မွန်ဘာသာအမည်ဖြင့် “အင်စိင်”(ဆင်များရေကစားရာ အရပ်)ဟူသောအဓိပ္ပါယ်မှ အင်းစိန်ဟု ဆင်းသက်ခေါ်ဆိုလာခဲ့ကြပါသည်။ရှေးအခါက ဤ အရပ်ရှိ တောတောင်အတွင်း ၌ဆင်များရေကစားလေ့ရှိသည့် အင်းကြီးတည်ရှိသဖြင့် ယင်းသို့ခေါ်ဆိုကြခြင်းဖြစ်ပါသည်။
အင်းစိန်ရွာ၏ မူလအစောဆုံးတည်ရှိရာအရပ်မှာ ရွာမဘူတာအနီးရှိ ဘုန်ကြီးကျောင်းဝန်းကျင်ဖြစ်သည်ဟု အဆိုရှိ၏။ အင်းစိန်သည် မြန်မာ ဘုရင်များလက်ထက် ရန်ကုန်မြို့ဝန်၏ လက်အောက်ခံကျေးရွာ တစ်ရွာဖြစ်သည်။
ကုန်းဘောင်ခေတ် ဗဒုံမင်း(ဘိုးတော်ဘုရား)လက်ထက် (၅-၉-၁၈၀၃)ရက်နေ့တွင် ဆက်သွင်းသော မင်္ဂလာဒုံမြို့စစ်တမ်း၌ အင်းစိန်ရွာကြီးသည် မင်္ဂလာဒုံမြို့အပိုင်တွင် ပါရှိသောကျေးရွာကြီးဖြစ်ကြောင်းတွေ့ရှိရသည်။
အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲကာလ (၁၁-၂-၁၈၅၂)ရက်နေ့တွင် အင်္ဂလိပ်ကြည်းတပ်စစ်ချီရာ အင်းစိန်ရွာတွင် စခန်းချခဲ့ကြောင်း Snodgrass ၏”Narrative of the Burmese War”စာအုပြ၌ထည့်သွင်းဖော်ပြခဲ့ပါသည်။
(၉-၅-၁၈၅၂)ရက်နေ့တွင် မြန်မာဘုရင့်တပ်များ ရန်ကုန်နှင့် ထန်းတပင်နယ်မြေများမှ စွန့်ခွာသွားခဲ့ကြလေရာ အင်းစိန်သည် ထိုအချိန်ကပင် ဗြိတိသျှ လက်အောက်သို့ ကျရောက်ခဲ့သည်
ဟု ဆိုနိုင်ပေသည်။
“ကိုလိုနီခတ် အင်းစိန်”
၁၈၅၃ခုနှစ်တွင် အောက်မြန်မာန်ိုင်ငံ တစ်ခုလုံး အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရာအင်းစိန်သည် မင်္ဂလာဒုံတိုက်နယ်မှ ကျေးရွာတစ်ရွာအဖြစ်သတ်မှတ်ခံရပြီး ထိုစဥ်က လူဦးရေမှာ ၂၄၈ ဦးသာနေထိုင်ခဲ့သည်။
ရန်ကုန်ပြည် မီးရထားလမ်းဖေါက်လုပ်ပြီးစီးခဲ့ပြီးနောက် (၂-၅-၁၈၇၇)တွင် မီးရထားလမ်းစတင်ဖွင့်လှစ်စဥ် အင်းစိန်ဘူတာကိုလည်း တပြိုင်နက်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနေ့တွင် မီးရထားကိုရန်ကုန်ကွမ်းခြံကုန်းဘူတာကြီးမှ အင်းစိန်ဘူတာအထိ ခုတ်မောင်းပြခဲ့သည်။အင်းစိန်သည် ကိုလိုနီခေတ်ဦးကာလအထိတောရိပ်တောင်ရိပ်များရှိနေဆဲဖြစ်ရာ တစ်ခါတစ်ရံတွင် ကျားသတ္တဝါများပင်လာရောက်လေ့ရှိသည်။
(၁၄-၂-၁၉၀၃)ရက်စွဲပါ ဟံသာဝတီသတင်းစာတွင် အောက်ပါသတင်းတစ်ပုဒ်ကိုဖော်ပြထားသည်ကို တွေ့ရသည်။
” ရဲရင့်သော ကျားတစ်ကောင် အကြောင်း”
