မဟာရွှေသိမ်တော်ဘုရားကြီး ၏ သမိုင်းကြောင်း

မဟာရွှေသိမ်တော်ဘုရားကို ပုဂံခေတ်ကတည်းက အနော်ရထာမင်းတည်ထားကိုးကွယ်ခဲ့ပါသည်။ ကျောက်ဆည်မြို့မြောက်ဘက် သင်တောင်ကြီးရွာတွင် သီတင်းသုံးပါသည်။

ရွှေသိမ်တော်မြတ်စွာဘုရားမှာ ဘုန်းတန်ခိုးကြီးမြတ်လှ ပြီး မင်းကြီးကိုးကွယ်ခဲ့သော အရှင်ဓမ္မဒဿီခေါ် ရှင်အရဟံ မှ သိမ် သမုတ်တော်မူခဲ့ပါ သည်။

မင်းကြီးမှာလည်း ပထမ မြန်မာနိုင်ငံတော်ကို အောင်မြင်စွာ တည်ဆောက်နိုင်သူတစ်ယောက်ဖြစ်ပြီး ထေရဝါဒ ဗုဒ္ဓသာသနာကို ထွန်းကားစေခဲ့သူ ဖြစ်ပြီး ရှင်အရဟံ နှင့် အနော်ရထာမင်းကြီးပုဂ္ဂိုလ်ထူးနှစ်ဦး ကိုးကွယ် ခဲ့သော သိမ်တော်ဖြစ်ပါသည်။

အရှေ့ဘက်သို့ မျက်နှာမူ၍ မုခ်တစ်ခုတည်းသာရှိသော စေတီတော်ဖြစ်ပြီး မုခ်ထဲတွင်ဆုတောင်းပြည့် ရွှေသိမ်တော်မြတ်စွာ ဘုရား ကိန်းဝပ် စမ္ပါယ်တော်မူပါသည်။ သင်တောင်းကြီးရွာကား ခရာဇ်သက္ကရာဇ် ၁၀၄၄ မှ ၁၀၇၇ အထိ နန်းစံသွားသော အနိရုဒ္ဓဒေဝ ခေါ် အနော်ရထာမင်းကြီး တည်ထောင်သွားသော လယ်တွင်းဆယ့်တစ် ခရိုင်တွင် တစ်ခရိုင် အပါအဝင်ဖြစ်သော ရွာတစ်ခုဖြစ်ပြီး ရွှေသိမ်တော် မြတ်စွာ ဘုရားနှင့်တွဲလျက် ခွဲမရသော ရွာဖြစ်ပါသည်။

လယ်တွင်းဆယ့်တစ်ခရိုင်မှာ ပင်လယ်၊ မြစ်မနား၊ မြစ်သား၊ မြင်း ခုံတိုင်၊ ယမုံး၊ ပနံ၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်း၊ တမုတ်၊ ခံလူးတို့ဖြစ်ကြပါသည်။ ထိုစဉ်က ” ခရိုင် ” ကို ” ခရိုန်” ဟူ၍လည်းကောင်း ရွာဟူ၍လည်းကောင်း ခေါ်ကြခြင်း ထောက်၍ ရွာနှင့်ခရိုန်မှာ အဆင့်တူဖြစ်ပါသည်။ အနော်ရထာမင်းကြီးသည် သာသနာတော်ကို သက်ဝင် ယုံကြည်လွန်းသောကြောင့် ရောက်ရာအရပ်မှာ အကြောင်းအမျိုးမျိုး နှင့် ကိုးကွယ်ရန် စေတီတော်များ တည်ခဲ့ပါသည်။

လင်္ကာဒီပခေါ် သီဟိုဠ်ကျွန်းခေါ် သီရိ လင်္ကာကျွန်းမှ ပင့်လာသော စွယ်တော်ပွားကို နန်းဦးတွင် စွယ်တော်တိုက်နှင့်ထားကာ ကိုးကွယ်ခဲ့လေသည်။ နောင်မှပြည်သူအများ ကိုးကွယ်နိုင်စေရန် အရှင်အရဟံ၏ မေတ္တာ ရပ်ခံ တိုက်တွန်းချက်အရ စွယ်တော်ကို ဆင်ဖြူတော်ပေါ်တင်ကာ ဆင်ဖြူဝပ်ရာတွင် ဘုရားတည်မည်ဟု အဓိဌာန်နှင့်လွှတ်ရာ ဆင်ဖြူတော်ဝပ်ရာ နေရာတိုင်းတွင် ဘုရားများတည်ထားခဲ့သည်။

