1890 ကျိုင်းတုံ အရေးအခင်းနဲ့ 1894 လန်ဒန်စာချုပ်တို့အရ မလိခမြစ်အရှေ့ဘက် တစ်ခြမ်းလုံး ဗန်းမော်နားက ရွှေလီမြစ် အရှေ့ဘက်တစ်ခြမ်းလုံး သံလွင်မြစ် အရှေ့ဘက် ရှမ်းအရှေ့မြောက် ကိုးကန့် မိုင်းလားဝနယ်တစ်ခုလုံး ရှမ်းအရှေ့ သံလွင်နဲ့ မဲခေါင်မြစ်အကြား ကျိုင်းတုံနယ်ကြီး တစ်ခုလုံးကို တရုတ်တို့ အပြင်းအထန် တောင်းဆိုခဲ့ဘူးတယ်။
1890 ကျိုင်းတုံ အရေးအခင်း၊ 1879 သီပေါမင်း နန်းတက်စ လက်ထက်မှာ ကျိုင်းတုံစော်ဘွား၏ နှမတော်မှာ နန်းတွင်းအရေးတော်ပုံအတွင်း အသတ်ခံခဲ့ရာ ကျိုင်းတုံစော်ဘွားလည်း မြန်မာမှုးမတ် အရာရှိတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး မြန်မာတို့နှင့် အဆက်အသွယ် ဖြတ်ခဲ့တယ်။ ဒါကြောင့် 1885 ဗြိတိသျှတို့ အထက်မြန်မာပြည် သိမ်းပြီးတဲ့အခါ ရှမ်းအရှေ့ ကျိုင်းတုံနယ်ကိစ္စ အတော်စဉ်းစားခဲ့တယ်။ အကျိုးးရှိမရှိပါ။
အဲဒီခေတ်က ပြင်သစ်နဲ့အပြိုင် ကိုလိုနီနယ်များ လုနေစဉ်အခါ ပြင်သစ်ရဲ့ လာအို၊ကမ္ဘောဒီးယား ဗီယက်နမ်ရဲ့ ကိုချင်ချိုင်းနားဒေသဟာ ကျိုင်းတုံမှာ တိုက်ရိုက်ထိစပ်လာချိန်ဖြစ်တယ်။ နောက်တစ်ခုက တရုတ်နဲ့ တိုက်ရိုက်ထိစပ်တဲ့နေရာ အဲဒီခေတ်က နိုင်ငံကြီးတွေနဲ့ တိုက်ရိုက်ထိစပ်တာဟာ ကုန်သွယ်ရေး စစ်ရေး ပဋိပက္ခများတာကြောင့် မလိုလားကြပါ။
အခွန်အကောက်အရလည်း နည်းတာမို့ ပထမပိုင်း ဗြိတိသျှတို့ စဉ်းစားချက်က ပြင်သစ်တို့နဲ့ ပြဿနာ မဖြစ်လိုတာကြောင့် တရုတ်က သံလွင်နဲ့မဲခေါင်အကြား ကျိုင်းတုံနယ်ကို တောင်းဆိုရာမှာ ပေးပစ်ဖို့ စိတ်ကူးရှိထားတယ်။ 1891 လန်ဒန်မှာ တရုတ်တို့နဲ့ မြန်မာပြည်မြောက်ပိုင်း ကချင်ဒေသအရေး မဆွေးနွေးခင် တရုတ်တို့ တောင်းဆိုမှုတွေ အတောမသတ်တဲ့အခါ ပြန်လည်သုံးသပ်မှုတွေ လုပ်ခဲ့တယ်။
အိန္ဒိယရေးရာဝန်ကြီး ဆာအာခီဘော မက္ကင်ဇီနဲ့ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်လင်းစဒေါင်းတို့က သံလွင်မြစ်ကို အဓိကထား နောက်ဆုံးခံတပ် လုပ်ရင်အဆင်ပြေပြီ။ သံလွင်နဲ့ မဲခေါင်အကြား တောတောင်ထူထပ်တဲ့ ကျိုင်းတုံနယ်ကို မဲခေါင်မြစ်အထိ နယ်ပယ်ထိန်းသိမ်းတာ အန္တရယ်များတယ် ယူဆခဲ့ပြီး တရုတ်တို့ကို ပေးပစ်ကာ အခြား ဘယ်သူ့ကိုမှ ထပ်ဆင့်မလွဲရန် ကတိခံစေချင်ခဲ့တယ်။ (ပြင်သစ်ကို ပြန်လွှဲဖို့ စိုးရိမ်ခဲ့တယ်)
အထက်မြန်မာပြည် တိုင်းမင်းကြီး ခရော့စ်ဝစ်ကတော့ မြန်မာဘုရင်ကို ပဏ္ဍာဆက်နေတဲ့ နယ်မြေ ဗြိတိသျှတို့ ဂုဏ်သိက္ခာအရ ဆက်လက်ထိန်းသိမ်းသင့်တယ်။ မဲခေါင်မြစ်ကို ပထမ ရှေ့တန်းနယ်နမိတ်အဖြစ် ကာထားသင့်တယ်။
