နန်းတော်အနောက်ပိုင်းမင်းမိန်းမဆောင်တွေမှာ နန်းရ၊ဆောင်ရမိဖုရားကြီး များ၊စုဖုရားဘွဲ့ခံမင်းသမီး များ၊ထိပ်ခေါင်တင်မင်းသမီးများမှစ၍ မှန်နန်းအပျိုတော်ကြီးများမှသည် ခင်ခင်၊ ခင်လေးအပျိုတော်များအထိ မင်းမိန်းမတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို လှပမွှေးကြိုင်စေရန် မွမ်းမံခြယ်လှယ်ဆင်သဖို့အတွက် အလှပြင်ပစ္စည်းများကို သုံးစွဲခဲ့ကြပါတယ်။
အဲ့ဒီလိုဆင်သခဲ့တဲ့အထဲက သူတို့ရဲ့ မျက်နှာများကို လိမ်းကျံဖို့အတွက် ယနေ့ခေတ်မိန်းမပျိုများ အသုံးပြုကြဆဲဖြစ်သော သနပ်ခါးကိုပင်အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ်နဲ့မတူတာကတော့ ရှေးခတ်မင်းမိန်းမတွေအသုံးပြုခဲ့တဲ့ သနပ်ခါးတုံးတွေ ရဲ့အလယ်မှာ ရွှေသားအချောင်းများကိုထည့်သွင်းမြှုပ်နှံထားခဲ့ပြီး သနပ်ခါးသွေးတဲ့အခါမှာလည်း ထိုသနပ်ခါးတုံးတွေကို အထောင်လိုက်ပဲ သွေးကြပါတယ်။
ထိုသို့သွေးခြင်းအားဖြင့် ရွှေများပါ သနပ်ခါးနှင့်ရော၍ ပါဝင်နေတဲ့အတွက် ထိုနံ့သာရည်တွေက သူတို့တွေရဲ့အသားအရေတွေကို နူးညံအိဝင်းစေမည်လို့ လည်း ယုံကြည်စွဲမြဲထားကြပါတယ်။
ထိုမှတဖန် အနောက်ဆောင်ရှိ မိဖုရားကြီးများ မင်းသမီးများသည် နံနက်အိပ်ရာမှထစတွင် သွားတိုက်ရန်အတွက် ဒန်ပူများအားလည်း အပြစ်ကိုးပါးမှလွတ်သော အသားများကိုသာ အသုံးပြုကြသည်။နောက်တချက် အနေနဲ့ မိမိတို့ရဲ့ ခန္ဓာကိုယ်ကို တနေ့လုံး မွှေးထုံသင်းပြန့်နေစေဖို့အရေး လိမ်းကျံဖို့အတွက် နန်းတွင်း ရေမွှေးတစ်မျိုးကိုလည်း တီထွင်ဖန်တီးအသုံးပြုခဲ့ကြပါတယ်။
ထိုရေမွှေးတစ်မျိုးကို ဖန်တီးတဲ့အခါမှာ မိမိတို့အလိုရှိအပ်သော ပန်းတစ်မျိုးမျိုး၊ သို့မဟုတ် ရှားပါးပန်းမန်တို့၏ ဝတ်ဆံတွေကို ဦးစွာစုဆောင်းကြရပါတယ်။ မိမိတို့အလိုရှိအပ်သော ဝတ်ဆံများရရှိပြီးတဲ့ခါမှာ အဲ့ဒီဝတ်ဆံတွေကို နေရိပ်မှာပဲ ခြောက်သွေ့စေပါတယ်။
ထိုဝတ်ဆံတွေခြောက်သွေ့တဲ့ခါမှာအမှုန့်ကြိတ်ပြီး နှင်းရည်နဲ့ ရောဖျော်လိုက်သည်တွင် အလွန်မွှေးကြိုင်သော သဘာဝ ပန်းနံ့သင်းသည့် ရေမွှေးတစ်မျိုးကိုရရှိပါတော့တယ်။ ထိုရေမွှေးအား လိမ်းကျံသူ မိန်းမပျိုတွင် အမွှေးရနံ့သည် တစ်နေကုန်သင်းပျံ့လို့ ကြာရှည် စွဲနေတယ်လို့လဲသိရပါတယ်။