ယင်းစေတီတော်တို့မှာ ရွှေစည်းခုံ၊ တန့်ကြည်တောင်၊ လောကနန္ဒာ၊ တူရွင်းတောင်၊ ရွှေသာလျောင်းတောင် ၊ ပြက္ခရွေတောင်တို့တွင် စေတီတစ်ဆူစီ တည်ထားကိုးကွယ်ခဲ့သည်။

လယ်တွင်း ဆယ့်တစ်ခရိုင်တို့တွင် ရွှေဂူ ကြီးဆယ့်တစ်ဆူ အပြင် ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့မှာ ဆည်တော်နံရွှေမုဌော စေတီတစ်ဆူ တည် ထားကိုးကွယ်ခဲ့သည်။ ကျောက်ဆည် အနောက်ဘက် ညောင်ရွေရွာအနီးတွင် ရွှေဆပ်သွားဘုရားကိုလည်း တည်ထားခဲ့ပါသည်။

သစ္စာကြီးမားတော်မူသော မင်းကြီးသည် သာသနာတော် ကိုပြန့်ပွားစေရန်ကြိုးပမ်းခဲ့သည်။ ထို့ကြောင့်ပင် ဤရွှေသိမ်တော်ကို တည်ထားကိုးကွယ်စေခဲ့သည်။ အတုမရှိသော ဘုရားရှင်၏ တန်ခိုးတော်၊ သီလ၊ သမာဓိ၊ ပညာ အားကြီးတော်မူသော အရှင်အရဟံ၏ သိက္ခာတော်တို့နှင့် အားဖြည့်လိုက်သောအခါ မင်းကြီး၏ စေတနာမှာ ပိုမိုပီပြင်လာသည်။

ရွှေ သိမ်တော် ဘုရားမှာ လျှမ်းလျှမ်းတောက် တန်ခိုးထက်မြက်တော်မူသည်။ ဤမင်းကြီး မည်သည့်နေ့ရက်က တည်ထားခဲ့ သည်ဆိုသော သမိုင်းကို ဖော်ပြနိုင်သော ကျောက်စာတိုင်မှာ ပျောက်ကွယ်သွားသဖြင့် အတိအကျမသိနိုင်တော့ပါ။

မဟာ ရွှေသိမ်တော်မြတ်စွာဘုရား စေတီတော်ကို အနော်ရထာ မင်းကြီး တည်ထားခဲ့စဉ်က ဉာဏ်တော် ၉-တောင် မျှသာရှိသည်။ ၁၃၀၉-ခုနှစ်တွင် ရွာသူရွာသားများ ကောင်းမှုဖြင့် ဉာဏ်တော် ကိုးတောင်ကို ငုံကာ ဉာဏ်တော် ၁၅-တောင် မြှင့်တင်ကာ ဒုတိယအကြိမ် တည်ထားကိုးကွယ်ကြပါသည်။

သက္ကရာဇ် ၁၃၅၆-ခုနှစ် တွင် သင်တောင်းရွာသူရွာသားများ ကျောက်ဆည်နယ်သူ နယ်သားများ အခြားဒေသမှ ပုဂ္ဂိုလ်များအပါအဝင် အများကောင်းမှု ဖြင့် ဉာဏ်တော် ၁၅-တောင်ကိုငုံကာ ဉာဏ်တော် ၃၄-တောင်အမြင့် သို့ မြှင့်ကာ ပူဇော်ခဲ့ ကြပါသည်။

