စဉ့်ကူးမင်းခေါင်းလောင်းနှင့် အပျော်အပါးမက်သောဘုရင်

မြေဒူးမင်းသည်ကုန်းဘောင်မင်းဆက်ကိုထူထောင်ခဲ့သူခ
မည်:တော်အလောင်းမင်းတရား၏ ဆန္ဒကိုသွေဖီလျက် ညီတော် အမြင့်မင်းကို နန်းမဆက်ခံစေဘဲ သားတော်ကို နန်းမွေခံစေခဲ့သည်။

မြေဒူးမင်းနှင့်မိဖုရား ခေါင်ကြီးတို့က ၁၇၅၆ ခုနှစ် မေလ ၁၀ ရက်တွင် ဖွားမြင်ခဲ့သည့်(ရဲမင်းလှ)သည် ဘုရင်ဖြစ်လာချိန်တွင် အသက် ၂၀ အရွယ်မျှသာရှိ သေးသည်။

ထို့ကြောင့် ၁၇၇၆ ခုနှစ် ဇွန်လ ၁၀ ရက်တွင် မြေဒူးမင်းနတ်ရွာစံ ခဲ့ပြီးနောက် သားတော်စဉ့်ကူမင်း( ရဲမင်းလှ)သည် ကုန်းဘောင်ဆက်၏ စတုတ္ထမြောက် ဘုရင်ဖြစ်လာခဲ့သည်။

စဉ့်ကူးမင်းသည် ဘထွေးတော် ဗဒုံမင်းကို စစ်ကိုင်းသို့၊ပုခန်းမင်းကို ပင်းယသို့၊ပင်းတလဲမင်းကို ရွာသစ်ကြီးသို့ ပို့ကာ တစ်နေရာစီ နေစေခဲ့ပြီး ထီးနန်းကို မကြံစည်နိုင်ရန်စီစဉ်ခဲ့သည်။

စဉ့်ကူးမင်း၏ ကြီးမားသောအမှားတစ်ခုမှာ မြေဒူးမင်း၏ထီးနန်းကို မဆက်ခံခဲ့ရသည့် ဘထွေးတော်အမြင့်မင်းကို ကွပ်မျက် ခဲ့ခြင်းဖြစ်ပေသည်။

ဘကြီးတော်၏ သားဖြစ်သူ မောင်မောင်ကို ဖောင်းကားစား ရွာသို့ပို့ခဲ့ သည်။ဘထွေးတော်များအပေါ်ဖိနှိပ်ခဲ့သည့် လုပ်ရပ်များကြောင့် စဉ့်ကူးမင်းအား မကျေနပ်မှုများ များပြားလာခဲ့သည်။

စဉ့်ကူးမင်းသည် အဘိုးဖြစ်သူ အလောင်းမင်းတရားလက်ထက်မှ ခမည်းတော်ဖြစ်သူ မြေဒူးမင်းအထိ ကျင့်သုံးခဲ့သည့် နိုင်ငံ ပိုင်နက်ကျယ်ပြန့်ရေး စစ်ဆင်မှုများသည် လူသားအရင်းအမြစ်များနှင့်သယံဇာတများ များစွာဆုံးရှုံးရကြောင်း ယူဆလျက် စစ်ပွဲ များ ကို မနှစ်ခြိုက်ချေ။

မိမိအား ဘုရင်ဖြစ်စေရန် ကူညီပံ့ပိုးခဲ့သော ယောက္ခမဖြစ်သူ စစ်သူကြီး မဟာ သီဟသူရကိုပင် စစ်ပွဲများမှ အနားယူစေခဲ့သည်။

ထို့နောက်၁၇၈၁ ခုနှစ်အောက်တိုဘာလ၂၀ ရက်တွင် ပင်းယသို့ သွားရောက်၍ပြိုကျသွားသော ပင်းယရွှေစည်းခုံကို အသစ်ပြန်တည်ရန် စေတီတော်မြောက်တွင်စံနေခဲ့သည်။

