မြန်မာသက္ကရာဇ် ၈၇၀-၈၉၀ ကျော်ခန့်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ နဲ့ ၁၀ မိုင်အကွာမှာ ရွာရင်းရွာဆိုတဲ့ ရွာလေးတစ်ရွာရှိတယ်။ အဲဒီရွာလေးမှာ တောင်ယာလုပ်ကိုင်စားသောက်တဲ့ ဦးဖြူထီး ဒေါ်မဲတူတို့မှာ မမဲကျီ ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။
မမဲကျီ ငါးနှစ်အရွယ်မှာ ဖခင်ဖြစ်သူ ဦးဖြူထီး ကွယ်လွန်သွားလို့ မိခင်မုဆိုးမကြီးနဲ့အတူ ဆင်းရဲပင်ပန်းစွာ ကြီးပြင်းခဲ့ရပါတယ်။ နာမည်ကသာ မမဲကျီပါ။ လူကတော့ ကြန်အင်လက္ခဏာနဲ့ပြည့်စုံပြီးအလွန်ချောမောလှပပါတယ်။
အရွယ်ရောက်လာတာနဲ့အမျှ မမဲကျီိရဲ့ အလှဂုဏ်သတင်းဟာ ရွာနီးချုပ်စပ်ကျေးရွာများသို့တိုင်အောင် ပျံ့နှံ့ကျော်ကြားလေတော့ ကာလသားမှန်သမျှ အလုအယက်ကြိုးပမ်းကြပါတယ်။
ဒါပေမယ့် မမဲကျီရဲ့ မေတ္တာကို ခံယူရသူကတော့ တစ်ရွာတည်းနေ ရုပ်ရည်သန့်ပြန့်ပြီး အနေအထိုင်တည်ကြည်တဲ့ မောင်ရွှေသီးဆိုတဲ့ လူငယ်ပါပဲ။
မမဲကျီဟာ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသူဖြစ်တယ်။ အလှူဒါနပြုခြင်း သီလဆောက်တည်ခြင်းတို့မှာလည်း ဝါသနာထုံတယ်။ မမဲကျီတို့ရွာလေးဟာ ပင်လယ်ကမ်းခြေမှာ တည်ရှိတဲ့အတွက် ရွာသူရွာသားတွေဟာ ၀မ်းရေးအတွက် သားငါးတွေကို ရှာဖွေဖမ်းဆီးစားသောက်ပါတယ်။
အိမ်တိုင်းမှာ ငါးဖမ်းတဲ့ ကွန်ယက်သဲ့ရှိပေမယ့် မမဲကျီတို့ကတော့ သူတစ်ပါးအသက်ကို သတ်ဖြတ်တဲ့အလုပ်ကို ဝါသနာမပါလို့ ကွန်ယက်သဲ့တောင် မရှိပါဘူး။တစ်နေ့မှာ မမဲကျီဟာ သူငယ်ချင်းတွေနဲ့ ချောင်းစပ်ကို လိုက်သွားပါတယ်။
သူငယ်ချင်းတွေက ယက်သဲ့နဲ့ ငါးဖမ်းတဲ့အခါ တစ်ခါမှမမြင်ဖူးတဲ့ မမဲကျီဟာ ယက်သဲ့ကိုကိုင်ပြီး သဲ့ကြည့်ပါတယ်။ဒါပေမယ့် ငါးပါမလာဘဲ ကျောက်တုံးနီနီလေးပါလာပါတယ်။ မမဲကျီဟာ နီိရဲတောက်ပြောင်နေတဲ့ အလုံးလေးကို ဘာမှန်းမသိတဲ့အတွက် ရေထဲကို ပစ်ချလိုက်ပါတယ်။
နောက်တစ်ကြိမ် သဲ့ကြည့်တော့ အဲဒီအလုံးလေးက ပြန်ပါလာတယ်။ အဲဒီလို သုံးကြိမ်သဲ့ရာ သုံးကြိမ်စလုံး အဲဒီအလုံးလေးပြန်ပါလာလို့ သူငယ်ချင်းတစ်ဦးက ပြန်လွှတ်မပစ်ခိုင်းပဲနဲ့ အိမ်ကို အယူသွားခိုင်းပါတယ်။
