စစ်တွေမြို့မှ ရွှေစလွယ်ရ သူဌေးကြီးဦးရဲကျော်သူ ဆို လျှင် ရခိုင်သားများ လောက တွင် မသိသူမရှိသလောက်ပင် ထင်ပေါ်ကျော်ဇောသည်။
သူ့သားဦးချန်ထွန်း အဖေခြေရာကို နင်း၍ ထိုခေတ်ထိုချိန်က မြန်မာနိုင်ငံမက ဥရောပနိုင်ငံများအထိပင် သူ့အရှိန်အဝါ လွှမ်း
မိုးခဲ့သော နာမည်ကြီး ဥပဒေပါရဂူတစ်ဦးဖြစ်သည်။
ဦးရဲကျော်သူ၊ ဒေါ်သံဒါဖြူတို့ မိဘနှစ်ပါးတွင် သားသမီး (၁၀)ဦးထွန်းကားခဲ့ရာ သားယောက်ျားများမှာ ဦးကျော်ဦး၊ ဦးချန်ထွန်း၊ ဦးစံကျော်၊ ဦးရွှေဘန်း၊ ဦးသာဇံ၊ ဦးရွှေသာတို့ဖြစ်ကြပြီး သမီးများမှာ ဒေါ်စံဝင်း၊ ဒေါ်စံမြခိုင်၊ ဒေါ်ရွှေခိုင်၊ ဒေါ်ရှင်ထွီးမတို့ ဖြစ်ကြသည်။
ဦးချန်ထွန်းအပါအဝင် သား (၆)ယောက်စလုံးသည် ထိုခေတ်က အင်္ဂလန်ကျောင်း တွင် ကျောင်းနေ ခဲ့ကြ၍စာတတ်ပေတတ်ပုဂ္ဂိုလ်များဖြစ်ကြသည်။ ညီအစ်ကိုလေးယောက်ဖြစ်သော ဦးချန်ထွန်းအပါအဝင်ဦးရွှေဘန်း၊ ဦးရွှေသာ၊ ဦးသာဇံတို့သည် ဘိလပ်မှ ဥပဒေဘွဲ့ (Barrister at Law) ကို ရရှိခဲ့ကြသူများဖြစ်သည်။
ဦးချန်ထွန်းသည် ဥပဒေဘွဲ့ နောက်ဆုံး နှစ်ဖြစ်သော ၁၈၈၁ခုနှစ်တွင် ရောမဥပဒေဘာသာရပ်၊ဥပဒေအတတ်ပညာဘာသာရပ်၊ အင်္ဂလိပ်လူမျိုးတို့၏ရှေ့ဟောင်းထုံးတမ်းစဉ်လာဘာသာရပ်အားလုံးကို အမှတ်အများဆုံးဂုဏ်ထူးနှင့် အောင်မြင်၍ ဝိတိုရိယဘုရင်မကြီးကိုယ်တိုင် ဝိတိုရိယရွှေတံဆိပ်ဆု ကိုချီးမြှင့် ခဲ့သည်။
ဘာသာရပ်တိုင်းတွင် ထူးချွန်ဆုရရှိခဲ့၍ ဘာသာရပ်တခုလျှင် ထိုခေတ်ကစတာလင်ပေါင် (၁၀၀) စီ ချီးမြင့်ခံခဲ့သူ ဖြစ်သည်။
ဦးချန်ထွန်းရရှိခဲ့သော ဂုဏ်ထူးဆောင်အမှတ်မျိုးကို ဒုတိယကမ္ဘာစစ်ဖြစ်သော အချိန်အထိ နောက်ထပ်ထို ဆုမျိုးရရှိသူ လုံးဝမရှိကြောင်းသိရှိရသည်။
ရန်ကုန်ပြန်လာ၍ ဝိတိုရိယဘုရင်မဆုကို ဆွဲ၍သွားလျှင် ဦးချန်ထွန်းနှင့်မျက်နှာချင်းဆိုင်ဆုံမိသော လူတိုင်းသူ့ကိုအလေးပြုရသည်။ စက်ဘီးစီး လာသူဖြစ်နေလျှင် စက်ဘီးမှဆင်းရပ်၍ အလေးပြု ပြုရသည်ဟု ရှေ့နေဦးမောင်ကျော်ဇံဇနီး ဒေါ်ရီရီဇံ (အမှတ်-၂၈၊စမ်းချောင်း၊အောင်မင်္ဂလာလမ်း) တွင် ဦးချန်ထွန်း ဆောင်းပါးရေးရန် Interview သွားလုပ်စဉ်က ပြောပြလိုက်သည်ကို အမှတ်ရမိပါသည်။
