“မြဂနိုင် နှင့် စတန့်မင်းသားချစ်ရွှေ (ခ) ရဲခေါင်ချစ်ရွှေ”

ယူနက်စကို အာရှနှင့်ပစိဖိတ်ဒေသတွင်းယဉ်ကျေးမှုအမွေအနှစ်ကော်မတီ အဋ္ဌမအကြိမ်မြောက်အထွေထွေအစည်းအဝေးကို ၂၀၁၈ ခုနှစ် မေလ (၂၉)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့တွင်ကျင်းပခဲ့ပြီး ထိုအစည်းအဝေးမှ ၁၉၃၄ ခုနှစ်တွင် အေဝမ်းရုပ်ရှင်ထုတ်လုပ်ရေးမှရိုက်ကူးခဲ့သော “မြဂနိုင်” ရုပ်ရှင်အား အာရှနှင့်ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ်အသိအမှတ်ပြုခဲ့ပါသည်။

အဆိုပါ မြဂနိုင် ရုပ်ရှင်ကားကို စာရေးဆရာ ဒဂုန်မြတ်လေးနွယ်က ဇာတ်ညွှန်းရေးသားခဲ့ပြီး အေဝမ်းဦးတင်မောင်ကဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သည်။ ရုပ်ရှင်ကားတွင် ချစ်ရွှေ၊ မြင့်မြင့်၊ စိုင်တမော့၊ မြိုင်ရာဇာဘိုးစော၊ ဒေါ်ဂျမ်းစိန်တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပါသည်။

မြန်မာအဆွေအေဝမ်းဖလင်မှ မြဂနိုင်ဇာတ်ကားကို ၁၉၃၄ ခုနှစ် ဇွန်လ (၂)ရက်နေ့တွင် ပလာဇာရုံ၌ တင်ဆက်ခဲ့သည်။ စတင်ရိုက်ကူးစဉ်က အသံတိတ်ရုပ်ရှင်ဖြစ်ပြီး နောက်ခံသီချင်းကို ၁၉၅၄ ခုနှစ်တွင်ထည့်သွင်းခဲ့ကာ စကားပြောခန်းများကို ၁၉၇၀ ခုနှစ်မှာ ထပ်မံ ဖြည့်စွက်ခဲ့သည်။

ဤဇာတ်ကား၏ထူးခြားချက်မှာ ဒါရိုက်တာ၊ အဓိကသရုပ် ဆောင်များမှာ အားလုံးလူသစ်များချည်းဖြစ်သည်။ မြဂနိုင်ဇာတ်ကားကို ဖန်တီးသူဒါရိုက်တာမှာ မြန်မာအဆွေသူဌေးကြီး ဦးဘညွှန့်၊ ဒေါ်ညိမ်းရှင်တို့၏ သားငယ် ပုတု ဟု ခေါ်သည့် တက္ကသိုလ်ကျောင်းသားလေး အေဝမ်းမောင်တင်မောင်ပင်ဖြစ်ပြီး ဤဇာတ်ကားမှာ သူ၏ ပထမဆုံး ပွဲဦးထွက်လက်ရာပင်ဖြစ်သည်။

ရုပ်ရှင်ကြယ်တပွင့် မြင့်မြင့်၏ ပထမခန်းဖွင့် မြဂနိုင် ဆိုသည့် ကြော်ငြာအတိုင်းပင် ခေါင်းဆောင်သူ အားလုံးမှာ မျက်နှာသစ်များဖြစ်၏။ မင်းသား ချစ်ရွှေဆိုလျှင် အေဝမ်းဖလင်က ရိုက်ကူးသည့် စိမ်းရွှေရွှေ ဇာတ်ကားတွင် ဒုတိယမင်းသားအဖြစ် ပါဝင်ခဲ့ပြီး သူ၏ စွန့်စားခန်း၊ စတန့်များကို သဘောကျ၍ မြဂနိုင်တွင် ခေါင်းဆောင်မင်းသားတင်ကာ ရိုက်ကူးခြင်း ခံရသူဖြစ်သည်။

မြဂနိုင် ဇာတ်ကားသည် ချစ်ရွှေအတွက် တဟုန်ထိုး နံမည်တက်စေသည့် ရုပ်ရှင်ဖြစ်ပြီး စတန့်လောကတွင် မည်သူမျှ မလုပ်ဖူးသေးသည့် မီးပုံးပျံ ဦးကျော်ရင် စီးနင်းမည့် မီးပုံပျံကို အတင်းလုကာ စီးသွားသည့် အခန်းကို ဇာတ်ကားတွင် ထည့်သွင်း ရိုက်ကူးခြင်းပင်ဖြစ်သည်။