အင်းစိန်အရပ် မနီးမဝေးတွင် တိရိစ္ဆာန်ကျားတစ်ကောင် ယခုအခါပေါ်ပေါက်လာပြီးလျှင် လူတစ်ယောက်ကို ကိုက်ချီသွားကြောင်း သတင်းအနှံ့အပြားကျော်ကြားလျှက်ရှိသည်ဖြစ်၍ ရပ်ရွာအတွင်း ကူးသန်းသွားလာလုပ်ကိုင်နေကြသော
မြန်မာကုလားလူမျိုးများ ထိတ်လန့်ကြောက်ရွံ့ခြင်းရှိကြသည်နှင့် လွန်စွာသော သတိဝီရိယစိုက်ထုတ် သွားလာရကြောင်း ကြားသိရလေသည်။
၁၈၉၈ခုနှစ်တွင် အင်းစိန်သည် စီရင်စုနယ်ဖြစ်လာပြီး (၆-၅-၁၉၀၃)ရက်နေ့တွင် အင်းစိန်မြို့အဖြစ် တိုးမြှင့်သတ်မှတ်ပေးခဲ့ရာ ယခုအခါ မြို့သက်မှာ နှစ်ပေါင်း၁၂၀နီးပါးရှိခဲ့ပြီဖြစ်၏။ပထမဆုံး အင်းစိန်မြို့နယ်မြူနီစီပယ်ကော်မတီတွင်နယ်ပိုင်ဝန်ထောက်၊မြို့ပိုင် စီအီး ကတ်ဒရူး နှင့်ဦးဘိုးဆင် (စာရေးဆရာနိုင်ဝင်းမောင်၏ ဖခင်)တို့ဖြစ်ကြသည်။
ထိုစဥ်က မြုနီစီပယ်ကော်မတီမှ လမ်းမီးတိုင်များစိုက်ထူပေးခဲ့ပြီး ညဘက်တွင်ရေနံဆီမီးတိုင်များ ထွန်းညှိပေးခဲ့သည်။အင်းစိန် သည် တစ်စတစ်စ လူနေစည်ကားလာရာ ၁၉၁၁ ခုနှစ်တွင် လူဦးရေ ၁၃၉၉၂ဦးနေထိုင်ကြောင်းသိရသည်။
၁၉၁၂ခုနစ်တွင်အင်းစိန်သည် မြို့နယ်လေးခုပါဝင်သော ခရိုင်အဆင့်မြို့ကြီးအဖြစ်သတ်မှတ်ခံရသည်။ယင်းမြို့နယ်တို့မှာ အင်းစိန်၊လှည်းကူး တိုက်ကြီးနှင့်ထန်းတပင်မြို့နယ်များဖြစ်ကြသည်။
အင်းစိန်မြူနီစီပယ် ရုံးကြီးမှာ ထူထဲခမ်းနားသည့် အုတ်အဆောက်အဦးကြီးဖြစ်၍ ယင်းအဆောက်အဦးကို (၁၅-၃-၁၉၂၈)ရက်နေ့တွင် မြန်မာလူမျိုးမြူနီစီပယ်လူကြီး ဦးဘိုးဆင်ကိုယ်တိုင်အုတ်မြစ်ချပေးခဲ့သည်။အင်းစိန်သည် ကိုလိုနီခေတ်က သရက်ခြံများ၊လယ်ကွင်းများဖြင့် ကျေးလက်တောရွာအသွင်တည်ရှိခဲ့၏။
မီးရထားစက်ခေါင်းရုံမှာမူ ကိုလိုနီခေတ်ဦးကတည်းက တည်ရှိခဲ့လေသည်ယခုဗဟိုမူလတန်းကျောင်းနေရာတွင် ဒိုင်အိုစီဇင်သာသနာပြု အင်္ဂလိပ်မူလတန်းကျောင်းတည်ရှိခဲ့၏။
အင်းစိန်မှ ရန်ကုန်ဘက်သို့အထွက် မီးရထား အားကစားကွင်းနှင့် မျက်စောင်းထိုးရှိ တင်းနစ်ကွင်းမှာ ဒုတိယကမ္ဘာစစ်မတိုင်မီက ဖရီးမေဆင် အသင်း တည်ရှိရာ ပျဥ်ထောင်တစ်ထပ်သစ်သားအိမ်ကလးတစ်လုံး ရှိခဲ့ဖူးသည်။
ကိုလိုနီခေတ်ဦး ကာလက လှိုင်မြစ်အတွင်းသို့ ချောင်းများစီးဆင်းလျှက်ရှိရာ ဖော့ကန်ရပ်မှ ရွာမချောင်း၊တောင်သူကုန်းမှ ကသွယ်ချောင်း၊ နံ့သာကုန်းမှပေါက်တောချောင်း၊ ဘိုကုန်းမှ ရိုးကြီးချောင်း၊စော်ဘွားကြီးကုန်းမှ မြူနီစီပယ်ချောင်းတို့ စီးဆင်းဝင်ရောက်ကြလေသည်။