ဝိတိုရိယဘုရင်မကြီးက သူပိုင်စိုးသော ကိုလိုနီနိုင်ငံများထဲမှ ဤမျှလောက် ပညာတော်သော ကလေးမျိုးရှိသည်ကို တအံတဩဖြစ်ခဲ့ရသည်ဟု သိရှိရသည်။တွေ့ချင်လွန်း၍ အခေါ်ခံရသောအခါ တောသားလေးက ရခိုင်ရိုးရာဝတ်စုံဖြစ်သည့် တောင်ရှည်ပုဆိုး၊ရင်ဖုံးအင်္ကျီဝတ်ဆင်၍ ရခိုင်ရိုးရာဖော့လုံးခေါင်းပေါင်းဝတ်ပြီး သွားရောက်ခဲ့သည်။
ဘုရင်မကြီးက လက်ဆွဲနှုတ်ဆက်ပြီး လက်ဖက်ရည်ပွဲနှင့် မောင်ချန်ထွန်းကို ဧည့်ခံခဲ့သည်။ ဝိတိုရိယဘုရင်မကြီးဆုကို သူကိုယ်တိုင်ချီးမြှင့်ပြီးဘုရင်မကြီးသားတော်နှင့် တော်ဝင်မြင်းရထားကိုစီးခွင့်ရသော ဆုလည်းပါဝင်သည့်အပြင် နန်းတော်ထဲ့သို့ အချိန်မရွေးသွားလာနိုင်ခွင့် အခွင့်အရေးကိုပင် ဘုရင်မကြီးက ပေးအပ်ခဲ့သည်။
ဦးချန်ထွန်းသည် အင်္ဂလန်တွင်နေစဉ် သူမိတ်ဆွေများအနက် ကမ္ဘာကျော်စာရေးဆရာကြီး အော်စကာဝိုင်း (Mr.Oscar Wild) တစ်ယောက်လည်း အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးဖြစ်ခဲ့သည်။ အော်စတာဝိုင်းနှင့် အတူသွားအနေများခဲ့၍ဦးချန်ထွန်းက ရခိုင်လူမျိုး၊ရခိုင်ယဉ်ကျေးမှု၊ရခိုင်သမိုင်းများကို ပြောပြခဲ့ဟန် ရှိသည်။
အော်စကာဝိုင်း သည် ရခိုင်သမိုင်းကြောင်းများကို စိတ်ဝင်စားလာ၍ ရခိုင်သမိုင်းနှင့်ပတ်သတ်သော စာအုပ်စာတမ်းများ၊ပေစာများကို စုဆောင်းရှာဖွေပေးရာ The King of Arakan(ရခိုင်မင်းတရားကြီး)ဆိုသော စာအုပ်ကို အင်္ဂလန်တွင် ထုတ်ဝေခဲ့သည်။
ဦးချန်ထွန်းလည်း အင်္ဂလန်တွင်နေစဉ် The Nature and Value of Jurisprudence စာအုပ်ကို Messrs Sweet And Maswell စာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်သည် အင်္ဂလန်တွင် အလွန်လူကြိုက်များ၍ တတိယ အကြိမ်ပင် ထုတ်ဝေခဲ့သည်။