ဒီလိုနဲ့ နီရဲတောက်ပြောင်နေတဲ့အလုံးလေးကို မမဲကျီယူလာပြီး မကြာခင်မှာပဲ ထိုသတင်းဟာ တစ်ရွာလုံးပြန့်သွားပါတော့တယ်။
အဲဒီအချိန်က မမဲကျီတို့ ရွာနဲ့ မနီးမဝေးမှာရှိတဲ့ အချိန်ပြင်ရွာမှာ ဆေးဝါး ဗေဒင် နက္ခတ် အဂ္ဂိရတ်ပညာတို့ကို တတ်ကျွမ်းတဲ့ ဦးမြတ်ကျော်ဦး ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိတယ်။
သူဟာကျောက်သံပတ္တမြားအမျိုးမျိုးအကြောင်းကိုလည်း နားလည်ပါတယ်။ တစ်နေ့တော့ ဦးမြတ်ကျော်ဦးဟာ မမဲကျီတို့ အိမ်ကို ရောက်လာပြီး အနီရောင် ကျောက်တုံးလေးကို ယူကြည့်ပါတယ်။
သူက ဒီကျောက်တုံးလေးဟာ အဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားဖြစ်ကြောင်းပြောပြီး မမဲကျီကို ဒီရက်ပိုင်းမှာ အိပ်မက်မက်သလားမေးပါတယ်။
မမဲကျီက “ကြီးကျယ်ခမ်းနားပြီး အခြွေအရံတွေများပြားတဲ့ အိမ်ကြီးမှာ နေပြီး ကုသိုလ်ကောင်းမှုလုပ်ရတာကို အိပ်မက် မြင်မက်ပါတယ်”လို့ ဖြေလိုက်ပါတယ်။
ဒါကို ဦးမြတ်ကျော်ဦးက ဘယ်လိုနိမိတ်ကောက်သလဲဆိုတော့ ကြီးကျယ်မြင့်မြတ်တဲ့ စည်းစိမ်ရှင်ဖြစ်မယ် သူတကာထက်ထူးတဲ့ ကုသိုလ်ကောင်းမှု လုပ်ရမယ်လို့ ပြောပါတယ်။
တဆက်တည်းမှာပဲ မမဲကျီရဲ့ လက္ခဏာ၊ ဇာတာစန်းလဂ်တို့ကို စစ်ဆေးပြီး မမဲကျီဟာ တစ်နေ့မှာ ကိုယ့်ထက်အသက်အရွယ်ကြီးရင့်တဲ့ ယောက်ျားတစ်ဦးကြောင့် စိတ်မချမ်းမြေ့ဖွယ်ကို မြင်ကြောင်း ပြောပါတယ်။
ဒီလိုနဲ့ အဖိုးတန် ပတ္တမြားကြီးသတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားပြီး ပတ္တမြားကြီးကို လာရာက်ကြည့်ရှုနေသူတွေနဲ့ အလွန်စည်ကားနေပါတယ်။ ဒါကြောင့် ပတ္တမြားကြီးကို အိမ်မှာမထားဘဲ ရွာဦးဆရာတော်ကျောင်းမှာ ကျောက်စီရွှေကလပ်ပေါ်တင်ပြီး အစောင့်အရှောက်နဲ့ထားပါတယ်။
ဒါကို ရမ္မာ၀တီမြို့( ယခု ရမ်းဗြဲမြို့ ) မှာ အုပ်ချုပ်စိုးစံတဲ့ ဘုရင်ခံ နေမျိုးသူရိယ ကြားတော့ ပတ္တမြားကိုသိမ်းယူပြီး မြောက်ဦးရွှေမြို့တော်မှာရှိတဲ့ဘုရင်မင်းဗာကြီးကို ဆက်သဖို့ မမဲကျီတို့ ရွာလေးကို ရောက်လာပါတယ်။
အဲဒီနောက် မမဲကျီတို့ သားအမိကို ခေါ်ပြီး ဤပတ္တမြားသည် ဆင်းရဲသားနှင့်မထိုက် မင်းနှင့်သာထိုက်သည်မို့ ရခိုင်ဘုရင်ထံဆက်သရန် ယူဆောင်သွားရမည် ဟု မိန့်တော်မူပြီး အသပြာငါးထောင်ကို ဆုလာဘ်အဖြစ် ပေးသနားပါတယ်။