“ဂျပန်ခေတ် အင်းစိန်”
ဂျပန်ခေတ်တွင် ထိုဖရီးမေဆက်အသင်းရှိရာအိမ်ကလေးတွင်အရှေ့တောင်အာရှလူငယ်များအစည်းအရုံး ရုံးခွဲဖွင့်လှစ်ခဲ့သည်။
ဂျပန်စကားပြောသင်တန်းနေရာလည်း ဖြစ်သည်။ အာရှလူငယ်အစည်းအရုံးတွင် သိုင်းဦးချစ်သန်းမှာ တက်ကြွစွာပါဝင်ခဲ့ပြီး လူငယ်များကိုသိုင်းသင်တန်းများသင်ကြားပေးခဲ့သည်။
ဂျပန်ခေတ်က အင်းစိန် လဟာပြင်စျေးနေရာတွင် အစိုးရတန်းမြင့်ကျောင်းကို ဖွင့်လှစ်ပေးခဲ့၏။နောင်ဖဆပလဝန်ကြီးဖြစ်လာသူ ဦးဝင်းမှ ကျောင်းအုပ်ဆရာကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။
“ပါလီမန်ခေတ် အင်းစိန်”
အင်းစိန်မြို့နယ်သည် ပါလီမန်ခေတ် ၁၉၅၆ခုနှစ်တွင် အင်းစိန်ခရိုင်အတွင်းရှိ မြို့နယ်တစ်ခုဖြစ်ခဲ့သည်။ထိုစဥ်က အင်းစိန်မြို့နယ်အတွင်းပါဝင်သောကျေးရွာများမှာ အလယ်ရွာကစင်၊ အလယ်ရွာတက်သစ်၊ အပြင်ပဒန်၊အစုကြီး၊ အထယု၊အတွင်းပဒန်၊ဘန့်ဘွေးကုန်း၊ဘောက်ထော်၊ဘွက်ကြီး၊ချောင်းဝ၊ချော်တွင်းကုန်း၊ဒိုင်စု၊ကုန်းဒလဘောင်၊ရေဒလဘောင်၊ထဝယ်ချောင်၊ဒိတ်ကုန်း၊ကြို့ကုန်း၊လှပဒါး၊လှော်ကား၊ကန်ဘဲ့၊ကစင်၊ပေါက်တလောက်၊ ပရွက်ဆိတ်ကုန်း၊ပျဥ်းမပင်၊တိုးချောင်ကလေး၊
တိုးချောင်ကြီး၊သမိုင်းအောက်သမိုင်းကုန်း၊ဒညင်းကုန်း၊စစ်ပင်၊ဆင်ဖုံတောင်၊ထောက်ကြံ့၊တံတားကလေး၊ဘာလားတံတားကြီးသံဒင်းတံတားကြီး၊စော်ဘွားကြီးကုန်း၊စော်ဘွားကလေး၊ကျောက်ချောင်း၊စဥ့်ငူ၊စန်ဒရော်၊ ဆပ်သွားတော၊တံခွန်တိုင်၊ သိန်းချောင်း၊နှောကုန်း၊ငှက်သိုက်၊အင်ကြင်းကုန်း၊ကွေ့မ၊ကျွဲခြံရိုး၊ မဒ၊မလဝါ၊မရွှေဥ၊ မြဂဲ၊မြို့ချောင်း၊အုတ်ကျင်း ကျေးရွာများဖြစ်ကြပါသည်။
၁၉-၅-၁၉၅၉ တွင် အင်းစိန်မြို့နယ်ကောင်စီဥက္ကဌ အဖြစ်ဦးကျော်လှ၊ အင်းစိန်မြို့မကောင်စီဥက္ကဌအဖြစ် ဦးရှိန်တို့ကို ခန့်အပ်တာဝန်ပေးသည်။
ထိုစဥ်က အင်းစိန်မြို့မတွင် ရပ်ကွက် ၁၁ ခုပါရှိရာတောင်သူကုန်း၊နံ့သာကုန်း၊စျေးကုန်းအရှေ့၊ရွာမအရှေ့၊ပိန္နဲကုန်း၊စျေးကုန်းအနောက်၊ပေါက်တော၊ကန္နားအလယ်၊ကန္နားအောက်၊ကြို့ကုန်း၊ညောင်ကုန်းတို့ဖြစ်ကြသည်။