ဦးချန်ထွန်း ရန်ကုန်သို့ပြန်ရောက်လာသောအခါ Leading Cases in Burmese Law စာအုပ်နှင့် Burmese Buddhist law စာအုပ်နှစ်အုပ်ကို ရေးသားခဲ့သည်။ ယင်းစာအုပ်(၂)အုပ်သည် ယနေ့ထက်တိုင် မြန်မာတရားရေးရာဌာနတွင် လက်သုံး (Manual)အဖြစ် အသုံးပြုနေဆဲဟုသိရသည်။
Burmese Buddhist Law စာအုပ်သည် စာရေးသူ၏ ဖခင်ဦးမောင်သာဇံ(စက်ရှင်တရားသူကြီး-ငြိမ်း) ဗဟိုတရားရုံးချုပ်ရှေ့နေက သူ၏စာကြည့်တိုက်တွင် တရိုတသေ သိမ်းဆည်းထားခဲ့ရာ ယခုယင်းစာအုပ်သည် စာရေးသူ၏ စာကြည်တိုက်တွင် ရှိနေပါသည်။
ယင်းစာအုပ်၏မျက်နှာဖုံးကို ယခု ဦးချန်ထွန်း၏ အတ္ထုပ္ပတ္တိဆောင်းပါးနှင့်အတူ ဖော်ပြထားပါသည်။ ၁၈၅၄ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခေတ်မီမြို့တော်ပြုလုပ်ခဲ့ရာ အကွက်ရိုက်ပြီး အိမ်ရာတိုက်တာများဆောက်လုပ်ခဲ့သည်။
ထိုစဉ်က ယခု သိမ်ကြီးဈေး နေရာတွင် ဆူးလေစေတီလောက်ကြီးသော `ကျိုက်မြတ်သံချို`စေတီတစ်ဆူရှိခဲ့သည်ကို လမ်းနှင့်မလွတ်၍ ဖြိုဖျက်ပစ်ခဲ့သည်။ ရန်ကုန်မြို့ရှိဘုန်းကြီးကျောင်းများ အားလုံးနီးပါးကို အကွက်များချရာတွင် မလွတ်ဆိုပြီး လမ်းမတော်မြို့နယ် သရက်တောဥယျာဉ်အ တွင်း စုပေါင်း ၍ရွှေ့ပြောင်းခဲ့သည်။
(ယနေ့တိုင် သရက်တောကျောင်းဝင်းအတွင်း ထိုစဉ်က အမည်အတိုင်း ဘုန်းကြီးကျောင်းမြောက်များစွာ ရှိနေပါသေးသည်။ ဒုတိယအကြိမ် လမ်းများတိုးချဲရာတွင်လမ်းမလွတ်ဟုဆိုပြီး ဆူးလေဘရားကို ယခုနေရာမှ အခြားတနေရာသို့ ရွှေ့ပြောင်းရန် ဆွေးနွေးခဲ့ကြသည်။
ထိုစဉ်က ဗြိတိသျှ အရာရှိများ တင်ပြချက်တွင် နောက်အနှစ် ၅၀-၁၀၀ အတွင်း ရန်ကုန်မြို့ သည် ကမ္ဘာအဆင့်မှီ မြို့တော်ကြီးတမြို့ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည်ဝိုင်းရံလျှက်ရှိသော မိုးထိအောင်မြင့်မားသည့်အဆောက်အအုံးများ အောက်ရောက်နေမည်ဖြစ်၍ မသင့်တော်ဟုအကြောင်းပြခဲ့ပါသည်။
မြန်မာလူမျိုးများ စိတ်ကြိုက်သင့်တော်သည့်နေရာရွှေ့၍ ပုံတူဆောက်ပေးရန်အကြောင်းပြခဲ့သည်။ယင်းကိစ္စကို အင်္ဂလိပ်အရာရှိများအပါအဝင် မြန်မာအရာရှိများက ကန့်ကွက်သူမရှိ သဘောတူကြသည်။ ဦးချန်ထွန်းတယောက်သာ အကြီးအကျယ်ကန့်ကွက်ခဲ့သည်။
