမြောင်းအတွင်းမှာ လိုအပ်ပါက ရထားတွေ လမ်းကြောင်းချိန်းနိုင်ဖို့နေရာ တစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားပါသေးတယ်။

ရထား ခရီးစဉ်အတွင်း ကားများကိုလည်း ရထားပေါ်တွင် ဖြတ်ကျော်ကာ သယ်ဆောင်ကာတယ်။ဥမင်အတွင်းမှာ လျှပ်စစ်ဓာတ်အားပေးစနစ် ၊ ဆက်သွယ်ရေးစနစ် ၊ ရထားလမ်းကြောင်း ထိန်းချုပ်ရေးစနစ် ၊ လေအေးပေးစနစ် ၊ မီးဘေးကာကွယ်ရေး စနစ်များကိုလည်း တပ်ဆင်ထားပါတယ်။

တူးမြောင်းတွင်း သွားလာတဲ့ ရထားတွေရဲ့ အမြန်နှုန်းဟာ တစ်နာရီ မိုင် ၁၀၀ ခန့် ဖြစ်တာကြောင့် တူးမြောင်းအစအဆုံး ဖြတ်သန်းချိန်ဟာ ၂၀မိနစ် ခန့်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။

လျှပ်စစ် ဓာတ်အားပေးစနစ်၊ ရထားလမ်း ထိန်းချုပ်ရေးနဲ့ ဆက်သွယ်ရေး စနစ်၊ လေဝင် လေထွက် စနစ်၊ ဥမင်အတွင်း လေအေးပေးစနစ်၊ ရေစီးရေလာ စနစ်၊ မီးဘေး ကာကွယ်ရေး စနစ်နဲ့ ပြုပြင် ထိန်းသိမ်းရေး စနစ်များကို စနစ်တကျ တပ်ဆင် ပေးထားပါတယ်။

၁၉၉၆ ခုနှစ် နိုဝင်ဘာလမှာတော့ ရထားမီးလောင်မှု တစ်ခုဖြစ်ခဲ့ပြီး ဥမင်ရော ရထားပါ အတော်အတန်ပျက်စီးခဲ့ရပါတယ်။ ခရီးသည်အားလုံးကတော့ လွတ်မြောက်ခဲ့ပါတယ်။လက်ရှိအချိန် ဒီတူးမြောင်းအတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီကတော့ Eurotunnel ကုမ္ပဏီ ဖြစ်ပါတယ်။

နေ့စဉ် ရထားပေါင်း ၄၀၀ ခန့်သွားလာနေပြီး ခရီးသည်ပေါင်း ၅၀၀၀၀ ခန့် ကို သယ်ယူ ပို့ဆောင်လျှက် ရှိပါတယ်။

crd,Thutazone