ဖိနပ်တော် ကုလားကျောင်းခံ ၄-ပေမြင့်ပါသည်။ ရွှေသိမ်တော်နှင့် မဟာရွှေသိမ်တော်မှာ တစ်ဆူ တည်းပင်ဖြစ်ပါသည်။ အရှင်အရဟံ ရဟန္တာမြတ် ကိုယ်တော်တိုင် သမုတ်ခဲ့၍ အနော်ရထာမင်း ဆက်ကပ် ခဲ့သော ဘွဲ့တော်မှာ ‘ရွှေသိမ်တော်’ ဖြစ်ပါသည်။ ယခု ဂေါပကအဖွဲ့မှ မဟာရွှေသိမ်တော်ဟု ‘မဟာ’ ဘွဲ့ကို ထပ်မံ ကပ်လှူခြင်း ဖြစ်ပါသည်။

ခေတ်အဆက်ဆက် ကိုးကွယ်လာခဲ့ကြသော်လည်း သက္ကရာဇ် ၁၂၈၀ ပြည့်မတိုင်မီ ရွာသူရွာသားများ မေ့လျော့ပေါ့ဆမှုကြောင့် ချုံနွယ်တို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထိုနှစ်တွင် သင်တောင်းကြီးရွာတွင် ကပ်ရောဂါများ ကျရောက်သည်။
ရွာသူရွာသားများ ထွက်ပြေးကြရာ လူကြီးများ မိမိအစုနှင့် မိမိ ရောက်ရာအရပ်မှ ချုံနွယ်ပိတ်ပေါင်းများ ရှင်းကြရန် ပြောကြရာမှ တစ်စုနှင့်တစ်စု ဆက်သွယ်ကာ ဘုရားဘေးမှ ချုံနွယ်ပိတ်ပေါင်းများ ရှင်းကြပါသည်။ ထိုအချိန်မှ စကာ ရွှေသိမ်တော် မြတ်စွာဘုရားမှာ သန့်ရှင်းသပ္ပါယ်စွာ သီတင်းသုံးရပါသည်။ ရွာမှာလည်း ရောဂါသန့်ရှင်းသွားကြသည်မှာ ယနေ့တိုင်ပဲ ဖြစ်သည်။

တည်နေရာ

မဟာ ရွှေသိမ်တော်မြတ်စွာဘုရားသည်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၏ မြောက်ဘက် နှစ်မိုင်ခန့် အကွာ သင်တောင်းကြီးရွာ၌ တည်ရှိပါသည်။

ရန်ကုန်-မန္တလေး မော်တော်ကားလမ်းနှင့် မီးရထားလမ်းတို့၏ အရှေ့ဘက်၊ မင်းရဲမြောင်း၏ အရှေ့ဘက်၊ သင်တောင်းကြီးရွာ၏ အနောက်ဘက်၊ ရွှေတောင်ထီးတောင်၏ တောင်ဘက် တောင်ခြေရင်းတွင် တည်ရှိပါသည်။

နာမည်ကျော်ကြားရခြင်းအကြောင်းရင်း

သစ္စာ အဓိဌာန် ပြင်းထန်သောကြောင့် နာမည်ကျော်ကြားခြင်းလည်း ဖြစ်ပါသည်။ အခြားဒေသမှ ပုဂ္ဂိုလ်များ ကျိန်ဆိုသောအခါ မိုးကြိုးပစ်ပါစေ၊ မြွေကိုက်ပါစေ၊ မြေမြိုပါစေ၊ လူညွန့်တုန်းပါစေ အစရှိသဖြင့် ကျိန်ဆိုကြသည်။ ဤဒေသမှ ပုဂ္ဂိုလ်တို့မှာ ထိုကြိမ်ဆိုချက်များအပြင် “ရွှေသိမ်တော် စူးပါစေ” ဟုလည်း ကြိမ်ဆိုကြပါသည်။

သို့သော် ဒေသသားအများစုမှာ ဤကျိန်ဆိုချက်ကို သတိထား ရှောင်ရှားကြသည်။ ဤဒေသတွင် ရှေးကတည်းက ယခုအထိ တစ်ဦးနှင့်တစ်ဦး စွပ်စွဲစရာ ဖြစ်လာပါက အများအားဖြင့် တရားရုံးမှာ တရားပြိုင်ခြင်းထက် ရွှေသိမ်တော်ကို သွားကာ တရားပြိုင်ကြပါသည်။ ဤသည်ကို ရွှေသိမ်တော်ဝင်သည်ဟု ခေါ်ပါသည်။