အင်္ဂလိပ်ခေတ်တွင် အထက်မှချက်မှတ်ထားသောအမိန့်တခုကိုလုပ်သင့်သည်ဖြစ်စေ မလုပ်သင့်သည်ဖြစ်စေ မပြောရဲသောခေတ်။ အလုပ်ပြုတ်မှာေကြာက်သည်က တကြောင်းကြောင့် မည်သူမျှဦးချန်ထွန်းဘက်မှ မားမားရပ်တည်၍ ပြောဝံ့သူမရှိပါ။ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း၊ဖျက်ခြင်း ပြုလုပ်ရိုးထုံးစဉ်မရှိဟုတင်ပြခဲ့သည်။
အလားတူ လန်ဒန်ကိုခေတ်မီမြို့တော်ဆောက်လုပ်စဉ်က Square Buildingအဝိုင်းကို ရှေ့ဟောင်းအဆောက်အအုံတစ်ခုအဖြစ်အနေဖြင့် ဘာကြောင့်ချန်ထားခဲ့သလဲဟု အရေးဆိုခဲ့သည်။ ဦးချန်ထွန်း၏ကန့်ကွက်ချက်များ လုံးဝအရာမရောက်ခဲ့၍ စနေဒေါင့်မှစ၍ ဆူးလေဘုရားကို ဖျက်ပါတော့သည်။
ဦးချန်ထွန်းအာဂသတ္တိရှင်တစ်ဦးဖြစ်သည်။ လုပ်ရဲသည်။ လုပ်ရဲသောသတ္တိရှိသည်။ အလုပ်ပြုတ်ချင်ပြုတ်ပါစေ လုံးဝနောက်မဆုတ်ခဲ့ပါ။ သူ့ကိုရွှေတံဆိပ်ဆုပေးထားသော ဝိတိုရိယဘုရင်မကိုချက်ချင်းသတိရလာခဲ့သည်။ ကြေးန်းရိုက်ပြီး စာတစ်စောင်ကိုလည်း ဘုရင်မကြီးထံ အကျိုးအကြောင်း ရေးသားပေးပို့လိုက်သည်။
ဦးချန်ထွန်၏ကျေးဇူး၊ ဝိတိုရိယဘုရင်မကြီး၏ အမိန့်ကြောင့် ယနေ့မြန်မာလူမျိုးတို့ ဆူးလေစေတီကိုရန်ကုန်မြို့လည်တွင် တွေ့နေရခြင်းဖြစ်သည်။ ဦးချန်ထွန်းကျေးဇူးကား အလွန်ကြီးမားပါသည်။ ဆပ်၍ကုန်နိုင်မည် မဟုတ်ပါ။ ဆူးလေစေတီကိုဖူးတွေ့ရတိုင်း ဦးချန်ထွန်းကို သတိရသင့်ပေသည်။
ဒေါက်တာတင်အောင်နှင့် တရားလွတ်တော်တရားဝန်ကြီး မစ္စတာဒတ်(ခ်)တို့က အရှေ့တောင်အာရှနိုင်ငံများတွင် ဦးချန်ထွန်းလောက် ဥပဒေရေးရာကျွမ်းကျင်သူမပေါ်သေး။ အိန္ဒိယတိုက်တွင်အတော်ဆုံး(၃)ဦးကိုရွေးထုတ်၍ ပြောရလျှင် (၁)ဦးချန်ထွန်း(၂)ဦးမဲအောင်(၃)ဦးသိန်းမောင်တို့ ဖြစ်သည်ဟု သိရှိရသည်။