သံလွင်မြစ်ကြောင်းမှာကာရင် သစ်မျောတဲ့အခါ ကျိုင်းတုံနယ် မသိမ်းထားရင် ရန်သူတွေနဲ့ တစ်ချိန်မဟုတ် တစ်ချိန် တိုက်ရိုက် ပဋိပက္ခဖြစ်မယ်။ ဒါကြောင့် ကျိုင်းတုံနယ်ကို မပေးတော့ဘူး ဆုံးဖြတ်စေတယ်။
ရှမ်းပြည်နယ် တိုင်းမင်းကြီး J G Scot လည်း ထောက်ခံလို့ နောက်ဆုံး မြန်မာနယ်ထဲပဲ ပြန်ရောက်သွားတယ်။ ရှမ်းပြည်နယ် တိုင်းမင်းကြီး Mr. J G Scot ဟာ ကျိုင်းတုံစော်ဘွား စပ်ခမ်းပုဆီ စစ်သား ၂၀နဲ့ အရောက် သွားခဲ့ပြီး ၁၈၉၁ မှာ ဗြိတိသျှ အစောင့်ရှောက်ခံအဖြစ် စာချုပ် ချုပ်စေပြီး နောက်ဆုံးမှာ မြန်မာပြည် မြေပုံထဲက ကျိုင်းတုံဒေသ အချွန်းကလေးဟာ တရုတ်လက်ထဲ မပါသွားခဲ့ပါဘူး။
1891-1894 လန်ဒန်စာချုပ် ကချင်တောင်တန်းရဲ့ နောက်ဆုံးဆုံးဖြတ်ချက် ဗြိတိသျှတို့နဲ့ တရုတ်တို့ဟာ 1886 ပီကင်းစာချုပ်နဲ့ မြန်မာနဲ့တိဘက်ကိစ္စ အပြန်အလှန် ခြေမရှုပ်ဖို့ အဓိက စာချုပ်ခဲ့ပေမဲ့ မြန်မာတရုတ် နယ်ခြားသတ်မှတ်ရေး ကြတော့ 1891- 1894 လန်ဒန်စာချုပ်ကြမှ အပြီးသတ် ပြောပြီးကြပါတယ်။
တရုတ်ဘက်က လန်ဒန်တရုတ် သံအမတ် Tseng နဲ့ တရုတ်ကောင်စစ်ဝန် တရုတ်အကြံပေး ဆာဟောလီးဒေး မက္ကာတနေ တို့ ပါဝင်ပြီး ဗြိတိသျှတို့ဘက်မှ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး လောဒ့် ဆော့ဆဗာရီ အိန္ဒိယဘုရင်ခံချုပ် လောဒ်လင်းစဒေါင်း ဗြိတိသျှ ကောင်စစ်ဝန် ဆာသောမတ် အင်ဒါဆင် မြန်မာပြည် အုပ်ချုပ်ရေး အရာရှိ မစ္စတာ ဟတ် တို့ ၃ နှစ်ကြာ ဆွေးနွေးခဲ့တယ်။
တရုတ်တို့ အဓိက တောင်းဆိုခဲ့တာက 1886 တုန်းကလိုပဲ တရုတ် Dehong dai , Baushan , Nujiang နယ်တွေနဲ့ တဆက်တည်း ဖြစ်တဲ့ ရွှေလီမြစ် အရှေ့ဘက် တြိဂံမြေကနေ မေခမြစ် အရှေ့ဘက် တကြောလုံး ကို အဓိကထား တောင်းဆိုတယ်။ 1886 ပီကင်း စာချုပ်တုန်းက ကျန်သွားတဲ့ သံလွင် အရှေ့ဘက်ခြမ်း ဝ ကိုးကန့် နဲ့ မိုင်းလား ဒေသ တွေလည်း ပါတယ်။ အဓိကက မေခမြစ်ရဲ့ ရေဝေ ရေလဲဒေသကို တောင်းဆိုတာ။
ဒါပေမဲ့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးလောဒ့်ဆော့ ဆဗာရီ ပြန်ထောက်တာက ယူနန်ဘုရင်ခံရဲ့ ၁၈၇၃ ပန်းသေးသူပုန်ကို နှိမ်နင်းအပြီး ယူနန်နယ်ရဲ့ အာဏာသက်ရောက်တဲ့ မှတ်တမ်းမှာ ကချင်တောင်တန်း ဒေသကြီး မပါတာပါပဲ။ ဒါ့အပြင် ၁၈၈၆ မှ ၁၈၉၁ အထိ ကချင်တောင်တန်း ဒေသစစ်ဆင်ရေးအပြီး ဗြိတိသျှတို့ အသေအချာ သိလိုက်ရတာက တရုတ်တို့ တောင်းဆိုတဲ့ အဲဒီဒေသနဲ့ ကချင်တောင်တန်းကြီး တစ်ခုလုံး တရုတ်တို့ အာဏာ သက်ရောက်မှု နှစ် (၁၀၀) အတွင်း မရှိတာပဲ။