သည့်နောက် ပတ္တမြားကြီးကို ယူပြီး ဘုရင်ကြီးထံဆက်သဖို့ ညတွင်းချင်း ရမ်းဗြဲဆိပ်ကမ်းကနေ မြောက်ဦးကို သွားပါတယ်။ သို့သော်ပတ္တမြားကြီးဟာ နေမျိုးသူရိယ ရွှေမြို့တော်မရောက်ခင်မှာဘဲ မူလကလပ်ပေါ်ပြန်ရောက်သွားပါတယ်။
ရွှေမြို့တော်ကို ရောက်တော့ ဘုရင်ကြီးဟာ ပတ္တမြားထည့်တဲ့ ကတ္တီပါကြုတ်ကို ဖွင့်ကြည့်တော့ ဘာမှမတွေ့ရပါဘူး။ ဒီအခါ ဘုရင့်အတိုင်ပင်ခံ ပညာရှိ ဝိမလက ဒီလိုလျှောက်တင်ပါတယ်။
ပတ္တမြား၏အရှင်သခင်ဖြစ်လိုပါက မူလပိုင်ရှင် အမျိုးသမီးကို သိမ်းပိုက်သင့်ကြောင်း ဘုန်းတန်ခိုးလည်း တိုးတက်လာနိုင်ကြောင်း လျှောက်တင်ပါတယ်။
ဘုရင်မင်းဗာကြီးလည်း မမဲကျီကို မိဖုရားအဖြစ်တင်မြှောက်ရန် သက်ဆိုင်ရာ သူကြီးမှတဆင့် စာချွန်တော် အပို့လွှတ်ပါတယ်။ စာချွန်တော်ရောက်လာတော့ မမဲကျီဟာ ချစ်သူမောင်ရွှေသီးကို ဖက်ပြီး ငိုပါတယ်။ ဒါပေမယ့် ဘုရင့် အမိန့်ဆိုတော့ မောင်ရွှေသီးလည်း ဘာမှမတတ်နိုင်ပါဘူး။
ဒီလိုနဲ့ မမဲကျီဟာ ပတ္တမြားဒေဝီ စောမဲကျီ ဆိုတဲ့ ဘွဲ့နဲ့ ဘုရင်မင်းဗာကြီးရဲ့အနောက်နန်း မိဖုရားဖြစ်လာပါတယ်။ ငယ်ရွယ်နုပျိုပြီး ချောမောလှပတဲ့ မမဲကျီကို ဘုရင်ကြီးဟာ အရမ်းချစ်မြတ်နိုးပါတယ်။
တစ်နေ့မှာ ဘင်္ဂလား ၁၂ မြို့ကို အပိုင်စားရတဲ့ နယ်စားမြို့စားတွေဟာ ပုန်ကန်ထကြွပါတယ်။ ဘုရင်ကိုယ်တိုင် စီးတော်ဆင် ဇီ၀စိုးကို စီးပြီး စစ်ချီပါတယ်။ ဘုရင့်တပ်မတော်ဟာ အင်အားတောင့်တင်းတာကြောင့် ကုလားမြို့စားနယ်စားများ အရေးနိမ့်ပါတယ်။
စစ်အောင်ပြီး ပြန်အလာ လမ်းမှာ တပ်စခန်းချရပ်နားတော့ စေတီပျက်တစ်ဆူက ရောင်ခြည်တော်ကွန့်မြူးပါတယ်။ ဘုရင်ကြီးဟာ စေတီပျက်ကို ရှင်းလင်းစေတော့ ဓါတ်တော်များရရှိပါတယ်။ ဒါကြောင့် လမ်းတလျှောက်တွေ့ရတဲ့ စေတီပျက်များမှ ဓါတ်တော်များကို ယူဆောင်ရင်း ပြည်တော်ပြန်ပါတယ်။
မြို့တော်ရောက်တော့ ဘုရင်ကြီးဟာ ဓါတ်တော်တွေရဲ့ အမျိုးအစားကို မသိတဲ့အတွက် မိဖုရားမမဲကျီကို မေးပါတယ်။ မမဲကျီဟာ လူမှန်းသိတတ်စအရွယ်မှစ၍ ငါးပါးသီလလုံခြုံကြောင်း သစ္စာဆိုကာ ဓါတ်တော်များကို အမျိုးအစားခွဲခြားပြပါတယ်။ ဘုရင်ကြီးဟာ ၀မ်းသာအားရဖြစ်ပြီး မမဲကျီကို အလိုရှိရာဆုတောင်းစေပါတယ်။