ဦးချန်ထွန်းသည် အင်္ဂလန်မှပြန်လာစဉ် အိုင်ယာလန်သူ Miss Cosgroves ကိုလက်ထပ်၍ခေါ်လာခဲ့သည်။ဦးချန်ထွန်းအား မြန်မာယဉ်ကျေးမှုရှုထောင့်မှကြည့်လျှင် အမှားတစ်ခုကိုပြု လုပ်ခဲ့သည်ဟု ဆို၍ရပါမည်။(ပြစ်မှုတစ်ခုကို ကျူးလွန်ခြင်းတော့မဟုတ်ပါ)ဦးချန်ထွန်း၏ကိုယ်ရေးကိုယ်တာကိစ္စဖြစ်၍ စာရေးသူအနေနှင့်ဝေဖန်ပိုင်ခွင့်မရှိပါ။
သို့သော်`ငါမှားလေခြင်း`ဆိုသောနောင်တ တစ်ခုကိုတော့ သူ၏အသဲနှလုံးကြားထဲတွင် ရင်နောင့်အောင်သေသည်အထိ ခံစားသွားရသည်ဟု စာရေးသူ ကောက်ချက်ဆွဲယူပါသည်။
ထိုခေတ်ထိုအခါသည် ဗြိတိသျှအင်ပါယာကြီး နေမဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လျှက်ရှိသော အခြေအနေအချိန်အခါ။
သူတို့ သွေးနားထင်ရောက်နေသောအချိန်။ အာရှတိုက်သားများကို လူညံ့၊လူဖျင်း၊လူအဟု ယူဆပြီးမတူမတန်ဆက်ဆံနေသောအချိန်။လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု ကို တန်ဖိုးထားရမှန်း မသိ၍ ဘုရားကျောင်းကန်များကို ဖိနပ်စီး၍ တက်ခဲ့ကြသည်။
(Shoe`s Question)ပေါ်ပေါက်ခဲ့သည်။ ဦးချန်ထွန်းသည် သူ၏ရှုမငြီးချစ်ဇနီးအသားဖြူဖြူ ဘိုမလေး Miss Cosgroves ကို သူ၏မွေးရာဇာတိရပ်မိသားစုနေထိုင်သော စစ်တွေမြို့သို့ ခေါ်လာခဲ့ပါသည်။မိသားစုအားလုံးက ကြမ်းမှာထိုင်ပြီး ဂါဝန်ဝတ်ထားသော ဘိုမကို ကုလားထိုင်နှင့် အပေါ် မှာထိုင်ခိုင်း ခဲ့ရသည်။
ရခိုင်များ စားပွဲအဝိုင်းတွင်ဝိုင်းထိုင်ပြီး ထမင်းများကို လက်နှင့်နယ်၍စားပြသည်။ ဘောင်းဘီမဝတ်ဘဲ စားပွဲခင်းအစ (လုံချည်ကိုဆိုလိုသည်)ကိုချုပ်၍ဝတ်သောလူမျိုး၊ ကွမ်းစားသောလူမျိုး၊ ဘိုကေမထားဘဲ ဆံပင်မဖြတ်သျှောင်ထုံးထားသည်။
ဆံပင်ကိုအဝတ်နှင့်ပတ်ထားသည် (ခေါင်းပေါင်းကိုဆိုလိုသည်) စသည်ဖြင့် အင်မတန်မှအထင်သေးအမြင်သေးနှင့် ဝေဖန်ခံခဲ့ရသည်ကို ဦးချန်းထွန်းအ လူးအလဲခံခဲ့ရသည်။ မိဘလက်ထက်မှ သူဘဝတလျှောက်လုံးအပွဲပွဲနိုင်လာခဲ့သမျှ ဇနီးသည် Miss Cosgroves နှင့်ကျမှ ဒူးထောက်အရှုံးပေးခဲ့ရသောစစ်သူကြီး။
ဦးချန်ထွန်းနှင့် Miss Cosgroves တို့၏ အိမ်ထောင်ရေးသည် မည်ရွေ့မည်မျှအထိ အဆင်ပြေမပြေဆိုသည့် အတိုင်းအတာဒီဂရီကို စာရေးသူမသိပါ။ဦးချန်ထွန်းနှင့်ရခဲ့သော Miss Marie Chan Tun ကိုခေါ်ပြီး အင်္ဂလန်သို့ ပြန်သွားပါသည်။