ကြို့ကုန်းရွာသည် ရှေးမွန်ဘုရင်များလက်ထက်ကပင်တည်ရှိခဲ့သော ရှေးဟောင်းကျေးရွာဖြစ်၏။ကြို့ကုန်းဟူသောစကားမှာ ဦးချကန်တော့ပူဇော်ရာဟု အဓိပ္ပါယ်ဖွင်ကြ၏။(၂၈-၃-၁၈၅၂) တွင် ဗိုလ်ချုပ် ကင်းဘဲလ် ဦးစီးသော ဘုရင့်အမှတ်၁၃၊၃၈ခြေလျှင်တပ်များမှ ဥရောပတပ်ခွဲ၄ခုနှင့် စစ်ဗာရီ တပ်သား ၂၅၀ကျော်တို့ဖြင့် ကြို့ကုန်းရွာမအနီးချီတက်သွားခဲ့ကြသည်။
အင်္ဂလိပ်တပ်၏ လမ်းပြဖြစ်သူက မြန်မာခံတပ်သို့သွားရာလမ်းနှင့် ရှေ့တစ်မိုင်ခန့်ဆက်သွားလျှင် ကြို့ကုန်းရွာရောက်နိုင်မည့်အကြောင်း အင်္ဂလိပ်ဗိုလ်ချုပ်ကိုရှင်းလင်းပြောပြရာ အင်္ဂလိပ်မှတ်တမ်းတွင် ကြို့ကုန်းကို “Juayhchaung” ဟု စာလုံး ပေါင်းထားသည်ကို တွေ့ရ၏။
မြန်မာလမ်းပြ၏ လမ်းညွှန်ချက်အတ်ိုင်း ဆက်လက်ချီတက်ခဲ့ရာ ကြို့ကုန်းရွာအနီးသို့ရောက်သောအခါ မြန်မာဘုရင့်တပ်များက နှစ်ဖက်ညှပ်၍ ပစ်ခတ်ခံခဲ့ကြသည်။အင်္ဂလိပ်တပ်များ အလွန်အထိနာခဲ့ရသည်။
ဗိုလ်ချုပ်ကင်းဘဲလ်က ဗိုလ်မှုးချုပ် မက်ဘင်း နှင့် ဗိုလ်မှုးအီဗန်တို့ကို ကြို့ကုန်းရွာကို ကွေ့ပတ်စီးနင်းစေပြီး ပြင်းထန်စွာတန်ပြန်ထိုးစစ်ဆင်ခဲ့ရာ မြန်မာတပ်များ တောတွင်းသို့ ဆုတ်ခွာသွကြလေသည်။ယင်းတိုက်ပွဲတွင် နှစ်ဖက်လုံး အကျအဆုံးများပြားခဲ့သည်။
စော်ဘွားကြီးကုန်း မှာ အစဥ်အလာမှတ်သားချက်များအရ အင်းဝခေတ်သတိုးမင်းဖျားလက်ထက် ယခုစော်ဘွားကြီးကုန်းနေရာ၏ တောင်ဘက် လေယာဥ်ကွင်းနယ်မြေအတွင်း တောင်ကုန်းထက်တွင် သမာဓိစော်ဘွား၊ နှမ သီရိကဥ္စနာအဘယဒေဝီ နှင့် ညီငယ်ကျမိုင်းသီဟရာဇာတို့ ဟော်နန်းတည်ဆောက်နေထိုင်ခဲ့ဖူးသည်ဟုအဆိုရှိ၏။
ယင်းမောင်နှမသုံးဦးသည် ယခုစော်ဘွားကြီးကုန်းနေရာ ထိုစဥ်ကတောတောင်အလွန်ထူထပ်သော တောင်ကုန်းတွင် တရားကျင့်ကြံအားထုတ်ခဲ့ကြသည်ဟု ဆိုကြသည်။ သမာဓိစော်ဘွားကြီးမှာ တရားကျင့်ကြံအားထုတ်ရာမှကုန်း၉၉ကုန်း၏ အချုပ်ဝိဇ္ဇာ ဘိုးတော်ကြီးဖြစ်လာခဲ့သည်ဆို၏။
ဆေးဝင်္ကဘာဆရာတော်၏သာသနာပြုလုပ်ငန်းများဆောင်ရွက်စဥ် ဘိုးတော်စော်ဘွားကြီးမှ စောင့်ရှောက်မှု့အမျိုးမျိုး
ပေးခဲ့သဖြင့် အာလိန်ငါးဆင့်စေတီတော်တည်ဆောက်ရာတွင် စေတီတော်အရှေ့ဘက်၌ စော်ဘွားကြီး မောင်နှမသုံးဦးနန်းဆောင်ဆောက်လုပ်ပေးထားခဲ့လေသည်။
တစ်ချိန်က RIT(Rangoon Institute of Tech-nology)အဖြစ် ထင်ရှားခဲ့သော ရန်ကုန်စက်မှု့တက္ကသိုလ်ကို ၂၁-၄-၁၉၅၈ ရက်နေ့ နံနက်၈နာရီခွဲတွင် နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်ကအုတ်မြစ်ချပေးခဲ့သည်။