မမဲကျီဟာ ရခိုင်ပြည်တဝှမ်းလှည့်လည်ပြီး ဓါတ်တော်များကို စေတီတည်ခွင့် တောင်းဆိုပါတယ်။ဘုရင်ကြီးရဲ့ ခွင့်ပြုချက်ရတာနဲ့ မမဲကျီဟာ ဓါတ်တော်များကို စေတီတည်ပါတယ်။ ယနေ့ခေတ်တိုင် စစ်တွေခရိုင် အတွင်းမှာရှိတဲ့ ဦးရစ်စေတီ ဆံတော်ရှင်စေတီတွေဟာ မမဲကျီရဲ့ ကုသိုလ်တော်တွေပါပဲ။
မမဲကျီဟာ မွေးရာဇာတိဖြစ်တဲ့ ရွာဦးတောင်ထိပ်မှာ နားမွေးတော်စေတီကို ဦးစွာတည်ပါတယ်။ ထိုအချိန်မှာ စောမဲကျီရဲ့ ငယ်ရည်းစား မောင်ရွှေသီးဟာ နာမည်ရ ပန်းရံဆရာတစ်ဦးဖြစ်နေပါပြီ။ ဒါကြောင့် စောမဲကျီတည်တဲ့ စေတီများကို မောင်ရွှေသီးက ဦးဆောင်ရပါတယ်။
ဘုရင်မင်းဗာကြီးရဲ့ ကောင်းမှုတော် ရှစ်သောင်းစေတီကိုလည်း မောင်ရွှေသီးကိုယ်တိုင် ကြီးကြပ်စီမံပါတယ်။ ထိုခေတ်ထိုအခါက အင်္ဂတေစပ်ရာမှာ ကျွဲရေပြား အုံတုံ တင်လဲ ထုံး သဲ တို့ကို အချိုးကျ ရောစပ်ရပါတယ်။ အလွန်ခိုင်ခံ့ပါ၏တယ်။
( ရခိုင်ပြည်အင်္ဂတေလုပ်နည်းလင်္ကာ – အုန်းဒူ သတ္တ န၀ကျွဲကော် သုံးဖော်၀ရစ် တစ်သဖန်းခါး ပဉ္စတင်လဲ ထုံးနှင့်သဲကို အမျှရောလေ ကျောက်ဖြစ်တေ )အဓိကကျတဲ့ ပစ္စည်းကတော့ ကျွဲရေပြားပါပဲ။ တစ်နေ့မှာ ရှစ်သောင်းစေတီကြီးအတွက် သုံးရန်ထားတဲ့ ကျွဲရေပြားငါးချပ်ဟာ ပျောက်ဆုံးသွားပါတယ်။
ဒီကိစ္စကို မောင်ရွှေသီးက စုံစမ်းတော့ တပည့်များဖြစ်သော ငလုံး ငပြေ့ထီး ငချက်ကြီးတို့ ခိုးယူကြောင်းသိတဲ့အတွက် လူပုံအလယ်မှာ ထိုးကြိတ်ကန်ကျောက်ကာ ဆုံးမမိပါတယ်။ ဒါကို သူတို့က အငြိုးထားပါတယ်။
ရှစ်သောင်းစေတီပြီးတော့ မိဖုရားစောမဲကျီရဲ့ ဓါတ်ပေါင်းစုစေတီတည်ဖို့ မောင်ရွှေသီးဟာ မိဖုရားနဲ့ဆွေးနွေးဖို့အတွက် မိဖုရားရဲ့ အဆောင်တော်ကို လာပါတယ်။
အဲဒီအချိန်မှာ မိဖုရားဟာ ပူအိုက်တဲ့ရာသီဖြစ်လို့ ရင်တားအ၀တ်တန်ဆာကို ချွတ်ထားပါတယ်။ဧည့်သည်စောင့်နေတဲ့အတွက် ရင်တားအ၀တ်ကို မလွှမ်းမိဘဲ ပိုးအချိတ်ထမီကို ရင်မှာတင်ကာ ရုတ်တရက်ထွက်လာပါတယ်။
ခန်းမဆောင်တံခါးထိပ်ကိုရောက်တော့ မိဖုရားဟာ ကြမ်းပြင်ထိလုနီးပါးဖြစ်နေတဲ့ ထမီစကို မတော်တဆနင်းမိတော့ ထမီဟာပြေကျပြီး ရင်သားပေါ်လုနီးပါးဖြစ်သွားပါတယ်။ မိဖုရားဟာ အတော်လေးစိတ်ထိခိုက်ပြီး မောင်ရွှေသီးကို စကားမပြောတော့ဘဲ အတွင်းဆောင်ကို ပြန်၀င်သွားပါတယ်။