ထို့အတွက် “ကျွန်ုပ်တို့ မြန်မာကား မခေ၊ တတ်နိုင်သလို ရဲစွမ်းပြကြသည်၊ သင်းတို့က စက်အားကိုးနဲ့ မိုးထိုး နိုင်ကြတာ၊ တို့က စက်မပါဘဲ၊ ဝေဟင်မှာ ငှက်လိုဝဲပြမယ်၊ ပျံပြမယ်ဟူ၍ မြဂနိုင်ဖြင့် ဂုဏ်ခံနိုင်တော့မည်” ဟူ၍ ကြော်ငြာရသည်အထိ ဖြစ်သည်။

ချစ်ရွှေ၏ မီးပုံပျံစီး၍ အစွမ်းပြခြင်းကို လူတိုင်း အံ့သြလက်ဖျားခါရသလို၊ ဆူးလေဘုရားလမ်းရှိ မြန်မာအဆွေကုန်တိုက်ကြီး၏သုံးထပ်အမိုးမှ ဒိုင်ဗင်ထိုးချခြင်းကလည်း ပရိသတ်ကို သည်းထိတ်ရင်ဖို ဖြစ်စေသည်။

ဒါရိုက်တာ မောင်တင်မောင်ကလည်း မြဂနိုင်အတွက် တောတွင်း စွန့်စားခန်းများကို ဆင်အကောင် ၃၀ ခန့်နှင့် ရိုက်ကူးရန် လက်ပံတန်းမြို့မှနေ၍ ပဲခူးရိုးမတောင်ခြေကို သွားရောက်ခဲ့၏။
မြဂနိုင်ဇာတ်ကားကို ၁၉၃၄ ခုနှစ် ဇွန်လ ၂ ရက်နေ့ ပလာဇာရုံတွင် ရုံတင်ရာ တိုးဝှေ့ကြည့်ရှုသူ ပရိသတ် အဆမတန် များပြားလွန်း၍ ခိုက်ရန်ဖြစ်ပွား ထိုးကြိတ်ကြ၍ ရဲအစောင့်အကြပ်များပင် ချထားရသည့်အထိ အောင်မြင်ခဲ့သည်။

သတ္တိကို သွားမစမ်းနဲ့ နှစ်ယောက်မရှိဘူးဟု ချီးကျူးရသည့် ချစ်ရွှေသည်လည်း နောက်ပိုင်း ရဲခေါင်ချစ်ရွှေဟု နံမည်ကြီး လာသည်။မြဂနိုင်ဇာတ်ကားနဲ့အတူနံမည်ကြီးလာသော စတန့်မင်းသားချစ်ရွှေ (ခ) ရဲခေါင်ချစ်ရွှေကို သံတွဲမြို့နေ ဦးလှဘူး ဒေါ်အေးမေ တို့မှ ၁၉၁၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ သား သမီး ၅ဦးတွင် စတုထ္တ မြောက် သားဖြစ်၍ အမည်ရင်းမှာ မောင်ချစ်ဖြစ်သည်။

မိဘများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သစ်ရောင်းဝယ်ရေး ကုမ္ပဏီ မန်နေဂျာအဖြစ် ပြောင်းရွှေ့ရာ မောင်ချစ်လည်း လိုက်ပါသွားပြီး ကျောင်းသားဘဝမှာပင် အနောက်တိုင်းလက်ဝှေ့၊ ဒိုင်ဗင်၊ ကျွမ်းဘား၊ ရေကူးစသည်တို့ကို တတ်မြောက်ခဲ့ရာ ဘန်ကောက်မြို့၌ လက်ဝှေ့ပွဲများတွင် ပွဲပေါင်းများစွာ နိုင်ခဲ့သူဟု သိရသည်။

အေဝမ်းဖလင်ကုမ္ပဏီသို့ မင်းသားလျှောက်ရာ ၆ ပေခန့်ရှည်သည့် ခုံကို လွတ်အောင် ဒိုင်ဗင် ထိုးနိုင်ခဲ့ပြီး လူကောင်ကြီး သော်လည်း အကျငြင်သာ၍ ဒါရိုက်တာ ဆရာရွှေက” စိမ်းရွှေရွှေ” ဇာတ်ကားအတွက် ဒုတိယမင်းသားအဖြစ် ရွေးချယ်ခဲ့သည်။