တရားရုံး၌ တရားစရိတ် အကုန်အကျ များသော်လည်း ရွှေသိမ်တော်တွင် တရားလို တရားခံ ဖယောင်းတိုင် တစ်ယောက်တစ်ချောင်းစီ၊ သို့မဟုတ် ပန်းတစ်ပွင့်စီသာ ကုန်ပါသည်။ အလွန်အမင်း ချဲ့ထွင်လိုပါက ကန်တော့ပွဲတစ်ပွဲသာ ဖြစ်ပါသည်။

အမှုအတွက် ဆောင်ရွက်ပေးရသော ဂေါပကအဖွဲ့မှာလည် တရားလို တရားခံ နှစ်ဘက်စလုံးမှ လာဘ်စားခြင်း လာဘ်ယူခြင်း မပြုပါ။ မစားဝံ့ကြပါ။ မယူဝံ့ကြပါ။ သမာဓိတည်ကြည်စွာနှင့် ရှေးကတည်းက ယခုထိ ဂေါပကအဆက်ဆက် ဆောင်ရွက်လာကြပါသည်။ တရားပြိုင်သူအားလုံးမှာ ဘုရားမြောက်ဘက် စောင်းတန်းမှ ၀င်ရပါသည်။ အခြား စောင်းတန်းမှ မဝင်ရပါ။

အမှုသွား အမှုလာကို နှစ်ဘက်စလုံးမှ ဂေါပကအဖွဲ့သို့ သွားရောက်တင်ပြကြရပါသည်။ ဂေါပကလူကြီးများက ပထမဦးစွာ ကျေအေးကြရန် တောင်းပန်ပါသည်။ မည်သည့်အမှုကိစ္စ မည်သည့် အကြောင်းအရာဖြစ်စေ၊ မည်သူမျှမသိမီ တိုးတိုးတိတ်တိတ် ကျေအေးရန် တောင်းပန်ပါသည်။ တရားလို တရားခံ နှစ်ဘက်စလုံးအား တတ်နိုင်သမျှ ဖျောင်းဖျကြပါသည်။

ဖျောင်းဖျမရပါက ဘုရားရှေ့တွင် ဖယောင်းတိုင်နှစ်တိုင်ထွန်း၍လည်းကောင်း ပန်းနှစ်ပွင့်စိုက်၍လည်းကောင်း သစ္စာဆိုကြရပါသည်။ သစ္စာမဆိုမီ နှစ်ဦးစလုံး သို့မဟုတ် နှစ်ဘက်စလုံး ငါးပါးသီလ ခံယူကြရပါသည်။ မမှန်ကန်သူဘက်မှ ဖယောင်းတိုင်ငြိမ်းခြင်း ပန်းညိုးခြင်း ဖြစ်ပါသည်။ ရှေးကတည်းက ယခုမျက်မှောက်ခေတ်အထိ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာပေါင်း အမြောက်အများကို မှတ်တမ်းတင်ထားပါသည်။

အဓိဌာန်များနှင့်သစ္စာပြုကြမှုများ

မဟာရွှေသိမ်တော်မြတ်စွာဘုရားမှာ အဓိဋ္ဌာန်ပြုပြီး ဆု တောင်းတဲ့အခါ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲတွေကို ပြေလည်စေတယ်ဆိုတဲ့ အယူ အဆတွေနဲ့ လာရောက်ဆု တောင်းကြပါသည်။ ရွှေသိမ်တော်ဘုရားမှာ အဓိဋ္ဌာန်ပြီးလို့ အဓိဋ္ဌာန်ထားတာကို ဖျက်ရင် စီးပွားရေး၊ ကျန်းမာရေး ထိခိုက်တယ်လို့ ပြောကြတယ်လို့ ဘုရားမှာ အဓိဌာန်ပြုသူအချို့က ဆိုကြပါသည်။