ထိုပန်းဝတ်ဆံတွေနဲ့ ရောဖျော်တဲ့ နှင်းရည်ကိုလည်း အထူးကျနစိတ်ရှည်စွာဖန်တီးယူကြရပါတယ်။ ထိုသို့ပြုလုပ်တဲ့အခါမှာ လတ်လတ်ဆတ်ဆတ်နှင်းဆီပန်းပွင့်ကြီး အပွင့်တစ်ရာခန့်မျှကို အညှာခြွေပြီး လင်ပန်းတစ်ခုတွင် အစီအရီအထပ်လိုက် ထည့်ဆောင်ထားရပါတယ်။
အဲ့ဒီနှင်းဆီပန်းတွေပေါ်က နေမှ ဖန်အုပ်ဆောင်းကြီးနဲ့ လေလုံအောင် ရက်အတန်ကြာ အုပ်ထားရပြီး ထိုကနေမှ နှင်းဆီငွေ့ရည်တွေဟာ ဖန်အုပ်ဆောင်းရဲ့ အမိုးကိုတွဲလဲခိုကြနေရာမှ များပြားလာတဲ့အခါ လင်ပန်းအတွင်းသို့ သင်းပျံ့မွှေးကြိုင်သော နှင်းဆီရည်တွေစီးကျပါတယ်။
အဲ့ဒီနှင်းဆီရည်တွေကို နှင်းရည်လို့ခေါ်ကြပြီး ဖန်ပုလင်းများအတွင်း သိမ်းဆည်းထားကြကာ အလိုရှိသည့်အခါတိုင်း ဝတ်ဆံမှုန့်များနဲ့ ရောနှော၍ သုံးစွဲကြရသည်ပင်ဖြစ်သည်။
တဖန် နန်းတွင်းမိန်းမပျိုတို့၏ ဦးခေါင်းဆံကေသာအား လိမ်းရန်အတွက် ဆီများကို အသုံးပြုရာတွင် ယနေ့ခတ်များမှာ ကဲ့သို့ အုန်းဆီကို အသုံးပြုခြင်းမဟုတ်ပဲ နှမ်းဆီကိုသာအသုံးပြုခြင်းဖြစ်သည်။ နန်းတွင်းသူတို့အသုံးပြုသော နှမ်းဆီများမှာ လည်း နှမ်းတမျိုးတည်းကိုသာ အသုံးပြုပြီးမှ ရရှိသော ဆီများမဟုတ်ပဲ ပန်းပေါင်းစုံမွှေးရနံ့လွှမ်းသော နှမ်းများကို အသုံးပြုပြီးမှရသော ဆီများပင်ဖြစ်သည်။
ထိုသို့ ပန်းပေါင်းစုံရနံ့လွှမ်းသော နှမ်းများအဖြစ်ရောက်ရှိရန် အတွက် မိမိတို့အသုံးပြုမည့် နှမ်းဖြူ ပမာဏနှင့် ပမာဏတူညီသော ပန်းပွင့်များအား လေလုံသော ပန်းပေါင်းအသ်ကြီး တစ်ခုတွင် နှမ်းထစ်ထပ် ပန်းတစ်ထပ် ဖြင့် လွှား၍ထားရသည်။ နှမ်းများနှင့်ရောနှော၍ ထားရှိရသော ပန်းများသည် အသုံးပြုမည့် မိဖုရားကြီးများ၊ မင်းသမီးများ၏ ရာထူးအဆင့် ကိုလိုက်၍ ကွာခြားမှုရှိသည်။
ထိုသို့ ဖြင့် နှမ်းများနဲ့ ရော၍ထားရသော ပန်းပွင့်များအား တနေ့တခါဆိုသလို နေ့စဥ်ရက်ဆက် လဲလှယ် ပေးရပြီး ထိုသို့ ၅ရက်ခန့်မျှ လုပ်ဆောင်ရသည်။ ထိုအခါ ပန်းတို့နှင့်ရော၍ထားသော နှမ်းစေ့များမှာ ရော၍ ထားသောပန်းတို့၏အနံံ့အတိုင်းရရှိနေပြီဖြစ်တော့သည်။
ထိုနှမ်းအား ရေနွေးအနည်းငယ်နှင့် ဆုံအတွင်းထည့်၍ကြိတ်စေရာ ထိုမှ ရှေးဦးဆုံးထွက်လာသော နှမ်းဆီသည် ရနံ့အမွှေးဆုံးသော ဆီဖြစ်၍ ဆီမကြီးဟုခေါ်သည်။