ဒါရိုက်တာကလည်း ဆရာရွှေ၊ ဇာတ်ကားအမည်ကလည်း စိမ်းရွှေရွှေ ဆိုတော့ မောင်ချစ်..မင်းလည်း ချစ်ရွှေပေါ့ကွာ… ဟုဒါရိုက်တာဆရာရွှေကအမည်ပေးလိုက်ရာမှ မောင်ချစ်သည်လည်း ချစ်ရွှေ ဖြစ်လာကာ ယင်းဇာတ်ကား၌ ရန်ကုန်မြစ်လယ်တွင်ရပ်ထားသည့် စက်လှေကြီး၏ ပေ ၁၀၀ ခန့် မြင့်သည့် ရွက်တိုင်ထိပ်မှ ရေပြင်သို့ ဒိုင်ဗင်ထိုးချသည့် အတွက် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည်ဆိုကာ အမ်အေ ဦးမောင်ကြီးက ရွှေတံဆိပ်ဆုချခဲ့သည်။

စတန့်မင်းသား ချစ်ရွှေ နောက်ထပ်အစွမ်းပြသည့် ဇာတ်ကားမှာ ဒဂုံမြတ်လေးနွယ် (ဗိုလ်မှူးအေးငွေ) ရေးသည့် ဇာတ်လမ်းကို မောင်တင်မောင်ကပင် ရိုက်ကူးသည့် “နီလာရောင်” ဇာတ်ကားဖြစ်ပြီး ဤကားတွင်လည်း ချစ်ရွှေက မိကျောင်းနှင့် သတ်ပုတ်ကာ ထူးခြားသည့် စွန့်စားခန်းကို ပြုလုပ်ခဲ့သည်။

ချစ်ရွှေနှင့် သတ်ပုတ်မည့် မိကျောင်းကို ဤသို့နှယ်သတင်းစာများမှကြော်ငြာကာ ရှာဖွေခဲ့သည်။“မိကျောင်းအရှင်တွေကို ဖမ်းဆီးမိလျှင် သတ်မပစ်ကြပါနဲ့၊ ကျွန်ုပ်တို့ အေဝမ်းရုပ်ရှင်ကုမ္ပဏီကို သတင်းပေးကြပါ၊ ကျွန်ုပ်တို့ အေဝမ်းရုပ်ရှင်ကုမ္ပဏီမှလည်း မိကျောင်းများ ပေါသည့် နေရာများတွင် လှည့်လှည် ရိုက်ကူးရန် ကြိုးစားလျှက်ရှိကြောင်း၊

နာမည်ကျော် တိုင်းသိ ပြည်ကြိုက် ရွှေတံဆိပ်ရ ရဲခေါင်မင်းသား မောင်ချစ်ရွှေမှာလည်း သေချင်သေပါစေ ဆိုတဲ့ စိတ်နဲ့ ကြောက်များတော့ ကြောက်တယ်လို့ မထင်ကြနဲ့နော်၊ သူ ကိုယ်တိုင်က မိကျောင်းနှင့် သတ်ချင်လွန်းလို့ လိုက်လံရှာဖွေ စုံစမ်းနေတယ်” ဟု ဖြစ်သည်။

ဧရာဝတီတိုင်း ပြင်ခရိုင်နှင့် မော်လမြိုင်ကျွန်းဘက်မှ မိကျောင်း ၆ ကောင်ကို တကောင် ၁၀၀ ကျပ်ဖြင့် ဝယ်ယူကာ အေဝမ်းခြံ (နောင်လျှပ်စစ်ရုပ်ရှင်ခြံ) တွင် ရေကန်တူးကာ မွေးမြူထားပြီး မင်းသား ချစ်ရွှေနှင့် ကြိုက်ရာတကောင်ကိုရွေးချယ်ပြီး သတ်ပုတ်စေသည်။

ရေဘုရင် မိကျောင်းနှင့် မင်းသားချစ်ရွှေတို့ အပြန်အလှန်သတ်ပုတ်ခန်းကို ကင်မရာ ၃ လုံးဖြင့် ရှုထောင့်အမျိုးမျိုးက တပြိုင်နက်တည်း ရိုက်ကူးသည်။ ချစ်ရွှေကလည်း အသွားတပေခန့်ရှိ ဓားမြှောင်တချောင်း ခါးထိုးကာ ရေထဲဆင်း၍ မိကျောင်းနှင့် သတ်သည်။

ဒါရိုက်တာ မောင်တင်မောင်နှင့် အစ်ကိုဖြစ်သူ မောင်မောင်စိုးတို့က သေနတ်ကိုယ်စီဖြင့် ချိန်ကာ နိုင်ပုံမပေါ်လျှင် မိကျောင်း ကို ပစ်သတ်ရန် ကန်ဘောင်ရိုးမှ စောင့်သည်။ သို့သော် ၅ မိနစ်ခန့် သတ်ပုတ်ပြီး မိချောင်းသည် ဓားမြှောင်ချက်ကြောင့် ပျော့ခွေသွားတော့၏။