ယင်းအဆောက်အအုံကို ရုရှနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးလက်ဆောင်အဖြစ်တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။
အုတ်မြစ်ချအခမ်းအနားသို့ သမ္မတကြီးဦးဝင်းမောင်ဝန်ကြီးချုပ်ဦးနု၊ဝန်ကြီးသခင်ကျော်ထွန်း၊သခင်ချစ်မောင် နှင့် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်တို့တက်ရောက်ခဲ့ကြသည်။
ဂျီတီအိုင်(GTI , Goverment Technical Institute) ခေါ် အစိုးရစက်မှု့လက်မှု့သိပ္ပံကျောင်းကို ၁၉၀၈ ခုနှစ်တွင် (Goverment School ofEngineering and Technical High School)အဖြစ် အင်းစိန်ရွာမရပ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ယင်းကျောင်းကို ထိုအချိန်မတိုင်မီကလမ်းမတော်ဘူတာအနောက်ဘက် ၁-၄-၁၈၉၅တွင် Goverment Engineering Schoolအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။၁၈၉၈ခုတွင် အင်းစိန်လမ်းဆုံရှိ ကုန်းမြင့်ထက်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၀၈ခုနှစ်တွင် လက်ရှိနေရာသို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၁၉၁၂ ခုနှစ်တွင် G.T.I ဟုစတင်ခေါ်ဆိုခဲ့၏။
ဘီပီအိုင် ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှာအင်းစိန်သွားကားလမ်းဘေး ကြို့ကုန်းရပ်တွင်တည်ရှိသည်။ ဘီပီအိုင်စက်ရုံတည်ဆောက်ရန်ပါလီမန်ခေတ်က ၁၉၅၃ခုနှစ်တွင် အီဗန်းဆေးဝါးကုမ္ပဏီနှင့် ၇နှစ်သက်တမ်း စာချုပ်ချုပ်ဆိုခဲ့၏။
စက်ရုံတည်ဆောက်ရန် ကန်ထရိုက်အဖြစ် Holland Hannan and Cubitts Ltd.ကိုငှားရမ်းခဲ့ပြီး ၁၉၅၄ ခုနှစ် ဧပြီလတွင် အုတ်မြစ်ချတည်ဆောက်ခဲ့သည်။
စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း၆၀၀ကျော်ဖြစ်သည်။အီဗန်းကုမ္ပဏီ နှင့်လုပ်ကိုင်စဥ် အရှုံးပေါ်ခဲ့သဖြင့် အိမ်စောင့်အစိုူရလက်ထက်(၃၀-၁-၁၉၅၉)တွင်ရပ်နားကာ မြန်မာပညာရှင်များဖြင့်ဆက်လက်လုပ်ကိုင်ခဲ့သည်။
ရန်ကုန်-အင်းစိန်လမ်းမှာ အင်းစိန်ဘူတာရုံနှင့် လှည်းတန်းလမ်းဆုံကို ဆက်သွယ်ထားသောလမ်းဖြစ်သည်။အင်းစိန်မှ ရန်ကုန်မြို့တွင်းသို့၁၉၂၆ ခုနှစ်၊ဖေဖော်ဝါရီလတွင် အာရ်အီးတီ