အရင်က မဟာရွှေသိမ်တော် ဘုရားမှာ အဓိဋ္ဌာန်ပြုဆုတောင်း သူတွေဟာ ဘုရားဝင်းအတွင်းရှိ ဂန္တကုဋိသိမ်တော်အတွင်းမှာသာ ငှက်ပျောပွဲတွေထားပြီး အဓိဋ္ဌာန်ပြုကြပေမယ့် အဓိဋ္ဌာန်ပြု သူတွေ တစ်နှစ်ထက်တစ်နှစ် များလာတဲ့အတွက် ပြီးခဲ့သည့်လေးနှစ်ခန့်ကစပြီး သိမ်တော်၏ အပြင်ဘက် ဘုရားရင်ပြင်တော်ပေါ်မှာ ငှက်ပျောပွဲတွေထားပြီး အဓိဋ္ဌာန် ပြုရတာဖြစ်တယ်လို့ သိရပါသည်။

ရွှေသိမ်တော် ဘုရားရင်ပြင် တော်ပတ်ပတ်လည်မှာ သုံးဖီး၊ ငါးဖီး၊ ကိုးဖီး ငှက်ပျောပွဲတွေအပြင် ငှက်ပျောစေတီ လို့ခေါ်တဲ့ ၁၀၈ ဖီးပါ ငှက်ပျောပွဲတွေကိုလည်း တွေ့ရပါသည်။ ငှက်ပျောပွဲတစ်ပွဲကို ပါဝင်တဲ့ ငှက်ပျောဖီးအရေအတွက်ပေါ်မှာ မူတည်ပြီး ကျသင့်ငွေမှာ ငွေကျပ် ၃၀ဝဝ က နေ ကျပ် ၁၀၀,ဝဝဝ အထိ ရှိပါသည်။

အဓိဋ္ဌာန်ပြု ပွဲလာထိုးသူတွေဟာ ရာထူးတိုးဖို့၊ ကျန်းမာရေး ကောင်းဖို့၊ အိမ်ခြံမြေအရောင်းအဝယ်ဖြစ်ဖို့၊ တောင်သူတွေ သီးနှံရဖို့၊ ကျောက်အောင်ဖို့ စတဲ့ရည်ရွယ် ချက်တွေနဲ့ လာကြတာဖြစ်သည်။ အနုပညာများစွာလည်း လာရောက်အဓိဌာန်ပြုကြသည်ဟုလည်း တွေ့ရှိ ကြားသိရပါသေးသည်။

ဗုဒ္ဓပူဇနိယပွဲတော်များ

(က) ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် မြတ်စွာဘုရားအား ဝါဆိုသင်္ကန်း ကပ်လှူခြင်း။

(ခ) ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် မဟာသံဃိက ဆွမ်းလောင်းလှူပွဲ ကျင်းပခြင်း။

(ဂ) တန်ဆောင်မုန်းလဆန်း ၁၀ ရက်နှင့် ၁၁ ရက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပကာ စတုဒီသာ ကျွေးခြင်း။

(ဃ) တပို့တွဲလတွင် ထမင်းနဲထိုးပွဲကို ကျင်းပကာ ဆွမ်းတော်ကပ်ခြင်း၊ ဘုန်းတော်ကြီးများအား ကပ်လှူခြင်း၊ ဘုရားသို့မလာနိုင်သော သက်ကြီးရွယ်အိုများအား လိုက်လံဝေငှခြင်းနှင့် ဘုရားသို့ လာရောက်ပူဇော်သူများကို ကျွေးမွေးခြင်းများ တို့ပဲ ဖြစ်ပါသည်။

လပြည့်နေ့တွေမှာ အဓိဋ္ဌာန်ပြုပြီး ကန်တော့ပွဲလာထိုးထားသော ငှက်ပျောဖီးတွေကိုတော့ သင်တောင်းကြီးကျေးရွာ အနီးရှိ မိဘမဲ့ကျောင်း၊ ဘက ကျောင်း၊ ဘုန်းကြီးကျောင်း၊ အကျဉ်းထောင်တို့မှာ လိုက်လံဝေ ငှတာဖြစ်တယ်လို့ သိရပါသည်။

မဟာရွှေသိမ်တော် ဘုရားသမိုင်း စာအုပ်

Crd,