ကန်တခုလုံး မိချောင်းသွေးနှင့် နီရဲလျှက်၊ ချစ်ရွှေသည် ထိုမျှ စွန့်စားသည်။“နီလာရောင်” ဇာတ်ကားသည်လည်း မြဂနိုင် ကဲ့သို့ပင် လူကြိုက်များခဲ့သည်။

ဒါရိုက်တာ မောင်တင်မောင်ဆိုသည်ကလည်း စတန့်ခန်းများကိုထွင်ရာတွင် တကွက်တည်းဖြင့် ပရိသတ်အား ဟယ် ကနဲ၊ ဟာကနဲ ဖြစ်အောင် ဖန်တီးတတ်ရာ ချစ်ရွှေကလည်း စမ်းချင်ရာစမ်း ကြမ်းပြမယ်ဆိုသည့် လူမျိုးဖြစ်၍ နောက်ပိုင်းအောင် သပြေ ဇာတ်ကားတွင် ကျားနှင့်လည်းကောင်း မြွေနှင့်လည်းကောင်း သတ်ပုတ်စေခဲ့သည်။

မင်းသားချစ်ရွှေနှင့် အေဝမ်းဖလင်ရုပ်ရှင်တို့ နောက်ဆုံးရိုက်ကူးသည့်ကားမှာ ဒါရိုက်တာ ရွှေညာမောင်၏ စန်းရောင်ရှင် ဇာတ်ကားဖြစ်ပြီး ထိုကားပြီးနောက် တခြားသော ရုပ်ရှင်ကုမ္ပဏီများဖြစ်သော ဇမ္ဗူ့ မိတ်ဆွေ၊ သက်နှင်းဘရားသား၊ ပဲရော့ ရုပ်ရှင်၊ ရန်ကုန်ရုပ်ရှင်၊ ဗြိတိသျှဘားမား၊ သန်းဘရားသား၊ သီဟရုပ်ရှင်၊ ရတနာပုံဖလင်တို့နှင့် ရိုက်ကူးခဲ့သည်။

ဒုတိယကမ္ဘာစစ် ၁၉၄၂ ခုနှစ် ဂျပန်များ မြန်မာပြည်ဝင်ချိန်တွင် ချစ်ရွှေသည် ဟင်္သာတဖက်သို့ စစ်ဘေးရှောင်ရင်း ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) သို့ ဝင်ရောက်တာဝန်ထမ်းသည်။ ထိုသို့ တာဝန်ထမ်းဆောင်စဉ် ဒိုက်ယားရွာတိုက်ပွဲအတွင်း ကျဆုံးသွားသည်။ ထိုတိုက်ပွဲတွင် ရဲခေါင် ချစ်ရွှေသည် ရုပ်ရှင်ထဲကအတိုင်း နွယ်ကြိုးဖြင့် ခုန်အကူးတွင် ကျည်သင့်ကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။

မင်းသား ရဲခေါင် ချစ်ရွှေသည် ကွယ်လွန်ချိန်တွင် အသက် ၃၀ နှစ်သာရှိသေးသည်၊ သူနှင့်အတူ မြဂနိုင်တွင် တွဲဖက်သရုပ် ဆောင်ခဲ့သည့် မင်းသမီး မြင်မြင့်ကတော့ ၁၉၃၅ ခုနှစ်တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။မြဂနိုင်ရုပ်ရှင်ကို ဖန်တီးသူ ဒါရိုက်တာ မောင်တင်မောင် (ဦးတင်မောင်)ကတော့ ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၄ ရက်နေ့ အသက် ၉၃ နှစ်အရွယ်တွင်ကွယ်လွန်ခဲ့ပါသည်။

မှီငြမ်း-
-မြဂနိုင်ရုပ်ရှင်ယူနက်စကိုစာရင်းအသွင်းခံရခြင်း (ဇော်ထက်-VOA-မြန်မာပိုင်း)
-ပထမဆုံးယူနက်စကိုစာရင်းဝင်ခဲ့တဲ့မြန်မာ့အသံတိတ်ရုပ်ရှင် (ယုဖြူဟန်-Ayeyarwaddy News)
-မြန်မာ့ရုပ်ရှင်နှစ်၁၀၀ပြည့်အထိမ်းအမှတ်ဆောင်းပါး-အထူးဆု-လှတိုး(စိတ်ပညာ)
-MRTV website
-ခေတ်ဟောင်းရုပ်ရှင်စတန့်မင်းသားကြီး (၁၀)ဦး (စစ်ကိုင်းလှရွှေ)

crd_to_owner SaryarAyeKoKo
နော်ဂဲလယ်ထူး (စာပေပရဟိတ)