ပြီးတော့မှ မောင်ရွှေသီးစိတ်တိုင်းကျ စေတီတည်ပါတော့လို့ ရံရွေတော် တစ်ဦးကို ပြောခိုင်းပါတယ်။ မောင်ရွှေသီးကတော့ မိဖုရားကြီးဟာ မိမိရင်သားပုံ စေတီတည်လိုသည်ဟု ယူဆပြီး သားမြတ်ပုံသဏ္ဍန်စေတီတည်ပါတယ်။
ဒါကို ဘုရင်ကြီးသိတော့ မောင်ရွှေသီးနှင့်တကွ ပန်းရံဆရာအားလုံးကို ရှေ့တော်သွင်းစေပါတယ်။
ဒီအခါ အခွင့်ကောင်းစောင့်နေတဲ့ ငလုံး ငပြေ့ထီး ငချက်ကြီး တို့ဟာ သူတို့ဆရာ ကိုရွှေသီးဟာ မိဖုရားရဲ့ ငယ်ရည်းစားဖြစ်ပြီး ယခုအချိန်ထိ ချိန်းချက်တွေ့ဆုံကျူးလွန်ကြောင်း ကုန်းချောစကား လျှောက်ကြားပါတယ်။
ဘုရင်ကြီးဟာ မောင်ရွှေသီးနဲ့ ကြံရာပါအားလုံးကို ချက်ချင်း ကွပ်မျက်စေပါတယ်။ နောက်တစ်နေ့ မှာ မိဖုရားစောမဲကျီကို ရှေ့တော်သွင်းစေပါတယ်။
စောမဲကျီဟာ သူသစ္စာမပျက်ကြောင်းလျှောက်ထားပေမယ့် မယုံကြည်တဲ့အတွက် သူ့ရဲ့ဇာတိရွာမှာ အဆုံးစီရင်ပါလို့ လျှောက်ပါတယ်။ ဒီလိုနဲ့ မိဖုရားကို သူတည်ထားတဲ့ နားမွှေးတော်စေတီ အနီးက ချောင်းကလေးကမ်းပါးကို ကွပ်မျက်ဖို့ခေါ်လာပါတယ်။
နောက်ဆုံးအချိန်မှာ မိဖုရားဟာ ဒီလို သစ္စာပြုပါတယ်။ ” ဘုရားတပည့်တော်မသည် မိမိ၏ကာမပိုင်ဖြစ်သော လင်ယောက်ျားမှတပါး မည်သည့်ယောက်ျားနှင့်မျှ မကျူးလွန်ပါ ဤမှန်သော သစ္စာစကားကြောင့် တပည့်တော်၏အလောင်းသည် သဘာ၀အတိုင်း ရေစုန်ကို မမျောဘဲ အထက်အညာသို့ ဆန်တက်မျောပါစေသား ”
မိဖုရားဟာ ရာဇ၀တ်သင့် မင်းညီမင်းသားမိဖုရားတွေကို ကွပ်မျက်တဲ့ထုံးစံအတိုင်း လည်မျိုကို တုတ်နှင့်ရိုက်ကာ ကွပ်မျက်ခြင်း ခံရပါတယ်။ အံ့သြဖို့ကောင်းတာက မိဖုရားအလောင်းဟာ သူသစ္စာဆိုခဲ့တဲ့အတိုင်း အထက်ရေညာကို ဆန်တက်သွားပါတယ်။
ဒါကို ဘုရင်ကြီးကြားတော့ သစ္စာရှိတဲ့မိဖုရားဆုံးရှုံးရပြီဆိုပြီး ကြီးစွာသောကရောက်ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားကြီးလည်း မိဖုရားကို ကွပ်မျက်တဲ့အချိန်ကစပြီး ထူးဆန်းစွာပျောက်ကွယ်သွားပါတယ်။ ဘုရင်မင်းဗာကြီးလည်း ယူကြုံးမရတဲ့စိတ်နဲ့ မကြာမီမှာပဲ နတ်ရွာစံတော်မူပါတယ်။
Crd,မူရင်း