ထိုသို့ ဆီမကြီးရရှိပြီးသောနှမ်းဖတ်တို့အား တဖန်ရေနွေးနှင့်ဖျော်၍ ကြိတ်ပြန်စေရာ နောက်ထပ် တဖန်ဆီများထွက်၍လာပြန်သည်။ နောက်မှ ရေနွေးနှင့်လိုက်၍ ထွက်သော ဆီဖြစ်၍ လိုက်ဆီဟုခေါ်ပြီး ထိုဆီသည် ဦးစွာထွက်ရှိသော ဆီမကြီးတို့လောက် ရနံ့မရှိချေ။
(လှိုင်ထိပ်ခေါင်တင်နှင့် ကနောင်မင်းသား ရန်များအချင်းပွားရသည့် ဆီပြဿနာသည် ဤဆီမကြီးနှင့် လိုက်ဆီ မှား၍ပေးခြင်းမှဖြစ်ရသည်ပင်ဖြစ်သည်)
နန်းတွင်းယမင်းပျိုတို့သည် မိမိတို့၏ ဆံကေသာများအား
ထိုရနံ့မွှေးကြိုင်သော နံ့သာနှမ်းဆီတို့ဖြင့် လိမ်းပြီးသော် ဆံကေသာအား ရှင်းရန်အတွက်မူ သနပ်ခါးနှစ်အသားများဖြင့်ပြုလုပ်ထားသော ဘီးတော်များကို အသုံးပြုကြသည်။ ထိုသနပ်ခါးနှစ် ဖြင့် ပြုလုပ်ထားသော ဘီးတော်များကို ကောင်းမြတ်သော မြေသန့် မြေပြန့်တို့၌ ပေါက်သည့် သနပ်ခါးပင်တို့မှသာ ယူဆောင်ပြုလုပ်သည်။
ဤသို့ဖြင့် နန်းတွင်းသူမင်းမိဖုရားအပေါင်းတို့သည် အမျိုးမျိုးသော အရာတို့ဖြင့် မိမိတို့၏ ခန္ဓာကိုယ်အား လိမ်းချယ်ပြီးကြသော်လည်း တာဝန်တော်များ မပြီးဆုံးသေးပဲ “ခါသေးရင်ချီ၊ ပဒုမ္မနီ”မိန်းမမြတ်တို့ကဲ့သို့ဖြစ်စေရန် ခန္ဓာကိုယ် အလှအား အထူးဂရုပြုကြရပြန်သေးသည်။
ထို့ကြောင့် နန်းတော်အနောက်ဆောင်ရှိ အပျိုစင်ဘုရင့်သမီးတော် မင်းသမီးများသည် မိမိတို့၏ ခန္ဓာကိုယ်အား အချိုးအစားညီ၍ ပြေပြစ်လှပစေရန်အတွက် နောက်ကျော ဘက်တွင် ကြိုးနှစ်ဆယ့်လေးချောင်းပါသော ရင်ကြပ်အင်္ကျီကို တင်းကြပ်စွာစည်းနှောင်ဝတ်ဆင်ရသည်လဲဖြစ်သည်။
ထိုသို့ဝတ်ဆင်ရာတွင် မိမိတို့တစ်ဦးတည်းဝတ်ဆင်၍မဖြစ်ပဲ တပါးအပျိုတော်၏ အကူအညီကိုယူ၍ ဒူးနှင့်တိုက်ပြီးမှ ဝတ်ဆင်ရသည်ဟုသိရသည်။
ဤသို့ဝတ်ဆင်ရသည်မှာ အိမ်ထောင်မရှိသေးသော အပျိုစင်ဘုရင့်သမီးတော်များသာဖြစ်ပြီး မိဖုရားကြီးများအတွက် ထိုသို့ဝတ်ဆင်ရန်မလိုအပ်တော့ ပေ။ သို့ရာတွင် မိဖုရားခေါင်ကြီးစုဖုရားလတ်သည် ထိုကိုယ်ကြပ်အင်္ကျီအား သူ့ဘဝတလျှောက်လုံး သက်တော်ကြီးရင့်သည်အထိ ဝတ်ဆင်သွားခဲ့ဖူးသည်ဟုသိရသည်။
(ထည့်သွင်းထားသည့်ပုံမှာ မင်းတုန်းဘုရင်ကြီးနှင့် သရစိမ်းမိဖုရားတို့၏သမီးတော်လတ် တိုင်တားမင်းသမီးဖြစ်သည်)
ကိုးကား
မန်းနှစ်တစ်ရာပြည့်
ဂျာနယ်ကျော်မမလေး
နန်းတွင်းသူခိုးနှင့်မိန်းမစိုး
ရွှေဘိုမိမိကြီး
ရွှေနန်းသုံးဝေါဟာရအဘိဓာန်
ဦးမောင်မောင်တင်
crd, မင်းနန်သူ