ပင်းယတွင်ရှိနေခဲ့စဉ် စဉ့်ကူးမင်းသည် သေရည်သေရက် သောက်စား ယစ်မူးလျက် ကြွေအန်ကစားခြင်း၊ ကြက်တိုက်ခြင်း၊သားလိုက်ခြင်း၊ငါးဖမ်းခြင်းတို့ဖြင့် ပျော်မွေ့နေခဲ့သည်။

စစ်ကို မလိုလားသော ငယ်ရွယ်သူ စဉ့်ကူးမင်းသည် အပျော်အပါးကို နှစ်သက်ခုံမင်ခဲ့ကာ ပင်းယမှအပြန်တွင် နေပြည်တော်နန်းသို့မဝင်ဘဲ မာန်အောင်တံတား အပြင်ရှိ ရေနန်းတွင်ပျော်စံနေခဲ့ သည်။

ညပိုင်းအချိန်များတွင် ရေနန်းတွင်သောက်စားခြင်းဖြင့် အချိန်ကုန်လွန်ခဲ့ပြီးမိမိအား ဝေဖန်ခဲ့သူများ အား ရာထူးချခြင်း၊ကွပ်မျက်ခြင်းများပြုလုပ်ခဲ့သည်။ ရေနန်းတွင် နှစ်လကြာစံမြန်းခဲ့ပြီး အညာသီဟတောသို့ ဘုရားဖူးထွက်ခဲ့ခြင်းသည် စဉ့်ကူးမင်း ၏ နောက်ဆုံးအချိန်ဖြစ်ခဲ့ မည်ကို မည်သူမှ မသိရှိခဲ့ကြသော်လည်း နိမိတ်တဘောင်များပြသခဲ့သည်ဟုဆိုကြပါသည်။

နန်းတော်တွင် စဉ့်ကူးမင်းမရှိသည်ကို သိရှိခဲ့သော ဖောင်းကားစား မောင်မောင်သည် အင်း၀ နန်းတော်ကိုစီးနင်းသိမ်းပိုက်ခဲ့သည်။ထို့နောက်ဘထွေးတော်ဗဒုံမင်းသည် ညီတော်၊သားတော်၊ရဲဘော်ကျွန်ရင်းတို့နှင့်ညှိနှိုင်းကာ နန်းတော်သို့ ဖေဖော်ဝါရီလ ၁၁ ရက်တွင်ဝင်ရောက်စီး နင်းပြီး ဖောင်းကားစားကို စီရင်ခဲ့သဖြင့် ဖောင်းကားစားမောင်မောင်သည် မြန်မာနိုင်ငံ၏ နန်းသက်အတိုဆုံး ဘုရင်များ အနက် တစ် ပါးဖြစ်ခဲ့သည်။

အညာသီဟတောတွင်ရောက်ရှိနေသည့် စဉ့်ကူးမင်းသည် ဖောင်းကားစားမောင်မောင်နန်းတော်ကို သိမ်းပိုက်ကြောင်း သိလျှင်တပ်တော်များစေလွှတ်လုပ်ကြံစေခဲ့သော်လည်းမအောင်မြင်ခဲ့ဘဲမှူးမတ်အချို့သာ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထို့ကြောင့် တရုတ် ထံမှ စစ်ကူတောင်းရန်ကျောက်မြောင်းမှ မြစ်ညာသို့ ဆန်ခဲ့ချိန်တွင်ခရီးလမ်းတစ်လျှောက်၌ နောက်တော်ပါဗိုလ် မှူး၊တပ်မှူး၊သူရဲသူခက်များသည် စဉ့်ကူးမင်းအပါးမှ ရှောင်ရှား ထွက်ခွာသွားခဲ့ကြသည်။

စမ္ပာယ်နဂိုသို့ရောက်လျှင် ဖောင်တော် သမ္ဗာန်တော်များကို ဆွဲငင်မည့်သူမရှိသဖြင့် ဆန်မတက်နိုင်တော့ဘဲမင်းမိဖုရားများ နှင့် စဉ့်ကူးမင်းတို့ကို သမ္ဗာန်တော်ပေါ်သို့ တင်ဆောင်ပြီး ရှိသမျှ လူအင်အားဖြင့် အင်းဝသို့ ပြန်စုန်လာခဲ့သည်။