ဂိတ်မှ ဘတ်စ်ကားများ စတင်ပြေးဆွဲပေးခဲ့သည်။နောင်တွင်ယင်းဘတ်စ်ကားလိုင်းမှာအမှတ်(၈)လိုင်း ဖြစ်လာခဲ့လေသည်။
မွန်ဘိုးချို၏ အဆိုအရ အင်းစိန်၏ မူလနေရာမှာ ရွာမဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရေကန်နေရာဖြစ်သည်ဟု ဆို၏။ ရွာမကျောင်းထိုင်ဆရာတော်ကြီးက ယင်းသို့မိန့်ဖူးကြောက်း ၁၉၃၈ ခုနှစ်ထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ မြန်မာတို့ကမူလမြို့ရွာနေရာ အမည်ကို ရွာမဟု ခေါ်ဆိုလေ့ရှိရာ ယခုအခါ ရွာမအနောက်ရပ်ကွက် နေရာဟုမှန်းဆကြပါသည်။
အင်းစိန်ပြည်သူ့ဆေးရုံကို ၁၉၁၃-၁၄ခုနှစ်များတွင် စီရင်စုခိုင်ကြေးရံပုံငွေ(District Cess Fund)ဖြင့် စတင်တည်ဆောက်ခဲ့သည်။(၂၀-၁-၁၉၂၈)တွင် ပွဲစားကြီးဆာဘိုးသာ လှူဒါန်းသော ခွဲစိတ်ခန်းမြောက်ဘက်ဆောင်ကို စတင်အုတ်မြစ်ချတည်ဆောက်ခဲ့သည်။
အင်းစိန်ဇာတိ ထင်ရှားသောပုဂ္ဂိုလ်အချို့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင် (ပေါက်တောရပ်)၊ အကယ်
ဒမီ ဒေါ်မေသစ်၊ စာရေးဆရာငြိမ်းကျော်(ပေါက်တောရပ်)၊စာရေးဆရာ ကြပ်ကလေး၊ ဂိုးလှမောင်(ဖော့ကန်)၊ ဟံသာဝတီ ဦးအုန်းကြိုင်၊ တက္ကသိုလ်ကြည်မာ၊ မိုးပြည့်ပြည့်မောင် ၊စသူတို့အပြင် ယနေ့ခေတ်ထင်ရှားသော အဆိုတော်အနုပညာရှင်အများအပြားလည်းရှိပါသေးသည်။
စီအိုင်ဒီခေါ်အထူးစုံစမ်းစစ်ဆေးရေးဌာန နှင့် သမိုင်းဝင် အင်းစိန်ထောင်ကြီးလည်း တည်ရှိရာအရပ်ဖြစ်သည်။မြန်မာ့သမိုင်းတွင် နိုင်ငံတကာက ရန်ကုန်အစိုးရဟုခေါ်ခဲ့ကြသည့် ပါလီမန်ခေတ် ပြည်တွင်းစစ်ကာလ ထင်ရှားသည့် အင်းစိန်တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာဖြစ်သလို ၁၉၈၈ အရေးတော်ပုံစတင်မြစ်ဖျားခံရာ စက်မှု့တက္ကသိုလ်ကျောင်းသားများနှင့် အင်းစိန်မှအရပ်သားများ လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားများရန်ဖြစ်ခဲ့သည့် သမိုင်းဝင်အဖြစ်အပျက်များ စတင်ခဲ့ရာနေရာလည်းဖြစ်ပါသည်။ ။
စာကိုး။
မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၁၅) (ဥ – အွန်)
တင်နိုင်တိုး”မဟာရန်ကုန်ကောက်ကြောင်း”၊ “မြန်မာပြည်တစ်ခွင် လမ်းညွှန်” တို့မှ ကိုးကားဖော်ပြပါသည်။
ခရက်ဒစ်… မြန်မာ့သမိုင်းမှတ်စု
ရှေးခေတ်မြန်မာပုံရိပ်များ