သူသည် မြန်မာလူမျိုး ယဉ်ကျေးမှုကို အထင်သေးအမြင်သေးများစွာဖြင့် ရှုမြင်သုံးသပ်ပြီး နောက်ပိုင်း`The Marriage in Burma` ဟူသောစာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါသည်။ မကြာသေးမီက ကမာရွတ်၊ လှည်းတန်းရှိ အတ္တိယလမ်းတွင် နေထိုင်သော ဦးချန်ထွန်း ညီ ဦးရွှေသာမြေး ဘဏ်မန်နေဂျာဦးရွှေဖြူနှင့် တွေ့ဆုံစဉ်မေးမြန်းကြည့်ရာ ထိုစာအုပ်ကလွန်ခဲ့သော (၃၀)ကျော်က ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှ ငှားရမ်း၍ သူကိုယ်တိုင်ဖတ်ဖူးကြောင်း ပြောပြပါသည်။
စာရေးသူသည် Miss Cosgroves ရေးသားသောစာအုပ်ကို ပြန်လည်ချေပရေးသားရန် စာအုပ်ရေးသားသော အချိန်ထိ လမ်းသွားလမ်းလာအခွင့်ရတိုင်း လိုက်ရှာနေဆဲဖြစ်ပါသည်။ လူမျိုးမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှုမတူလျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ မိမိဘဝအတွက် တစ်သက်တာအိမ်ထောင် ဖက် ရွေးချယ်သောအခါ အထူးသတိထားရန် အချက်တချက်ဖြစ်သည်ကို ဦးချန်ထွန်း၏ ကိုယ်တွေ့တစ်သက်တာက သင်ခန်းစာယူစရာ ကျန်ရစ်ခဲ့ပါသည်။
ဦးမောင်ကျော်ဇံ (BA.BL) ရှေ့နေကြီး၏ဇနီးဒေါ်ရီရီဇံ ပြောပြချက်အရ Miss Cosgrovesသည် ဦးချန်ထွန်းနေသော မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လုံးဝြပန်မလာတော့ပါဟုသိရှိရပါသည်။ ဦးချန်ထွန်းလည်း နောက်အိမ်ထောင်မပြုခဲ့ပါ။
သူ၏ဇနီးနှင့်သူအလွန်ချစ်သောသမီးငယ် ပြန်မလာတော့ပြီ ဟုသိသောအခါ ဦးချန်ထွန်းတစ်ယောက် မည်သို့သောဝေဒနာမျိုးကို ခံစားရပါမည်နည်း။ မိမိဘဝတွင်ဟာလာဟင်းလင်းနှင့် မည်သူကိုမျှ ရင်ဖွင့်ပြောကြား၍မဖြစ်။ ပြောလည်းမပြောချင်။
သူများနှင့်လည်းမဆိုင်။ ဘယ်သူမပြုမိမိမှု။ ဦးချန်ထွန်းမှလွဲ၍ မည်သူမျှသိနိုင်မည်မဟုတ်ပါ။ နောက်ပိုင်းတွင်တစ်ယောက် တည်း ဦးတည်ရာမရှိ စိတ်သောကဖိစီးပြီး စက်ဘီးတစ်စီးနှင့် လျှောက်သွားနေခဲ့သည်။