စဉ့်ကူးမင်းသည် အင်းဝသို့ရောက်ရှိပြီး ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင်မိဖုရားလေးဦးနှင့်အတူ ဘထွေးတော်ဗဒုံမင်း၏ စီရင်ခြင်းကိုခံခဲ့ရကာ ကွယ်လွန် ခဲ့သည်။

စဉ့်ကူးမင်း၏ လုပ်ဆောင်ချက်များအနက် ခေါင်းလောင်းတော်ကြီးတစ်လုံးကို ရန်ကုန်မြို့ရွှေတိဂုံစေတီတွင် ချိတ် ဆွဲနိုင် ခဲ့ခြင်းသည် အထင်ရှားဆုံးဖြစ်သည်။

စဉ့်ကူးမင်းခေါင်းလောင်းအား အလောင်းမင်းတရားကြီ၏ ဒုတိယမြောက်သားတော် ဆင်ဖြူရှင်မင်းက ပန်းတည်းဝန် (ပညာဒေ၀ )ကို သွန်းလုပ်ရန် တာဝန်ပေးခဲ့ပါတယ်။ သွန်းလုပ်နေဆဲအချိန်မှာပင် ဆင်ဖြူရှင်မင်း နတ်ရွာစံခဲ့ပါတယ်။

ဆင်ဖြူရှင်မင်း၏ အရိုက်အရာအား သားတော် စဉ့်ကူးမင်းက ဆက်ခံခဲ့ပြီး ခေါင်းလောင်းကြီးအား ဆက်လက်သွန်းလုပ်စေခဲ့ပါတယ်။

စဉ့်ကူးမင်းသည် ရွှေတိဂုံစေတီကို အလှူအမျိုးမျိုးပြုခဲ့ရာတွင် ခေါင်းလောင်းကြီးလည်းပါဝင်ခဲ့ပါတယ်။ မဟာဃဏ္ဍဘွဲ့ပေးကာ ရွှေတိဂုံစေတီ၏ အနောက်မြောက်ဖက်တွင် တန်ဆောင်းနှင့် တကွ လှူဒါန်းခဲ့ပါတယ်။

စဉ့်ကူးမင်းခေါင်းလောင်း၏ အလေးချိန်မှာ ၁၅၅၅၅ ပိဿရှိပြီး တန်ချိန်အားဖြင့် ၂၄ တန်လေးပါတယ်။ အရှည် ၁၁ပေခွဲရှိပြီး ခေါင်းလောင်းအဝအကျယ်မှာ ၆ပေ ၈လက်မ ကျယ်ပြီး ထု မှာ ၁ပေ ရှိပါတယ်။ ၁၇၇၈ခုနှစ်မှာ သွန်းလုပ်ပြီးစီးခဲ့ပါတယ်။

၁၈၂၄ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲမှာ ရန်ကုန်အသိမ်းခံရပြီးနောက် ခေါင်းလောင်းကြီအား ဖြုတ်ယူဖို့ အင်္ဂလိပ်တို့က ကြံစည်ခဲ့ပါတယ်။

အောင်ပွဲအထိမ်းအမှတ်နဲ့ အင်္ဂလန်ကို ယူရန်ကြံစည်တာပါ။ လူအင်အားများစွာနဲ့ ကုန်းတော်ပေါ်ကနေ မြစ်ဆိပ် ၊ မြစ်ဆိပ်ကနေ သင်္ဘောပေါ်သို့ တင်ခဲ့ပါတယ်။ တင်နေစဉ်မှာပဲ တိမ်းချော်ပြီး ခေါင်းလောင်းကြီးဟာ လှိုင်မြစ်ထဲကို ကျသွားခဲ့ရပါတယ်။