ဒါ့အပြင် မေခ မြစ်ဖျားဒေသကို မည်သည့် တရုတ်တစ်ယောက်မျှ မလာဘူးသလို တရုတ် ကုန်သွယ်ရေးလည်း လုံးဝ မလုပ်ဘူးတာပါပဲ။ ဒါပေမဲ့ ကချင်ဒူဝါများကတော့ မိုးကောင်း ဗန်းမော်ကနေ တဆင့် မြန်မာဒေသတွေနဲ့တော့ ကုန်ကူးသန်း ဆက်စပ်မှုတွေ ရှိနေတာ ထောက်ခဲ့တယ်။ ဗြိတိသျှတွေ အဓိက ထောက်တာက ကုန်သွယ်ဆက်ဆံမှု သမိုင်းပဲ ဖြစ်ပြီး မြန်မာနဲ့ ပိုနီးစပ်လို့ မပေးနိုင်ဆိုပြီး ပြတ်ပြတ်သားသား ပြောလိုက်တယ်။
နောက်ဆုံး တရုတ်တွေဟာ ကချင်ဒေသကြီး တစ်ခုလုံးကို တရုတ်နဲ့ ဗြိတိသျှဗားမားတို့ကြား buffer land အဖြစ် ထားရှိဖို့ အဆိုပြုခဲ့သေးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ထူးခြားချက်က တရုတ်တို့ဟာ ဧရာဝတီ ရေဝေရေလဲ မေခမြစ် ရွှေလီမြစ် သံလွင်မြစ် စတဲ့ မြစ်ကြောင်းတွေအပေါ် သတ်မှတ်လိုပြီး ဗြိတိသျှတို့က အဲဒီမြစ်တွေရဲ့ ရေဝေရေလဲ အခြားတစ်ဖက်ရဲ့ တောင်တန်းတွေကို နယ်နမိတ် သတ်မှတ်တာ ဖြစ်တယ်။
ဒါနဲ့ပဲ လန်ဒန် ဆွေးနွေးပွဲဟာ ဘိန်းစစ်ပွဲကို နိုင်ထားသူတွေပီပီ နောက်ဆုံးတော့ ဗြိတိသျှတွေ သတ်မှတ်တဲ့ တောင်တန်းတွေနဲ့ နယ်နမိတ်မျဉ်း သတ်မှတ်ရန် ဖြစ်ခဲ့ပြီး ယနေ့ မြန်မာပြည် မြေပုံအတိုင်း မေခမြစ် , ရွှေလီမြစ် အရှေ့ပိုင်း သံလွင်မြစ်အရှေ့ ရှမ်းနယ်တို့ဟာ မြန်မာပြည်ထဲ လှလှပပ ပါဝင်လာပါတော့တယ်။
သုံးသပ်ချက် အနေနဲ့က တရုတ်တွေ ၁၈၈၆ ၁၈၉၄ ပီကင်းနဲ့ လန်ဒန်စာချုပ်တွေမှာ ဘာလို့ သဲသဲမဲမဲ ကချင်နယ်တွေ လိုချင်သလဲ? ဆိုတာ ဒီနေ့ခေတ် ဝိုင်းမော် ကန်ပိုက်တီး ချီဖွေ ဆော့လော်ဒေသတွေမှာ ဘာတွေ လုပ်နေသလဲ?
ဗန်းမော်နမ့်ခမ်း လမ်းကြောင်းဖြတ်ရာ မံစီ မန်ဝိုင်း ဒေသတွေမှာ သစ်ခိုးထုတ်နေတာတွေ မေခမြစ်ဝှမ်းတလျောက်မှာ ရေအားလျှပ်စစ်တွေ ထုတ်ဖို့ပြင်နေတာတွေ သတ္တုရိုင်းတွေ ရှာဖို့ ကြိုးစားနေတာတွေ ကိုးကန့် နဲ့ ဝ ဒေသတွေကို မြန်မာတရုတ် confederate နယ်တွေအဖြစ် တည်ဆောက်ထားချက်တွေ မိုင်းလားဒေသ အပါအဝင် ကျိုင်းတုံအရှေ့ဘက် တစ်ခြမ်းလုံးမှာ တရုတ်တွေ စီးဝင်ပြီး စီးပွားရေး ဈေးကွက်ချဲ့ထွင် တည်ဆောက်နေတာတွေ ဟာ လွန်ခဲ့တဲ့ နှစ်(၁၃၀) လောက်က လိုချင်တပ်မက်မှုတွေကို ယနေ့ခေတ်အထိ ကျားကုပ်ကျားခဲ ရယူနေတာကို သတိပြုဖို့ လိုပါတယ်။ “သမိုင်းတွေဟာ အနာဂတ်နိုင်ငံရေးကို လမ်းပြနေတယ်” ဆိုတာ မမေ့နဲ့ !
Credit : မူရင်းရေးသားသူအားလေးစားစွာဖြင့်