ဝိတိုရိယဘုရင်မကြီးကိုယ်တိုင် နန်းတွင်းခေါ်၍လက်ဖက်ရည်ပွဲနှင့်ဧည်ခံပြီး ဝိတိုရိယရွှေတံဆိပ်ဘွဲ့ကို ပေးခဲ့သည်။ နန်းတွင်းတွင်အချိန်မရွေး ဝင်ထွက်ခွင့်အမိန့်ရသူတစ်ဦး။ ဒုတိယကမ္ဘာစစ်မဖြစ်မီအထိ အင်္ဂလန်နိုင်ငံ ဥပဒေဘာသာရပ်တွင်သူ့လို ဒီဂရီအမြင့်ဆုံးအမှတ်မျိုးမည်သူမျှမရရှိခဲ့။
သူေရးခဲ့သောဥပဒေစာအုပ်များသည် မြန်မာနိုင်ငံ တရားရုံး ချုပ်တွင် ယခုထိအသုံးပြုနေဆဲ ရည်ညွန်းကိုးကားနေဆဲဖြစ်သည်။ ဆူးလေဘုရားကိုမဖျက်ရန်အရေးဆိုခဲ့ရာတွင် နေမဝင်ဝိတိုရိယဘုရင်မကြီးထံ ကြေးနန်းနှင့်တစ်မျိုး၊စာရေး၍တစ်ဖုံ သတ္တိရှိရှိ ရဲရဲတောက်တင်ပြခဲ့သူ။
ဤမျှလောက်နိုင်ငံအတွက် အဖိုးတန်ရတနာသားကောင်း တစ်ဦးသည် အသဲကျွမ်းဝေဒနာ(ဝါ)စိတ်ထိခိုက်သောဝေဒနာဖြင့် အသက်(၃၅)နှစ်တွင်ကွယ်လွန်ခဲ့ရသည်။ ရေတိမ်နစ်ခဲ့ရသည်။ နိုင်ငံအတွက်ဆုံးရှုးမှု တစ်ရပ်အဖြစ် စာရေးသူဝမ်းနည်းစွာဖြင့်
မှတ်တမ်းတင်ပါသည်။
တချို့သောရခိုင် အချို့က မိမိကိုယ်ကိုသတ်သေသွားသည်ဟု ပြောကြသည်။ ဟုတ်မဟုတ်တော့ စာရေးသူအတိအကျ စုံစမ်း၍မရပါ။ ဒေါ်ရီရီဇံကိုမေးကြည့်သောအခါ `မဟုတ်ပါဘူး`ဟုဆိုသည်။
ဦးချန်ထွန်း၏ဖခင်သူဌေးကြီး ဦးရဲကျော်သူသည် ကွယ်လွန်ခါနီးတွင် သားသမီး(၁၀)ယောက်ကိုတစ်ယောက်လျှင် ရူပီး (၁၀)သိန်းကျစီအမွေပေးခဲ့ရာ ဦးချန်ထွန်း၏သမီး Miss Marie Chan Tun သည် စစ်တွေမြို့သို့လာ၍ အဘိုးပေးသော ရူပီ(၁၀)သိန်းကိုလာယူပြီး အင်္ဂလန် သို့ပြန်သွားပါသည်။
Miss Cosgrove နှင့်ပတ်သတ်ပြီး ဝီကီထဲတွင် မစ္စစ်ကော့ကရု့ဗ် သည် မြန်မာနိုင်ငံမှ ဘုရင်တစ်ပါး၏ တူတော်စပ်သူ မင်းသား ချန်ထွန်းနှင့် လက်ထပ်ခဲ့သည်ဟုဖေါ်ပြထားပါသည်။ ဦးချန်ထွန်းမှာ ဘိုးတော်ဘုရားလက်ထက် ၁၇၈၄ တွင် ထီးနန်းဆုံးရှုံးခဲ့ရသော ရခိုင်ဘုရင် မဟာသမ္မတရာဇာ၏ အဆက် အနွယ် ဟု ယူဆ ပုံရပါသည်။
ကိုးကားအေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ
Crd,