အင်္ဂလိပ်တို့ ကျွမ်းကျင်အင်ဂျင်နီယာများဦးဆောင်ကာ သင်္ဘောများဖြင့် နည်းအမျိုးမျိုးဖြင့် ပြန်ဆယ်ဖို့ ကြိုးစားသော်လည်း မရတဲ့အဆုံးမှာ လက်လျှော့လိုက်ရပါတယ်။

ထိုအချိန်မှာပဲ မြန်မာများက အင်္ဂလိပ်အာဏာပိုင်များနှင့် တွေ့ဆုံကာ “ခေါင်းလောင်းကြီးအား မိမိတို့ကြိုးစားဆယ်ယူပါမည်၊ ဆယ်ယူ၍ရပါက မူလနေရာ ကုန်းတော်ပေါ်တွင် ပြန်ထားခွင့်ပြုရမည်” ဟု ပြောဆိုခဲ့ပါတယ်။

သူတို့ခေတ်မီ နည်းစနစ်တွေနဲ့ ဆယ်တာတောင်မရတာ ၊ မြန်မာတွေဘယ်နည်းနဲ့မှ ဆယ်နိုင်မည်မဟုတ် ဟု လှောင်ပြောင်ကာ အလွယ်တကူပင်ခွင့်ပြုလိုက်ပါတယ်။

ရှေးမြန်မာတို့၏ ဆယ်ယူပုံနည်းလမ်းမှာ ပထမဦးစွာ မြစ်ရေအကျဆုံးအချိန်တွင် ခေါင်းလောင်းကြီးကို ကျောက်သံကြိုးနှစ်ပင် နဲ့ မြဲအောင်ချည်နှောင်ပါတယ် ၊ ကျောက်ကြိုးကိုခေါင်းလောင်းအထက်နားမှာ ရပ်နေတဲ့မော်တော်နဲ့ ဆက်ထားစေပါတယ်။

မြစ်ရေတက်လာသောအခါ သင်္ဘောလည်းမြင့်တက်လာခဲ့ပြီး ချည်ထားခဲ့သော ခေါင်းလောင်းကြီးသည်လည်း မြစ်အတွင်းမှအပေါ်ကိုကြွလာပါတယ်။ ထို့နောက်ကြိုးများနဲ့ ထပ်မံချည်နှောင်စေပြီး ကမ်းနားစပ်သို့ဆွဲယူခဲ့ကြပါတော့တယ်။

လှောင်ပြောင်ခဲ့တဲ့ အင်္ဂလိပ်တို့မှာ မြန်မာတို့ရဲ့နည်းလမ်းကို အံသြခဲ့ပြီး သူတို့ကတိအတိုင်း မူလနေရာကို ပြန်တင်ခွင့်ပြုလိုက်ရပါတယ်။ထိုနည်းနဲ့ စဉ်းကူးမင်းခေါင်းလောင်းကြီးကို ဆယ်ယူခဲ့ပြီး မူလနေရာ ရွှေတိဂုံကုန်းတော်ပေါ်ကို ၁၈၂၆ခုနှစ်မှာ အခမ်းအနားနဲ့ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

မြစ်အတွင်းမှ ဆယ်ယူရာတွင် အထိအခိုက်များရှိခဲ့ပြီး သက်တမ်း ၂၅၀နှစ် နီးပါးရှိသော နှုတ်ခမ်းသားများပဲ့နေတဲ့ စဉ့်ကူးမင်းခေါင်းလောင်းကြီးကို ယခုထက်တိုင် ရွှေတိဂုံ ကုန်းတော်ပေါ်မှာ မြင်နိုင်ပါသေးတယ်။

စစ်ကို မကြိုက်သော်လည်း သေရည်၊နန်းစည်းစိမ်၊အလှုအတန်းနှင့်အပျော်အပါးကို ကြိုက်နှစ်သက်ခဲ့သည့် စဉ့်ကူးမင်း၏ နိဂုံးသည် မြန်မာ့ကုန်းဘောင်သမိုင်းတွင် လူပြောများသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ရပေသည်။

crd,MinGyi